ရန်ကုန်ရေနက်ဆိပ်ကမ်း စီမံကိန်းက ကျေးရွာအချို့အတွက် မျှော်လင့်ချက်များ ယူဆောင်လာ

မြစ်ရေတိုက်စားမှုကြောင့် မကြာမီ ကွယ်ပျောက်သွားတော့မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသော ရွာငါးရွာက ရန်ကုန်မြို့သစ် စီမံကိန်းတွင် ပါဝင်သည့် ရေနက်ဆိပ်ကမ်း တည်ဆောက်မည့် အစီအစဉ်ကို ကြိုဆိုလိုက်ကြသည်။

ကျော်ရဲလင်း ရေးသားသည်။ 

တောကလူးရွာကို ကာကွယ်ရန် တည်ဆောက်ထားသော တမံနှင့် မြစ်ကမ်းနဖူးကြား နေရာကျဉ်းကျဉ်းလေးတွင် ဝါးဖြင့်တည်ဆောက်ထားသည့် တဲငယ် တစ်ဒါဇင်ခန့် ရှိနေသည်။ ထိုနေရာသည် မုတ္တမပင်လယ်ကွေ့ အတွင်းသို့ ရန်ကုန်မြစ် စီးဝင်သည့် နေရာလည်း ဖြစ်သည်။ 

ရန်ကုန်မြို့၏ အနောက်တောင်ဘက်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ထိုရွာလေးသည် မြစ်ကမ်းပါး ရေတိုက်စားမှုကြောင့် နေရာပြောင်းရွှေ့ရမည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည်။ 

ဒီအိမ်ငယ်လေးများကို ကာကွယ်တည်ဆောက်ထားသော တမံအတွင်းပိုင်းသို့ ယခုနှစ်တွင် ပြောင်းရွှေ့ရတောမည်ဟု ရွာလူကြီး ဦးအောင်ထွန်းကျော်က ဧပြီ ၇ ရက်နေ့တွင် Frontier ကို ပြောကြားခဲ့သည်။ 

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဌာနက ထိုတာတမံကို လွန်ခဲ့သော ငါးနှစ်ခန့်က တည်ဆောက်ပေးခဲ့စဉ်က မြစ်ကမ်းပါးမှ ပေ ၅၀၀ ကွာဝေးခဲ့သည်ဟု ဦးအောင်ထွန်းကျော်က ပြောသည်။ 

“အခုဆို မြစ်ကမ်းပါးနဲ့ ပေ ၅၀ လောက်ပဲ ကွာတော့တယ်” ဟု သူက ဆိုသည်။ 

မြစ်ကမ်းပါး တိုက်စားမှုသည် ယခုနှုန်းဖြင့် ဆက်လက် တိုက်စားနေပါက တည်ဆောက်ထားသော တာတမံကို ကုန်းတွင်းပိုင်း သုံးမိုင်ခန့်အထိ နောက်ဆုတ်ရနိုင်ဖွယ် ရှိသည်ဟု ဦးအောင်ထွန်းကျော်က ဆိုသည်။ ထို့ပြင် ရွာများကိုလည်း နေရာပြောင်းရွှေ့ရမည်ဖြစ်သည်။

ရွာအနီးတွင် မြစ်မှာ ရေနက်သောကြောင့် ဒီရေကျချိန်တွင် ရေစီးနှုန်း မြန်ဆန်သဖြင့် မြစ်ကမ်းပါးများ ရေတိုက်စားခံရခြင်း ဖြစ်သည်။ 

ပင်လယ်ရေလမ်းကြောင်းကလည်း မြစ်ကမ်းပါးနှင့် နီးလွန်းသောကြောင့် ကမ်းပေါ်မှ အော်လိုက်သောအသံကို ပင်လယ်အတွင်း သွားနေသော ရေယာဉ်များကပင် ကြားနိုင်သည်ဟု ဦးအောင်ထွန်းကျော်က ဆိုသည်။ မြစ်အတွင်း ရေနက်သည့် ရေလမ်းကြောင်း၏အလွန်တွင်မူ ရေတိမ်ပြီး သဲသောင်ထွန်းနေသည်ဟု သူက ပြောသည်။ 

ရေနက်သည့်နေရာအား ရွာသားများက ဒီရေကျချိန်တွင် တိုင်းတာကြည့်သောအခါ ပေ ၅၀ ခန့် နက်သည်ဟု သူက ဆိုသည်။ 

“ဒီရေတက်နေတဲ့ အချိန်တော့ မတိုင်းဖူးဘူး။ ဒါထက် ပိုနက်မှာပေါ့။”

ဓာတ်ပုံ-ကျော်ရဲလင်း

ဓာတ်ပုံ-ကျော်ရဲလင်း

မြစ်က ပို့ချလိုက်သော အနည်များကြောင့် သဲသောင်များလည်း ပေါ်ထွန်းလာသည်။ ထိုသဲသောင်များသည် ရေစီးနှုန်း အရှိန်ကို မူတည်ပြီး အမြဲတမ်း ပုံစံပြောင်းနေသည်ဟု ဆိုသည်။ ရွာသားများကမူ ရန်ကုန်မြစ်ဝတွင် ဖြစ်ပေါ်နေသော သဲသောင်များကြောင့် မြစ်ကမ်းပါး တိုက်စားရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ 

မျှော်လင့်ချက်များ ပေါ်ထွန်းလာခြင်း

မြစ်ကမ်းပါး တိုက်စားမှုကြောင့် နေအိမ်များ ပြောင်းရွှေ့ရခြင်းမှာ ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့နယ်မှ ကျေးရွာများအတွက် အထူးအဆန်း မဟုတ်တော့ပေ။

တောကလူး၊ သောင်ကုန်း၊ ကွင်းဝိုင်း၊ ဆားတိုင်ပေါက်နှင့် သရက်တော စသည့် ရွာ ငါးရွာမှာ လွန်ခဲ့သည့် အနှစ် ၆၀ အတွင်း လေးကြိမ်တိုင် ပြောင်းရွှေ့ခဲ့ရပြီး ဖြစ်သည်ဟု အသက် ၅၈ နှစ် ရှိပြီဖြစ်သည့် သရက်တော ရွာသား ဦးသွင်ဆန်းက ပြောသည်။ 

“လာမယ့် အနာဂတ်မှာလည်း ထပ်မံရွှေ့ပြောင်းရမယ့် အလားအလာတွေ ရှိနေပါတယ်” ဟု သူက ဆိုသည်။ 

“သရက်တောရွာက ဒီနေရာကို ပြောင်းရွှေ့လာတာ ၁၀ နှစ်ပဲ ရှိသေးတယ်။ အခုဆို မြစ်ကမ်းပါးက တဖြည်းဖြည်း ပြန်ပြီး နီးကပ်လာနေပြီ။ ကာကွယ်ထားတဲ့ တမံကလည်း အလွန်းဆုံး ခံနိုင်ရင် တစ်နှစ်လောက်ပဲ” ဟု သူက ဆိုသည်။ 

“ဒါပေမယ့် တောကလူးနဲ့ သောင်ကုန်းရွာကတော့ သိပ် အခြေအနေ မကောင်းဘူး။ ဒီနှစ်အတွင်းမှာဘဲ ပြောင်းရွှေ့ရမယ့် အလားအလာ ရှိတယ်” ဟု ဦးသွင်ဆန်းက ဆက်လက်ပြောကြားသည်။ 

ဦးသွင်ဆန်းနှင့် အခြားသော ရွာသားများ၏ အဆိုအရ ပြီးခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း မြစ်ကမ်းပါး တိုက်စားမှုကြောင့် ၎င်းတို့၏ လယ်မြေ ဧက ၅၀၀ ခန့် ဆုံးရှုံးခဲ့ရသည်။ 

“ဒီတစ်ကြိမ် ဆိုရင်တော့ ငွေကြေး ဆုံးရှုံးမှုက ပိုများလိမ့်မယ်။ မြေတွေက ရှားပါးတော့ မြေဈေးတွေက တက်နေတယ်လေ” ဟု သူက ဆိုသည်။ 

မြစ်ကမ်းပါးများ တိုက်စားခံနေရသည့် ကိစ္စနှင့် ပတ်သက်ပြီး ယခင် အစိုးရလက်ထက်က ၎င်းတို့၏ လွှတ်တော် ကိုယ်စားလှယ်များနှင့် ရွာသားများက ဆွေးနွေးခဲ့ကြသည်။ သို့သော် ထိထိရောက်ရောက် လုပ်ဆောင်ပေးမှု တစ်ခုမျှ မရှိခဲ့ပေ။ ထိုဒေသတွင် အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်မည်ဟူသည့် သတင်းများလည်း ထွက်ရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင်မူ ကော့မှူးမြို့နယ် အနီးတဝိုက်တွင် တည်ဆောက်ရန် လျာထားသော ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ထိုဒေသသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရောက်ရှိလာခဲ့သည်။ ကော့မှူးမြို့နယ်သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲများတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမတ်အဖြစ် ရွေးကောက် တင်မြောက်ခံခဲ့ရသည့် မြို့နယ်ဖြစ်သည်။ 

မတ် ၃၁ ရက်နေ့က ပြုလုပ်သည့် NYDC စတင်သည့် အခမ်းအနားတွင် ဦးသိန်းဝေက အမှာစကား ပြောကြားစဉ်။ ဓာတ်ပုံ- Supply

မတ် ၃၁ ရက်နေ့က ပြုလုပ်သည့် NYDC စတင်သည့် အခမ်းအနားတွင် ဦးသိန်းဝေက အမှာစကား ပြောကြားစဉ်။ ဓာတ်ပုံ- Supply

သရက်တောရွာသားများနှင့် ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက ရေနက်ဆိပ်ကမ်း တည်ဆောက်လိုက်ပါက မြစ်ကမ်းပါး တိုက်စားမှုကို တားဆီးရာ ရောက်မည့်အပြင် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းသစ်များလည်း ပေါ်ထွက်လာမည်ဟု ဆိုသည်။ 

“ဒီနေရာက ရေနက်ဆိပ်ကမ်း လုပ်ဖို့နဲ့ လောင်စာတွေ သိုလှောင်ဖို့ သင့်တော်တယ်လို့ ဝန်ကြီးချုပ်က ပြောသွားပါတယ်” ဟု ဦးသွင်ဆန်းက ပြောသည်။ ဝန်ကြီးချုပ် ပြန်သွားပြီးနောက် မြန်မာနှင့် နိုင်ငံခြားသား အင်ဂျင်နီယာများက မြေကြီး အရည်အသွေးနှင့် မြစ်ရေ အတိမ်အနက်ကို လာရောက် စမ်းသပ်သွားကြသည်ဟု သူက ဆိုသည်။ 

ဦးဖြိုးမင်းသိန်းက ထိုနေရာနှင့် အနီးတဝိုက်မှ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များကို ရန်ကုန်မြို့သစ် စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဖွံ့ဖြိုးအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကြောင်း ဦးသွင်ဆန်းက ပြောသည်။ 

“ဝန်ကြီးချုပ်က သူ ကတိပေးတဲ့အတိုင်း လုပ်ပေးမယ်လို့ ယုံကြည်ပါတယ်” ဟု ဦးသွင်ဆန်းက ဆက်လက်ပြောကြားသည်။ 

ရန်ကုန်မြို့သစ် အစီအစဉ်များ ပေါ်ထွက်

ဝန်ကြီးချုပ်၏ ခရီးစဉ်တွင် လိုက်ပါလာသည့် တာဝန်ရှိသူများထဲတွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းတို့လည်း ပါဝင်သည်။ 

ဒေါ်နီလာကျော်သည် ရန်ကုန်မြို့သစ် စီမံကိန်းကို ကြီးကြပ်ရန် တည်ထောင်ထားသော ကုမ္ဗဏီ၏ ဥက္ကဋ္ဌဖြစ်ပြီး ဦးဟန်ထွန်းက ဒါရိုက်တာ ဘုတ်အဖွဲ့ဝင် ဖြစ်သည်။ ဒုတိယ ဥက္ကဋ္ဌနှင့် စီအီးအိုမှာ Serge Pun & Associates Group ၏ ဥက္ကဋ္ဌ Mr Serge Pun ခေါ် ဦးသိန်းဝေ ဖြစ်သည်။ 

New Yangon City Development Co Ltd ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပိုင်ဆိုင်ပြီး မတ်လနှောင်းပိုင်းတွင် အထူးကုမ္ဗဏီများအက်ဥပဒေအရ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ 

စီမံကိန်းအတွက် ရုံးလုပ်ငန်း အဆင့်ဆင့်ဖြင့် လုပ်ငန်းကြန့်ကြာမှု မရှိစေရန်နှင့် ရင်းနှီးမြုပ်နှံမှုများ မြန်ဆန်ချောမွေ့စွာ ဝင်ရောက်နိုင်စေရန်အတွက် NYDC ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။ 

NYDC ၏ ရည်ရွယ်ချက်မှာ ရန်ကုန်မြို့သစ် စီမံကိန်း၏ ပထမပိုင်းကို အနောက်ပိုင်း မြို့နယ်များဖြစ်သည့် ကြည့်မြင်တိုင်၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူးမြို့နယ် မြောက်ပိုင်းနှင့် ကွမ်းခြံကုန်း မြို့နယ်တို့ရှိ ဧက ၂၀,၀၀၀ ခန့်တွင် တည်ဆောက်ရန် ဖြစ်သည်။ 

typeof=

မတ်လ ၃၁ ရက်နေ့က ပြုလုပ်သည့် NYDC စတင်သည့် အခမ်းအနားတွင် ဖြန့်ဝေသည့် လက်ကမ်းစာစောင်တွင် ရန်ကုန်မြို့သစ် စီမံကိန်း၏ ဒုတိယပိုင်းအဖြစ် ဆက်လက်တည်ဆောက်မည့် ရေနက်ဆိပ်ကမ်း တည်နေရာကို ဖော်ပြထားသည်။ 

“ပထမဆုံး ခြေလှမ်းအနေနဲ့တော့ မြို့သစ်ရဲ့ ပထမပိုင်းအတွက် အခြေခံ အဆောက်အအုံတွေကို အာရုံစိုက်သွားမှာပါ” ဟု ဒေါ်နီလာကျော်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။ 

တည်ဆောက်မည့် အခြေခံ အဆောက်အအုံများထဲတွင် နေရာပြောင်းရွှေ့ရသော ဒေသခံများအား ပြန်လည် နေရာချထားမည့် လူနေအိမ်ယာများ၊ တံတား နှစ်ခု၊ ၁၀ စတုရန်း ကီလိုမီတာ ကျယ်ဝန်သည့် စက်မှုဇုန်၊ လမ်းအရှည် စုစုပေါင်း ၂၆ ကီလိုမီတာ၊ လျှပ်စစ်ဓါတ်အားပေး စက်ရုံ၊ ဓါတ်မီးတိုင်များနှင့် ရေဆိုးသန့်စင်စက်ရုံတို့ ပါဝင်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။ 

“အခြေခံ အဆောက်အအုံတွေကို ပထမ သုံးနှစ်အတွင်းမှာ အပြီး ဆောင်ရွက်မှာပါ” ဟု အခမ်းအနားအပြီးတွင် ဦးသိန်းဝေက သတင်းထောက်များကို ပြောကြားသည်။

သို့သော် ထိုအချိန် အကန့်အသတ်မှာ NYDC က ပုဂ္ဂလိက ရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နိုင်မှုအပေါ်တွင် မူတည်သည်ဟု ၎င်းက ဆိုသည်။ 

“အခြေခံ အဆောက်အအုံကို တည်ဆောက်ဖို့က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ၊ မြန်မာငွေ ကျပ် နှစ်ထီလျံ ကုန်ကျမယ်။ ဒါပေမယ့် ဝန်ကြီးချုပ်က ကျပ် ၁၀ ဘီလျံသာ ချထားပေးပါတယ်။ ဒီပမာဏက အရမ်း နည်းလွန်းနေတယ်” ဟု သူက ဆိုသည်။ 

ဦးသိန်းဝေက NYDC ဘုတ်အဖွဲ့အနေဖြင့် ထိုစီမံကိန်း လုပ်ဆောင်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှု ရှိစေရန်အတွက် Swiss challenge model ကို အသုံးပြုသွားမည်ဟု ဆိုသည်။ 

“ပါဝင်သူတွေ အားလုံးဆီက ယုံကြည်မှု ရရှိစေဖို့အတွက် ပွင့်လင်းမြင်သာမှုက အရေးကြီးပါတယ်” ဟု သူက ဆိုသည်။ 

ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်သော လုပ်ငန်းအားလုံးတွင် သူ၏ ကုမ္ပဏီများက ဝင်ရောက် လေလံဆွဲခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ဦးသိန်းဝေက ကတိပြု ပြောကြားခဲ့သည်။ 

“ဒါက အကျိုးစီးပွား ပဋိပက္ခဖြစ်မှုတွေ ရှောင်ရှားဖို့ပါ။ NYDC စီမံကိန်း အဆင့်တိုင်းနဲ့ တင်ဒါ ခေါ်ယူမှု လုပ်ငန်းစဉ် အားလုံးကို အများပြည်သူကို ကြေညာသွားမှာပါ” ဟု သူက ပြောကြားသည်။ 

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း စီမံကိန်းတွင် ပါဝင်မည့် စက်မှုဇုန်အတွက် လျှပ်စစ်မီးကို ဧရာဝတီတိုင်းဒေသကြီး၊ အနောက်ဘက်ရှိ ချောင်းသာကမ်းခြေ၏ မြောက်ဘက် ကီလိုမီတာ အနည်းငယ်တွင် တည်ဆောက်မည့်ဖြစ်သည့် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံမှ ထောက်ပံ့ပေးသွားမည်ဟု ပြောကြားသည်။ 

typeof=

“လျှပ်စစ် ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ကတိပေးပြီးပါပြီ။ ဒီတော့ လျှပ်စစ်အတွက် စိတ်ပူစရာ မလိုတော့ပါဘူး” ဟု ဦးဖြိုးမင်းသိန်းက အခမ်းအနားတွင် ပြောကြားသည်။ 

ရန်ကုန်မြို့သစ် စီမံကိန်းက အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်လည်း ဦးစားပေး ဆောင်ရွက်နေသည်ဟု ၎င်းက ဆိုသည်။ 

ဦးသိန်းဝေကလည်း စက်မှုဇုန်တွင် ဝယ်ယူရမည့် မြေယာတန်ဖိုးကို ၎င်းတို့ ဖန်တီးပေးနိုင်မည့် အလုပ်အကိုင် အရေအတွက်နှင့် တွက်ချက်သတ်မှတ်သွားမည်ဟု ဆိုသည်။ 

“အလုပ်သမား များများခန့်ထားနိုင်တဲ့ လုပ်ငန်းတွေကို မြေဈေးနှုန်း လျှော့ပေးမှာပါ” ဟု သူက ဆိုသည်။ 

“လုပ်ငန်းရဲ့ သဘောက လုပ်အားများများ လိုအပ်တယ်ဆိုရင် ကျွန်တော်တို့နဲ့ လာရောက်ဆွေးနွေးပါ။ မြေဈေးနှုန်းတွေကို အဆင်ပြေအောင် လုပ်ပေးပါမယ်” ဟု ဦးသိန်းဝေက ဆက်လက်ပြောကြားသည်။

ခေါင်းစီးဓာတ်ပုံ- ကွမ်းခြံကုန်းမြို့နယ်၊ တောကလူးရွာမှ မြစ်ရေတိုက်စားမှု အန္တရာယ် ကျရောက်နေသော နေအိမ်များ။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.