ရန်ကုန်မြို့တော်ကြီး (ပိုမို) သန့်ရှင်းလာစေဖို့

ရန်ကုန်မြို့ကြီးမှ နေ့စဉ်ထွက်ရှိနေသည့် များပြားလှသောအမှိုက်များကို ရှင်းလင်းရေးအတွက် မြို့တော်စည်ပင်က ရုန်းကန်ကြိုးစားနေရချိန်တွင် နိုင်ငံသားကောင်းပီသသည့် လုပ်အားပေးများလည်း ကူညီလုပ်ဆောင်ပေးနေကြသည်။

ဆုမြတ်မွန် ရေးသားသည်။ 

ပြီးခဲ့သည့် ၈ နှစ်ခန့်က စတင်ပြီး ဒေါ်တင်တင်ဝင်းတစ်ယောက် ရန်ကုန်မြို့ အနောက်မြောက်ဘက်ရှိ ရွှေပြည်သာမြို့နယ်မှ စမ်းချောင်းမြို့နယ်သို့ လာရောက်လာ ပုဂ္ဂလိကအမှိုက်သိမ်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့သည်။ 

“ကျွန်မက လူတွေက ကိုယ်တိုင်သွားရောက် မပစ်နိုင်တဲ့ အမှိုက်တွေကို လိုက်ယူပစ်ပေးပြီး သူတို့ စေတနာရှိသလောက်ပေးတဲ့ငွေကို ယူပါတယ်” ဟု အသက် ၄၀ ကျော်နှောင်းပိုင်းသို့ ရောက်ရှိနေပြီဖြစ်သည့်  ဒေါ်တင်တင်ဝင်းက ပြောသည်။ 

ယခင်ကမူ YCDC ဟုခေါ်ကြသည့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် အမှိုက်သိမ်းဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပြီး လစာနည်းပါးသဖြင့် အလုပ်ထွက်လိုက်ခြင်းဖြစ်သည်။ 

“လစာက မိသားစု အသုံးစရိတ်အတွက် မလောက်ဘူး။ ဒီအလုပ် ပြောင်းလုပ်တော့မှ နေ့စဉ်ဝင်ငွေ ပိုကောင်းလာတယ်” ဟု သူက ဆိုသည်။ 

သို့သော် ထိုသို့အမှိုက်သိမ်းခြင်းကြောင့် ဒေါ်တင်တင်ဝင်းတစ်ယောက် YCDC နှင့် မကြာခဏ ပဋိပက္ခဖြစ်ရသည်။ YCDC က သူ၏ အမှိုက်သိမ်းလှည်းကို ၃ ကြိမ် သိမ်းဆည်းခဲ့ပြီး အကြိမ်ကြိမ် ပြန်တောင်းသော်လည်း ပြန်မပေးတော့ပေ။

သို့သော် ယခုအခါ လှည်းအသိမ်းမခံရသည်မှာ ကြာပြီဖြစ်သည်။ “ကျွန်မ ထင်တာတော့ YCDC ကလည်း ရန်ကုန်က များပြားလာတဲ့ အမှိုက်တွေကို လိုက်မသိမ်းနိုင်တော့လို့ ဖြစ်မယ်” ဟု သူမက ဆိုသည်။ 

မမျှော်လင့်ထားသည့် မီးလောင်မှု

ရန်ကုန်မြို့မှ အမှိုက်အများစုကို မြို့အနောက်မြောက်ဘက်ရှိ လှိုင်သာယာမြို့နယ်မှ ထိန်ပင်အမှိုက်ပုံတွင် စွန့်ပစ်ခြင်း ဖြစ်သည်။ ထိုအမှိုက်ပုံတွင် ပြီးခဲ့သောနှစ် အစောပိုင်းက ရက်သတ္တပတ် အတန်ကြာအောင်  မီးလောင်ကျွမ်းခဲ့ရာတွင် အနီးအနားမှ ဒေသခံ ဒါဇင်နှင့်ချီပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြင့် ဆေးရုံတက်ခဲ့ကြရသည်။ 

၎င်းတို့ထဲတွင် အသက် ၅၇ နှစ်အရွယ် ဦဌေးဝင်း၏ ဇနီးလည်း ပါဝင်သည်။ အမှိုက်ပုံ မီးထလာင်ကျွမ်းမှုမှ ထွက်ပေါ်လာသည့် မီးခိုငွေ့များကို ရှူရှိုက်မိခဲ့ပြီး ဆေးရုံတက်ခဲ့ရခြင်း ဖြစ်သည်။ ဧပြီ ၂၁ ရက်နေ့က မီးစတင်လောင်ကျွမ်းခဲ့ပြီး ဧရိယာ ၉၈ ဟက်တာရှိသော အမှိုက်ပုံတွင် ၆၀ ဟက်တာခန့်ကို မီးပြန့်နှံ့လောင်ကျွမ်းခဲ့သည်။ မေ ၁၄ ရက်နေ့ရောက်မှ မီးကို အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်။

nswks-15_3.jpg

လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံဖြစ်သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

အမှိုက်ပုံမှ ထွက်ရှိသော မီသိန်းဓါတ်ငွေ့များကြောင့် မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အမှိုက်ပုံတည်ရှိသည့် မြေများကို ၁၉၉၆ နှင့် ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက သိမ်းယူထားခဲ့ခြင်းဖြစ်ကာ ၂၀၀၂ ခုနှစ်တွင် အမှိုက်များ စတင်စုပုံခဲ့ပြီး ရန်ကုန်မြို့၏ အဓိက အမှိုက်ပုံကြီးဖြစ်လာခဲ့သည်။ 

၁၉၉၇ ခုနှစ်တွင် လှိုင်သာယာမြို့နယ်သို့ ဦးဌေးဝင်း ပြောင်းရွှေ့လာချိန်က အမှိုက်ပုံ မရှိသေးပေ။ ရောက်ရှိပြီး ငါးနှစ်ခန့်အကြာတွင် အမှိုက်ပုံ ပေါ်ပေါက်လာပြီး တဖြည်းဖြည်း ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်မြို့တွင် အမှိုက်ပစ်စရာ အခြားနေရာမရှိသောကြောင့်ဖြစ်မည်ဟု ဦးဌေးဝင်းက ဆိုသည်။ 

ဦးဌေးဝင်းအတွက်မူ အမှိုက်ပုံ၏ အနံ့ဆိုးကို ကျင့်သားရနေပြီ ဖြစ်သည်။ Frontier က သူ၏ နေအိမ်သို့ သွားရောက်ခဲ့ချိန်ကမူ အနံ့ဆိုးကို မခံနိုင်ခဲ့ပေ။ အမှိုက်ပုံအားချဲ့ထွင်ရန်အတွက် သူတို့လည်း တစ်နေ့တွင် ဖယ်ပေးရနိုင်ကြောင်း ဦးဌေးဝင်းက ပြောသည်။ 

“မြို့ကြီးက ကြီးမားလာတော့ အမှိုက်ပုံကလည်း ကြီးလာတယ်။ တစ်နေ့ကျရင် ဒီနေရာက ပြောင်းရွှေ့ပေးရနိုင်တယ်။ အခုဆိုရင် အမှိုက်ပုံ တိုးချဲ့ဖို့ အနီးအနာက သုသာန်တွေကို ဖယ်ရှားနေပြီ” ဟု သူက ဆိုသည်။ 

ထိန်ပင်အမှိုက်ပုံသည် ရန်ကုန်မြို့ရှိ အဓိကအမှိုက်ပုံကြီး ၂ ခုထဲမှ တစ်ခု ဖြစ်သည်။ ရန်ကုန်မြို့ မြောက်ပိုင်းနှင့် အနောက်ပိုင်းခရိုင်များမှ အမှိုက်များ စုပုံရာနေရာလည်း ဖြစ်သည်။ ရန်ကုန်မြို့ အရှေ့ပိုင်းနှင့် တောင်ပိုင် ခရိုင်များမှ အမှိုက်များကိုမူ မြောက်ဒဂုံမြို့နယ်ရှိ ထားဝယ်ချောင်တွင် စုပုံသည်။ ရန်ကုန်မြစ်တောင်ပိုင်းရှိ ဒလနှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များတွင် ကိုယ်ပိုင်အမှိုက်ပုံများ ရှိကြသည်။ 

မြို့တော်စည်ပင်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ရန်ကုန်မြို့၏ အမှိုက်များ စွန့်ပစ်ရန် နေရာများမှာ အလျှင်အမြန် ပြည့်လာနေသည်ဟု ဆိုသည်။ သို့သော် အမှိုက်များကို နောက်ထပ် ကာလမည်မျှ လက်ခံနိုင်စွမ်းရှိလိမ့်မည်ကိုမူ သူက ဖြေကြားခဲ့ခြင်း မရှိပေ။ အနာဂတ်တွင် ရန်ကုန်မြို့၏ အမှိုက်များ စွန့်ပစ်ရေးအတွက် စိတ်ပူပန်လားဟု မေးမြန်းချက်ကိုလည်း ဖြေကြားခဲ့ခြင်း မရှိပေ။ 

“ဒီအကြောင်း ထည့်ရေးမနေပါနဲ့။ အမှိုက်တွေသိမ်းရမှာက ကျွန်တော်တို့အလုပ်ပါ” ဟု သူကပြောသည်။

အမှိုက်ပုံသို့ ရောက်ရှိလာသော အမှိုက်ပမာဏကို လျှော့ချနိုင်ရန် မြို့တော်စည်ပင်က ဂျပန်နိုင်ငံ JFE Engineering Corporation နှင့် ပူးပေါင်းပြီး ရွှေပြည်သာမှ အမှိုက်များဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်အောင် ဆောင်ရွက်နေသည်ဟု သူကဆိုသည်။

မြို့တော်စည်ပင်တွင် အမှိုက်သိမ်းဝန်ထမ်း အလုံအလောက် ရှိပါလားဟု မေးသောအခါတွင်လည်း ဒေါက်တာအောင်မြင့်မော်က ဖြေကြားလိုပုံ မပေါ်ပေ။ ဌာနအနေဖြင့် ရင်းမြစ်များနှင့် ဝန်ထမ်းများ လိုအပ်နေသေးသည်ဟု သူကဆိုသည်။ 

ဇွန် ၂၈ ရက်နေ့က ပြဌာန်းလိုက်သော မြို့တော်ဥပဒေအား အများပြည်သူများ သိရှိလိုက်နာကျင့်သုံးပါက တိုးတက်ကောင်းမွန်မှုများ ရရှိမည်ဟု သူက ဆိုသည်။ ဥပဒေတွင် အမှိုက်ကို မဆင်မခြင်ပစ်ခြင်းအတွက် ထောင်ဒဏ် အပါအဝင် ပြစ်ဒဏ်များ ချမှတ်နိုင်ကြောင်း ထည့်သွင်းထားသည်။

သို့သော် ဥပဒေကို အများပြည်သူက မသိရှိပါက အရေးယူရန် ခက်ခဲမည်ဟု သူက ဆိုသည်။ 

“မြို့တော်ဥပဒေ အသစ်မှာ တားမြစ်ချက်တွေနဲ့ ပြစ်ဒဏ်တွေက ပြင်းထန်ထိရောက်ပါတယ်။ ဒါကြောင့် ဥပဒေကို အများပြည်သူ သိရှိလိုက်နာအောင် ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ဒေါက်တာအောင်မြင့်မော်က Frontier ကို ပြောသည်။ 

dsc_4092.jpg

မြို့တော်စည်ပင်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာ အောင်မြင့်မော်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ထိရောက်သည့် အမှိုက်သိမ်းစနစ်ကို လုပ်ဆောင်ရမှာက စည်ပင်၏ တာဝန်ဖြစ်သော်လည်း အများပြည်သူကလည်း တာဝန်သိပြီး စည်းကမ်းလိုက်နာရန် လိုအပ်သည်ဟု သူက ဆိုသည်။ 

မြို့တော်အနေဖြင့် ရပ်ကွက်များတွင် အကြီးစား အမှိုက်ကန်များကို ပိုမိုချထားလိုသည်။ သို့သော် နေထိုင်သူများက အနံ့ဆိုးကြောင့် မိမိတို့ အိမ်ရှေ့တွင် အမှိုက်ကန် လာထားမည်ကို မလိုလားကြပေ။

တွဲလက်ညီကြသည့် ဒေသခံများ

စမ်းချောင်းမြို့နယ်မှ အဖွဲ့တစ်ခုကမူ မြို့နယ်အတွင်းရှိ လမ်းများ သန့်ရှင်းစေရန် တနင်္ဂနွေနေ့တိုင်း စုပေါင်း လုပ်အားပေးနေကြသည်။ 

ရှမ်းကုန်းလမ်းတွင် နေထိုင်သော အသက် ၄၂ နှစ်အရွယ် ကိုဇော်ဝင်းခိုင်သည် ရှမ်းကုန်းလမ်း တနင်္ဂနွေ သန့်ရှင်းရေးအသင်းကို တည်ထောင်သူ ဖြစ်သည်။ ပြီးခဲ့သည့်နှစ်က တည်ထောင်ခဲ့သော Clean Yangon Campaign ကို တည်ထောင်ရာတွင်လည်း သူက အကူအညီပေးခဲ့သည်။ အဖွဲ့ဝင်များသည် မိမိ၏ အသိစိတ်ဖြင့် လုပ်အားပေး အမှိုက်ကောက်သူများ ဖြစ်ကြသည်။ 

မြို့နယ်အတွင်း အမှိုက်ပြဿနာ ကြီးထွားလာသောကြောင့် စမ်းချောင်း အမှိုက်သိမ်းအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်ဟု ကိုဇော်ဝင်းခိုင်က ပြောသည်။ ၂၀၁၄ ခုနှစ်မှစပြီး ထိုအဖွဲ့သည် တနင်္ဂနွေနေ့တိုင်း နံနက် ၇ နာရီမှ ၁၀ နာရီအထိ အမှိုက်ကောက်ကြသည်။ 

“ရာသီဥတု ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော်တို့ အမှိုက်ကောက်မပျက်ပါဘူး” ဟု သူကပြောသည်။ သူ့အဖွဲ့က လူပေါင်း ၇၀ ခန့်အထိ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတွင် အလုပ်လုပ်နေကြသည့် နိုင်ငံခြားသားအချု့ိပင် ပါဝင်လာသည်။

ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူအများအပြားက နိုင်ငံကြီးသား ပီသမှုကို ဂုဏ်မယူတတ်ကြကြောင်းနှင့် မိမိတို့၏ ပတ်ဝန်းကျင် သန့်ရှင်းစေရန် ကူညီရေးအတွက် စိတ်ကူးမရှိကြသဖြင့် စိတ်ပျက်မိသည်ဟု ကိုဇော်ဝင်းခိုင်က ပြောသည်။

အာဏာပိုင်အဖွဲ့အစည်းများက အမှိုက်များ သိမ်းဆည်းပြီး စွန့်ပစ်ပေးရန် တာဝန်ရှိသော်လည်း နေထိုင်သူများကလည်း တာဝန်သိရန် လိုအပ်သည်ဟု သူကပြောသည်။

“ရေကြီးတဲ့အခါ အစိုးရကို အပြစ်တင်ကြတယ်။ လူတွေက အကြောင်းနဲ့ အကျိုးကို နားလည်ဖို့ လိုအပ်တယ်။ ရေမြောင်းတွေက အမှိုက်တွေနဲ့ ပိတ်ဆို့နေရင် မိုးရွာတဲ့အခါ ရေကြီးမှာပဲ” ဟု သူက ပြောသည်။ 

အမှိုက်များကို စည်းကမ်းတကျ စွန့်ပစ်ကြစေရန် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ ထင်ရှားသူများက ပိုမိုဆော်သြသင့်သည်ဟုလည်း သူကဆိုသည်။ 

“သူတို့တွေကပြောရင် ကျွန်တော်တို့ အခါတစ်သန်း ပြောနေတာထက် ပိုမိုထိရောက်နိုင်တယ်” ဟု သူက ပြောသည်။ 

အမှိုက်များအား စည်းကမ်းတကျ စွန့်ပစ်ခြင်းက အရေးကြီးသည်ဆိုသည်ကို ရန်ကုန်မြို့တွင် နေထိုင်သူအများစုက ကောင်းစွာ မသိကြဟု သူက ယုံကြည်ထားသည်။ 

“အမှိုက်တွေကို လိုက်သိမ်းရတာက မြို့တော်စည်ပင်အတွက် ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်နေပါတယ်။ ဒါကြောင့် ဥပဒေတွေကို ပိုမိုတင်းကျပ်ပြီး အရေးယူပေးဖို့ လိုပါတယ်။ ဒါတွေက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှာ တာဝန်ရှိပါတယ်” ဟု သူက ဆိုသည်။ 

အသက် ၆၅ နှစ်အရွယ် ကိုရီးယာလူမျိုး Mr Park Changsik သည် Shan Kone Street Sunday Cleaning Group တွင် ပါဝင်သော နိုင်ငံခြားသားတစ်ဦးဖြစ်သည်။ သူသည် စမ်းချောင်းမြို့နယ်ရှိ Exodus Korean Language Center မှ ဆရာတစ်ဦးလည်းဖြစ်သည်။ 

ရန်ကုန်သို့ ၂၀၀၉ ခုနှစ်တွင် ရောက်ရှိခဲ့သည့် သူက ၂၀၁၁ ခုနှစ်တွင် စမ်းချောင်းမြို့နယ်သို့ စတင်ပြောင်းရွှေ့ နေထိုင်ခဲ့သည်။ ပြီးခဲ့သည့် ၃ နှစ်ကစတင်ကာ သန့်ရှင်းရေးအဖွဲ့တွင် ပါဝင်လာခဲ့သည်။ 

“သူတို့က သူတို့မြို့ကို ချစ်ကြလို့ မြို့ကိုသန့်ရှင်းအောင် လုပ်နေကြတာကို မြင်ရတာ ကျွန်တော်သဘောကျတယ်” ဟု သူက Frontier ကို ပြောသည်။

dsc_3936.jpg

ရှမ်းကုန်းလမ်းတနင်္ဂနွေသန့်ရှင်းရေးအသင်းသည် အမှိုက်ပြဿနာကို ကူညီဖြေရှင်းပေးနေသည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

မြန်မာနိုင်ငံ၏ အခြေအနေသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က တောင်ကိုရီးယားတွင် ဖြစ်ပေါ်ခဲ့သော အခြေအနေနှင့် ဆင်တူသည်ဟု သူက ဆိုသည်။ အဓိကပြဿနာမှာ လူများက စည်းကမ်းမဲ့ အမှိုက်ပစ်ကြခြင်းဖြစ်သည်ဟု သူက ဆိုသည်။ 

“ကျွန်တော် ရန်ကုန်ကို ရောက်လာတော့ အဲဒီလိုဖြစ်နေတာကို တွေ့ရတယ်။ ဒါကြောင့် မြို့ကို သန့်ရှင်းအောင် ဒီအဖွဲ့ထဲ ဝင်ခဲ့တာပါ” ဟု သူကဆိုသည်။ 

တာဝန်သိနိုင်ငံသားများ

အသက် ၃၅ နှစ်အရွယ် ကိုဇေယျာထွန်းက Clean Yangon ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထိုအဖွဲ့က အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများတွင် အမှိုက်များ လိုက်ကောက်ခြင်းနှင့် ကျောင်းများသို့ သွားရောက်ပညာပေးခြင်းများကို လုပ်ဆောင်နေသည်။ 

Clean Yangon အဖွဲ့ကို အရပ်ဘက် အဖွဲ့အစည်း ၅၀ ခန့်က ထောက်ပံ့ပေးထားပြီး လုပ်အားပေးသူ ၁,၀၀၀ ခန့် ရှိသည်။ ၎င်းတို့က သန့်ရှင်းသော မြို့တော် ဖြစ်လာစေရန်၊ စည်းကမ်းမဲ့ အမှိုက်ပစ်မှုကို လျှော့ချရန်၊ အမှိုက်ပစ်မှုနှင့် ပတ်သက်ပြီး အသိပညာပေးရန်နှင့် ပတ်ဝန်းကျင်အပေါ်တွင် အမှိုက်၏ အကျိုးသက်ရောက်မှုကို လျှော့ချရန် လုပ်ဆောင်နေကြသည်။ 

“ကျွန်တော်တို့က အမှိုက်ကောက်တဲ့ အလုပ်ကို အများပြည်သူ နေရာတွေမှာ လုပ်ပြတယ်။ တခြားသူတွေ စည်းကမ်းမဲ့ ပစ်သွားတဲ့ အမှိုက်တွေကို ကျွန်တော်တို့ လိုက်ကောက်နေတာ သိစေချင်လို့” ဟု ကိုဇေယျာထွန်းက ပြောသည်။ 

Clean Yangon စီမံကိန်းကို စတင်အပြီး တစ်နှစ်အကြာတွင် စည်းကမ်းမဲ့ အမှိုက်ပစ်မှုကို လျှော့ချရန် အသိပညာပေးမှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသေးသည်ကို သူသတိပြုမိလာသည်။ 

မြို့တော်စည်ပင်အနေဖြင့် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ဒဏ်ငွေရိုက်ခြင်းနှင့် ဆိုးဆိုးရွားရွားပစ်သူများကို ထောင်ချသည်အထိ လုပ်ဆောင်သင့်သည်ဟု ကိုဇေယျာထွန်းက ဆိုသည်။ 

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာ ၁၆ ခုတွင် အဖွဲ့က သန့်ရှင်းရေလုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ထိုအစီအစဉ်အတွက် မြို့တော်စည်ပင်က အမှိုက်ကားများနှင့် စည်ပင်ဝန်ထမ်းများကို ပံ့ပိုးပေးလေ့ရှိသည်။ 

ကျောင်းများသို့ သွားရောက်ပညာပေးခြင်းကမူ လူငယ်များအား အမှိုက်ပစ်မှုနှင့် ပတ်သက်ပြီး အသိပညာ တိုးပွားလာအောင် လုပ်ဆောင်ရာတွင် အရေးပါသည်ဟု ဇေယျာထွန်းက ဆိုသည်။ 

“ငယ်ရွယ်စဉ်ကတည်းက အမူအကျင့်ကောင်းတွေ ရရှိလာအောင် လုပ်ပေးတာက ပိုမိုထိရောက်ပါတယ်။ ဒါကြောင့် ကျောင်းတွေမှာ သွားရောက်ပညာပေးတာပါ”ဟု သူက ဆိုသည်။ 

nswks-6_10.jpg

Clean Yangon ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇေယျာထွန်း။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ငယ်ရွယ်စဉ်ကတည်းက အမှိုက်များ စနစ်တကျစွန့်ပစ်တတ်လာအောင် ကလေးများအား သင်ကြားပေးပါက တစ်ဘဝလုံးတွင် ထိုအကျင့်ကောင်းက ပါသွားနိုင်သည်ဟု ဆရာမ ဒေါ်မေဇင်ထက်ကပြောသည်။

“အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တတ်ဖို့ သင်ခန်းစာတွေထဲမှာ ထည့်သွင်းသင်ကြားပေးဖို့ လိုအပ်ပါတယ်” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် ၁၀ အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမ ဒေါ်မေဇင်ထက်က ဆိုသည်။ ထိုကျောင်းတွင် ကျောင်းသူကျောင်းသား ၁,၄၀၀ ခန့် ပညာသင်ယူနေသည်။ 

ကိုဇေယျာထွန်းကမူ မြို့တော်စည်ပင်ဥပဒေက ရန်ကုန်မြို့ အမှိုက်သိမ်းစနစ် ပိုမိုထိရောက်အောင် ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားသည်။ 

ရန်ကုန်မြို့လည်နှင့် စည်ပင်အမှိုက်သိမ်းစနစ်အတွက် အခက်အခဲရှိသော လှိုင်သာယာကဲ့သို့ မြို့နယ်များတွင် အမှိုက်ကန်များ ပိုမိုထားရှိပေးရန် လိုအပ်သည်ဟုလည်း သူက ပြောသည်။ 

ထို့ပြင် ပလပ်စတစ်အသုံးပြုမှုလျှော့ချရေးအတွက်လည်း လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်သင့်သည်ဟု သူကပြောသည်။ “ကျွန်တော်တို့ ဒီလိုသာ ပလပ်စတစ် ကြွပ်ကြွပ်အိတ်တွေသုံးတာကို မလျှော့ပဲ ဆက်သုံးနေမယ်ဆိုရင် အနာဂတ်မှာ တိုင်းပြည်က အမှိုက်ပုံကြီးနဲ့ တူသွားလိမ့်မယ်” ဟု သူက ဆိုသည်။ 

ပြင်းထန်သည့် ပြစ်ဒဏ်များ

ဇွန် ၂၈ ရက်နေ့တွင် ပြဌာန်းခဲ့သော စည်ပင်ဥပဒေသစ်တွင် စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းနှင့် ပတ်သက်ပြီး ပြစ်ဒဏ် အများအပြား ထည့်သွင်းထားသည်။ 

အနည်းဆုံးပြစ်ဒဏ်အဖြစ် စည်းကမ်းမဲ့ အမှိုက်ပစ်သူ၊ ကွမ်းတံတွေးထွေးသူ၊ တိရိစ္ဆာန် အသေကောင်၊ တိရိစ္ဆာန်မစင်များအား အများပြည်သူနှင့် သက်ဆိုင်သည့်နေရာတွင် စွန့်ပစ်လူများကို ဒဏ်ငွေ ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ သတ်မှတ်ထားသည်။ 

လေထု၊ ရေထု၊ မြေထုနှင့် အသံ ညစ်ညမ်းမှုများအတွက် ဒဏ်ငွေ ကျပ် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ နှင့် ထောင်ဒဏ် ၃ လအထိ ချမှတ်နိုင်သည်။ ပြစ်ဒဏ်ကို ၂ ခါ ကျူးလွန်ပါက ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်သည်။ 

ဓါတုပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများနှင့် တခြားသော အဆိပ်အတောက်ဖြစ်စေနိုင်သည့်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ပါက ဒဏ်ငွေ ကျပ် ၁၀၀,၀၀၀ မှ ၅၀၀,၀၀၀ ဖြစ်စေ ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။ 

စည်ပင်အမှိုက်ပုံးကို နေရာရွှေ့လူသည် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ချမှတ်ခံရနိုင်သည်။ အမှိုက်ပုံးကို ဖျက်ဆီးလူသည် အမှိုက်ပုံးတန်ဖိုး၏ ၃ ဆဒဏ်ငွေဖြစ်စေ၊ ထောင်ဒဏ် ၃ လ ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ 

အမှိုက်များကို မီးရှို့ပြီး လေထုညစ်ညမ်းစေသူသည် ဒဏ်ငွေ ကျပ် ၃၀,၀၀၀ မှ ၃၀၀,၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် ၃ လ ဖြစ်စေ၊ နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။ 

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.