ရန်ကုန်တိုင်းအစိုးရ ဖက်စပ်ကုမ္ပဏီတွေထောင်ပြီး အလုပ်လုပ်တာ ကောင်းသလား

ရန်ကုန်တိုင်းအစိုးရဟာ ပုဂ္ဂလိကကို စနစ်တကျ ရွေးချယ်လုပ်ကိုင်ခွင့်ပေးတာ၊ အဲဒီလုပ်ကိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေကို ကြီးကြပ်နိုင်မယ့် အဖွဲ့အစည်းတွေ ငှားရမ်းလုပ်ကိုင်တာ၊ အစိုးရအဖွဲ့ကတော့ ဒီလုပ်ငန်းတွေအပေါ် ထိန်းကျောင်းမှုကို ကျွမ်းကျင်အောင်လုပ်တာတွေ အကောင်အထည်ဖော်သင့်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတွေနဲ့ ရွှေသံလွင်၊ အေးရှားဝေါ Asia World, ရှိုင်းဆောက်လုပ်ရေး Shine ၊ မက်စ်မြန်မာ Max Myanmar, အိုရီယင်တယ် ဟိုင်းဝေး Oriental Highway, ဒဂုံ Dagon စတဲ့ နာမည်ကြီး ကုမ္ပဏီက လုပ်ငန်းရှင်တွေ တွေ့ဆုံပြီး Yangon Infrastructure Development Co.,Ltd (YIDP) ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိအချိန်ထိ ရန်ကုန်မြို့တော်စည်ပင်ဟာ မြို့ပြဆိုင်ရာ လုပ်ငန်းတွေကို ကိုယ့်ဘတ်ဂျက် ကိုယ်သုံးစနစ်နဲ့ ကိုယ့်ဖာသာကိုယ် လုပ်ကိုင်နေရာကနေ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ ပူးပေါင်း၊ ဖက်စပ် ကုမ္ပဏီ ထူထောင်ပြီး လုပ်ကိုင်သွားမယ်ဆိုတဲ့ သဘောပါ။

ကုမ္ပဏီ တစ်ခုရဲ့ သုတေသနလုပ်လေ့လာပြီး တင်ပြချက်အရ အမေရိကန် ဒေါ်လာ ၇ ဘီလျံလောက် ပမာဏရှိတဲ့ လုပ်ငန်းကြီးမို့ အတော်ကြီးကျယ်တယ်လို့ ပြောလို့ရနိုင်ပါတယ်။ ၂၀၁၆ ခုနှစ်က တက်လာတဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့သစ်ဟာ လုပ်ငန်းအတော်များများကို ပုဂ္ဂလိကနဲ့ ဖက်စပ်ကုမ္ပဏီတွေ ထူထောင်ပြီး လုပ်ကိုင်လာတာ တွေ့မြင်နေရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုလုပ်ကိုင်တာမျိုး အောင်မြင်မှုရနိုင်မလားဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။

၂၀၁၁ မတိုင်ခင်တုန်းက စစ်အာဏာရှင် အစိုးရခေတ်မှာ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေရော၊ တိုင်းနဲ့ ပြည်နယ် အာဏာပိုင်အဖွဲ့အစည်းတွေ အားလုံးပါ နိုင်ငံတော်ရဲ့ဘတ်ဂျက်တွေ ခွဲဝေရယူပြီး လုပ်ငန်းမှန်သမျှ ကိုယ့်ဖာသာကိုယ် လုပ်တဲ့စနစ် ကျင့်သုံးခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ်ရတဲ့ ဘတ်ဂျက်ကို ကိုယ့်စိတ်ကြိုက် ကိုယ်ကိုယ်တိုင် ကိုင်တွယ်သုံးစွဲတဲ့ စနစ်မျိုးပါ။

ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုရင် တတိုင်းပြည်လုံးမှာရှိတဲ့ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းအားလုံး သူတို့ကိုယ်တိုင် ဆောက်ပါတယ်။ ရထားဝန်ကြီးဌာနဆိုလည်း ဘတ်ဂျက်တွေ ကိုယ့်ဖာသာကိုယ်သုံးပြီး ကိုယ့်ဖာသာကိုယ် ရထားပြေးဆွဲတဲ့လုပ်ငန်း လုပ်ပါတယ်။ အလားတူ ရန်ကုန်တိုင်းအစိုးရဆိုရင်လည်း စည်ပင်လုပ်ငန်းအပါအဝင် လုပ်ငန်းအားလုံးကို ကိုယ့်ဘတ်ဂျက်ကိုယ်သုံးစနစ်နဲ့ စိတ်ကြိုက် လုပ်ကိုင်ခဲ့ကြပါတယ်။

အကျိုးဆက်ကတော့ အဂတိလိုက်စားမှု အကြီးအကျယ် ဖြစ်ထွန်းပြီး ငွေကုန်သလောက် အရည်အသွေးမကောင်းတဲ့ အခြေခံအဆောက်အအုံ Infrastructure နဲ့ ဝန်ဆောင်မှုကိုပဲ ပြည်သူတွေ ရရှိခဲ့ပါတယ်။ တစ်ဘက်မှာလည်း အစိုးရက အရှုံးပေါ်တယ်ဆိုတဲ့ လုပ်ငန်းအများကြီး ထွက်ပေါ်လာစေပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက် ရန်ကုန်မြို့တော်စည်ပင်ရဲ့လုပ်ရပ်ကို ပြန်ကြည့်ရင် အဲဒီပြဿနာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ရေမြောင်းတွေ အကြိမ်ကြိမ်ဖောက်သလို၊ ပလက်ဖောင်းတွေကို ပြန်ခင်းလိုက်၊ ပြန်ခွာလိုက်၊ ပြန်ခင်းလိုက်၊ လမ်းတွေဆိုလည်း ဖောက်လိုက်၊ ပျက်လိုက်၊ ပြန်ပြင်လိုက် သံသရာလည်နေတာ ကာလကြာမြင့်ပါပြီ။ တိုင်းပြည်ဘတ်ဂျက်ငွေတွေကတော့ နှစ်စဉ် အများကြီး ကုန်ကျခဲ့ပါတယ်။ အစိုးရအဖွဲ့အနေနဲ့ ကိုယ့်ဘတ်ဂျက် ကိုယ်ကိုင်သုံးတဲ့ စနစ်ကို မပြင်နိုင်ခဲ့ပါဘူး။

နောက်တစ်ခုကတော့ ဒေါ်လာ ဘီလျံနဲ့ချီ ကုန်ကျနိုင်တဲ့ ရန်ကုန်တဖက်ကမ်းက မြို့သစ်ဖော်ထုတ်ရေး စီမံကိန်းပါ။ ပြည်တွင်းပြည်ပ ကျယ်ပြန့်တဲ့တင်ဒါမခေါ်ဘဲ တိုင်းအစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပေါင်းပြီး ကုမ္ပဏီထောင်၊ အဲဒီကုမ္ပဏီက မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

အစိုးရသစ် တက်လာတဲ့အခါ ကိုယ့်ဘတ်ဂျက်ကိုယ် ကိုင်သုံးတဲ့ စနစ်ကို ပြုပြင်ဖို့ ပထမဦးဆုံး ကြိုးစားတာ ဆောက်လုပ်ရေးဝန်ကြီးဌာနပါ။ တိကျတဲ့ ရည်မှန်းချက်ထားပြီး ကိုယ့်ဘတ်ဂျက်ကိုယ် ကိုင်သုံးတဲ့ စနစ်အစား Third Party စနစ် ကျင့်သုံးပြီး အစိုးရဝန်ကြီးဌာနကို ညွှန်ကြားချက်များကို ကြပ်မတ်ထိန်းသိမ်းရတဲ့ Regulatory Body အဖြစ် ပြောင်းလဲဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။

အဲဒါနဲ့ ခြားနားတာကတော့ ရန်ကုန်တိုင်း အစိုးရပါ။ ရန်ကုန်တိုင်း အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ အရင်ခေတ်ကတည်းက ဖွဲ့စည်းထားတဲ့ တိုင်းအစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်ပေါင်း၊ ကုမ္ပဏီထောင်ပြီး ဘတ်စ်ကားပြေးဆွဲတဲ့လုပ်ငန်း လုပ်နေတာကို ဆက်ပြီးတိုးချဲ့ပါတယ်။ အဲဒီဖက်စပ်ကုမ္ပဏီအတွက် တရုတ်ကနေ ကားအစီးရေ ရာနဲ့ချီ မှာယူလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တောင် ဝေဖန်ခံရပါတယ်။

ဒီဖက်စပ်ကုမ္ပဏီတွေရဲ့ လုပ်ငန်းဆောင်တာ၊ အရှုံးအမြတ်စတာတွေနဲ့ပတ်သက်လို့ကတော့ အများပြည်သူ တိတိကျကျ သိခွင့်မရကြပါဘူး။ နောက်တစ်ခုကတော့ ဒေါ်လာ ဘီလျံနဲ့ချီ ကုန်ကျနိုင်တဲ့ ရန်ကုန်တဖက်ကမ်းက မြို့သစ်ဖော်ထုတ်ရေး စီမံကိန်းပါ။ ပြည်တွင်းပြည်ပ ကျယ်ပြန့်တဲ့တင်ဒါမခေါ်ဘဲ တိုင်းအစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေပေါင်းပြီး ကုမ္ပဏီထောင်၊ အဲဒီကုမ္ပဏီက မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှာ ဓာတ်ဆီ၊ ဒီဇယ်စတဲ့ လောင်စာဆီ ဈေးနှုန်းတွေ ကြီးမြင့်နေတဲ့ ပြဿနာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးကြပါတယ်။ အဲဒီမှာ တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လောင်စာဆီဈေးနှုန်း ကြီးမြင့်တဲ့ကိစ္စ ဖြေရှင်းဖို့၊ လောင်စာဆီကန် အကြီးကြီးတွေ ဆောက်ဖို့လိုတယ်၊ ဓာတ်ဆီ ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချဖို့လည်း လိုတယ်၊ ဒါမှ ဆီဈေးတွေကျမယ်၊ အဲဒီအတွက် တိုင်းအစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဖက်စပ်ကုမ္ပဏီ ထူထောင်၊ အဲဒီလုပ်ငန်းတွေ လုပ်မယ်လို့ သူ့ ထင်မြင်ယူဆချက်ကို ပြောခဲ့ပါတယ်။

ဒီလောက်လားဆိုတော့ မကသေးပါဘူး။ တိုင်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယားနိုင်ငံကနေ ရာနဲ့ချီတဲ့ ကျောင်းဘတ်စ်ကားတွေ ဝယ်ယူထားပါသေးတယ်။ ရည်ရွယ်ချက်ကတော့ တိုင်းအစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး ဖက်စပ်ကုမ္ပဏီထောင်မယ်၊ အဲဒီကုမ္ပဏီက အဆင့်မြင့် ကျောင်းဘတ်စ်ကား ပြေးဆွဲတဲ့လုပ်ငန်း လုပ်မယ်လို့ ပြောထား ဆိုထားပါတယ်။

အခုနောက်ဆုံးကတော့ အမှိုက်သိမ်း၊ လမ်းခင်း၊ ရေမြောင်းဖောက် အပါအဝင် စည်ပင်လုပ်ငန်းတွေကို Yangon Infrastructure Development Co.,Ltd (YIDP) လို့ နာမည်ပေးထားတဲ့ ဖက်စပ်ကုမ္ပဏီ ထောင်ပြီး လုပ်တော့မယ်လို့ ဆိုလာပြန်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ အစိုးရက ကိုယ့်ဟာကိုယ်လုပ်နေရင် အရည်အသွေး မမီဘူး၊ ပုဂ္ဂလိကကို ခိုင်းလိုက်ပြန်ရင်လည်း လုပ်ငန်းတွေ ကြပ်မတ်ရခက်တယ်၊ စိတ်မချရဘူး၊ ဒါကြောင့် စင်ကာပူတို့ ဂျပန်တို့မှာ လုပ်သလို ဖက်စပ်ကုမ္ပဏီတွေ ထူထောင် လုပ်ကိုင်ရတာလို့ အကြောင်းပြပါတယ်။

တကယ်ကတော့ အစိုးရတစ်ရပ်ရဲ့ လုပ်ငန်းတာဝန်ဟာ တိုင်းပြည်ရဲ့ လုပ်ကိုင်စရာရှိတဲ့ လုပ်ငန်းတွေကို စီမံခန့်ခွဲသူ နေရာကနေ အလုပ်လုပ်ဖို့ပါ။ ကိုယ့်ဘတ်ဂျက် ကိုယ်ကိုင်သုံးပြီး စီးပွားရေးလုပ်ငန်းတွေ ထူထောင် လုပ်ကိုင်ဖို့ မဟုတ်ပါဘူး။ လက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်ကိုင်နေသလို Third Party စနစ် ကျင့်သုံးပြီး အစိုးရဌာနတွေကို Regulatory Body အဖြစ် ပြောင်းလဲဖို့ပါ။

ဒီလိုလုပ်ကိုင်မှသာ အစိုးရယန္တရား ကြီးမားနေတာကို ငယ်အောင် လျှော့ချနိုင်မှာဖြစ်ပြီး အဂတိလိုက်စားမှုလည်း နည်းပါးစေမှာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေကို ကန်ထရိုက်စနစ်နဲ့ လုပ်ခိုင်းရင် အဲဒီကုမ္ပဏီတွေ ကျွမ်းကျင်မှုပိုရ၊ ပိုပြီး ကြီးထွားလာမှာ ဖြစ်သလို၊ ပုဂ္ဂလိကကဏ္ဍမှာ အလုပ်အကိုင် အခွင့်အလမ်း ပေါများလာမှာ ဖြစ်ပါတယ်။ တိုင်းပြည်အတွက်လည်း ဘတ်ဂျက်နဲ့ သင့်တော်တဲ့ Infrastructure နဲ့ ဝန်ဆောင်မှုတွေ ရလာစေမှာ ဖြစ်ပါတယ်။

ဒီအတွက် ရန်ကုန်တိုင်းအစိုးရဟာ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်တိုင် ဝင်လုပ်တာထက်၊ ပုဂ္ဂလိကကို စနစ်တကျ ရွေးချယ်လုပ်ကိုင်ခွင့်ပေးတာ၊ အဲဒီလုပ်ကိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေကို ကြီးကြပ်နိုင်မယ့် အဖွဲ့အစည်းတွေ ငှားရမ်းလုပ်ကိုင်တာ၊ အစိုးရအဖွဲ့ကတော့ ဒီလုပ်ငန်းတွေအပေါ် ထိန်းကျောင်းမှုကို ကျွမ်းကျင်အောင်လုပ်တာ စတာတွေ အကောင်အထည်ဖော်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.