ရန်ကုန်က ဆင်ဖြူတော်တွေရဲ့ဘဝ ပိုမိုကောင်းမွန်လာစေအောင် ဆောင်ရွက်ခြင်း

ရန်ကုန်မြို့ရှိ ဆင်ဖြူတော်များအတွက် အစီအစဉ်သစ်တွင် ၎င်းတို့ တစ်နေကုန် သံကြိုးဖြင့် ချည်နှောင်ခံထားရမည့်အစား ခြံထဲတွင် လွတ်လပ်စွာ လှည့်လည်သွားလာစေနိုင်မည် ဖြစ်သည်။ 

EVA HIRSCHI ရေးသားသည်။ 

ဆင်ဖြူတော်များက မင်္ဂလာရှိသည်ဟု အာရှတွင် သတ်မှတ်ထားကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က နိုင်ငံတစ်နိုင်ငံကို တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနှင့် သာယာဝပြောမှုကို ပေးစွမ်းနိုင်သည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထိုယုံကြည်မှုများကို အိန္ဒိယတောင်ပိုင်းရှိ ရှေးခေတ်စာပေများ၊ ဘာသာရေးဒဏ္ဍာရီများတွင် တွေ့ရှိရသည်။ 

ဗုဒ္ဓဘာသာတွင် မိဖုရားကြီး မယ်တော်မာယာက သိဒ္ဓထမင်းသားကို သန္ဒေတည်သည့်အချိန်တွင် ဆင်ဖြူတော် တစ်ကောင်က သူမ၏ ဝမ်းကြာတိုက်အတွင်း ဝင်ရောက်လာသည်ဟု အိပ်မက်မက်မြင်ခဲ့သည်။ သိဒ္ဓတမင်းသားသည် နောက်တစ်ချိန်တွင် ဂေါတမဗုဒ္ဓ ဖြစ်လာခဲ့သည်။ ဟိန္ဒူဒဏ္ဍာရီတွင် Lord Indra သည် Airavata ဟုအမည်ရသော အစွယ်များစွာပါသည့် ဆင်ဖြူတော်ကြီးကို စီးနင်းသည်ဟု ဖော်ပြထားသည်။ ထို့ကြောင့် ဆင်ဖြူတော်ကို အရှေ့တောင်အာရှမှ ဗုဒ္ဓဘာသာတိုင်းပြည်ကြီးများရှိ ရှင်ဘုရင်များက တန်ဖိုးထားကြသည်။ ဘုရင်တစ်ပါးက ဆင်ဖြူတော်များကို ပိုင်ဆိုင်ထားခြင်းက ဂုဏ်သိက္ခာနှင့် အဆင့်အတန်းမြင့်မားမှုကို ဖော်ပြသည်။ 

ဆင်ဖြူတော်က ရှားပါးလှသည်။ သူတို့သည် အရောင်မပါရှိဘဲ ဖြူစွတ်နေခြင်းတော့ မဟုတ်ပေ။ အရောင်ဖျော့တော့နေခြင်းမှာ ရောင်ခြယ်ပစ္စည်း အားနည်းသောကြောင့် ဖြစ်သည်။ ဒဏ္ဍာရီလာ ရုပ်ပုံများနှင့် ရုပ်ထုများတွင်မူ သူတို့၏ အရောင်က ဖြူစွတ်နေသည်။ လက်တွေ့ပြင်ပတွင်မူ ဆင်ဖြူတော်ဆိုသည်မှာ နီညိုညို မီခိုးရောင်ဖျော့ဖျော့သာ ဖြစ်သည်။ ဆင်ဖြူတော်များသည် ကိုယ်တွင် အဖြူရောင် အမွှေးများပါရှိပြီး ခြေသည်းလက်သည်းများလည်းဖြူနေကာမျက်လုံးသည် အရောင်ဖျော့သည်။ 

တော်ဝင်လက်ဆောင်

အရှေ့တောင်အာရှသမိုင်းတွင် ဆင်များက အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်သည်။ ၎င်းတို့ကို သစ်ထုတ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ကုန်စည်နှင့်ဝန်များ ရွှေ့ပြောင်းရာတွင် အသုံးပြုသည်။ စစ်တိုက်သောအခါတွင်လည်း မြင်းများကဲ့သို့ အသုံးပြုခဲ့ကြသည်။ မြန်မာနှင့် ထိုင်းနိုင်ငံမှ ဘုရင်များနှင့် မင်းညီမင်းသားများက စစ်တိုက်သောအခါတွင် ဆင်များကို စီးနင်းကြသည်။ ၁၅၉၃ ခုနှစ်တွင် ဗမာနိုင်ငံမှ အိမ်ရှေ့မင်းသား မင်းကြီးစွာနှင့် ထိုင်းနိုင်ငံ၏ ဘုရင် နာရူဆန်တို့က ဆင်စီးပြီး နှစ်ယောက် စီးချင်းထိုးသတ်ခဲ့ကြသည်။ 

အာရှတွင် ဆင်များကို မည်သို့ သဘောထားကြသည်ကို ၁၈၆၁ ခုနှစ်တွင် ထိုင်းဘုရင် မောင်းကွပ်က အမေရိကန် သမ္မတ James Buchanan ထံ ရေးသားပေးပို့ခဲ့သော စာအရ သိရှိရသည်။ အမေရိကန် ပြည်ထောင်စုတွင် ဆင်တစ်ကောင်မှ မရှိသည်ကို ကြားသိရသောကြောင့် ဝမ်းနည်းမိကြောင်း ထိုင်းဘုရင်က ပြောကြားခဲ့ပြီး ဆင်အထီးအမတစ်စုံ လက်ဆောင်ပေးမည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုစာက Buchanan အပြီး သမ္မတဖြစ်လာသော သမ္မတလင်ကွန်းထံသို့ ရောက်ရှိသွားပြီး လင်ကွန်းက ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။ အမေရိကန် ပြည်ထောင်စု၏ ပထဝီအနေအထားနှင့် ရာသီဥတုသည် ဆင်များ ရှင်သန်နိုင်ရန် မလွယ်ကူကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။ 

မြန်မာနိုင်ငံအပါအဝင် အာရှတွင် ဆင်များကို အလုပ်ခိုင်းစေနိုင်ရန်လည်း အသုံးပြုကြသည်။ ၎င်းတို့ကို သစ်ထုတ်လုပ်ငန်းများတွင် ခိုင်းစေကြသည်။ ဆင်ဖြူတော်များကိုမူ အထွတ်အမြတ်ထားသောကြောင့် အလုပ ်မခိုင်းစေကြပေ။ 

ထိုင်းနိုင်ငံတွင် ဆင်ဖြူတော်များကို ဥပဒေအရ ဘုရင်က ပိုင်ဆိုင်သည်။ သြဇာအာဏာ၏ သင်္ကေတလက္ခဏာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း ဆင်ဖြူတော်များကို အထူးပင် အထွတ်အမြတ် ထားကြသည်။ သံကြိုးဖြင့် ထူးခတ် ထိန်းသိမ်းထားသော ဆင်ဖြူတော် ၉  ကောင်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနလက်အောက်ရှိ သစ်တောဦးစီးဌာနက ပိုင်ဆိုင်သည်။ 

ဓာတ်ပုံ- EVA HIRSCHI

ဓာတ်ပုံ- EVA HIRSCHI

အာရှနိုင်ငံအများစုတွင် ထိန်းသိမ်းထားသော ဆင်ဖြူတော်များသည် ကောင်းကောင်းမွန်မွန် ဆက်ဆံပြုစုမှုကို ခံစားကြရသည်။ သို့သော် မြန်မာနိုင်ငံတွင် ထိုသို့ မဟုတ်ပေ။ ရန်ကုန်မြို့ရှိ ဆင်ဖြူတော် ၃ ကောင်နှင့် နေပြည်တော်ရှိ ဆင်ဖြူတော် ၆ ကောင်သည် တော်ဝင်ဘဝမျိုး မရရှိကြပေ။ 

ရန်ကုန်တွင်ရှိသော ဆင်ဖြူတော် အမ ၂ ကောင်နှင့် အထီး ၁ ကောင်အား အင်းစိန်မြို့နယ်ရှိ ဆင်ဖြူတော်ပန်းခြံ ခေါ် တော်ဝင်ဆင်ဖြူတော်ဥယျာဉ်တွင် ထားရှိသည်။ သူတို့ကို တစ်နေ့လျှင် ၂၂ နာရီ သံကြိုးဖြင့် ထူးခတ်ထားသောကြောင့် ကောင်းစွာလှုပ်ရှားနိုင်ခြင်းမရှိပေ။ မနက်စောစောနှင့် ညနေပိုင်းတို့တွင် ၁ နာရီစီ လမ်းလျှောက်ခိုင်းပြီး ရေချိုးပေးလေ့ရှိသည်။ ဆင်ဖြူတော် ထားရှိရာနေရာသည် အကာမရှိဘဲ သစ်သားကြမ်းခင်း ဖြစ်သည်။ ပတ်ဝန်းကျင်တွင် သစ်ပင်များ ပန်းပင်များ ရှိသော်လည်း ဆင်ဖြူတော်က လက်လှမ်းမမီနိုင်ပေ။ 

နေပြည်တော်ရှိ ဆင်ဖြူတော် ၆ ကောင်ကိုလည်း ဥပ္ပါတသန္တိစေတီတော်ဝင်းအတွင်း၌ ထိုနည်းတူပင် ထားရှိသည်။

ဆင်ဖြူတော်များက ၎င်းတို့၏ခေါင်းများကို ဘေးနှစ်ဖက်သို့ ပုံမှန်လှုပ်ရမ်းနေကြသည့်မြင်ကွင်းကို ဘုရားဖူးများ တွေ့မြင်ကြရလေ့ရှိသည်။ ထိုအပြုအမူမှာ ကနေကြခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ကောက် လွဲမှားကြလေ့ရှိသည်။ အမှန်တကယ်မှာမူ ပျင်းရိခြင်း၊ စိတ်ပျက်ခြင်းနှင့် အထီးကျန်ခြင်းများကြောင့် ဖြစ်ပေါ်လာသည့် အပြုအမူဖြစ်သည်။

ဆင်ဖြူတော်များ နေထိုင်နေကြရသည့်နေရာ ၂ ခုလုံးမှာ မခိုင်မခံ့နှင့် စိတ်မသက်သာစရာဖြစ်သည်။

ထိရှလွယ်သည့်ကိစ္စ

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ ဘာသာရေးတို့နှင့် ပတ်သက်ပြီး ဆင်ဖြူတော်က အထိမခံသော အကြောင်းအရာတစ်ရပ် ဖြစ်နေသည်။ မကြာသေးမီကာလအထိ နေပြည်တော်နှင့် ရန်ကုန်တို့တွင်ရှိသော ဆင်ဖြူတော်များ ထားရှိရာနေရာများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မှုတစ်စုံတစ်ရာ မရှိသေးပေ။

ထင်ရှားသည့် နိုင်ငံတကာ အဖွဲ့အစည်းကြီးဖြစ်သော World Wildlife Fund (WWF) ကပင် မြန်မာနိုင်ငံရှိ ဆင်ဖြူတော်များနှင့် ပတ်သက်ပြီး လုပ်ဆောင်ခြင်း မရှိပေ။ လူများက ထိန်းသိမ်းမွေးမြူထားသော တိရိစ္ဆာန်များနှင့် ပတ်သက်ပြီး WWF က လုပ်ဆောင်ပေးရန် မရှိကြောင်းနှင့် သဘာဝ တောရိုင်းတိရိစ္ဆာန်များကိုသာ အဓိက ကာကွယ်ပေးနေခြင်း ဖြစ်သည်ဟု WWF က ဆိုသည်။ 

သို့သော် တိရိစ္ဆာန်ကောင်းကျိုးဆောင်ရွက်ပေးနေသည့် သြစတြီးယားအခြေစိုက် အဖွဲ့အစည်းဖြစ်သည့် Four Paws ကမူ ဆင်ဖြူတော်များ ထားရှိရာနေရာကို အဆင့်မြင့်တင်နိုင်ရန် သစ်တောဦးစီးဌာနနှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရန် စီစဉ်နေသည်။ 

“ကျွန်တော်တို့က တိရိစ္ဆာန်မျိုးစိတ်နဲ့ ကိုက်ညီတဲ့နေရာတွေကို ဆင်ဖြူတော်တွေအတွက် လုပ်ပေးချင်တာပါ။ သူတို့ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်အောင် လုပ်ပေးချင်တာပါ။ သူတို့ကို တောထဲကို ပြန်လွှတ်လို့တော့ မရဘူး။ သူတို့က လူတွေနဲ့ ကျင့်သားရနေပြီ။ ဒါပေမဲ့ သူတို့ နေထိုင်လို့ ပိုမိုအဆင်ပြေအောင် လုပ်ပေးလို့ရတယ်” ဟု Four Paws ၏ စီမံကိန်း ဖွံ့ဖြိုးရေးဒါရိုက်တာ တိရိစ္ဆာန်ဆေးကုဆရာဝန်  Dr Amir Khalil က ပြောသည်။ 

ဝက်ဝံများနှင့် ကျားများ၊ ကျားသစ်များအတွက် ခိုလှုံရာနေရာ ဖန်တီးပေးရာတွင် အတွေ့အကြုံရှိသော Four Paws က ရန်ကုန် အခြေစိုက် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးရေးလုပ်ဆောင်ပေးသော မင်္ဂလာမြန်မာနှင့် ပူးပေါင်း ဆောင်ရွက်နေသည်။ 

ထိုစီမံကိန်းသည် တိရိစ္ဆာန်များအတွက်သာမက နိုင်ငံအတွက်ပါ အရေးပါသည်ဟု မင်္ဂလာမြန်မာက ယုံကြည်ထားသည်။ 

“ဆင်ဖြူတော်တွေက ရတနာတစ်ပါးပဲ။ နိုင်ငံအတွက် အရေးပါတယ်” ဟု မင်္ဂလာမြန်မာကို တည်ထောင်သူနှင့် ဒါရိုက်တာဖြစ်သူ ဒေါက်တာဖုန်းဝင်းက ပြောသည်။ “အခုလက်ရှိမှာ သူတို့ကို  ထုံးတမ်းစဉ်လာနည်းနဲ့ ထိန်းသိမ်းထားတာပါ။ ဒါကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး လွန်ခဲ့သည့်လေးနှစ်က ပထမဆုံးစတင်ဆွေးနွေးစဉ်က တာဝန်ရှိသူများထံမှ လက်ခံသည့်တုန့်ပြန်မှုမျိုး မရရှိခဲ့ဟု ၎င်းကပြောသည်။

“ဆင်တွေက အရမ်းကို ထိခိုက်လွယ်တယ်။ ဘယ်သူ့ကိုမှ ထိတွေ့ခွင့် ပေးလို့မဖြစ်ဘူးလို့ ဝန်ကြီးဌာနက တုန့်ပြန်ခဲ့တယ်” ဟု ၎င်းကဆိုသည်။ 

သို့သော် တက္ကသိုလ်တွင် ဇွဲကောင်းကောင်းဖြင့် ကြိုးစား၍ လှေလှော်နှင့် ရွက်တိုက်အားကစားနည်းတွင် အောင်မြင်မှု ရရှိခဲ့ဖူးသော ဒေါက်တာဖုန်းဝင်းက လွယ်လွယ်ဖြင့် လက်မလျော့ခဲ့ပေ။ 

“ဒါက အားကစားလိုပဲ။ ယှဉ်ပြိုင်မှုမှာ အနိုင်ရပြီး ရွှေတံဆိပ်ရတော့မှ အောင်မြင်တယ်ဆိုတာ သိနိုင်တယ်။ ပြိုင်ပွဲမတိုင်ခင် တစ်ရက်လောက် လေ့ကျင့်ရုံနဲ့ မရနိုင်ဘူး။ နေ့တိုင်း လေ့ကျင့်နေရတယ်” ဟု ၎င်းက ပြောသည်။ 

သွားရောက်လေ့လာ

ဆွေးနွေးမှုများ အကြိမ်ကြိမ်လုပ်ဆောင်ပြီးသောအခါ ဝန်ကြီးဌာန တာဝန်ရှိသူများက ထိုစီမံကိန်းကို စိတ်ဝင်စားလာကြသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ကုလသမဂ္ဂညီလာခံ တက်ရောက်ရန် သြစတြီးယားသို့ ၂၀၁၆ ခုနှစ်က သွားရောက်ချိန်တွင် ဒေါက်တာဖုန်းဝင်းက ပြည်ထောင်စုဝန်ကြီးကို ဗီယင်နာမြို့ရှိ Tiergarten Schoenbrunn တိရိစ္ဆာန်ရုံနှင့် Arbesbach ဘေးမဲ့တောသို့ ခေါ်ဆောင်သွားခဲ့သည်။ ရည်ရွယ်ချက်မှာ ထိန်သိမ်းထားသော တိရိစ္ဆာန်များကို အခြားနိုင်ငံများတွင် မည်သို့ ဂရုစိုက်သည်ကို ပြသလိုခြင်း ဖြစ်သည်။ 

ဓာတ်ပုံ- EVA HIRSCHI

ဓာတ်ပုံ- EVA HIRSCHI

ရန်ကုန်မြို့ရှိ တော်ဝင် ဆင်ဖြူတော်ဥယျာဉ်ကို အဆင့်မြင့်တင်ရန် Four Paws နှင့် မင်္ဂလာမြန်မာတို့က အထူးပညာရှင်များ၊ ဆင်ထိန်းသိမ်းရာနေရာ ပုံစံထုတ်သူများ၊ ဗိသုကာပညာရှင်များ၊ အတိုင်ပင်ခံများနှင့်အတူ ပူးပေါင်းဆောင်ရွက်နေသည်။

စီမံကိန်းတွင် ဆင်ဖြူတော်များအတွက် ၈ ဧက စီကျယ်ဝန်းသော ခြံနှစ်ခုကို ဆက်ကာ တည်ဆောက်ပေးခြင်းဖြင့် ဆင်များ လွတ်လပ်စွာ သွားလာနိုင်မည် ဖြစ်သည်။ ခြံနှစ်ခုအား တံခါးဖြင့် ကန့်ထားသောကြောင့် ဆင်တစ်ကောင်ကောင် ဒေါသထွက်နေသောအချိန်တွင် တိုက်ခိုက်မှု မဖြစ်ပွားအောင် တားဆီးနိုင်မည်ဖြစ်သည်။ 

ထို့ပြင် ရေချိုးနိုင်သော ရေကန်နှင့် ရွှံကန်တစ်ခုလည်း ထားရှိပေးမည် ဖြစ်သည်။ 

ဆင်များအတွက် လတ်ဆတ်သော ရေရရှိရန် လိုအပ်ပြီး ရွှံကန်ထဲတွင် လူးနိုင်ရန်လည်း လိုအပ်သည်။ အရေပြားပေါ်တွင် ရွှံများ ဖုံးနေပါမှ အင်းဆက်ပိုးမွှားများ၏ အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်သည်။  

ဆင်ခြံပတ်လည်တွင် လူသွားလမ်းကို တည်ဆောက်ပေးထားပေးမည်ဖြစ်သည်။ ဧည့်သည်များက ဆင်ကို ကြည့်ရှုနိုင်စေရန် ဖြစ်သည်။ ထို့ပြင် ဆင်ဖြူတော်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဆိုင်းဘုတ်များ ချိတ်ဆွဲရေးသားဖော်ပြထားမည်ဖြစ်သည်။

“ကျွန်တော်တို့က ပြည်သူတွေကို ဆင်ဖြူတော်အကြောင်း ပညာပေးရုံသာမက တိရိစ္ဆာန်တွေကို ထိန်းသိမ်း စောင့်ရှောက်တတ်အောင် သင်ကြားပေးချင်တာပါ” ဟု ဒေါက်တာဖုန်းဝင်းက ပြောသည်။ ဆင်ဖြူတော်များ လက်ရှိနေထိုင်သည့်နေရာတွင် ပြတိုက်နှင့် ကာ်ဖီဆိုင် ဖွင့်လှစ်ထားမည်ဖြစ်သည်။ 

ထိုစီမံကိန်းအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံမှ သဘောတူညီမှုကို ရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။ 

စီမံကိန်းအတွက် သဘောတူညီချက်မူကြမ်းကို မင်္ဂလာမြန်မာက ရေးဆွဲနေပြီး အဆင်ပြေချောမွေ့ပါက အဆင့်မြှင့်တင်မှုသည် ယခုနှစ်ကုန်ပိုင်း၌ ပြီးစီးမည်ဖြစ်သည်။

တော်ဝင်ဆင်ဖြူတော်ဥယျာဉ် (Royal White Elephant Garden) အဆင့်မြင့်တင်သည့် စီမံကိန်းသည် ပြည်သူများအနေဖြင့် တိရိစ္ဆာများအား ချစ်ခင်ထိန်းသိမ်းစောင့်ရှောက်တတ်လာအောင် သင်ကြားပေးနိုင်သော ပုံစံငယ်တစ်ခု ဖြစ်လာမည်ဟု ဒေါက်တာဖုန်းဝင်းနှင့် Khalil တို့က ယုံကြည်ထားသည်။ 

ရေရှည်တွင် နေပြည်တော်မှ ဆင်ဖြူတော်များလည်း ပိုမိုကောင်းမွန်သော နေထိုင်ရာပတ်ဝန်းကျင် ရရှိလာလိ့မ်မည်ဟု ဒေါက်တာဖုန်းဝင်းက မျှော်မှန်းထားသည်။ အစီအစဉ်များလည်း စတင်နေပြီ ဖြစ်သည်။ 

“ကျွန်တော်တို့ ဆင်ဖြူတော်တွေကို လေ့ကျင့်ပေးနေပါတယ်။ ကျင့်သားရသွားပြီဆိုရင် သူတို့ကို ခြံထဲမှာ လွတ်လပ်စွာ လမ်းလျှောက်ခိုင်းမှာပါ” ဟု နေပြည်တော် ဆင်ဖြူတော်ဥယျာဥ အုပ်ချုပ်ရေးမှူး တိရိစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာဝင်းထွန်းက ပြောသည်။ “အစပိုင်းတော့ ဆင် ၂ ကောင်၊ ၃ ကောင်လောက်နဲ့ လေ့ကျင့်မှာပါ” ဟု ၎င်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- သူရဇော်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.