ရဝမ်များနှင့် သူတို့၏ မွေးရပ်မြေ

ကချင်ပြည်နယ်၊ ဟိမဝန္တာတာင်တန်းများ အောက်ခြေရှိ ပူတာအိုမြို့လယ်မှ ရဝမ်လူမျိုးစု အသိုင်းအဝိုင်းသည် တရုတ်ပြည်ရှိ တောင်တန်းများပေါ်တွင် နေထိုင်လျက်ရှိသည့် အခြားသော တိုင်းရင်းသား လူမျိုးစုတစ်စုနှင့် ထူးခြားသော ဆက်နွယ်မှုတစ်ရပ် ရှိနေသည်

သတင်းနှင့် ဓာတ်ပုံ- အန်းဝမ်

တောင်ကုန်းဒေသရှိ ကျောက်သားပေါများသော အခြားကျေးရွာများနှင့် နှိုင်းယှဉ်ပါက ဤနေရာ၊ ဤဒေသမှာ သဘာဝသယံဇာတများ ပေါများပြီး မြေဆီမြေနှစ်မှာလည်း ကောင်းမွန်လှသည်။

တရုတ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်ရှိ ပူတာအိုမြို့သို့ တစ်တောင်ဆင်း တစ်တောင်တက်ကာ ငါးရက်မျှ ခရီးနှင်ပြီးနောက်တွင် လမ်းကောင်းကောင်းများ၊ မိုဘိုင်းဖုန်းများနှင့် မြင့်မားသော အဆောက်အအုံများကိုသာ မြင့်တွေ့ရလိမ့်မည်ဟု မစ္စတာ ဂူလီအူတစ်ယောက် မျှော်လင့်ခဲ့သည်။

“ပူတာအိုကို ရောက်လာတဲ့အခါမှာတော့ ကျွန်တော်အတော်လေး အံ့အားသင့်သွားရပါတယ်” ဟု မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ဒူလောင်းတိုင်းရင်းသားတစ်ဦးဖြစ်သူ ဂူကဆိုသည်။ “ဒီမှာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီနေရာက တော်တော်လေးကို ဖွံ့ဖြိုးမှု နိမ့်ကျပါတယ်” ဟုလည်း ၎င်းက ဆိုလိုက်သေးသည်။

ကချင်ပြည်နယ်မြောက်ဖျားရှိ ပူတာအိုမြို့သို့ ရောက်ရှိလာသောအခါတွင် ကြမ်းတမ်းခက်ခဲသော တောင်တက်လမ်းများမှာ ရွှံ့များဖြင့် ဖုံးလွှမ်းနေသည်ဟု ဂူက ပြောသည်။ သူ့အား ဧပြီလလည်က ကျင်းပခဲ့သည့် ရဝမ် ရိုးရာအိမ်ပြန်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းကြောင့် လာရောက်ရခြင်းဖြစ်သည်။

ပူတာအိုက ရဝမ်ယဉ်ကျေးမှုပြတိုက်။ ဓာတ်ပုံ- အန်းဝမ်

ပူတာအိုက ရဝမ်ယဉ်ကျေးမှုပြတိုက်။ ဓာတ်ပုံ- အန်းဝမ်

ဒူလောင် (ဒါရမ်ဟုလည်း လူသိများသည်) လူမျိုးစုများမှာ ဂျိမ်းဖော၊ လီဆူး၊ လချိပ်၊ ဇိုင်ဝါ၊ လော်ဝေါ်တို့နှင့်အတူ ကချင်ပင်မလူမျိုးစုခြောက်စုတွင်ပါဝင်သည့် ရဝမ်လူမျိုးစုနှင့် ဆင်တူသော ဘိုးဘေးများမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ယဉ်ကျေးမှု သုတေသနလုပ်ငန်းများနှင့် ရဝမ်နှုတ်ပြောသမိုင်းများအရ ရဝမ်လူမျိုးစုများမှာ မွန်ဂိုးလီးယားမှတစ်ဆင့် ဟိမဝန္တာတာင်တန်းသို့ ပြောင်းရွှေ့ခဲ့ကြပြီး မဲခေါင်၊ ယန်ဇီနှင့် သံလွင်မြစ်များ၏ မြစ်ညာပိုင်းမှတစ်ဆင့် နောက်ပိုင်းတွင် မြန်မာနိုင်ငံ မြောက်ဖျားဒေသနှင့် ယူနမ်ပြည်နယ် အနောက်ပိုင်း ဒေသတစ်ခုတို့တွင် အခြေချခဲ့ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရဝမ်လူမျိုးစု ဦးရေ ၆၅,၀၀၀ ဦးခန့်ရှိပြီး နိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုး ၁၃၅ ခုထဲတွင် အသေးငယ်ဆုံး အုပ်စုအဖြစ် တရားဝင် အသိမှတ်ပြုခြင်း ခံထားရသည်။ ရဝမ်လူမျိုးစုများအကြောင်းအား လူသိများခြင်းမရှိပေ။ ဤသို့ဖြစ်နေရသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ မိုးရာသီကာလတွင် ကားလမ်းမှ သွားရောက်နိုင်ခြင်းမရှိသကဲ့သို့ မိုဘိုင်းဖုန်းဝန်ဆောင်မှုများကိုပင် မရရှိသေးသည့် ဝေးလံခေါင်ဖျားသည့် ပူတာအိုတောင်ကြားဒေသတွင် ရဝမ်လူမျိုးအများစု နေထိုင်နေကြခြင်းကြောင့်ပင် ဖြစ်သည်။

ရဝမ်ရိုးရာ အစဉ်အလာပျော်ပွဲရွှင်ပွဲများအား ပူတာအိုမြို့တွင် တွေ့ရမြဲဖြစ်သော်လည်း ငါးရက်ကြာ ကျင်းပသော အိမ်အပြန်ကြိုဆိုပွဲမှာ ဤမြို့တွင် ရဝမ်လူမျိုးများကျင်းပသည့် ပထမဆုံးသော ပွဲတစ်ပွဲဖြစ်သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အမေရိကန်နိုင်ငံတို့တွင်သာမက တရုတ်နိုင်ငံမှ ရဝမ်များပါဝင်သည့် ခန့်မှန်းအင်အား ၃၀,၀၀၀ ခန့် တက်ရောက်သော ပွဲတော်တစ်ခုလည်း ဖြစ်သည်။

ပွဲတော်မှာ ဖျော်ဖြေရန် ပြင်ဆင်နေကြသည့် ရဝမ်လူငယ်များ။ ဓာတ်ပုံ- အန်းဝမ်

ပွဲတော်မှာ ဖျော်ဖြေရန် ပြင်ဆင်နေကြသည့် ရဝမ်လူငယ်များ။ ဓာတ်ပုံ- အန်းဝမ်

ရဝမ်များအား တရုတ်နိုင်ငံတွင် လူအများစုက သိရှိထားသော အမည်ဖြစ်သည့် ဒူလောင်းလူမျိုးစုများမှာလည်း ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်အတစ်ရပ်အနေဖြင့် တက်ရောက်ရန် ဖိတ်ကြားခြင်း ခံကြရသည်။ “ကျွန်တော်တို့ကို နယ်စပ်မျဉ်းတွေနဲ့ ခြားနားထားဖွယ်ရှိပေမယ့် ကျွန်တော်တို့ရဲ့ နှလုံးသားတွေကတော့ နယ်စည်းခြားထားတယ်လို့ မရှိပါဘူး” ဟု အုပ်စုနှစ်စု၏ တွေ့ဆုံပွဲတစ်ခုတွင် အဖွင့်အမှာစကား ပြောကြားခဲ့သည့် ဒူလောင်းကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“ဒီနေရာကို ကျွန်တော် ပထမဆုံး ရောက်ဖူးတာပါ” ဟု အခြားသော ဒူလောင်းလူမျိုး ၁၁ ဦးနှင့်အတူ ပူတာအိုသို့ ရောက်ရှိလာခဲ့သည့် ဂူကဆိုသည်။ အခြားသောသူများလည်း ပူးပေါင်းလိုက်ပါလာသည့် ၎င်းတို့အဖွဲ့က နယ်စပ်ကို ဖြတ်ကျော်ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လမ်းပြခေါ်ဆောင်မှုဖြင့် အခမ်းအနားသို့ လာရောက်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီခရီးစဉ်မတိုင်မီက ပူတာအိုအကြောင်းကို ကျွန်တော်တို့တွေ သိပ်မသိခဲ့ကြပါဘူး” ဟု ဂူက ဆိုသည်။ “တကယ်တမ်းကျတော့ ဒီကိုလာရောက်ဖို့အတွက်လည်း ကျွန်တော်တို့ ကြောက်လန့်ခဲ့ပါတယ်။ လမ်းကိုလည်း ကျွန်တော်တို့ မသိဘူး။ ဒီနေရာမှာ လုံခြုံမှုမရှိဘူးလို့လည်း ကျွန်တော်တို့ ကြားဖူးထားပါတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

သို့သော် အချို့ဒူလောင်းများက ဤနယ်စပ်ဒေသတွင် ပုံမှန်ဖြတ်သန်းသွားလာလေ့ရှိကြသည်။ ၎င်းတို့အထဲတွင် တရုတ်နိုင်ငံ၌ နေထိုင်သည့် မြန်မာနိုင်ငံဖွား အသက် ၃၃ နှစ်အရွယ် မစ္စတာ ဒူလီလည်း ပါဝင်သည်။ “ကျွန်တော့်ရဲ့အဖွားကို စောင့်ရှောက်ဖို့အတွက် တရုတ်နိုင်ငံကို ကျွန်တော် ပြောင်းရွှေ့ခဲ့တာပါ” ဟု မန်ဒရင်း တရုတ်စကားထက် ဒူလောင်းဘာသာစကားအား ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုတတ်သူ ဒူက ဆိုသည်။

ဓာတ်ပုံ-အန်းဝမ်

ဓာတ်ပုံ-အန်းဝမ်

တရုတ်နိုင်ငံတွင် ဒူလောင်းလူမျိုးဦးရေ ၆,၀၀၀ ရှိကြသည်။ ၎င်းတို့သည် လွန်ခဲ့သောနှစ်များအတွင်း ကြီးမားသော အသွင်ကူးပြောင်းမှုတစ်ရပ်အား တွေ့ကြုံခဲ့ရပြီးဖြစ်သည်။ တရုတ်သမ္မတ ရှီကျင့်ဖိန်က ဒူလောင်းလူမျိုးစု အသိုင်းအဝိုင်းခုနှစ်စု၏ ကိုယ်စားလှယ်များအား ယူနန်ပြည်နယ်မြို့တော် ကူမင်းတွင် ယမန်နှစ်အစောပိုင်းက တွေ့ဆုံခဲ့ပြီး “ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး” နှင့် “အတော်အသင့် ကောင်းမွန်သော လူဘောင်တစ်ရပ် တည်ဆောက်ရေး” တို့အကြောင်းကို ပြောကြားခဲ့သည်ဟု သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဤရည်မှန်းချက် အောင်မြင်ရန်အတွက် တရုတ်နိုင်ငံ၊ ဒူလောင်းဒေသ၌ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြီးတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် လျာထားခဲ့ပြီးဖြစ်သည်။ ယမန်နှစ်က တရုတ်ယွမ် သန်း ၁၅၀ (ကျပ် ၂၇ ဘီလျံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၉ သန်းခန့်) အား ဒူလောင်းဂေဟဆိုင်ရာ ကမ္ဘာလှည့်ခရီးသွား စီမံချက်တစ်ရပ်အတွက် ရင်းနှီးမြုပ်နှံခဲ့သည်ဟု ပြီးခဲ့သည့်လ South China Morning Post သတင်းစာက ရေးသားထားသည်။ ဤစီမံချက်တွင် ဟိုတယ်အသစ်များ၊ ဖိုးဂျီဝိုင်ဖိုင် ဆက်သွယ်ရေးကွန်ယက်များနှင့် ဒူလောင်းအား ပြင်ပကမ္ဘာနှင့် ချိတ်ဆက်ပေးမည့် လမ်းများ တည်ဆောက်ခြင်းတို့ ပါဝင်သည်ဟုလည်း “တရုတ်၏ နောက်ဆုံး ကမ္ဘာလှည့်ခရီးသွား မျက်နှာသစ်ကို အလျင်အမြန် ကျော်တက်ကြစို့” ဟူသော ခေါင်းကြီးဖြင့် ဖော်ပြထားသည် အဆိုပါသတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏  ခုတ်ထွင်ရှင်းလင်းဖူးခြင်း မရှိသေးသည့် တစ်ခုတည်းသော မူရင်းသစ်တောတည်ရှိရာ ထိုဒေသအတွင်းရှိ ဒူလောင်းလူမျိုးများအား နိုင်ငံတော်က အခမဲ့ဖော်ဆောင်ပေးသော အိမ်ယာများတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် အားပေးနေသည်ဟု သတင်းတွင် ဖော်ပြထားသည်။

“ကျွန်တော်တို့က လယ်သမားတွေ ဖြစ်ခဲ့ဖူးပေမယ့် လယ်ယာစိုက်ပျိုးဖို့၊ ဒါမှမဟုတ် သစ်ပင်တွေ ခုတ်လှဲဖို့ကို ခွင့်မပြုတော့ပါဘူး။ ဒီသဘာဝပတ်ဝန်းကျင်ကို ကာကွယ် စောင့်ရှောက်ရမယ်ဆိုတာက အစိုးရရဲ့ အမိန့်ဖြစ်ပါတယ်” ဟု ထောက်ပံ့ငွေနှင့် အစားအသောက်များအား အစိုးရထံမှ လစဉ်ရရှိနေသည့် မစ္စတာဂူက ဆိုသည်။

ပူတာအိုတွင် ဧပြီ ၁၉ မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ရဝမ်လူမျိုးများ၏ ရိုးရာအိမ်အပြန်ပွဲတော်။ ဓာတ်ပုံ-အန်းဝမ်

ပူတာအိုတွင် ဧပြီ ၁၉ မှ ၂၃ ရက်နေ့အထိ ကျင်းပခဲ့သည့် ရဝမ်လူမျိုးများ၏ ရိုးရာအိမ်အပြန်ပွဲတော်။ ဓာတ်ပုံ-အန်းဝမ်

“ဖြစ်နိုင်မယ်ဆိုရင် ဒီနေရာကို မကြာခဏဆိုသလို ထပ်မံလာရောက်တာမျိုး၊ ဒါမှမဟုတ် တစ်နေ့နေ့မှာ ဒီကိုပြောင်းရွှေ့လာဖို့ ဆန္ဒရှိပါတယ်” ဟု ဘာသာစကားဆင်တူခြင်းကြောင့် ဒေသခံ ရဝမ်များနှင့် ဆက်သွယ် ပြောဆိုနိုင်သည့် မစ္စတာဂူက ဆိုသည်။ “ကျောက်သားပေါများတဲ့ တောင်ကြားဒေသတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် သဘာဝသယံဇာတ ပေါကြွယ်သလို မြေဆီမြေသြဇာလည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အားအကျစေဆုံးကတော့ ဒီနေရာမှာ ယဉ်ကျေးမှုကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားပုံ ပေါ်နေတာရယ်၊ လူတွေက ရဝမ်ဘာသာစကားကို ဆက်လက်ပြောဆိုနေကြတာနဲ့ ခရစ်ယာန် ဘာသာအပေါ်မှာ သက်ဝင် ယုံကြည်ခြင်းတို့ပဲ ဖြစ်ပါတယ်” ဟုလည်း ဂူကဆိုသည်။

ပူတာအိုတွင် မွေးဖွားခဲ့သော်လည်း လွန်ခဲ့သော နှစ် ၂၀ ခန့်က စတင်ကာ ရန်ကုန်မြို့၌ နေထိုင်ခဲ့သည့် ဦးကာရူလာရင်း လောရင့်က ပညာရေးအဆင့်အတန်း မြှင့်တင်ရန်နှင့် ရဝမ်ဘာသာစကား သင်ကြားပေးရန်အတွက် ပူတာအိုတွင် အလွတ်သင်ကြားရေးစင်တာတစ်ခု ဖွင့်လှစ်ရန် စိတ်ကူးထားသူ ဖြစ်သည်။ ၎င်းမှာ ရဝမ်ယဉ်ကျေးမှုကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရဝမ်ယဉ်ကျေးမှုပြတိုက်တစ်ခုအား စီစဉ်၊ စီမံခန့်ခွဲသော တာဝန်ကိုလည်း ရယူထားသည်။ ထိုပြတိုက်တွင် နိုင်ငံပိုင် မူလတန်းကျောင်းများ၌ ရဝမ်ဘာသာစကား သင်ကြားပေးရန် ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းစာအုပ်များကို ခင်းကျင်း ပြသထားသည်။ ဘာသာစကားသင်ခန်းစာများ သင်ကြားရေးကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုသည်ကို ၎င်း ကြားသိထားသော်လည်း မည်သည့်အချိန်တွင် ဖြစ်မည်ဆိုသည်ကိုမူ တိတိကျကျ သိရှိထားခြင်း မရှိသေးပေ။

ဘုရားရှိခိုးကျောင်းတွင် ပျော်ပျော်ရွှင်ရွှင်တွေ့ရသည့် ရဝမ်လူမျိုးများ။ ဓာတ်ပုံ-အန်းဝမ်

ဘုရားရှိခိုးကျောင်းတွင် ပျော်ပျော်ရွှင်ရွှင်တွေ့ရသည့် ရဝမ်လူမျိုးများ။ ဓာတ်ပုံ-အန်းဝမ်

ပူတာအိုမှာ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူများအတွက် စိတ်ဝင်စားဖွယ် နေရာတစ်ခုဖြစ်သည်။ မြို့အတွင်းရှိ ဒေသခံအများစုနှင့် ၎င်းတို့၏ ပတ်ဝန်းကျင်ဒေသများအတွက် နေ့တိုင်းမှာ လှုပ်ရှားရုန်းကန်မှုများ ဖြစ်ကြသည်။ လွန်ခဲ့သော နှစ်နှစ်အတွင်း တည်ဆောက်ခဲ့သည့် လမ်းအချို့ကြောင့် သယ်ယူပို့ဆောင်ရေး ပိုမိုကောင်းမွန်လာပြီဖြစ်သော်လည်း တံတားများ ပိုမိုလိုအပ်နေဆဲဖြစ်သောကြောင့် ကျေးရွာအများစုမှာ တစ်သီးတစ်ခြား တည်ရှိနေကြဆဲပင်ဖြစ်သည်။

“ပူတာအိုက နေထိုင်ဖို့အတွက် အရမ်းခက်ခဲတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်” ဟု ကျန်းမာရေး၊ စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးနှင့် ပညာရေးလုပ်ငန်းများကို ဇောင်းပေးလုပ်ဆောင်သည့် နိုင်ငံတကာ ခရစ်ယာန် အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော World Concern ၏ မန်နေဂျာဖြစ်သူ ဦးပေါတူးအော်ဂါက ပြောကြားသည်။ 

ပူတာအိုတွင် ကျင်းပသည့် မစ္စရဝမ်အလှမယ်ပြိုင်ပွဲ၏ စင်နောက်မှ မြင်ကွင်း။ ဓာတ်ပုံ- အန်းဝမ်

ပူတာအိုတွင် ကျင်းပသည့် မစ္စရဝမ်အလှမယ်ပြိုင်ပွဲ၏ စင်နောက်မှ မြင်ကွင်း။ ဓာတ်ပုံ- အန်းဝမ်

ရွာသူရွာသားအများစုမှာ စပါးစိုက်ပျိုးသူများ ဖြစ်ကြသော်လည်း ဆည်မြောင်းစနစ်များ မရှိသလောက် နည်းပါးသောကြောင့် မိုးရွာသွန်းမှုကိုသာ မှီခိုအားထားနေကြရသည်။

“အများစုက သူတို့အတွက် တစ်နှစ်စာ ဆန်စပါး အလုံအလောက်ရရှိအောင်ကို မထုတ်နိုင်ကြပါဘူး” ဟု လယ်ယာစိုက်ပျိုးရေးကို စိတ်မဝင်စားသော်လည်း အခြားသော အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ကိုသာ ရရှိနိုင်သည့် ပူတာအိုရှိ လူငယ်များကို ပညာသင်ကြားပေးနေသော ဦးပေါတူးအော်ဂါက ဆိုသည်။

ပွဲတော်တွင် ဖျော်ဖြေသူများ စင်ပေါ်မတက်မီ ဆုတောင်းနေကြစဉ်။ ဓာတ်ပုံ-အန်းဝမ်

ပွဲတော်တွင် ဖျော်ဖြေသူများ စင်ပေါ်မတက်မီ ဆုတောင်းနေကြစဉ်။ ဓာတ်ပုံ-အန်းဝမ်

အလုပ်ရှာဖွေရန်အတွက် ပူတာအိုမြို့ကို စွန့်ခွာသွားသူ များစွာရှိခဲ့ပြီဖြစ်သည်။ ပူတာအိုတွင် ဆက်လက် နေထိုင်နေသူများအတွက်မူ ကချင်ပြည်နယ်တစ်လွှားရှိ အခြားသော အသိုက်အဝန်းများကဲ့သို့ပင် မူးယစ်ဆေးစွဲနေသည့် ပြဿနာရပ်တစ်ခု ရှိနေသည်။ “ကျွန်တော်တို့မှာ ဒီဒေသအတွက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တစ်ရပ် မရှိပါဘူး” ဟု ထိုသို့သောအစီအစဉ် မရှိခြင်းအပေါ် သိသိသာသာ စိတ်ပျက်လျက်ရှိသည့် ဦးပေါတူးအော်ဂါက ဆိုသည်။

ပူတာအိုတွင် ဆက်လက်နေထိုင်ရန် သို့မဟုတ် ပူတာအိုကို စွန့်ခွာရန် ဆုံးဖြတ်ခြင်းမှာ ဦးကာယူလာရင်း လောရင့်စ်၏ စိတ်ဝယ် အစဉ်အမြဲစိုးမိုးနေသော ကိစ္စရပ်ဖြစ်သည်။ “ကျွန်တော့်ရဲ့ မိသားစုကို ထောက်ပံ့ဖို့အတွက် ရန်ကုန်ကိုသွားပြီး အလုပ်ရှာရမှာပါ” ဟု ၎င်းကဆိုသည်။ “ဒါပေမယ့် ကျွန်တော့်မြေကို ကျွန်တော်ချစ်တယ်။ ရဝမ်တွေက သူတို့မွေးရပ်မြေကို ချစ်မြတ်နိုးကြပါတယ်။ လမ်းပမ်းဆက်သွယ်ရေးသာ ပိုကောင်းလာမယ်ဆိုရင် ပြန်ရွှေ့လာဖို့အတွက် ဘယ်အရာကမှ ကျွန်တော်တို့ကို တားဆီးနိုင်မှာ မဟုတ်ပါဘူး” ဟု ပူတာအိုရှိ ဝတ်ပြု ဆုတောင်းပွဲတစ်ခုမှ ရဝမ်လူမျိုးစုဝင်များက ရယ်ရယ်မောမော ပြောကြားခဲ့ကြသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.