ရန်ကုန်က တဖြည်းဖြည်း ပျောက်ကွယ်နေတဲ့ အများပြည်သူပိုင် ပန်းခြံတွေ

ကမ္ဘာပေါ်မှာ လူထုအတွက ်အပန်းဖြေစရာနေရာ အရှားပါးဆုံးဖြစ်တဲ့ ရန်ကုန်က ရှိစုမဲ့စု ကစားကွင်း၊ ပန်းခြံနဲ့ အများပြည်သူအပန်းဖြေနေရာတွေဟာ ဆက်လက် ပျောက်ဆုံးသွားဖို့ ခြိမ်းခြောက်ခံနေရပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပျောက်ဆုံးသွားတယ်ဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိရသေးပါဘူး။

ထွန်းခိုင် ရေးသားသည်။

စကိတ်စီးရတာ ဝါသနာပါတဲ့ ကိုလွင်လတ်က ရန်ကုန်မြို့မှာ သူတို့လို စကိတ်သမားတွေအတွက် နေရာတွေ ရှားပါးလာတာကို မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် မတိုင်မီတုန်းကဆိုရင်တော့ ရန်ကုန် အရှေ့ဘက်ခြမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဍလမ်းဆုံမှာ တည်ရှိတဲ့ စကိတ်ကွင်းဟာ စကိတ်သမားတွေအတွက် စုရပ်ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အဆင့်မြင့်စကိတ်ကွင်းဖြစ်တဲ့ အဲဒီကွင်းကို ၂၀၁၁ ခုနှစ်မှာ ပုဂ္ဂလိက စာသင်ကျောင်းတစ်ခုလက်ထဲကို အစိုးရက လွှဲပြောင်းပေးခဲ့အပြီးမှာတော့ ရန်ကုန်မြို့က စကိတ်သမားတွေရဲ့ တစ်ခုတည်းသော စကိတ်ကွင်လည်း ပျောက်ဆုံးသွားပါတော့တယ်။

“ကျွန်တော်တို့ နိုင်ငံမှာ ပြဿနာက အဲဒါပဲ။ အရက်တို့ ဘာတို့က ၂၀၀ ဖိုးလဲရတယ်။ ၃၀၀ ဖိုးလဲရတယ်။ ကျွန်တော်တို့ စကိတ်ကစားဖို့က အဲဒါတွေထက် အရမ်းဈေးကြီးနေတယ်”လို့ မြန်မာနိုင်ငံ စကိတ်အသင်း (Myanmar Skate Association) ရဲ့  ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကိုလွင်လတ်က ပြောပါတယ်။

ရန်ကုန်မြို့က လမ်းဆုံတွေမှာ ကုန်းကျော်တံတားတွေကို အစိုးရက တည်ဆောက်ခဲ့တာကြောင့် ပျော်ရွှင်ရသူတွေထဲမှာ စီမံကိန်းလုပ်ကိုင်ခွင့်ရသူတွေတင်မကပါဘူး။ ရန်ကုန်မြို့က စကိတ်စီးတဲ့ လူငယ်တွေလဲ အပါအဝင် ဖြစ်ပါတယ်။

လူစည်ကားတဲ့ ကမာရွတ်မြို့နယ်ထဲက လှည်းတန်းလမ်းဆုံ ကုန်းကျော်တံတားအောက်က ကွန်ကရိခင်းထားတဲ့ မြေကွက်လပ်ဟာ လူငယ်စကိတ်သမားတွေအတွက် ကစားကွင်းတခု ဖြစ်နေပါပြီ။

လှည်းတန်းကုန်းကျော်တံတား မဆောက်ခင်တုန်းကဆိုရင် ရန်ကုန်မြို့က စကိတ်စီးတဲ့လူငယ်တွေဟာ မြို့တွင်း လမ်းမတွေပေါ် ကားအသွားအလာရှင်းတဲ့ ညအချိန်တွေကိုစောင့်ပြီး စကိတ်စီးခဲ့ကြရတာဖြစ်ပါတယ်။

ဒီလိုမျိုး နေရာရှားပါးလာတာက စကိတ်သမားတွေအတွက်သာ မဟုတ်ပါဘူး။ ရန်ကုန်မြို့မှာ အများပြည်သူတွေ အပန်းဖြေ အနားယူနိုင်တဲ့နေရာတွေ ရှားပါးလာတယ်ဆိုတာ အများအသိပဲ ဖြစ်ပါတယ်။

မြေနီကုန်း ကုန်းကျော်တံတားအောက်မှာ စကိတ်စီးနေတဲ့ လူငယ်တစ်ဦး။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြေနီကုန်း ကုန်းကျော်တံတားအောက်မှာ စကိတ်စီးနေတဲ့ လူငယ်တစ်ဦး။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

လူဦးခြောက်သန်းကျော် နေထိုင်တဲ့ ရန်ကုန်ဟာ အများပြည်သူတွေ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ဖို့နဲ့ အပန်းဖြေ အနားယူဖို့ နေရာထိုင်ခင်း အလွန်ရှားပါးလှတဲ့မြို့ဖြစ်ပါတယ်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (ဂျိုက်ကာ) နဲ့ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦး၊ ပို့ဆောင်ရေးနှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန (Ministry of Land and Infrastructure, Transport and Tourism) က ထုတ်ပြန်တဲ့ ၂၀၁၄ ခုနှစ် အစီရင်ခံစာအရ ရန်ကုန်မြို့မှာ လူတစ်ဦးချင်းစီအတွက် ၀ ဒသမ ၃၇ စတုရန်းမီတာသာရှိတဲ့ ပန်းခြံနေရာရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ လေ့လာချက်အရ အနိမ့်ဆုံးပမာဏလို့ ဆိုပါတယ်။

ဒီလိုနည်းပါးတဲ့ကြားထဲမှာ ရှိနေတဲ့ ပန်းခြံနဲ့ ပြည်သူပိုင်နေရာတွေကို အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေထံကို အလျှင်အမြန် လွှဲပြောင်းပေးခဲ့ပါတယ်။

ရန်ကုန်မြို့လယ်ကနေ ကားနဲ့ သွားရင် တစ်နာရီလောက် ခရီးအကွာအဝေးမှာရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲက ကန်သာယာပန်းခြံဟာလည်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေလက်ထဲကို အစိုးရက လွဲပြောင်းပေးခဲ့တဲ့ ပြည်သူပိုင်ပန်းခြံတွေထဲက တစ်ခုဖြစ်ပါတယ်။

၁၀ ဧကနီးပါးကျယ်ဝန်းတဲ့ အဲဒီပန်းခြံကို အစိုးရထံကနေ လွှဲပြောင်းရယူခဲ့သူတွေဟာ အခပေးကစားရတဲ့ ကလေးကစားကွင်းတစ်ခုနဲ့ စူပါမားကတ်တစ်ခုကို လုပ်ကိုင်ခွင့်ရရှိခဲ့ပါတယ်။

ပန်းခြံထဲမှာရှိတဲ့ ရေကန်ကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေက သိမ်းယူထားပြီး ရေလွှာလျှောစီးတဲ့ အားကစား ကွင်းတစ်ခုအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားပါတော့တယ်။

မြို့ခံတွေကတော့ အဲဒီရေကန်ဟာ ရပ်ကွက်အတွက် အရေးပေါ်သောက်ရေကန်နဲ့ မီးသတ်ရေကန်အဖြစ် သတ်မှတ်ထားတာကြောင့် ရေလွာလျှောစီးတဲ့ ကစားကွင်းတစ်ခုအဖြစ် အသွင်ပြောင်းတာကို ကန့်ကွက်တဲ့အနေနဲ့ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၆ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက ပန်းခြံကို စိမ်းလန်းစိုပြေရေးလုပ်ငန်းတွေ လုပ်ပေးမယ်ဆိုပြီး လုပ်ငန်းရှင်တွေ ဝင်ရောက် လုပ်ကိုင်ခဲ့ပေမယ့် ရှိပြီးသားအပင်တွေကို ခုတ်လှဲပြီး အဆောက်အအုံတွေပဲ ဆောက်လုပ်ခဲ့ကြတယ်လို့ “မြောက်ဥက္ကလာပ ကန်သာယာပန်းခြံ ပြန်လည်ရရှိရေး လှုပ်ရှားမှု ကော်မတီ”က ပြောရေးဆိုခွင့်ရှိသူ ဦးသန်းအောင်က ပြောပါတယ်။

“လူထုက အပန်းဖြေအနားယူဖို့ နေရာမရှိတော့ဘူး။ အထပ်မြင့်အဆောက်အအုံနဲ့ ကုန်တိုက်တွေပဲ ဖြစ်လာတယ်”လို့ ဦးသန်းအောင်က ပြောပါတယ်။

အခုတော့ အဲဒီ ကန်သာယာပန်းခြံထဲမှာ လူသိများတဲ့ စူပါမားကတ်တစ်ခုဖြစ်တဲ့ စိန်ဂေဟာနဲ့ Fun Valley Theme Park ဆိုတဲ့ အခပေးကစားရတဲ့ ကလေးကစားကွင်း ဖွင့်ထားပါတယ်။

Frontier Myanmar က ရရှိခဲ့တဲ့ စာရွက်စာတမ်းအချို့ထဲမှာ ဖော်ပြထားချက်အရ ကန်သာယာပန်းခြံကို နိုင်ငံတကာအဆင့်မီ Theme Park အားကစားကွင်း၊ အများပြည်သူ အပန်းဖြေနိုင်သည့် Recreation Center နှင့် အများပြည်သူများ လွတ်လပ်စွာ အနားယူနိုင်မည့် Relaxation Center အဖြစ် လုပ်ကိုင်ရန် ဖူးပွင့်စံကုမ္ပဏီထံကို ၂၀၁၄ ခုနှစ်မှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေနေရာ ငှားရမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ငှားရမ်းခနဲ့ နှစ်ကာလအပိုင်းအခြားကို တိတိကျကျ မသိရှိရသေးပါဘူး။

ကန်သာယာပန်းခြံထဲမှာ လူသိများတဲ့ စူပါမားကတ်တစ်ခုဖြစ်တဲ့ စိန်ဂေဟာနဲ့ Fun Valley Theme Park ဆိုတဲ့ အခပေးကစားရတဲ့ ကလေးကစားကွင်း ဖွင့်ထားပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ကန်သာယာပန်းခြံထဲမှာ လူသိများတဲ့ စူပါမားကတ်တစ်ခုဖြစ်တဲ့ စိန်ဂေဟာနဲ့ Fun Valley Theme Park ဆိုတဲ့ အခပေးကစားရတဲ့ ကလေးကစားကွင်း ဖွင့်ထားပါတယ်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြို့တော်စည်ပင်ကနေ ပုဂ္ဂလိကထံကို လွဲပြောင်းပေးလိုက်တဲ့ ရန်ကုန်မြို့က မြေနေရာတွေနဲ့ ပတ်သတ်တဲ့ အခြေအနေတွေကို မသိရှိတာ သာမာန်ပြည်သူတွေချည်းပဲတော့ မဟုတ်ပါဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ (၂၀၁၁-၁၅ ခုနှစ်) လက်ထက်တုန်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးမြင့်ဆွေ (ယခုဒုသမ္မတ) လက်ထက်တုန်းက ၎င်းတို့ ရာထူးသက်တန်းကုန်ခါနီးမှာ အထူးဝန်ဆောင်မှုှနှုန်းထား ဆိုတဲ့ခေါင်းစဉ်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေထံကို မြေကွက်ပေါင်း ၂၃၂ ကွက် လွဲပြောင်းပေးခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးနေဘုန်းလတ်က အောက်တိုဘာ ၁၉ ရက်နေ့က လွှတ်တော်ထဲမှာ ထောက်ပြခဲ့ပါတယ်။

“၂၃၂ ကွက်မှာ ဘောလုံးကွင်းတွေလဲ ပါသွားနိုင်တယ်။ ပန်းခြံတွေလည်း ပါသွားနိုင်တယ်”လို့ လွှတ်တော်အစည်းအဝေးအပြီးမှာ ဦးနေဘုန်းလတ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အဲဒီမြေကွက်တွေရဲ့တည်နေရာ၊ ငှားရမ်းခနှုန်းထား၊ ငှားရမ်းစဉ်က အစိုးရနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေအကြား သဘောတူထားကြတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ပေးဖို့ သူက လွှတ်တော်ထဲကနေ တောင်းဆိုခဲ့ပေမယ့် ရန်ကုန်မြို့တော်ဝန်က ငြင်းဆိုခဲ့ပါတယ်။

“ဘယ်မြေကွက်တွေကို ဘယ်သူတွေကို ဘယ်လောက်နဲ့ ပေးလိုက်တယ်ဆိုတာ ပြည်သူလူထုကို ချပြစေချင်တယ်” လို့ ဦးနေဘုန်းလတ်က ထောက်ပြခဲ့ပါတယ်။

အားကစားကွင်းတွေ၊ ပန်းခြံတွေကို အပိုင်သိမ်းထားတယ်လို့ စွပ်စွဲခံရတဲ့အထဲမှာ နိုင်ငံရေးပါတီတချို့လည်း ပါဝင်နေပါတယ်။

အငြင်းပွားဖွယ် ရွေးကောက်ပွဲရလာဒ်နဲ့၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့်က အများပြည်သူပိုင် ကလေးကစားကွင်းနဲ့ ပန်းခြံမြေနေရာကို အသင်းမြို့နယ်ရုံးအဖြစ် ဆောက်လုပ်ထားသလို မြေကွက်ကို သိမ်းယူထားပြီး ကွန်ဒိုဆောက်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခံနေရပါတယ်။ ဒီအတွက် ဆန္ဒပြတာတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

၁၉၉၂ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် အသွင်မပြောင်းမီ ပြည်ခိုင်ဖြိုးအသင်းလက်ထက်က လက်လွဲယူခဲ့တာဖြစ်တယ်လို့ မြို့ခံတွေက စွပ်စွဲခဲ့ပြီး အဲဒီလုပ်ရပ်ကို ချက်ခြင်းရပ်ဆိုင်းဖို့လည်း ၂၀၁၄ ခုနှစ်တုန်းက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

“တောင်ဥက္ကလာမှာ မြို့စတည်ကတည်းက မီးတားကွက်ဆိုတာ ရှိတယ်။ ပျော်ပွဲရွှင်ပွဲလုပ်တာ၊ ကလေးတွေ ကစားကွင်းအဖြစ်လည်း အဲဒီကွင်းမှာ သုံးကြတယ်။ အခုတော့ ဘယ်ပျောက်လို့ပျောက်သွားမှန်း မသိတော့ဘူး”လို့ ပြည်ခိုင်ဖြိုးပါတီက သိမ်းယူထားတဲ့ မြေနေရာကို ပြန်ပေးဖို့ ၂၀၁၄ ခုနှစ်က ကန့်ကွက်ခဲ့တဲ့ ဦးမျိုးခင်က ပြောပါတယ်။

ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ခဲ့ရတဲ့ အဲဒီမြေကွက်နဲ့ ပတ်သတ်ပြီး အစိုးရက အရေးယူဆောင်ရွက်မှုကို လျှင်လျှင်မြန်မြန် ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေယ့် အရေးယူခံရတဲ့သူတွေက မြေကွက်လုယူသွားသူတွေ မဟုတ်ပဲ ပြန်ရဖို့ ဆန္ဒပြခဲ့ကြတဲ့သူတွေပါ။

တောင်ဥက္ကလာမြို့နယ်က အခြားရပ်ကွက်နှစ်ခုဖြစ်တဲ့ (၁၁)ရပ်ကွက်နဲ့ (၁၂) ရပ်ကွက်က ပန်းခြံတွေကိုလည်း အခြားလုပ်ငန်းတွေအတွက် အသုံးပြုဖို့ အစိုးရက ကြိုးစားခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ရန်ကုန်အခြေစိုက် Purple Equity Law Firm (ခရမ်းရောင် သာတူညီမျှ ဥပဒေပညာအသက်မွေးဝမ်း ကျောင်းလုပ်ငန်း)ရဲ့ အဆိုအရ အဲဒီနေရာတွေမှာ သုံးထပ်ယာဉ်ရပ်နားစခန်းဆောက်လုပ်ဖို့ အစိုးရက  စီစဉ်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူပိုင်နေရာတွေနဲ့ အားကစားကွင်းပန်းခြံတွေကို ပုဂ္ဂလိကလုပ်ငန်းတွေက သိမ်းပိုက်ထားတာကို လုပ်ငန်းရှင်တွေ ခြံလာခတ်မှပဲ သိရှိရတဲ့အဖြစ်မျိုးတွေလည်း ရှိနေပါတယ်။

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ် ၁ ရပ်ကွက်က မီးတားမြေအဖြစ် အသုံးပြုနေတဲ့ မြေကွက်လပ်ကိုလည်း ၂၀၁၆ ခုနှစ်၊ နှစ်ဆန်းမှာ ခြံလာခတ်မှ ပုဂ္ဂလိကကို လွဲပြောင်းပေးလိုက်ပြီးဖြစ်တယ်ဆိုတာ သိခဲ့ရတယ်လို့ မြို့ခံတစ်ဦးဖြစ်တဲ့  ဦးကျားကြီးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ လူထုအတွက ်အပန်းဖြေစရာနေရာ အရှားပါးဆုံးဖြစ်တဲ့ ရန်ကုန်က ရှိစုမဲ့စု ပန်းခြံနဲ့ အပန်းဖြေနေရာတွေဟာ ဆက်လက် ပျောက်ဆုံးဖို့ ခြိမ်းခြောက်ခံနေရဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်လောက်အတိုင်းအတာအထိ ပျောက်ဆုံးသွားတယ်ဆိုတာတော့ ဘယ်သူမှ သေသေချာချာ မသိရသေးပါဘူး။

“အစိုးရက ရေရှည်မကြည့်ဘူး။ လက်ငင်းမှာ တိုက်တာအဆောက်အအုံတွေ ဖြစ်လာမှာကိုပဲ ကြည့်တယ်။ လူတွေ ကျန်းမာရေးအတွက် လှုပ်ရှားဖို့အတွက် မြေနေရာကို ထည့်မစဉ်းစားဘူး”လို့ ဦးမျိုးခင်က ပြောပါတယ်။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် မူရင်းဆောင်းပါးကို Frontier Myanmar ၏ အိမ်ခြံမြေ အထူးထုတ်ကဏ္ဍဖြစ်သည့် Property Insight အချပ်ပိုတွင် ဖော်ပြခဲ့ပါသည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့လယ်ရှိ မဟာဗန္ဓုလပန်းခြံအတွင်း စွန်လွှတ်ကစားနေသည့် ကလေးငယ်တစ်ဦး။ ဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.