ရန်ကုန်က ကျူးကျော်ပြဿနာနှင့် ဝန်ကြီးချုပ်၏ ကတိစကား

ရန်ကုန်မြို့မှ ကျူးကျော်ပြဿနာကို အစိုးရက မည်သို့ကိုင်တွယ်မည်ကို စက်မှုလုပ်ငန်းရှင်များက စောင့်စားနေကြသော်လည်း မျှော်လင့်ချက်များ အားရော့လာကြပြီဖြစ်ပြီး မိမိတို့အစိုးရ သက်တမ်းမကုန်မီ ဤကိစ္စ ဖြေရှင်းပေးပါမည်ဟူသည့် အစိုးရ၏ ကတိစကားကို မယုံကြည်ကြတော့ပေ။

ကျော်လင်းထွန်း ရေးသားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက အစိုးရ၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များ ပုံမှန်ပြုလုပ်သော အစည်းအဝေးတွင် အိမ်ယာတည်ဆောက်ရေးကို ထိပ်တန်းဦးစားပေးအဖြစ်  ဆွေးနွေးခဲ့ကြသည်။

ထိုအစည်းအဝေးတွင် ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ စက်မှုဇုံမြေများပေါ်တွင် တရားမဝင် ကျူးကျော်နေထိုင်နေကြသူ အများအပြားရှိနေသည့် ပြဿနာအား ဖြေရှင်းပေးခြင်းသည် လျှပ်စစ်ဓာတ်အားကို ပုံမှန်ပေးနိုင်ခြင်းထက်ပင် ပိုမိုကြီးမားသော အပြုသဘော သက်ရောက်မှု ရှိနိုင်သည်ဟု စက်မှုလုပ်ငန်းရှင်များကိုယ်စား ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းကလည်း ကျူးကျော်ပြဿနာကို သူ့အစိုးရသက်တမ်းမကုန်ခင် ဖြေရှင်းမည်ဟု ကတိစကားဆိုခဲ့သည်။ ဝန်ကြီးချုပ်၏ စကားကို အများက ကြိုဆိုကြသော်လည်း အစိုးရ၏ လက်ရှိ မဟာဗျူဟာနှင့် ဝန်ကြီးချုပ်က အသေးစိတ်များကို ထုတ်ဖော် ပြောကြားခြင်းမရှိသဖြင့် သူ့ကတိစကားကို သံသယတဝက်ဖြင့်သာ ကြိုဆိုခဲ့ကြသည်။

“ပြဿနာကို ဖြေရှင်းရာမှာ စိတ်ကူးယဉ် လောကနိဗ္ဗာန် တည်ဆောက်ရေး နည်းလမ်းကို ရှောင်ရှားဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို တိုက်တွန်းချင်ပါတယ်။ ပြဿနာကို ကျွန်တော်တို့နဲ့တိုင်ပင်၊ ကျွန်တော်တို့ရဲ့ အကြံညဏ်တွေကို ထည့်သွင်းစဉ်းစားစေချင်ပါတယ်” ဟု ရွှေလင်ဗန်းစက်မှုဇုံ၊ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောကြားသည်။

ဦးသိန်းစိန်အစိုးရက လျစ်လျူရှုထားခဲ့သော ဤကျူးကျော်ပြဿနာကို NLD အစိုးရ စတက်ချိန်မှစ၍ ဖြေရှင်းပါမည်ဟု ဦးဖြိုးမင်းသိမ်းက အထပ်ထပ်အခါခါ ကတိပေးနေခဲ့သည်။ NLD အစိုးရအနေနှင့် ကျူးကျော်များအား အစုလိုက်အပြုံလိုက် အင်အားသုံး မောင်းထုတ်သည်မျိုးကို လုပ်မည်မဟုတ်ဟု ဆိုထားရာ အိမ်ယာစီမံကိန်းအသစ်များတွင် နေရာချထားမှု ပြုလုပ်ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်စရာ နည်းလမ်းဖြစ်လေသည်။ သို့သော် လုပ်ဆောင်ပေးရမည့် အတိုင်းအတာ ပမာဏက အလွန်ကြီးမားလွန်းသည်။ ယခင်အစိုးရသက်တမ်း နောက်ဆုံးလများအတွင်း စတင်ခဲ့သည့် ကျူးကျော် အိမ်ထောင်စုစာရင်း ကောက်ယူသည့်စီမံကိန်းကို ဦးဖြိုးမင်းသိမ်းအစိုးရက ဆက်လက်လုပ်ဆောင်ခဲ့ရာ ယနေ့အထိ ကျူးကျော်အိမ်ထောင်စုပေါင်း ၁၃၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့ကို စမတ်ကဒ် (smart card) များ ထုတ်ပေးထားခဲ့သည်။

“အိမ်ထောင်စု  ၁၃၀,၀၀၀ ကျော်လောက်ရှိပြီး လူဦးရေကတော့ ၄၄၀,၀၀၀ လောက်ရှိနိုင်တယ်” ဟု မြို့ပြနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။ ဤအိမ်ထောင်စုများအား အိမ်ယာအသစ်များတွင် နေရာချထားပေးနိုင်မှုမှာမူ အလွန်နှေးကွေးလျက်ရှိသည်။ မှတ်ပုံတင်ထားပြီး မိသားစုများထဲမှ တိုက်ခန်းဝယ်လိုသူ မိသားစုများ၏ လျှောက်လွှာကို တိုင်းအစိုးရက လက်ခံလျက်ရှိသည်။ ရန်ကုန်တမြို့လုံးမှ တည်ဆောက်ပြီးနှင့် တည်ဆောက်ဆဲ တိုက်ခန်း ၁,၀၀၀ ခန့်ထဲမှ ဝယ်ကြရမည်ဖြစ်သည်။

ဤအခြေအနေမှာ တိုးတက်မှုရှိသည်ဟု မဆိုနိုင်ပါဟု စက်မှုလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “တိုက်ခန်းပေါင်း ၂,၀၀၀၊ ၃,၀၀၀ လောက်ကို နှစ်နှစ်ကြာအောင် ဆောက်နေရရင် အိမ်ထောင်စု ၁၅၀,၀၀၀ လောက်ကို နေရာချထားပေးဖို့ ဘယ်လောက်ကြာအောင် စောင့်ရမှာလဲ” ဟု ၎င်းကပြောသည်။

ဦးဖြိုးမင်းသိမ်း၏ အစီအစဉ်

ဝန်ကြီးချုပ်က ပိုမို၍ ရည်မှန်းချက်ကြီးမားသော စီမံကိန်းကြီးကို လုပ်ကိုင်နေသည်။ သို့သော် အသေးစိတ်ကိုမူ ဦးဖြိုးမင်းသိမ်း၏ အတွင်းစက်ဝိုင်း ပြင်ပမှ လူများ ပီပီပြင်ပြင် မသိနိုင်ကြပေ။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး အမှတ် (၁) NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက သူ၏မဲဆန္ဒနယ်အတွင်း ဧက ၃,၀၀၀ ပေါ်တွင် ကျူးကျော်များကို ပြန်လည်နေရာချထားမည့် စီမံကိန်းတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ထံ မကြာမီက အဆိုပြုလွှာတင်ခဲ့ကြောင်း၊  သို့သော် အစိုးရက တစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ပြောကြားသည်။ မည်သို့ပင်ဖြစ်စေ တိုင်းအစိုးရက တွံတေး၊ ပဒန်းရေကျော်ကျေးရွာ အုပ်စုရှိ မြေဧက ၂၀၀ ပေါ်တွင် စမ်းသပ် စီမံကိန်းတစ်ခု လုပ်ဆောင်မည်ဟု ကြေညာခဲ့ကြောင်း ၎င်းက ပြောသည်။ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ပဒန်းရေကျော်ရွာသို့ ဦးဖြိုးမင်းသိန်း သွားရောက်ပြီး လယ်သမားများနှင့် တွေ့ဆုံခဲ့သည်။ လယ်သမားများက မြေယာလျှော်ကြေးကို လက်မခံကြသဖြင့် လယ်သမားများ၏ မြေကို အသုံးပြုရန် မလိုအောင် စီမံကိန်းကို ပုံစံပြောင်းလိုက်ရန် ဦးဖြိုးမင်းသိမ်းက သဘောတူခဲ့သည်ဟု ဆိုသည်။

“ဒီနေ့ထိတော့ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ကြေညာတာမျိုး မရှိသေးပါဘူး။ ကျွန်တော် ကြားတာကတော့ အစိုးရက စမ်းသပ် အိမ်ယာစီမံကိန်းအတွက် ကုမ္ပဏီတစ်ခုနဲ့ စာချုပ်လက်မှတ်ထိုးပြီးပြီလို့ ကြားတာဘဲ။ ဘယ်ကုမ္ပဏီနဲ့ ထိုးတာလဲ။ စီမံကိန်းက ဘယ်လောက်ကြာမှာလဲ ဆိုတာတွေလဲ မသိပါဘူး” ဟု ၎င်းကပြောသည်။

အစိုးရက လွှတ်တော်ကို လက်ရှိထက် ပိုပြီး အသိပေးရန် ဆက်လက်ပြီး တိုက်တွန်းနေဦးမည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

“ခုလောလောဆယ်မှာတော့ သူတို့ကြည့်ရတာ စီမံကိန်းလုပ်ငန်းတွေ စနေပြီဆိုမှ ထုတ်ပြန်ကြေညာတော့မယ့်ပုံပဲ။ သူတို့အနေနဲ့ ဒီလိုစီမံကိန်းတစ်ခုကို လုပ်ချင်တယ်ဆိုရင် ပထမ လွှတ်တော်ကိုတင်၊ အမတ်တွေနဲ့ အစိုးရအရာရှိတွေကို ပါဝင် ဆွေးနွေးခိုင်း၊ ပြီးတော့မှ လွှတ်တော်ရဲ့ဆန္ဒကို မဲခွဲရယူ၊ ဒီလိုလုပ်သင့်တာပေါ့။ ခုသူတို့လုပ်နေပုံက သူတို့လုပ်ချင်တာ မှန်သမျှ လွှတ်တော်ရဲ့ သဘောတူခွင့်ပြုချက်မယူဘဲ သူတို့လုပ်နိုင်တယ်လို့ ယူဆနေကြပုံရတယ်” ဟု ဒေါက်တာကျော်ဇင်ဦးက ပြောသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဌာနမှ ဦးဝင်းနိုင်က ထိုစမ်းသပ်စီမံကိန်းကို အတည်ပြုပြောကြားပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ကိုင်တွယ်နေသည်ဟု ပြောသည်။ “တွံတေးမှာ မြို့သစ်တစ်ခုတည်ဖို့ဆိုတာ သူ့အစီအစဉ်ပါ။ ကျွန်တော်တို့က မြို့ဒီဇိုင်းရေးဆွဲပြီး ပုံဖော်ပေးရုံပါ။ ဒါထက်ပိုပြီး ဘာမှ မသိပါဘူး။ ဘယ်လို ဆက်လုပ်မယ်ဆိုတာလဲ  မသိပါဘူး” ဟု ဦးဝင်းနိုင်က ပြောသည်။

ရွှေလင်ဗန်းစက်မှုဇုံမှ ဦးအးသောင်းကမူ တွံတေးစီမံကိန်းနေရာနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်းနှင့် ရန်ကုန်အနောက်ပိုင်း ထန်းတပင်ဒေသက လှိုင်သာယာနှင့်လည်း နီးကပ်သဖြင့် ပိုမိုသင့်တော်ကြောင်း ပြောသည်။

“လှိုင်သာယာကျူးကျော်တွေ အများစုက အဲဒီအနီးအနားက စက်ရုံတွေမှာ အလုပ်ရနိုင်လို့ အဲဒီမှာပဲ နေကြတာ။ အားလုံးက စက်ရုံအလုပ်သမားတွေ မဟုတ်ကြပေမယ့် စက်ရုံအလုပ်သမားတွေ အားပြုပြီး နေကြရတာ။ ဥပမာ – အလုပ်သမားတွေ ဝယ်ယူစားသုံးဖို့ ဈေးဆိုင်လေးတွေဖွင့်ပြီး အသက်မွေးကြတာ” ဟု ဦးအေးသောင်းကပြောသည်။

ကိုယ်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းကြခြင်း

အချို့နေရာများတွင်မူ ပုဂ္ဂလိကကုမ္ပဏီများက အစိုးရကို မစောင့်နိုင်တော့ဘဲ တန်ဖိုးသင့်အိမ်ယာများကို ၎င်းတို့ကိုယ်တိုင် ဆောက်လုပ်၍ ဖြေရှင်းရန် ကြိုးစားလာကြသည်။ ရွှေလင်ဗန်းစက်မှုဇုန်တွင် အိမ်ခန်း ၆၀ ပါ တိုက် ၂၈ လုံးကို တော်ဝင်နှင်းဆီအိမ်ရာ အမည်ဖြင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီက ဆောက်လုပ်လျက်ရှိသည်။ လှိုင်သာယာတွင် အလုပ်လုပ်သော အိုးအိမ်အပိုင်မရှိသူများသည် တစ်ခန်းလျှင် တန်ဖိုး အနည်းဆုံး ကျပ် ၆၂ သိန်းမှစတင်သော တိုက်ခန်းများအနက် မိမိအလိုရှိရာကို ဝယ်ယူနိုင်သည်။

dsc_5336.jpg

မခိုင်ခိုင်ဇင်သည် တော်ဝင်နှင်းဆီအိမ်ယာတွင် အိမ်ခန်းဝယ်ယူခွင့် ရရှိခဲ့သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မှ မခိုင်ခိုင်ဇင်သည် သူမ၏ ခင်ပွန်းဖြစ်သူနှင့်အတူ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက လှိုင်သာယာသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ ရန်ကုန် ရောက်ရှိ၍ မကြာမီမှာပင် အထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်ရရှိခဲ့သည်။ စတုရန်းပေ ၄၀၀ ခန့်သာ ကျယ်ဝန်းသော သစ်သားတစ်ထပ်အိမ်ခန်းလေးကို နှစ်ပေါင်းများစွာ ငှားရမ်းနေထိုင်လာခဲ့ရာ မကြာခင်ကစ၍ တစ်လလျှင် ကျပ် ၆၀,၀၀၀ အထိ ငှားရမ်းခ ပေးနေခဲ့ရသည်။ တော်ဝင်နှင်းဆီတွင် တိုက်ခန်းဝယ်ယူခွင့် ရရှိခဲ့သောကြောင့် ခိုင်ခိုင်ဇင်တို့ဘဝ ပြောင်းလဲသွားခဲ့သည်။ တိုက်ခန်းတန်ဖိုး ကျပ် ၆၃ သိန်းအနက် ကျပ်သိန်း ၃၀ ကို ကြိုတင်ပေးသွင်းရသည်။ ကျန်ငွေကို သူမ၏ လစဉ်ဝင်ငွေထဲမှ တတ်နိုင်သလောက် ပေးသွင်းသွားရမည်ဖြစ်သည်။

မခိုင်ခိုင်ဇင်က အစိုးရ၏ တန်ဖိုးနည်းအိမ်ယာဆိုသည်ကို လျှောက်ထားရန် မည်သည့်အခါကမှ စိတ်မကူးခဲ့ဟု ဆိုလေသည်။ အရစ်ကျပေးသွင်းသွားရမည့်ငွေက ဖြစ်နိုင်လောက်သော်လည်း စုစုပေါင်းတန်ဖိုးက သူမအတွက် များပြားလှသည်။ ပျမ်းမျှ တစ်ခန်းလျှင် ကျပ်သိန်း ၂၀၀ ခန့်ရှိနေသည်။ ထိုတိုက်ခန်းသာ ဝယ်ယူခွင့်ရခဲ့ပါက ပထမဆုံး ကြိုတင်သွင်းငွေ အမြောက်အမြား ပေးရမည့်အပြင် နောက်ထပ် ၁၀ ကျော်သည်အထိပင် တိုက်ခန်းဖိုး ကျေဦးမည် မဟုတ်ပေ။

“ဒီတိုက်ခန်းလေးက ခြေနိုင်လက်နိုင်ပဲလေ။ နောက်နှစ်ဆို ကျွန်မတို့ပိုင်ပြီ။ ဒီမှာ ဆူဆူညံညံတွေလဲ မရှိဘူူး။ ရန်ဖြစ်နေတာတွေလည်း မရှိ။ နေရာထိုင်ခင်းကလဲ သန့်သန့်ရှင်းရှင်းပဲ” ဟု မခိုင်ခိုင်ဇင်က အားတက်သရော ပြောသည်။

“တခြားအိမ်ငှားနေတဲ့ လူတွေရော၊ စက်မှုဇုန်တွေထဲမှာ ကျူးကျော်နေထိုင်သူတွေရော၊ ဒီလိုနေရာမျိုးမှာသာ နေထိုင်ခွင့်ရကြရင် သူတို့နေပုံထိုင်ပုံတွေ၊ စရိုက်တွေ ပြောင်းသွားကြပြီး ကျန်းမာရေးတွေလဲ တိုးတက်လာကြမှာပါ” ဟု ၎င်းကပြောသည်။

ကျူးကျော်အများစုမှာ စက်မှုဇုန်များတွင် ဖြစ်သော်လည်း ထိုပြဿနာများအား ဖြေရှင်းရန် စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီတွင် လုပ်ပိုင်ခွင့်အာဏာ များစွာ မရှိလှပေ။ ထိုကော်မတီများကို ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက ညွှန်ကြားချက်အမှတ် ခ/ ၉၇ ထုတ်ပြန်ကာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ အခြားဥပဒေ မရှိသဖြင့် အရာအားလုံးမှာ ရန်ကုန်တိုင်း အစိုးရအပေါ်တွင်သာ မူတည်နေသည်။

ယခင်သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်က ကျူးကျော်များကို အင်အားသုံး နှင်ထုတ်မှုများ ရှိခဲ့၍ အုတ်အော်သောင်းနင်း ဖြစ်ခဲ့ဖူးသော်လည်း အများအားဖြင့် တပ်ပိုင်မြေနှင့် အစိုးရပိုင်မြေပေါ် ကျူးကျော်မှသာ ထိုသို့ နှင်ထုတ်ခဲ့ခြင်း ဖြစ်သည်။

စက်မှုဇုန်များကို စနစ်တကျ စီမံခန့်ခွဲနိုင်ရန် ဦးသိန်းစိန်အစိုးရက စက်မှုဇုန်ဥပဒေကို စတင်ရေးသားခဲ့သည်။ ထိုနှစ်များအတွင်း မူကြမ်း သုံးကြိမ်တိုင် ပြင်ဆင်ရေးသားခဲ့သော်လည်း လက်ရှိအချိန်ထိပင် လွှတ်တော်သို့် မတင်ပြနိုင်သေးပေ။

“စုပေါင်းအားထုတ်ကြဖို့တော့ လိုနေပြီ” ဟု ဦးအေးသောင်းက ပြောသည်။ “အားလုံး နှောင့်နှေးကြန့်ကြာနေတာဘဲ။ အစိုးရရော၊ လွှတ်တော်အမတ်တွေရော၊ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် လုပ်ကြစေချင်ပါတယ်” ဟု ၎င်းက ပြောပါသည်။

ဦးဖြိုးမင်းသိမ်းက သူ့ကတိအတိုင်း ဒီကျူးကျော်ပြဿနာ ဖြေရှင်းမည်ဟု ယုံကြည်ပါသလားဟု မေးမြန်းရာတွင် ဦးအေးသောင်းက “ဘာပြောရမယ်တောင် မသိတော့ပါဘူး။ အစိုးရနဲ့ ပြောခဲ့ဆိုခဲ့သမျှတွေလဲ အားလုံးလေထဲမှာ လွင့်ပါး ပျောက်ကွယ်သွားတာပါပဲ” ဟု ပြန်လည်ဖြေကြားလေသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.