ရခိုင်မြောက်ပိုင်း၌ ဒုက္ခသည်များ ပြန်လာရေး အလားအလာ မှေးမှိန်နေဆဲ

နိုင်ငံသားဖြစ်ခွင့် အာမခံချက်နှင့်ပတ်သက်၍ အာမခံချက်မရှိဘဲ လုံခြုံရေးအတွက်လည်း စိတ်ပူနေကြသဖြင့် ဒုက္ခသည်များ အစုလိုက်အပြုံလိုက် နေရပ်ပြန်လာကြမည့် အလားအလာမှေးမှိန်နေဆဲဖြစ်သည်။

ဆုမြတ်မွန် ရေးသားသည်။

ကျယ်ပြောလှသော လှဖိုးခေါင် ဒုက္ခသည်ယာယီစခန်းကြီးသည် ဒုက္ခသည် ပြန်လည်လက်ခံရေးအစိုးရ ကြိုးပမ်းမှု၏ ဗဟိုအချက်အချာ ပြယုဂ်အဖြစ် တွေ့မြင်နေရသည်။ မြန်မာအစိုးရ၏ အသင့်ပြင်ဆင်ထားမှုနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရန် သန္နိဋ္ဌာန်ချထားမှုကို ဖော်ပြနေသော ထင်ရှားသောလက္ခဏာ ပြယုဂ်ပင်ဖြစ်သည်။ လှဖိုးခေါင်စခန်းရှိ ထာဝရနီးပါး နေထိုင်နိုင်သည့် နေအိမ်တန်းများသည် ပြန်လာသူ ၃၀,၀၀၀ နီးပါးကို လက်ခံနိုင်သည်။ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာလိုသူများသည် ကြိုဆိုလက်ခံရေးစခန်း ၂ ခု အနက်တစ်ခုခုမှ ဝင်ရောက်လာပြီး ထိုလှဖိုးခေါင်စခန်းသို့ ပို့ဆောင်မည်ဖြစ်သည်။

နေအိမ်များကို အထပ်သားဖြင့် ဆောက်လုပ်ထားသည်ဖြစ်ရာ မိုးများစွာရွာသော ရခိုင်ပြည်နယ်လိုနေရာမျိုးတွင် ခံနိုင်ရည်ရှိမည့်ပုံ မပေါ်ချေ။ အထပ်သားပေါ်မှ ဆေးများကွာကျနေပြီး မိုးရေကြောင့် ပျက်စီးနေသော အတွင်းသစ်သားကို မြင်တွေ့နေရသည်။ အိမ်တစ်လုံးတွင် အထပ်သားတံခါးမှာ ဟင်းလင်းပွင့်နေသည်။ အထပ်သားက ကြွ၍ ကွေးလာရာ တံခါးမှာ စေ့၍ ရနိုင်တော့မည် မဟုတ်ပေ။

အဆောက်အဦးများ၏ အခြေအနေကို မေးကြည့်ရာ စခန်းဒါရိုက်တာဦးစိုးရွှေအောင်က ပျက်နေသောအိမ်များကို ပြုပြင်နေသည်ဟုသာ ပြောကြားသည်။ သို့သော် အိမ်တွေအားလုံးကို Frontier က မကြည့်ရှုနိုင်ခဲ့ပေ။ သတင်းထောက်များ အလွယ်တကူမြင်နေရသော စခန်းအစွန်ရှိ အိမ်များကမူ ရာသီဥတုဒဏ်ကို အဆိုးဆုံးခံထားကြရပုံပေါ်နေသည်။ အဆောက်အဦးများ၏ စိတ်မကောင်းစရာအခြေအနေမှာ ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်၏ အခြေအနေနှင့် အလားတူပင် ဖြစ်၍နေသည်။ အချိန်တွေကုန်၊ ငွေတွေကုန်၊ လူတွေပင်ပန်းခဲ့ရသလောက် အကျိုးရလဒ်ကတော့ မဆိုစလောက်သာ ရရှိခဲ့လေသည်။

အသစ်တိုးလာသော အိမ် ၉၀ လုံးခန့်ကိုလည်း တွေ့မြင်ရသည်။ မိသားစုတစ်စုစာအတွက် ပုံစံထုတ်ဆောက်လုပ်ထားသော ပြောင်းရွှေ့နိုင်သည့် အကြမ်းခံအိမ်လေးများ ဖြစ်သည်။ တရုတ်နိုင်ငံက အကူအညီအဖြစ် ပေးပို့သော ထိုအိမ်များကို စီးပွားရေးဇုံ တည်ဆောက်မည့်နေရာအနီး ကညင်ချောင်းဆိပ်ကမ်းတွင် သဘောကြီးများပေါ်မှ ချပေးနေသည်ကိုလည်း တွေ့ခဲ့ရသည်။ ဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ်တွင် တရုတ်၏ လွှမ်းမိုးမှုများ တိုးလာနေသည့် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ ယခုလိုအိမ်မျိုး အလုံး ၁၀၀၀ ခန့်ထပ်ရောက်လာဦးမည်ဟု အစိုးရက မျှော်လင့်ထားကြောင်း ဦးစိုးရွှေအောင်က ပြောကြားခဲ့သေးသည်။ “ဒုက္ခသည်တွေ ပြန်ရောက်လာရင် သူတို့ကို ရဲတွေက အကာအကွယ်ပေးပြီး သေချာစောင့်ရှောက်ထားမှာပါ” ဟု ၎င်းကပြောပါသည်။

တရုတ်အစိုးရက ပေးအပ်ထားသည့် နေအိမ်များ။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

တရုတ်အစိုးရက ပေးအပ်ထားသည့် နေအိမ်များ။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ဘင်္ဂလားဒေရှ့်တွင် ရောက်ရှိနေသော ရိုဟင်ဂျာမွတ်ဆလင် ၇၂၀,၀၀၀ အနက် တစ်ဦးတစ်ယောက်မှ နေရပ်ပြန်ကြမည့် လက္ခဏာ မမြင်တွေ့ရသေးပေရာ လှဖိုးခေါင်စခန်းရှိ နေအိမ်များ မည်သို့အခြေအနေတွင် ရှိသည်ဖြစ်စေ၊ နေမည့်သူမရှိသေးသဖြင့် စိတ်ပူရန် မလိုသေးပေ။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလ နှောင်းပိုင်းတွင် ရရှိခဲ့သော နှစ်ဖက်သဘောတူညီချက်အရ စစ်ဆေးပြီးသော ဒုက္ခသည် ၂,၂၀၀ အား နိုဝင်ဘာ ၁၅ ရက်တွင် နေရပ်ပြန်ဖို့ စီစဉ်ထားခဲ့သည်။

မြန်မာအစိုးရက တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ အထိ လက်ခံရန် သဘောတူထားသည်။ သို့သော် စစ်ဆေးပြီးသူများထဲမှ တစ်ဦးတစ်ယောက်မျှ မြန်မာနိုင်ငံသို့ ပြန်မလာကြသေးသလို ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း မပြန်လိုသူများကို ဇွတ်အတင်းမပြန်ခိုင်းရန် ဆုံးဖြတ်ထားသည်။

ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများကလည်း ရခိုင်မြောက်ပိုင်းအခြေအနေမှာ ဒုက္ခသည်များ ဘေးကင်းကင်းနှင့် သိက္ခာရှိရှိပြန်ရန် မသင့်တော်သေးဟု သတိပေးပြောဆိုနေသည်။ ၂၀၁၇ ခုနှစ် နှောင်းပိုင်းတွင် ARSA စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး တုန့်ပြန်လုပ်ဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံမှ တစ်ဘက် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားကြသူများမှာ အများစုဖြစ်ကြသည်။

အစိုးရ၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံအခြေစိုက်မီဒီယာများ၏ ရခိုင်မြောက်ပိုင်း လေ့လာရေးခရီးအဖြစ် နိုဝင်ဘာလအတွင်းက လှဖိုးခေါင်စခန်းသို့  Frontier က ရောက်ရှိချိန်တွင် စခန်းတစ်ခုလုံး လူသူကင်းမဲ့လုနီးပါး တိတ်ဆိတ်လျက်ရှိသည်။ စခန်းအရာရှိများမှလွဲ၍ လက်တဆုပ်စာ မူဆလင်အမျိုးသားတစ်စုကိုသာ အိမ်သာများအနီးတဝိုက်တွင် ဝိုင်းစုထိုင်နေသည်ကို တွေ့ရသည်။ အသက် ၂၅ ရှိ နော်ဂမောလာဆိုသူက အင်းဒင်ရွာမှ လာသူဖြစ်ကြောင်း ပြောပြသည်။ ထိုရွာမှာ နာမည်ဆိုးဖြင့် ကျော်ကြားနေသောရွာ ဖြစ်သည်။ ထိုရွာမှ ရိုဟင်ဂျာ ၁၀ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်ခဲ့သည်ကို ရိုက်တာသတင်းထောက် ၂ ဦး၏ စုံစမ်းဖော်ထုတ်ချက်အရ သိရှိခဲ့ရသည်။ ထိုသတင်းထောက် ၂ ဦးမှာ ယခုအခါ ထောင်ကျလျက်ရှိသည်။

သို့သော် ထိုအခင်းဖြစ်ပွားချိန်က ထိုရွာတွင် ၎င်းရှိမနေဟု နောဂမောလာကဆိုသည်။ မြန်မာနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုကြောင့် ၁၉၄၇ လူဝင်မှုကြီးကြပ်ရေးဥပဒေ ပုဒ်မ ၁၃ (၁) အပါအဝင် ပြစ်မှုအမျိုးမျိုးဖြင့် ၂၀၁၂ ခုနှစ်တွင် ၎င်း ထောင်ကျခဲ့သည်။ ဗူးသီးထောင်အကျဉ်းထောင်တွင် ၅ နှစ် ကျော်နေခဲ့ရပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့သည်။

သို့သော် သူထောင်က လွတ်လာချိန်တွင် သူ့မိသားစုမှာ မြန်မာနိုင်ငံ၌ မရှိတော့ပေ။ သူထောင်မှ လွတ်မလာမီ လအနည်းငယ်အကြာ၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ARSA အကြမ်းဖက်တိုက်ခိုက်မှုဖြစ်အပြီး မကြာမီမှာပင် သူ့မိသားစုမှာ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း သိခဲ့ရသည်။

သူ့ရွာ၏ မူဆလင်ဘက်ခြမ်းမှာလည်း ပျက်စီး၍နေပြီစြဖ်သည်။ “ကျွန်တော်သူတို့နဲ့လည်း အဆက်အသွယ် မရတော့ပါဘူး။ သူတို့ ဘယ်တော့ပြန်လာမယ်ဆိုတာလဲ မသိနိုင်တော့ပါဘူး” ဟု ၎င်းက ပြောသည်။

နေရပ်ပြန်ရေးအတွက် အဓိကအဟန့်အတားမှာ နိုင်ငံသားဖြစ်ခွင့်ရရေးပင် ဖြစ်သည်။ ပြန်လာသူများသည် အစိုးရ၏ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ် (NVC) အစီအစဉ်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ထိုမှတဆင့် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားမှုကို စဉ်းစားမည်ဖြစ်သည်။

 ပြန်လာသူများသည် အစိုးရ၏ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ် (NVC) အစီအစဉ်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ပြန်လာသူများသည် အစိုးရ၏ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ် (NVC) အစီအစဉ်တွင် စာရင်းသွင်းရမည်ဖြစ်သည်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့်လျှောက်လွှာများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနက  သုံးသပ်စစ်ဆေးမည်ဖြစ်သည်။

နိုင်ငံသားဖြစ်ခွင့်လျှောက်လွှာကို စိစစ်ခြင်းက အချိန်မည်မျှကြာမည်ဆိုသည်ကို ခန့်မှန်း၍ မရနိုင်ဟု မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောသည်။

“ဒီလုပ်ငန်းစဉ်က အချိန်ယူရမယ်။ ဒီကိစ္စက အမျိုးသားလုံခြုံရေးနှင့် ပတ်သက်နေတော့ တစ်ထိုင်တည်းနဲ့ ဆုံးဖြတ်လုပ်လောက်အောင် လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူး” ဟု ၎င်းကပြောသည်။

ရိုဟင်ဂျာခေါင်းဆောင်များကမူ NVC လုပ်ငန်းစဉ်ကို ငြင်းပယ်ထားကြသည်။ မြန်မာအစိုးရက နိုင်ငံသားအခွင့်အရေး အပြည့်အဝပေးမှသာ နေရပ်ပြန်မည်ဟု ဆိုကြသည်။ “နိုင်ငံသားဖြစ်ခွင့် အပြည့်အဝပေးရေးအတွက် မြန်မာအစိုးရ အဆက်ဆက်ပေးခဲ့ကြတဲ့ ကတိတွေကို ဘယ်တော့မှ အကောင်အထည်ဖော်ခဲ့ကြတာ မဟုတ်ပါဘူး” ဟု Arakan Rohingya Society for Peace & Human Rights အဖွဲ့၏ အောက်တိုဘာ ၃၁ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဒုက္ခသည်များ၏ တောင်းဆိုချက်များမှာ နိုင်ငံသားဖြစ်မှု ဥပဒေနှင့် မကိုက်ညီဟု ပြောကြားသည်။

“သူတို့တောင်းဆိုနေကြတာတွေဟာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့အားလုံးကို နိုင်ငံသားပေးရမယ်ဆိုတဲ့ တောင်းဆိုမှုဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ တောင်းဆိုမှုဘဲ” ဟု ၎င်းကပြောသည်။

“အစိုးရမှတ်တမ်းတွေအရ မောင်းတောခရိုင်မှာ ယခင်ကလူဦးရေ ရှစ်သိန်းကျော်ပဲ ရှိတယ်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်နောက်ပိုင်း စွန့်ခွာသွားတဲ့ လူဟာ သုံးသိန်းလောက်ပဲရှိတယ်လို့ အစိုးရက ယုံကြည်ထားတယ်။ UNHCR က ပြောနေတဲ့ ၇၂၀,၀၀၀ ဆိုတဲ့ ကိန်းဂဏန်းထက် အများကြီး လျော့နည်းပါတယ်” ဟု ဦးစိုးအောင်ကပြောသည်။

“၂၀၁၆ ခုနှစ်က ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့လူတွေရဲ့ အသေးစိတ်အချက်အလက်တွေ အစိုးရမှာရှိပါတယ်။ အဲဒီလူတွေကိုပဲ ပြန်လာဖို့ လက်ခံမှာပါ။ ဒီလူတွေအားလုံး မြန်မာပြည်က မဟုတ်ကြတာတော့ သေချာပါတယ်” ဟုလည်း ၎င်းကပြောသည်။

ပြန်လာသူများမှာ လှဖိုးခေါင်ယာယီစခန်းတွင် တစ်လအထိ နေထိုင်ကြရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့၏ မူလနေရာသို့ ပြန်၍ နေထိုင်ခွင့်ပြုမည်ဟု ဦးစိုးအောင်ကပြောသည်။

သို့သော် ၎င်းတို့၏ နေအိမ်များရှိသေးမှသာ ၎င်းတို့ ပြန်နိုင်ကြမည်ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ နောက်ပိုင်းကာလများအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မူဆလင်အများစုနေထိုင်ကြသော ရာနှင့်ချီသည့် ရွာများ  ဖျက်ဆီးခံခဲ့ရသည်။ အကြွင်းအကျန်များကိုလည်း ဘူဒိုဇာဖြင့် ထိုးကာရှင်းလင်းခဲ့ကြသည်။ တချိန်က မူဆလင်ရွာများတွင် ယခုအခါ ရဲစခန်းများ တည်ဆောက်ထားကြပြီဖြစ်သည်။ နေအိမ်ဖျက်ဆီးခံရသူများကို အနီးဆုံးဒေသတွင် အစိုးရက သတ်မှတ်ချထားသောနေရာများသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။

“အခုချိန်ထိ ၁၂ နေရာ တည်ဆောက်ပြီးပြီ” ဟု ဦးစိုးအောင်ကပြောသည်။ “အစိုးရက ဆောက်ပေးတဲ့အိမ်မကြိုက်ရင် ကိုယ့်အိမ်ကိုယ် ဆောက်နေကြရပါမယ်” ဟုလည်း ၎င်းက ပြောသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လနှောင်းပိုင်းက စတင်ကာ လူ ၅,၀၀၀ ခန့် ရောက်ရှိနေထိုင်သည့် နေရာတွင်လည်း ကလေးများက နေပူထဲ၌ ဆော့ကစားနေကြသည်။ No Man’s Land ဟု ခေါ်ဆိုကြသည့်ထိုနေရာသည် မြေကွက်လေးသာဖြစ်ပြီး မြန်မာအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသော်လည်း နယ်စပ်စည်းရိုး၏ အပြင်ဘက်တွင် ရှိနေသည်။

နယ်စပ်ခြံစည်းရိုးအပြင်ဘက်တွင် နေထိုင်သူများထဲမှ တစ်ဦးဖြစ်သည့် မိုဟာမက်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

နယ်စပ်ခြံစည်းရိုးအပြင်ဘက်တွင် နေထိုင်သူများထဲမှ တစ်ဦးဖြစ်သည့် မိုဟာမက်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ထိုနေရာတွင် နေထိုင်နေသည့် အသက် ၅၂ နှစ်အရွယ် ဒီးမိုဟာမက်ဆိုသူက ၎င်းသည် မူလက ထိုနေရာမှ ငါးကီလိုမီတာခန့်ဝေးသော မေဒီရွာတွင် နေထိုင်ခဲ့သည်ဟု ပြောသည်။ ထိုနေရာတွင် အခြေအနေများ ဆိုးဝါးလှပြီး နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ပေးကမ်းနေသော စားနပ်ရိက္ခာဖြင့်သာ အသက်ရှင်နေကြရသည်။

မြန်မာပြည်သို့ ပြန်လိုသော်လည်း ၎င်းတို့၏ လုံခြုံရေးနှင့်ရပိုင်ခွင့်များအတွက် အာမခံမှုလိုအပ်ကြောင်း ၎င်းတို့က ပြောသည်။ “ဘယ်သူမှ ဒီမှာ ကြာရှည်မနေချင်ကြပါဘူး။ နေ့စဉ်ဘဝ နေထိုင်ဖို့တောင် အခက်အခဲတွေရှိပါတယ်။ ဒါပေမဲ့ အနည်းဆုံး ဒီမှာက ဘေးကင်းလုံခြုံတယ်” ဟု မိုဟာမက်က ပြောသည်။

NVC စနစ် မဖျက်သေးသရွေ့ ပြန်လာမည်မဟုတ်ဟုလည်း ၎င်းကပြောသည်။ “ပြန်လာဖို့ စာရင်းသွင်းလိုက်ရင် နိုင်ငံခြားသား ဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံသားတွေပါ။ ကျွန်တော်တို့ အမေ၊ အဖေ၊ အဖိုး၊ အဖွားတွေအားလုံး ဒီနိုင်ငံသားတွေပါ” ဟု ၎င်းကပြောသည်။

ထို့ပြင် မြန်မာပြည် ပြန်ရောက်ချိန်တွင် ၎င်းတို့အား ARSA အဖွဲ့ဝင်များ၊ ARSA အဖွဲ့ ထောက်ခံသူများအဖြစ် ရုံးတင်တရားစွဲ ခံရမည်ကိုလည်း စိုးရိမ်နေကြသည်။

“ကျွန်တော်တို့ ARSA အဖွဲ့ကို မကြိုက်ဘူး။ ဘယ်သောင်းကျန်းသူ အဖွဲ့ကိုမှလည်း မကြိုက်ဘူး။ ကျွန်တော်တို့ အေးအေးချမ်းချမ်းပဲ နေချင်ပါတယ်။ ကျွန်တော်တို့ သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ကိုလည်း ပြောပေးပါ။ ကျွန်တော်တို့ လိုအပ်ချက် အခွင့်အရေးတွေ ဖြည့်ဆည်းပေးပြီး ကျွန်တော်တို့ကို အိမ်ပြန်ခေါ်ပါ” ဟု မိုဟာမက်က ပြောသည်။

မောင်တောခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးရဲထွဋ်ကမူ နေပြည်တော်မှ အခြား ညွှန်ကြားချက်တစုံတရာ မရမချင်း ဒုက္ခသည်များ ပြန်ဝင်အလာကို စောင့်နေရမည်သာဖြစ်သည်ဟု ပြောသည်။ “တစ်ယောက်မှ ပြန်မလာကြသေးပေမယ့် ကျွန်တော်တို့ကတော့ အဆင်သင့် ဆက်စောင့်နေလျက်ပဲ” ဟု ၎င်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- လှဖိုးခေါင်စခန်းမှ ပျက်စီးစပြုနေပြီဖြစ်သည့် နေအိမ်တန်းလျားများကို ပြီးခဲ့သည့်နှစ်အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ-စတိဗ်တစ်ခ်နာ

ြိဖိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.