ရန်ကုန်က ငလျင်ဒဏ် ခံနိုင်ရဲ့လား

အရည်အသွေး မပြည့်ဝသည့် အဆောက်အအုံများ ရှိနေသည့် ရန်ကုန်၌ ငလျင်ကြီးတစ်ခု လှုပ်ခတ်လာပါက ထိခိုက်သေဆုံးမှု များပြားမည့်အရေးကို ပညာရှင်များက စိုးရိမ်လျက်ရှိသည်

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်မြို့မှာ နေထိုင်ဖို့ တိုက်ခန်း ရွေးချယ်ကြသူတွေအတွက် ထည့်သွင်း စဉ်းစားစရာအချက်တွေက အတော်များလှသည်။

ရေအလွယ်တကူရနိုင်လား။ သွားရေလာရေးလွယ်ကူရဲ့လား။ အမြဲတမ်းဆူညံနေတတ်တဲ့ အလှူခံဌာနတွေနဲ့ ဝေးရဲ့လား။ လုံခြုံရေးအရ စိတ်ချရရဲ့လား စသည်ဖြင့် များပြားလှသည်။

သို့သော် ရန်ကုန်တွင်နေရန် ရည်ရွယ်သူတို့အတွက် အရေးကြီးသော်လည်း ဘယ်တော့မှ ထည့်သွင်း စဉ်းစားလေ့မရှိသည့် အချက်တစ်ခုလည်း ရှိနေသည်။

ကိုယ်နေထိုင်သည့်တိုက်ခန်းက ငလျင်ဒဏ် ခံနိုင်ပါရဲ့လားဟူသည့်အချက် ဖြစ်သည်။

ရန်ကုန်သည် မြန်မာနိုင်ငံတွင် မြေငလျင်အန္တရာယ်ရှိသည့် ရာနှင့်ချီသော မြို့များအနက်မှ တစ်မြို့ဖြစ်သည်။ နှစ်ပေါင်းအတော်ကြာ ငြိမ်သက်နေခဲ့သည့် ငလျင်ကြောင့် ရန်ကုန်မြို့တွင် ငလျင်လှုပ်မည်ကို ပညာရှင်များက စိုးရိမ်တကြီး စောင့်ကြည့်နေဆဲဖြစ်သည်။

ဒီလိုဆိုရင် သင်နေထိုင်ရာ အဆောက်အအုံကရော ငလျင်ဒဏ် ခံနိုင်မှုရှိနိုင်ပါ့မလား။

ငလျင်က လူများကို ထိခိုက်အောင် တိုက်ရိုက်လုပ်နိုင်စွမ်း နည်းပါးလွန်းလှသည်။ ငလျင်လှုပ်ပါက ငလျင်က လူတွေကို သတ်သည်ထက် လူတွေဆောက်သည့် အဆောက်အအုံတွေက လူတွေကို သတ်သည်က ပိုများ နေသည်။

ရန်ကုန်ရှိ အဆောက်အအုံတစ်ချို့က ထိုအချက်နှင့် ကိုက်ညီနေသည်။ အဘယ်ကြောင့်ဆိုသော် ငလျင်လှုပ်နိုင်သည့်ရပ်ဝန်းတွင် ဆောက်လုပ်ထားသည့် စံချိန်မမှီသည့် အဆောက်အအုံများ ဖြစ်သောကြောင့် ဖြစ်သည်။

ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများ၏ အဆိုအရ ၁၉၉၀ ဝန်းကျင်မှ ၂၀၀၀ ပြည့်နှစ်အတွင်း ဆောက်လုပ်ထားသည့် ရန်ကုန်မြို့မှ အဆောက်အအုံအများစုသည် အဆိုပါအနေအထားတွင် ရှိနေသည်ဟု ဆိုသည်။

Maro Verli / Frontier

Maro Verli / Frontier

၁၉၉၀ ပြည်နှစ်ဝန်းကျင်က စတင်ပြီး ရန်ကုန်တွင် ကန်ထရိုက်တိုက်ဟု လူသိများသည့် အထပ်မြင့် လူနေတိုက်ခန်း အဆောက်အအုံများ တည်ဆောက်မှု တဟုန်ထိုးဖွံ့ဖြိုးခဲ့သည်။

မြို့လည်ရပ်ကွက်များမှ အထပ်နိမ့် လုံးချင်း လူနေအိမ်များကို ဖြိုဖျက်ပြီး ဆောက်လုပ်ရေးကုမ္ပဏီများက စရိတ်ကျခံ တည်ဆောက်ကာ အထပ်မြင့်တိုက်များ တည်ဆောက်သည့်စနစ်ဖြစ်သည်။ အကျိုးအမြတ်ကို မြေရှင်နှင့် ဆောက်လုပ်ရေးကုမ္ပဏီတို့ကအချိုးကျ ခွဲဝေယူကြရသည်။

သို့သော် ရန်ကုန်အတွက် ကံမကောင်းသည်က နေ့ချင်းညချင်း ဖွံ့ဖြိုးလာသည့် ဆောက်လုပ်ရေး ဈေးကွက်အတွက် လိုအပ်သည့် ဆောက်လုပ်ရေး ကုန်ကြမ်းပစ္စည်းများ လွယ်လွယ်ကူကူ မရရှိခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က စီးပွားရေးပိတ်ဆို့မှုနှင့် အစိုးရက အမေရိကန်ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ကို တင်းကျပ်ထားသည့် မူဝါဒများကြောင့် အရည်အသွေးမှီသည့် ဆောက်လုပ်ရေးပစ္စည်းများ ရရှိရန် ခဲယဉ်းခဲ့သည်။

ဆောက်လုပ်ရေးလုပ်ငန်းသုံး သံချောင်းများက ထိုအကျပ်အတည်းအတွက် အကောင်းဆုံးဥပမာ ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် သုံးဆွဲရန် အရည်အသွေးပြည့်မှီသည့် သံချောင်းမရရှိသူများက သင်္ဘောပျက်များ၊ ရထားသံလမ်းများ၊ သံထည်ပစ္စည်းအပိုင်းအစများကို ပြည်လည်ကြိတ်ခွဲကာ တစ်ဖန် ပြန်လည်သွန်းလောင်းထားသည့် အရည်အသွေး မပြည့်မှီသည့် သံချောင်းများကိုသာ သုံးဆွဲခဲ့ကြရသည်။

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးကဏ္ဍတွင် အဆိုပါအရည်အသွေးမမှီသည့် သံချောင်းများသည် လွန်ခဲ့သော ၁၅ နှစ်ခန့်အထိ လူသုံးများခဲ့ကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။

“အဲ့အချိန်တုန်းက တိုက်ဖြစ်ရင်ပြီးရော ဆောက်ကြတာပဲ။ ဘယ်သူမှ ဘာမှလာမပြောဘူး။ အဲဒီအချိန်တုန်းက ဆောက်ခဲ့တဲ့ တိုက်တွေရဲ့ အရေးပေါ်လှေကားတွေကိုကြည့်ရင် သိသာတယ်” ဟု သော်တာအလင်း ဆောက်လုပ်ရေးလုပ်ငန်းမှ အကြံပေးဦးတင်အောင်ကပြောသည်။ သူက ပေါင် ၂၀ ကျော်သာရှိသည့် အလေးချိန်ပင် ခံနိုင်ရည်မရှိသည့် ရန်ကုန်ရှိ အဆောက်အအုံအချို့၏ အရေးပေါ် လှေကားများကို ညွှန်းဆိုခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်ရောက်ချိန်မှ ရန်ကုန်မြို တော်စည်ပင်သာယာရေးကော်မတီက ဆောက်လုပ်ရေးလုပ်ငန်းများကို သုံးထပ်နှင့်အထက် ဆောက်လုပ်ပါက ငလျင်ဒဏ်ခံနိုင်ရည်ကို အလေးထားစဉ်းစားရန် ညွှန်ကြားခဲ့သည်။

ငလျင်နှင့် ပတ်သတ်ပြီး ရန်ကုန်တွင် ထည့်သွင်းမစဉ်းစားကြသည်က ရန်ကုန်သည် ငလျင်နှင့် အလွန်စိမ်းနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ရန်ကုန်နှင့်ငလျင် မဆုံသည်မှာ ကြာလှပြီဖြစ်သည်။

“ရန်ကုန်မပြောနဲ့ ပဲခူးလိုနေရာမျိုးတောင် လူတွေက ငလျင်လှုပ်တတ်လားမေးရင်တောင် မေ့မေ့ပျောက်ပျောက် ဖြစ်နေကြပြီ။ ငလျင်လှုပ်ရင် ဘယ်လိုနေမလဲဆိုတာကတော့ ပိုဝေးတယ်”ဟု ပြီးခဲ့သည့်နှစ်က ၎င်းတို့ ပြုလုပ်ခဲ့သည့် သုတေသနအပေါ် အခြေခံပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီ (Myanmar Earthquake Committee) မှ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

ကိုးရာစုနှောင်းပိုင်းက စတင်ခဲ့သည့်မှတ်တမ်းများအရ သမိုင်းတလျှောက်တွင် ပဲခူးသည် ပြင်းထန်သော မြေငလျင် ၁၂ ကြိမ်ထက်မနည်း ခံစားခဲ့ရသောဒေသဖြစ်သည်။

သမိုင်းတလျှောက်တွင် ငလျင်နှင့်ပတ်သက်ပြီး ရန်ကုန်အတွက် အဆိုးရွားဆုံး အတွေ့အကြုံက လွန်ခဲ့သော ၈၆ နှစ်က လှုပ်ခတ်ခဲ့သည့် ၁၉၃၀ ပဲခူးငလျင်ဖြစ်သည်။

ပြင်းအား မဂ္ဂနီကျု ၇ ဒသမ ၃ ရှိသည့် အဆိုပါငလျှင်ကြောင့် ပဲခူးတွင် လူ ၅၀၀ ခန့် သေဆုံးပြီး ရန်ကုန်တွင် လူ ၅၀ ခန့် သေဆုံးခဲ့ရသည်။

ထိုငလျင်သည် ရန်ကုန်ကို ဦးတည်လှုပ်ခတ်ခဲ့ခြင်းမဟုတ်ပဲ ရန်ကုန်မှ မိုင် ၅၀ ခန့် ကွာဝေးသည့် ပဲခူးတိုင်းဒေသကြီး၊ ခရမ်းမြို့အနီး ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သဖြင့် ငလျင်၏ အပြင်းထန်ဆုံး ဗဟိုချက်မကို ရန်ကုန်က မခံစားခဲ့ရပေ။ ထိုငလျင်နောက်ပိုင်းတွင် ပြင်းအားအနည်းငယ်သာရှိသော ငလျင်များမှအပ ရန်ကုန်တွင် ပြောပလောက်သည့်ငလျင်ဒဏ်ကို မခံစားကြရတော့ပေ။

Myanmar’s last big earthquake was almost a century ago, but experts warn it could be set for another one soon. (Maro Verli / Frontier)

Myanmar’s last big earthquake was almost a century ago, but experts warn it could be set for another one soon. (Maro Verli / Frontier)

သို့သော်လည်း ရန်ကုန်သည် ငလျင်နှင့်ပတ်သတ်ပြီး သတိထားရမည့်မြို့ဖြစ်သည်ဟု ပညာရှင်များက သတိပေး နှိုးဆော်လျှက်ရှိသည်။

မြန်မာနိုင်ငံတွင် ငလျင်လှုပ်ခတ်နိုင်ခြေနှင့် ခံစားရနိုင်ခြေတို့အတွက် ပညာရှင်များက လေ့လာတွက်ချက် ထားမှုများရှိသည်။ အဆိုပါအခြေအနေများမှာ အပျက်အဆီးအများဆုံး အဆင့်ဖြစ်သော ငလျင်ဇုန် ၅ (Seismic Zone 5) အဖြစ် ဖျက်စီးမှုများဇုန် (Destructive Zone)၊ ဇုန် ၄ (Seismic Zone 4) အဖြစ် ပြင်းထန်ဇုန် (Severe Zone)၊ ဇုန် ၃ (Seismic Zone 3) အဖြစ် အားပြင်းဇုန် (Strong Zone)၊ ဇုန် ၂ (Seismic Zone 2)အဖြစ် အားလတ်ဇုန် (Moderate Zone) နှင့် ဇုန် ၁ (Seismic Zone 1) ကို အားနည်းဇုန် (Low Zone) များဟု အဆင့်အဆင့် သတ်မှတ်ထားသည်။

ရန်ကုန်၏ တည်နေရာသည် အားပြင်းဇုန်နှင့် အားလတ်ဇုန်တို့အကြား တည်ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ ငလျင်ပညာရှင်များက တွက်ချက်ထားသည်။

စတင်တည်ဆောက်ခဲ့သည့် ရန်ကုန်မြို့ဟောင်းသည် အားလတ်ဇုန်ပေါ်တွင် တည်ရှိပြီး တိုးချဲ့ထားသော အရှေ့ဘက်ရှိမြို့သစ်များသည် အားပြင်းဇုန်ပေါ်တွင် ရောက်ရှိနေကြောင်း ပညာရှင်များက ပြောကြားကြသည်။

တစ်ချိန်တည်းတွင် ရန်ကုန်မြို့၏ လူဦးရေသည် တစ်နေ့တခြား များပြားလာပြီး အဆောက်အအုံများလည်း တိုးပွားလာခဲ့သည်။

လူ ၅၀ သေဆုံးခဲ့သည့် ပဲခူးငလျင်လှုပ်ခတ်ခဲ့သော ၁၉၃၀ ပြည့်နှစ်က ရန်ကုန်တွင် လူဦးရေ သိန်းဂဏန်းသာရှိခဲ့ပြီး အထပ်မြင့်အဆောက်အအုံများလည်း ပြောပလောက်အောင်မရှိခဲ့ပေ။

သို့သော်လည်း ယခုအချိန်တွင် ရန်ကုန်၌ လူဦးရေ ခုနစ်သန်းကျော် နေထိုင်နေပြီဖြစ်သည်။ ငလျင်လှုပ်ခတ်ပါက လူများကိုထိခိုက်နိုင်သည့် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံအသုံးပြုပြီး ဆောက်လုပ်ထားသည့် အဆောက်အအုံများသည် ရန်ကုန်တွင် တစ်ဟုန်ထိုး တိုးပွားလာခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်းက ထုတ်ပြန်ခဲ့သည့် သန်းကောင်စာရင်းအရ ရန်ကုန်တွင် အုတ်၊ အင်္ဂတေစသည့်ပစ္စည်းများကို အခြေခံဆောက်လုပ်ထားသည့် အဆောက်အအုံ ငါးသိန်းကျော်ရှိနေပြီး အဆိုပါပမာဏသည် တစ်နိုင်ငံလုံးရှိ ထိုကဲ့သို့ အဆောက်အအုံ အရေအတွက်၏ လေးပုံတစ်ပုံဖြစ်သည်။

“မြို့တွေမှာ လူတွေ ပိုစုလာတယ်။ တည်ဆောက်တဲ့နည်းပညာ ပြောင်းလာတယ်။ အုတ်တို့ ကွန်ကရစ်တို့ သုံးလာတယ်။ အဲဒီတော့ ထိခိုက်လာခြေ ပိုများလာတယ်” ဟု မြေငလျင်ကော်မတီ၏ အတွင်းရေးမှူး ဦးစောထွေးဇော်ကပြောသည်။

မြန်မာနိုင်ငံ၏ အလည်ဗဟိုချက်ဖြစ်သော မြောက်မှတောင်သို့ ရေးဆွဲထားသည့် မျဉ်းတကြောင်းလို တည်ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ဆက်စပ်နေသည့် ရန်ကုန်အတွက် ပညာရှင်များက စိုးရိမ်တကြီး လေ့လာလျှက်ရှိသည်။ ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုက နှစ်ခုဖြစ်သည်။ တစ်ခုကငလျင်လှုပ်နိုင်သည့်အကြောင်းကို လုံးဝထည့်သွင်းစဉ်း စားထားခြင်း မရှိခြင်းနှင့် အခြားတစ်ချက်မှာ ငလျင်အပေါ် အလွန်အမင်းစိုးရိမ်ခြင်းတို့ ဖြစ်သည်။

ရန်ကုန်မြို့ခံအချို့သည် ငလျင်ကို လုံးဝမေ့ပျောက်နေခဲ့ပြီး ငလျင်ဆိုင်ရာ ဗဟုသုတအားနည်းနေခြင်းအတွက် ပညာရှင်များက စိုးရိမ်လျှက်ရှိသည်။

ငလျင်နှင့်ပတ်သတ်ပြီး ပညာပေးမှုအားနည်းခဲ့သည့်အကျိုးဆက်အဖြစ် ပြီးခဲ့သည့်လပိုင်းများက လူမှုကွန်ယက်ဖြစ်သည့် Facebook တွင် ငလျင်လှုပ်မည်ဟု လှုံ့ဆော်ရေးသားချက်များကြောင့် ရန်ကုန်မြို့ခံ အချို့အကြောက်လွန်ကာ သူတို့၏ အိမ်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ မြေစောင့်နတ်ကို ရှိခိုးတောင်းပန်ခဲ့ကြသည့် ဖြစ်ရပ်များလည်း ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ ရန်ကုန်အတွက် စိုးရိမ်တကြီး စောင့်ကြည့်နေကြချိန်တွင် ပြီးခဲ့သည့်နှစ်က နီပေါတွင် မြေငလျင်အကြီးအကျယ် လှုပ်ခတ်သွားခဲ့သည်။ ငလျင်ကြောင့် လူ ၉,၀၀၀ ခန့် သေဆုံးပြီး သန်းနှင့်ချီကာ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသို့ နီပေါတွင် လှုပ်ခတ်ခဲ့သည့် ငလျင်က ရန်ကုန်အတွက် စိုးရိမ်ပူပန်နေကြမှုများ ရှိသင့်သည်ကို ထပ်မံ မီးမောင်းထိုးပြလိုက်သည်။

မြေငလျင်ကြောပေါ် တည်ရှိနေသော်လည်း စံချိန်မမှီသည့် အဆောက်အဦးများ၊ ငလျင်ပညာပေးလုပ်ငန်းများ မရှိခြင်းက မည်မျှအန္တရာယ်ကြီးကြောင်း နီပေါငလျင်က သက်သေပြခဲ့သည်။

“ခတ္တမန္ဒူနဲ့ ရန်ကုန်နဲ့က ပုံစံခြင်းဆင်တယ်။ ခတ္တမန္ဒူကတော့ ပိုပြင်းထန်နိုင်တာပေါ့”ဟု ဦးစောထွေးဇော်က ပြောသည်။

“ရန်ကုန်အတွက်တော့နီပေါကသင်ခန်းစာပဲ”ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.