ရန်ကုန်ရောက် ကမန်များကိစ္စ ပြည်ခိုင်ဖြိုးအမြင်၊ ချေပချက်နှင့် ရခိုင်ရှုမြင်ချက်

ဉာဏ်လှိုင်လင်း

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ကြသည့် ကမန်လူမျိုး အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့သို့ ရွှေ့ပြောင်းခြင်းသည် ပြဿနာတစ်ရပ်ကို ဖိတ်ခေါ်သလိုဖြစ်နေသဖြင့် အစိုးရက ပြန်လည်သုံးသပ်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အမတ် ဦးမောင်မြင့်က ပြည်သူ့လွှတ်တော်သို့ အဆိုတင်သွင်းလိုက်သည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အမတ်ဖြစ်သူ ၎င်းက မတ် ၅ ရက်နေ့တွင် တင်သွင်းသည့် ယင်းအဆိုကို USDP ပါတီဝင်တစ်ဦးပင်ဖြစ်သည့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အမတ် ဒေါက်တာမောင်သင်းက ထောက်ခံခဲ့ပြီး ပြည်သူ့လွှတ်တော်ကလည်း လက်ခံဆွေးနွေးရန် သဘောတူညီခဲ့သည်။

အဆိုတင်သွင်းရသည့်ရည်ရွယ်ချက်ကို Frontier က မေးမြန်းရာ “ကိုဖီအာနန်ရဲ့ အကြံပြုချက်အရ လုပ်ရပါတယ်လို့ အကာအကွယ်ယူပြီးမှ သူတို့ရွှေ့ချင်တဲ့သူတွေကို ရခိုင်ကနေ ရွှေ့လာတာ။ အဲဒါကို ကျွန်တော်မကျေနပ်ဘူးပေ့ါ”ဟု ဦးမောင်မြင့်က ပြန်လည်ဖြေကြားသည်။

ကမန်လူမျိုးများမှာ ခေတ်အဆက်ဆက် အစိုးရများ တရားဝင်သတ်မှတ်ထားသည့် တိုင်းရင်းသား စာရင်းတွင်ပါဝင်ပြီး အစ္စလာမ်ဘာသာကို ကိုးကွယ်သူအများစုဖြစ်သည်။

ပြီးခဲ့သော ၂၀၁၁-၁၅ USDP အစိုးရလက်ထက်တွင် စက်မှုဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ဦးမောင်မြင့်က အဆိုပါ အိမ်ထောင်စုများကို ရန်ကုန်သို့ ရွှေ့ပြောင်းခြင်းမှာ ကိုဖီအာနန်၊ ရခိုင်အကြံပေး ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်မှာ မှားယွင်းနေကြောင်း အဆိုတင်သွင်းစဉ် လွှတ်တော်၌ ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင် ၂ ရက် ထုတ်ပြန်ချက်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်ပြီး ကိုဖီအာနန်၏ အကြံပြုချက်များတွင် ရန်ကုန်သို့ပို့ရမည်ဟု လုံးဝ၊ လုံးဝ မပါဝင်ဘဲ မူလနေထိုင်ရာပြန်ပို့ရမည်ဟုသာ ရှင်းလင်းစွာဖော်ပြထားကြောင်းလည်း ၎င်းက ထောက်ပြခဲ့သည်။

“အဲဒါကြောင့် ပြန်ပြီးသုံးသပ်ပေးပါ။ မှားနေပြီလို့” ဟု ဦးမောင်မြင့်က Frontier ကိုပြောကြားသည်။ ၂၀၁၂ ခုနှစ်မှ စတင်သည့် ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်း နေအိမ်များပျက်စီးခဲ့ရသဖြင့် ယင်းကာလများမှ စတင်၍ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရပြီး ယင်းတို့အနက် မိသားစု ၅၅ စုကို ပြီးခဲ့သည့်နှစ်တွင် အစိုးရက ရန်ကုန်သို့ ရွှေ့ပြောင်းပေးခဲ့ခြင်းဖြစ်သည်။

အဆိုတင်သွင်းစဉ်ပြောကြားခဲ့သည့် ပြဿနာကို ဖိတ်ခေါ်သလိုဖြစ်မည်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်းဟု ဦးမောင်မြင့်ထံ Frontier ကမေးမြန်းကြည့်ရာ “အခုလိုပဲ နှပ်ကြောင်းလေးဖော်လိုက်၊ ရွှေ့လိုက်လုပ်မယ်ဆိုရင် တရားဝင်လာတဲ့သူရော၊ တရားမဝင်လာတဲ့ သူရောဆိုရင် ရန်ကုန်က မကြာခင်မှာ သူတို့တွေချည်း ဖြစ်ကုန်မယ်”ဟု ဆိုသည်။

ဦးမောင်မြင့်၏ လွှတ်တော်တွင်းဆွေးနွေးချက်၌ ရခိုင်ပြည်နယ်၌ နေရာအများကြီးရှိလျှက်နှင့် ရန်ကုန်ကိုပြောင်းရွှေ့ပေးမှုအပေါ် နားမလည်နိုင်ကြောင်း၊ အခြားသောဒုက္ခသည်စခန်းများတွင် ကျန်ရှိနေသေးသည့် မွတ်ဆလင် တစ်သိန်းကျော်မှာ ထပ်မံလာရောက်ရန် အသင့်စောင့်နေကြောင်းလည်း ပါဝင်သည်။

ထို့ကြောင့် ၎င်း၏ ထင်မြင်ယူဆချက်ကို Frontier က မေးမြန်းကြည့်ရာ “ လူ့အဖွဲ့အစည်းတစ်ခုကို ရန်ကုန်ကိုစပြီး ရွှေ့ကြည့်တာပေ့ါ။ ပြဿနာမရှိဘူးဆိုရင် နောက်လူတွေလာမယ်” ဟု ဦးမောင်မြင့်က ပြန်ဖြေကြားသည်။ ယင်းမှာ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီးသူများ၏ လွတ်လပ်စွာသွားလာခွင့်ကို လက်မခံခြင်းမဟုတ်ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ရမ်းဗြဲမြို့သား ကမန်လူမျိုး ဦးတင်လှိုင်ဝင်းကိုဆက်သွယ်မေးမြန်းရာတွင်မူ ရန်ကုန်ရောက် ကမန်မိသားစုများအားလုံးသည် မြန်မာပြည်၌ ဘိုးစဉ်ဘောင်ဆက်နေထိုင်လာကြသည့် နိုင်ငံသားများသာဖြစ်ကြောင်း Frontier ကို ပြောကြားသည်။

မိမိတို့၏ မူလနေရာသို့ ပြန်လည်အခြေချခွင့် မရခြင်း၊ ဒုက္ခသည်စခန်းအတွင်း နေထိုင်စဉ်၌ပင် အသက် အန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု သတင်းစကားများကိုအမြဲတစ်စေကြားနေရခြင်း၊ အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးတို့ကြောင့် ယင်းသို့ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“လူတွေက မနေချင်လောက်အောင်ဖြစ်တာက လုံခြုံမှုကို ဘာမှမပေးဘူးဗျ။ အဲဒီတော့ ငါတို့ ဒုက္ခသည်စခန်းမှာ နေရတာလည်း ငါးနှစ်ကျော်ပြီ။ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ကလည်း ဖြစ်မလာဘူးဆိုပြီး စိတ်ဓာတ်ကျပြီးတော့ ရန်ကုန်ကို ပြောင်းလာတာပါ”ဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးတင်လှိုင်ဝင်းက ပြောသည်။

ရန်ကုန်သို့ ပြောင်းရွှေ့လာသူ ၃၀၀ နီးပါးထဲတွင် ရဲ၊ ကျောင်းဆရာ/ဆရာမ၊ ဘဏ်နှင့် ကျန်းမာရေးဆိုင်ရာ အစိုးရဝန်ထမ်း ထက်ဝက်နီးပါးပါဝင်ပြီး အလုပ်အကိုင်များပြန်လည်ရရှိခဲ့ကြောင်း၊ ပဋိပက္ခအတွင်း နိုင်ငံသား ကတ်ပြားဆုံးရှုံးခဲ့ရသူများမှာလည်း စိစစ်မှုခံယူပြီး ကတ်ပြားများ ပြန်လည်ရရှိခဲ့ကြောင်း၊ မပြောင်းရွှေ့ဘဲ ရမ်းဗြဲ၌သာဆက်နေရန် ဆုံးဖြတ်ခဲ့သည့် ကမန်လူမျိုး အစ္စလာမ်ဘာသာဝင် မိသားစုငါးစုခန့်ကျန်ရှိနေသေးကြောင်း ၎င်း၏ ရှင်းပြချက်အရသိရသည်။

မည်သည့်နေရာတွင် မည်သို့နေထိုင်ရန် စီစဉ်ပေးထားသနည်းဟု ၎င်းအားမေးမြန်းရာတွင် “အဆင်ပြေအောင် ကိုယ့်အသိုင်းအဝိုင်းတွေက စောင့်ရှောက်ထားရတာပဲ။ ဟိုမိသားစုအိမ်၊ ဒီမိသားစုအိမ်မှာ အိမ်ထောင်စုစာရင်း သွင်းပြီး ထားနေရတယ်”ဟု ဦးတင်လှိုင်ဝင်းက ပြန်လည်ဖြေကြားသည်။

အဆိုနှင့် ပတ်သက်၍ မှတ်ချက်တောင်းခံရာ ဦးတင်လှိုင်ဝင်းက ပြောကြားခြင်းမရှိသလို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်ကလည်း လွှတ်တော်တွင်း ရှင်းလင်းဖြေကြားမှုမပြုလုပ်မီ ကြိုတင်ဖြေကြားနိုင်ခြင်းမရှိသည်ကို နားလည်ပေးစေလိုကြောင်း Frontier ကို ပြောကြားသည်။

ပြည်သူ့လွှတ်တော်ရှိ ရခိုင်အမျိုးသားပါတီဝင်များ၏ သဘောထားကို မေးမြန်းရာတွင် “ရခိုင်မှာပဲ စုပြုံထားချင်တဲ့ သဘောဖြစ်နေတယ်။ အဲဒါဆိုရင်တော့ ဘယ်လက်ခံနိုင်မလဲ။ ဆွေးနွေးတော့မှပဲ ပြောရမှာပဲ”ဟု တစ်ဦးက ပြန်လည်ဖြေကြားသည်။ လွှတ်တော်တွင်းဆွေးနွေးမှုမပြုရသေး၍ အမည်ထုတ်ဖော်ပြောဆိုရန်ကိုမူ ၎င်းတို့က ဆန္ဒမရှိသေးပေ။ အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်အချို့ကလည်း ထိုသို့ပြောပြီး မှတ်ချက်ပြုရန်ငြင်းဆန်ခဲ့ကြသည်။

အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးမောင်မြင့်၏အဆိုကို လက်ခံဆွေးနွေးရန် သဘောတူမတူ မေးမြန်းရာတွင် “သဘောတူပါတယ်”ဟု အကျယ်ကြီးထအော်သည့် အသံတစ်သံရှိခဲ့၍ ကိုယ်စားလှယ်၏ ကျင့်ဝတ်သိက္ခာနှင့် အညီပြုမူရန် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေးခဲ့ရသေးသည်။ အဆိုပါအသံမှာ တပ်မတော်သားများ ထိုင်နေသည့်ဘက်မှဟု ယူဆကြောင်း အမတ်အချို့က ပြောကြားသော်လည်း အမည်ဖော်၍ အတည်ပြုချက်ပေးရန်ကိုမူ ငြင်းဆန်ခဲ့သည်။

အဆိုနှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးလိုသူများ ယနေ့နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှိုးဆော်ထားသော်လည်း ဆွေးနွေးမည့်ရက်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.