ယနေ့၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ကြီးရွယ်အိုတစ်ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးနေစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ရန်ကုန်မြို့နယ်သုံးခုတွင် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စထိုးပေး

ဖရွန်းတီးယားမြန်မာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ၊ ပန်းဘဲတန်းနှင့် ဗိုလ်တထောင်စသည့် မြို့နယ်သုံးခုရှိ အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို ယနေ့၊ ကိုဗစ်-၁၉ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့သည်။

ကိုဗစ်-၁၉ကာကွယ်ဆေးထိုးသည့်လုပ်ငန်းကို နိုင်ငံတစ်ဝန်းရှိ နေအိမ်တွင်သာနေထိုင်စေရေး အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်၄၀တွင် စတင်ထိုးနှံပေးနေခြင်းဖြစ်သည်။

“ဖြစ်ပွားသေဆုံးမှုများတဲ့  မြို့နယ်တွေဖြစ်တဲ့ ဒဂုံ၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်နဲ့ စထိုးမှာပါ။ တဖြည်းဖြည်းချဲ့ပါမယ်”ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဗိုလ်တထောင်မြို့နယ်တွင်မူ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် သက်ကြီးရွယ်အိုများကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

“အသက် ၆၅ နှစ်အထက် ပြည်သူတွေအနေနဲ့ ရပ်ကွက်အလိုက်ကို ဘယ်နေ့ထိုးရမယ်၊ ဘယ်အချိန်ထိုးရမလဲ ဆိုတာနဲ့ ကိုယ့်နာမည်ပါ၊ မပါဆိုတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တွေမှာ စာကပ်ပေးထားပါတယ်။ သွားရောက်ပြီးတော့ ကြည့်ကြပါ။ အဲဒီအချိန်အတိုင်း၊ ရက်အတိုင်း လာရောက်ထိုးနှံပေးစေချင်ပါတယ်”ဟု ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇင်မင်းမင်းလတ်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

“အခုချိန်ဟာ ကိုဗစ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဆေးထိုးတဲ့စုရပ်မှာ လူအုံနေလို့မရပါဘူး။ အသက်၆၅နှစ်နဲ့အထက် ကာကွယ်ဆေးထိုးမှာမို့လို့ ကိုယ့်မှာသွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိလို့ရှိရင် ကိုယ်တိုင်ပင်နေတဲ့ ကိုယ်ပြနေကျဆရာဝန်တွေနဲ့ ပြသပြီးလို့ရှိရင် ဆရာဝန်တွေက ထိုးပါလို့ recommendation (အကြံပေးတိုက်တွန်း) ရလို့ရှိရင် … ထိုးနှံနိုင်ပါတယ်” ဟု ၎င်းကတိုက်တွန်းသည်။

ဗိုလ်တထောင်မြို့နယ်တွင် ကိုဗစ်-၁၉ ကိုဗစ်ကာကွယ်ဆေးထိုးနှံမည့် အသက်၆၅နှစ်နှင့် အထက် သက်ကြီးရွယ်အို ၄,၀၀၀ဦးကျော်ရှိပြီး တာဝန်ရှိသူများက ပထမအကျော့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ၅ရက်မှ စတင်ကာ ၁၀ရက်ခန့်အထိ ဆောင်ရွက်မည်ဖြစ်သည်။ ဒုတိယအကျော့ကို မတ်၅ရက်တွင် ပြန်လည်စတင်မည်ဖြစ်သည်။

“ကာကွယ်ဆေးထိုးပြီး နာတာ၊ ကြင်တာ မူးမော်တာ မရှိပါဘူး။ ကျန်းမာရေးအတွက် အထောက်အကူဆိုတော့ စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားတယ်။ မတ်၅ရက်နေ့ ပြန်ထိုးရပါမယ်။ ကာကွယ်ဆေးထိုးခွင့်ရအောင် လုပ်ခဲ့ပေးတဲ့ ဆောင်ရွက်ပေးခဲ့တဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံကိုလည်း ကျေးဇူးတင်ပါတယ်။ လူပေါင်းများစွာရဲ့ အသက်ကို ကယ်ခဲ့တာဖြစ်ပါတယ်”ဟု ၅၂လမ်းတွင်နေထိုင်သည့်​ အသက်၆၈နှစ်ရှိပြီဖြစ်သော ဒေါ်ရွှေရင်အေးက ပြောသည်။

ကိုဗစ်-၁၉ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းနေသည့် အမျိုးသမီးကြီးတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ နေအိမ်တွင်သာနေထိုင်စေရေးအမိန့် (Stay-at-home)တွင် ပါဝင်သော မြို့နယ်၄၀က အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအပြင် အစိုးရအဖွဲ့ဝင်များကိုလည်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၊ Serum Institute of India မှ ဝယ်ယူထားသော ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) အကြိမ်ရေ သန်း၃၀သည် လစဉ်အသုတ်လိုက် ရောက်ရှိမည်ဖြစ်ပြီး Gavi COVAX Facility မှ ထောက်ပံ့သည့် ကာကွယ် ဆေးအကြိမ်ရေ ၂၇သန်းခန့်မှာလည်း မတ်မှစတင်ကာ လစဉ်အသုတ်လိုက်ရောက်ရှိလာမည်ဖြစ်သည်။

ဇန်နဝါရီ၂၇ရက်က စတင်ခဲ့သည့် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အရ လက်ရှိအချိန်တွင် ကျန်းမာရေးနှင့်စေတနာ့ဝန်ထမ်း တစ်သိန်းဝန်းကျင်ကို ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမည့် အသက်၆၅နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ ၃၈၀,၀၀၀ကျော်ရှိကြောင်းနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃ဒသမ၆သန်းရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ၄ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၁,၁၀၄ဦး၊ ဆေးရုံဆင်းခွင့်ရသူစုစုပေါင်း ၁၂၆,၈၆၉ ဦးနှင့် သေဆုံးသူစုစုပေါင်း ၃,၁၆၃ ဦးရှိပြီဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.