ရခိုင်အရေး ပိုမိုအားထုတ်ရန်လိုနေသည့် အာဆီယံ

ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရေးအတွက် သာမက တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(အေအေ)တို့ကြား အပစ်အခတ်ရပ်စဲရေးအတွက် အာဆီယံနိုင်ငံခေါင်းဆောင်များက ဝိုင်းဝန်းကြိုးပမ်းရန် လိုအပ်နေပေသည်။

By LAETITIA VAN DEN ASSUM | FRONTIER

ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် ရက္ခိုင်တပ်မတော်(အေအေ)တို့ကြား ၂၀၁၈ ခုနှစ်အကုန်ပိုင်းကတည်းက တိုက်ပွဲများစတင်ပြင်းထန်ခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီအစောပိုင်းမှစ၍ အခြေအနေများ တဖြည်းဖြည်းနှင့် ပိုမိုဆိုးရွားလာခဲ့သည်။ အရပ်သားနှင့် လက်နက်ကိုင်မခွဲခြားဘဲ ပစ်ခတ်မှုများဖြစ်ပွားနေသည်မှာ ယခုဆိုလျှင် ရက်သတ္တပတ်ရှစ်ပတ်ပင်ရှိခဲ့ပြီဖြစ်သည်။ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များပေါ်မှပစ်ခတ်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများနှင့် စာသင်ကျောင်းများ၊ စေတီပုထိုးများနှင့် ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းထားရှိမှုများကြောင့် အရပ်သားများစွာသေဆုံးခဲ့ပြီး နေရပ်စွန့်ခွာထွက်ပြေးရသည့် အရပ်သားဦးရေလည်း တိုးပွားသထက်တိုးပွားလာခဲ့သည်။
အကျပ်အတည်းကြုံနေရသည့် ရခိုင်ပြည်နယ်၌ အခြေအနေများတိုးတက်ကောင်းမွန်လာအောင် အပြည်ပြည်ဆိုင်ရာတရားရုံးနှင့် အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံးတို့က လုပ်ဆောင်ပေးနိုင်မည်ဟု မျှော်လင့်ချက်များစွာထားရှိခဲ့ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိချိန်မှစ၍ ရှိခဲ့သည့် ပဋိပက္ခများပြေလည်သွားရေးအတွက် လုပ်ဆောင်မှုများတွင် ရိုဟင်ဂျာ များအပေါ် ကျူးလွန်ခဲ့မှုများအတွက် တာဝန်ခံစေရေးလုပ်ဆောင်မှုသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှပါဝင်လာခဲ့သည်။
ကမ္ဘာ့ထိပ်တန်းတရားရုံးနှစ်ရုံးက အရေးတယူလုပ်ဆောင်မှုသည် အရေးပါသော ခြေလှမ်းဖြစ်သော်လည်း ရခိုင်ပြည်နယ်ရှိ များပြားလှသော တိုင်းရင်းသားမျိုးနွယ်များ ကြုံနေရသည့် ပြဿနာများ ပြေလည်သွားရေးအတွက် ဖြေဆေးတော့မဟုတ်သေးချေ။ တရားရုံးများသည် ရခိုင်ပြည်နယ်ရှိ အကြမ်းဖက်မှု၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံမှုများကြုံနေရသည့် ရိုဟင်ဂျာ များနှင့်ပတ်သက်၍သာ အဓိကလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် အခြားသော လူမျိုးများတွင်လည်း ထိခိုက်နစ်နာမှုများအမှန်တကယ်ရှိနေခဲ့သည်။
အကြမ်းဖက်မှုပါဝင်သော ပဋိပက္ခ၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းနှင့် ဗဟိုအစိုးရအပေါ် မကျေနပ်ခြင်းတို့ကိုဖြေရှင်းရန်အတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အရေးယူလုပ်ဆောင်ရန် လိုအပ်နေပေသည်။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ၂၀၁၇ ခုနှစ် အစီရင်ခံစာတွင်လည်း အလားတူကောက်ချက်ချထားသည်။
အဆိုပါအားထုတ်လုပ်ဆောင်မှုများနှင့်အတူ သည်ဟိတ်ရှိ တရားရုံးများ၏ညွှန်ကြားမှုများကိုလည်း တစ်ပြိုင်နက်တည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။ ရခိုင်ပြည်နယ်ရှိ ကွဲပြားသော လူမျိုးများသည် တစ်စုတစ်စည်းဖြင့် ရှေ့သို့ချီတက်နိုင်မှသာလျှင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးဆိုသည့် အသီးအပွင့်များကို ခူးဆွတ်နိုင်မည်ဖြစ်သည်။
ကံမကောင်းအကြာင်းမလှစွာနှင့်ပင် သည်ဟိတ်ရှိ တရားရုံးက ဆုံးဖြတ်မှုသည် ရိုဟင်ဂျာ အရေးအတွက်သာမကဘဲ မြန်မာနိုင်ငံရှိ အခြားပြဿနာများအတွက်ပါ အပြောင်းအလဲဖြစ်စေနိုင်မည်ဟုဆိုသည့် မျှော်လင့်ချက်သည်လည်း တဖြည်းဖြည်းမှေးမှိန်လို့လာသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) က မြန်မာအစိုးရအား ရခိုင်ပြည်နယ်၌ လူမျိုးတုန်းသတ်ဖြတ်မှုမရှိစေရေးလုပ်ဆောင်ရန် ညွှန်ကြားခဲ့သည့် ဇန်နဝါရီ ၂၃ ရက်မှစ၍ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုသည် ရှေးကမရှိခဲ့သည့် အဆင့်အထိပင် ထိုးတက်သွားခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် အစိုးရက ရခိုင်ပြည်နယ်ရှိ အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပမာဏကို နှစ်ဆတိုးမြှင့်ရန် ညွှန်ကြားခဲ့ပြီးနောက် တပ်မတော်သည် ရက္ခိုင်တပ်မတော်အပေါ် အကြီးအကျယ်ထိုးစစ်ဆင်တော့မည်ဆိုသည့် စိုးရိမ်မှုများရှိလာခဲ့သည်။ ယင်းစိုးရိမ်သည့်အတိုင်းလည်း ဖြစ်လာခဲ့ပေသည်။
တိုက်ခိုက်မှုများကြောင့် သေဆုံးသူအများစုသည် ကလေးများဖြစ်ကြသည်။ ယင်းကြောင့် စာသင်ကျောင်းဝင်းများတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းမပြုရန် ပန်ကြားရသည်အထိရှိလာခဲ့သည်။ တိုက်ခိုက်မှုတွင်ပါဝင်နေသည့် နှစ်ဖက်စလုံးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ၏အခြေခံစည်းမျဉ်းများကိုပင် မလေးစားမလိုက်နာခဲ့ခြင်းကြောင့် ယခုလို အသနားခံလိုက်ရခြင်းလည်းဖြစ်သည်။
မြန်မာစစ်တပ်သည် ထိုးစစ်များအတွင်းဖြစ်ပွားခဲ့သည့်အကြမ်းဖက်မှုများအတွက် ဝေဖန်မှုကို ခံယူထိုက်သော်လည်း အင်တာနက်ဖြတ်တောက်မှုကမူ အစိုးရ၏ပူးပေါင်းဆောင်ရွက်မှသာဖြစ်နိုင်မည်ဖြစ်သည်။ လုံခြုံစွာနေထိုင်ခွင့်၊ အခြေခံဝန်ဆောင်မှုများရရှိပိုင်ခွင့်နှင့် အသက်မွေးခွင့်များ ထိခိုက်ခဲ့ရပြီးဖြစ်သည့် လူတစ်သန်းကျော်အပေါ် သက်ရောက်ခဲ့သည့် အင်တာနက်ဖြတ်တောက်မှုအတွက် တပ်မတော်သာမက မြန်မာအစိုးရတွင်လည်း တာဝန်ရှိနေသည်။
အင်တာနက်ဖြတ်တောက်မှုကြောင့် ထိခိုက်နစ်နာရမှုများရှိကြောင်း ပြောဆိုမှုကို အစိုးရအဆင့်မြင့်အရာရှိတစ်ဦးက ပယ်ချခဲ့သည်။ အင်တာနက်ဖြတ်တောက်မှုသည် အမျိုးသားလုံခြုံရေးအတွက်ဖြစ်ပြီး အခြားနိုင်ငံများသည်လည်း လိုအပ်ပါက အလားတူလုပ်ဆောင်လေ့ရှိကြောင်း သူကပြောဆိုခဲ့သည်။ အင်တာနက်ဖြတ်တောက်မှု ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြသည့် ကျောင်းသားများလည်း အဖမ်းခံခဲ့ရပြီးဖြစ်သည်။
ရက္ခိုင်တပ်မတော်အပေါ် တပ်မတော်က ထိုးစစ်ဆင်မှုသည် တပ်မတော်အတွက် ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးပဋိပက္ခဖြစ်သလို ထိခိုက်နစ်နာမှုအများဆုံး ပဋိပက္ခလည်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်သည်။ ရခိုင်တိုင်းရင်းသားများက အေအေအပေါ် ထောက်ခံမှုပိုမိုများပြားလာမှုကြောင့်လည်း အေအေသည် အင်အားပိုမိုကြီးမားလာရပြီး အဝေးပြေးလမ်းများ၊ မြို့ပြနေရာများနှင့် သင်္ဘောသွားလမ်းများကို တိုက်ခိုက်သည်အထိ တိုက်ခိုက်မှုနယ်ပယ်ကို ချဲ့ထွင်လာနိုင်ခဲ့သည်။
အေအေသည် တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့အတွက် အန္တရာယ်ဖြစ်သောကြောင့် ယင်းကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ကြောင်း အစိုးရက၏ထုတ်ပြန်ချက်ကြောင့် တိုင်းရင်းသားရခိုင်များအတွက် ရွေးချယ်စရာနည်းပါသွားခဲ့သည်။
အေအေကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရန် ကြိုးပမ်းမှုနောက်ကွယ်တွင် တပ်မတော်ရှိနေသော်လည်း အကြမ်းဖက်အဖြစ်သတ်မှတ်ရန် နောက်ဆုံးဆုံးဖြတ်ချက်ချမှတ်ရန်မူ အစိုးရ၏ထောက်ခံချက်လိုအပ်နေကြောင်းကို သိထားရန်လိုအပ်သည်။
အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်သတ်မှတ်လိုက်ခြင်းကြောင့် အစိုးရသည် ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ပြတ်ပြတ်သားသားရပ်တည်နိုင်တော့မည်ဖြစ်ကြောင်း တပ်မတော်၏ပြောခွင့်ရှိသူက ပြောဆိုခဲ့ကြောင်း လွတ်လပ်သောအာရှအသံ(အာရ်အက်ဖ်အေ) က ဖော်ပြခဲ့သည်။
စစ်တပ်နှင့် အစိုးရသည် ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေများကြောင့် တင်းတင်းကျပ်ကျပ်ပြင်းပြင်းထန်ထန်လုပ်ဆောင်ရန် လိုအပ်ကြောင်း ထောက်ခံရန် ကြိုးပမ်းနေခြင်းဖြစ်ပါသလား။ အဲဒီလိုကြိုးပမ်းနေခြင်းဖြစ်သည်ဆိုပါက မှားယွင်းသော မဟာဗျူဟာဖြစ်သွားပါလိမ့်မည်။ အကြောင်းမှာ အေအေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် တိုက်ခိုက်မှုများအတွင်း အခြားနိုင်ငံတကာစည်းမျဉ်းများ၊ စံနှုန်းများကို ချိုးဖောက်ခြင်းတို့ကို ချက်ချင်းဆိုသလို လုပ်ဆောင်ခွင့်ရရှိသွားတာ မဟုတ်သောကြောင့်ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ပြဿနာပမာဏပိုမိုကြီးမားလာချိန်တွင် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့( အာဆီယံ)သည် ရခိုင်ပြည်နယ်အရေးတွင် အလေးအနက်ပါဝင်ရန် တွန့်ဆုတ်နေခြင်းက အခြေအနေအချိန်အခါနှင့် မကိုက်ညီကြောင်း ပိုမိုသိသာထင်ရှားလာခဲ့သည်။ အာဆီယံချာတာတွင်လည်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားပြီး ကာကွယ်စောင့်ရှောက်မည် ဆိုသည့် အချက်လည်းပါဝင်သောကြောင့် အာဆီယံ၏တွန့်ဆုတ်မှုမှာ လက်မခံချင်စရာရှိလာခဲ့သည်။
သို့သော် ကံကောင်းထောက်မစွာပင် ရခိုင်ပြည်နယ်အရေးတွင် အာဆီယံ လက်ပိုက်ကြည့်မနေရန် တောင်းဆိုမှုများရှိနေပြီဖြစ်သည်။
ရိုဟင်ဂျာ အကျပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် အခြားတစ်နေရာ၌ လုပ်ဆောင်နေချိန်တွင် ဒေသဆိုင်ရာအဖွဲ့သည် အသာလေးလက်ပိုက်ကြည့်နေသည့် အဖွဲ့ဖြစ်လာနိုင်ခြေများနေကြောင်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အစိုးရများကော်မရှင်၏ မလေးရှားဆိုင်ရာကိုယ်စားလှယ် မစ္စတာ အဲရစ် ပေါ်လ်ဆင်ကပြောဆိုခဲ့သည်။
အာဆီယံသည် ဖိအားပေးမှုမပါဝင်ဘဲ အပျော့နည်းဖြင့် သံတမန်ရေးအရ လုပ်ဆောင်မှုနှင့်အတူ လက်ရှိ လူသားချင်းစာနာထောက်ထားအကူအညီပေးသည့် ချဉ်းကပ်မှုသည် မထိရောက်ခဲ့သောကြောင့် ရခိုင်ပြည်နယ်ရှိ ပြဿနာများ၏အကြောင်းအရင်းကို ဖြေရှင်းရေးအတွက် ပိုမိုတင်းမာပြတ်သားသော နိုင်ငံရေးအရဆန္ဒပြင်းပြမှုနှင့် နှစ်မြုပ်လုပ်ကိုင်မှုတို့ကို ပြသရန်လိုအပ်ကြောင်း သူက အကြံပြုသည်။
ရိုဟင်ဂျာများ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်မှုသည် အလျင်လိုနေသလို ဘက်တစ်ဘက်တည်းက ရှုမြင်လုပ်ဆောင်မှုလည်းဖြစ်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရွမ်ယာက The Diplomat ၌ မတ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတွင် ရေးသားထားသည်။ အာဆီယံသည် ရခိုင်ပြည်နယ်အရေးတွင် မြန်မာအစိုးရဘက်မှ ပြောဆိုမှုတစ်ခုတည်းကိုသာ လုံးဝလက်ခံထားကြောင်း သူက ကောက်ချက်ချခဲ့သည်။ ထိုင်းနိုင်ငံရေးအတိုက်အခံများကလည်း ပိုမိုထိရောက်သော မဟာဗျူဟာကိုလိုအပ်ကြောင်း ပြောဆိုခဲ့ကြပြီးဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများ မြန်မာသို့ ပြန်လာရေးအတွက် မြန်မာအစိုးရက ထုတ်ပြန်ထားသည့် အစီအစဉ်ကို အာဆီယံနိုင်ငံများက ထောက်ခံခဲ့ကြပြီးဖြစ်သည်။ သို့သော် ရခိုင်ပြည်နယ်တွင်းရှိ လက်ရှိအခြေအနေများကြောင့် နေရပ်ပြန်လာရေးမဖြစ်နိုင်သေးသလို ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာများကလည်း သူတို့၏အခွင့်အရေးနှင့် လုံခြုံမှုအတွက် အာမခံချက်မရဘဲ မပြန်လိုကြောင်း ပြောဆိုထားပြီးဖြစ်သည်။
ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ တိမ်းရှောင်ခဲ့ရသည့် မူရင်းအကြောင်းတရားကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ နေရပ်ပြန်လာရန် လုပ်ဆောင်မှုသည် အဓိပါ္ပယ်မရှိချေ။ ၁၉၇၀ ပြည့်နှစ်ကျော်ကာလများကတည်းက ဆန္ဒမပါဘဲ နေရပ်ပြန်လာခဲ့သည့် ရိုဟင်ဂျာများသည် အဆိုးကျော့သံသရာလည်ခဲ့ပြီးဖြစ်ကြောင်း သိရှိခဲ့ကြပြီးဖြစ်သည်။
အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများက ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို ကြိုဆိုရမည်ဖြစ်သော်လည်း အာဆီယံ၏လုပ်ဆောင်မှုတွင် ရိုဟင်ဂျာများ၏အခြေအနေအပါအဝင် ရခိုင်ပြည်နယ်ရှိ အကျပ်အတည်းများ၏ အကြောင်းရင်းများကို ကိုင်တွယ်သည့် အကူအညီမပါဝင်ပါက ကူညီမှုများ အလဟဿဖြစ်သွားလိမ့်မည်ဖြစ်သည်။
မြန်မာအစိုးရက ရခိုင်ပြည်နယ်ရှိ အကျပ်အတည်း၏အကြောင်းအရင်းခံများကို ကိုင်တွယ်ရာတွင် အာဆီယံက ကူညီခြင်းမရှိပါက အခြေအနေများ ပိုမိုဆိုးရွားသွားလိမ့်မည်ဖြစ်သည်။ ရခိုင်ပြည်နယ်ကို နေရပ်အဖြစ် သတ်မှတ်ထားသူများအား တန်းတူဆက်ဆံပြီး လူမျိုးရေးခွဲခြားသည့် စနစ်ကို ဖျက်သိမ်းကာ နိုင်ငံသားဖြစ်ခွင့်ပြန်လည်ပေးအပ်၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်သူများအား ၎င်းတို့လုပ်ရပ်များအတွက် တာဝန်ခံစေခြင်းဖြင့်သာ ဒေသတွင်း ငြိမ်းချမ်းရေး၊လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကထည့်ဝင်သယ်ပိုးရာရောက်ပေလိမ့်မည်။
COVID-19 ကိစ္စကို အာဆီယံခေါင်းဆောင်များ အာရုံရောက်နေချိန်တွင် မြန်မာကို ယခုကူညီရန်ကိုလည်း မေ့မထားသင့်ချေ။
ရခိုင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပြီး သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လူသားချင်းစာနာထောက်ထားအကူအညီများ ချက်ချင်းရောက်ရှိရေးအတွက် အာဆီယံခေါင်းဆောင်များသည် ၎င်းတို့၏လုပ်ပိုင်ခွင့်ကို အသုံးချရမည်ဖြစ်သည်။ လက်ရှိ ကမောက်ကမမှုများ၊ လူသားချင်းစာနာထောက်ထားမှုဘေးတို့သည် စိတ်တုန်လှုပ်ဖွယ်ရာရှိနေပြီး အကျိုးဆက်များသည် နိုင်ငံနယ်စပ်များကိုပင် ကျော်လွန်သွားနိုင်သည်။
အာဆီယံခေါင်းဆောင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး၏မကျေနပ်မှုများ၊ ထိခိုက်နစ်နာရမှုများကို ထည့်သွင်းစဉ်းစားပေးသည့် အားလုံးလက်ခံသော သဘောတူညီမှုရရှိရေးအတွက် ၎င်းတို့၏လုပ်ပိုင်ခွင့်ကိုအသုံးချကာ အားလုံးအတွက် ငြိမ်းချမ်းပြီး ကြွယ်ဝချမ်းသာမှုရှိသော အနာဂတ်ရှိလာရေးအတွက် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အဆိုပြုချက်များကိုလည်း အသုံးပြုသင့်ပေသည်။

သက်အေး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.