ရခိုင်ပြည်နယ်တွင် နေအိမ်များ ဆက်လက်မီးရှို့ခံနေရပြီး လူပေါင်း ၃၀,၀၀၀ ခန့် ထွက်ပြေးနေရဟုဆို

ရခိုင်ပြည်နယ်တွင် ကျေးရွာများ ထပ်မံမီးရှို့ခံထားရသည်ကို တွေ့ရှိရသည်ဟု ဂြိုလ်တုဓာတ်ပုံများကို ကိုးကားပြီး လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ပြောကြားလိုက်သလို လူပေါင်း ၃၀,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်ဟု အေအက်ဖ်ပီ သတင်းဌာနက နိုဝင်ဘာ ၂၁ ရက်နေ့က ရေးသားထားသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ နေထိုင်သည့် ကျေးရွာများရှိ အိမ်ခြေ ၁,၀၀၀ ကျော် မီးရှို့ခံထားရသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားပြီး ထိုဖြစ်စဉ်မှာ အစိုးရက ငြင်းဆိုပြောကြားနေမှုနှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်ဟုလည်း ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တော်နှင့် ဘူးသီးတောင်မြို့နယ်များရှိ နယ်ခြားစောင့်ရဲစခန်းများ အလစ်ဝင်ရောက် တိုက်ခိုက်ခံရကာ ရဲတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရပြီးနောက် အဆိုပါ ဒေသတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြည်ပနိုင်ငံများနှင့် အဆက်အသွယ်ရှိသည့် ရိုဟင်ဂျာအကြမ်းဖက်သမားများက ကျူးလွန်ခြင်းဖြစ်သည်ဟု အစိုးရက စွပ်စွဲထားသည်။

ဘင်္ဂလားဒေရှ့်နှင့် နယ်နိမိတ် ဆက်စပ်နေပြီး ရိုဟင်ဂျာ မူဆလင်အများစု နေထိုင်သည့် အဆိုပါဒေသသို့ ဝင်ထွက်သွားလာခွင့်ကို တပ်မတော်က ထိန်းချုပ်ထားပြီး ရဲစခန်းများအား တိုက်ခိုက်ရာတွင် ပါဝင်သူများကို ရှာဖွေဖမ်းဆီးမှုများ ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးများအတွင်း မသင်္ကာသူ ၄၀၀ ခန့်ကို ဖမ်းဆီးထားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်သူ ၇၀ ခန့် သေဆုံးခဲ့သည်ဟု အစိုးရသတင်းဌာနများက ရေးသားထားသည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကမူ သေဆုံးသူအရေအတွက်မှာ အစိုးရက ပြောကြားသည်ထက် ပိုမိုများပြားဖွယ်ရှိသလို အစိုးရတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာကျေးရွာများတွင် နေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လုယက်ခြင်းနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းများ ကျူးလွန်ခဲ့ကြသည်ဟု စွပ်စွဲထားကြသည်။

ထိုစွပ်စွဲချက်များကို အစိုးရက ငြင်းဆိုထားကာ အစိုးရနှင့် ဒေသခံများအကြား နားလည်မှု လွဲမှားစေရန်အတွက် စစ်သွေးကြွများက နေအိမ်များကို မီးရှို့ခဲ့ကြခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။ အစိုးရအပေါ် စွပ်စွဲမှုများမှာ သတင်းမှားများ ဖြန့်ချိသည့် ကွန်ယက်၏ ဆောင်ရွက်မှု တစ်စိတ်တစ်ဒေသ ဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံးက ပြောကြားခဲ့သည်။

နေအိမ်များ မီးလောင်မှု ဖြစ်ပွားရာတွင်လည်း တပ်မတော်က ကူညီငြှိမ်းသပ်ပေးလေ့ရှိသလို အစိုးရနှင့် တပ်မတော်တို့က မြေပြင်ကွင်းဆင်း စစ်ဆေးမှုအရ HRW ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသော မီးလောင်သည့် နေအိမ်အရေအတွက်များမှာလည်း မှန်ကန်မှု မရှိကြောင်း အစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သို့သော် အဆိုပါဒေသတွင် နေအိမ်များ ထပ်မံဖျက်ဆီးခံခဲ့ရသည့် သက်သေအချက်အလက်များ ပိုမိုများပြားလာသည်ဟု HRW က နိုဝင်ဘာ ၂၁ ရက်နေ့တွင် ထပ်မံ ထုတ်ပြန်ခဲ့သည်။

ဂြိုလ်တုဓာတ်ပုံများကို လေ့လာမှုအရ နိုဝင်ဘာ ၁၀ ရက်မှ ၁၈ ရက်အတွင်း ကျေးရွာများမှ အဆောက်အဦး ၈၂၀ လုံး ဖျက်စီးခံခဲ့ရသည်ဟု HRW က နိုဝင်ဘာ ၂၁ ရက်နေ့က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။

အစိုးရတပ်ဖွဲ့ဝင်များက နယ်မြေပိတ်ဆို့ထားစဉ်အတွင်း အဆောက်အဦး စုစုပေါင်း ၁,၂၅၀ လုံး ဖျက်စီးခံခဲ့ရသည်ဟု HRW ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“စွပ်စွဲမှုတွေကို စစ်အစိုးရလက်ထက်ကလို ငြင်းဆိုတာမျိုးနဲ့ ပြန်လည်တုန့်ပြန်မယ့်အစား အချက်အလက်တွေကို အစိုးရအနေနဲ့ ရိုးရိုးလေးပဲ ကြည့်ရှု သင့်ပါတယ်” ဟု HRW ၏ အာရှဒေသ ဒါရိုက်တာ Brad Adams က ပြောကြားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။

ထို့ပြင် အစိုးရက စစ်ဆင်ရေး စတင်ဆောင်ရွက်ချိန်က စတင်ကာ ရိုဟင်ဂျာ ၃၀,၀၀၀ ခန့်မှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးနေရသည်ဟု ကုလသမဂ္ဂ၏ ပြောကြားချက်ကို ကိုးကားပြီး အေအက်ဖ်ပီက ဆက်လက်ရေးသားထားသည်။

ထွက်ပြေးနေရသူ ထက်ဝက်ခန့်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အစိုးရက ရဟတ်ယာဉ်များပါ အသုံးပြုပြီး တိုက်ခိုက်ခဲ့သည့် နှစ်ရက်တာအတွင်း ထွက်ပြေးခဲ့ကြရသူများဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ထွက်ပြေးသူ ရာပေါင်းများစွာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်သို့ ရောက်ရှိလာကြသည်ဟု ဘင်္ဂလားဒေရှ့်နိုင်ငံမှ ဒေသခံ ရိုဟင်ဂျာအသိုက်အဝန်း ခေါင်းဆောင်များက အေအက်ဖ်ပီကို ပြောကြားကြသည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် လူပေါင်း ၃၀,၀၀၀ ကျော်အတွက် နယ်စပ်များကို ဖွင့်ထားပေးရန် ဘင်္ဂလားဒေရှ့်ကို ကုလသမဂ္ဂက တောင်းဆိုထားသော်လည်း နယ်စပ်ဖြတ်ကျော်လာသည့် လူရာပေါင်းများစွာကို ဘင်္ဂလားဒေရှ့်က တားဆီးခဲ့သည်ဟု အေအက်ဖ်ပီ၏ နိုဝင်ဘာ ၂၁ ရက်နေ့က သတင်းတွင် ဖော်ပြထားသည်။

၁၄၇ မိုင်ရှည်လျားသည့် နှစ်နိုင်ငံ နယ်စပ်တစ်လျောက်တွင် ကင်းလှည့်မှုများကိုလည်း ဘင်္ဂလားဒေရှ့်က တိုးမြှင့်လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

သို့သော် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လူပေါင်း ၁,၀၀၀ ခန့်မှာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာနိုင်ခဲ့ဖွယ်ရှိသည်ဟု ရိုဟင်ဂျာအသိုက်အဝန်း ခေါင်းဆောင်များက ခန့်မှန်းထားကြသည်။

အာဏာပိုင်များက တွေ့ရှိပါက ဖမ်းဆီးပြီး ပြန်လည်စေလွှတ်မည်ကို စိုးရိမ်သည့်အတွက် ထိုသို့ဝင်ရောက်လာနိုင်သူအများစုမှာ တရားဝင်မှတ်ပုံတင်ထားသူ ၃၂,၀၀၀ ခန့်အား ထားရှိသည့် ဘင်္ဂလားဒေရှ့်အရှေ့တောင်ပိုင်းရှိ စခန်းများတွင် ပုန်းအောင်းနေကြသည်ဟုဆိုသည်။

မြန်မာအစိုးရတပ်ဖွဲ့ဝင်များ၏ အနိုင်အထက် ပြုကျင့်ခံရသည့်သတင်းများကို ထွက်ပြေးလာကြသူများထံမှ ကြားသိရသည်ဟု အကူအညီပေးရေးအဖွဲ့များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားသည်။

“ထိပ်လန့် တုန်လှုပ်ဖွယ်ဇာတ်လမ်းတွေကို သူတို့ဆီက ကြားသိခဲ့ရပါတယ်” ဟု နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတစ်ခုမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။

“ဘင်္ဂလားဒေရှ့်ပိုင်နက်ထဲကို ဝင်ခွင့်ရရှိဖို့အတွက် တချို့တွေကို သူတို့ လာဘ်ထိုးခဲ့ရတယ်ဆိုတာလည်း ကျွန်တော်တို့ ကြားခဲ့ရတယ်။ အစိုးရအနေနဲ့ နယ်စပ်ကို ဖွင့်ပေးပြီးတော့ အကူအညီပေးရေး လုပ်သားတွေကို ခွင့်ပြုသင့်ပါတယ်” ဟု ၎င်းကပြောသည်။

မှတ်ပုံမတင်ထားသည့် ရွှေ့ပြောင်းဝင်ရောက်လာသူ ထောင်ပေါင်းများစွာနှင့် မှတ်ပုံတင်ထားသည့် ဒုက္ခသည် ၃၂,၀၀၀ နေထိုင်နေကြသည့် အဆိုပါဒေသတွင် နိုင်ငံတကအကူအညီပေးရေး အဖွဲ့အစည်းများ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ဘင်္ဂလားဒေရှ့်က ကန့်သတ်ထားသည်။

၂၀၁၂ ခုနှစ်က လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည့် လူမျိုးရေးပဋ္ဋိပက္ခများ ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ မူဆလင် ထောင်ပေါင်းများစွာမှာ နေရပ်စွန့်ခွာထွက်ပြေးလာသူများအား ထားရှိသည့် စခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများ ပြန်လည်ဖြစ်ပေါ်လာမှုက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။

ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ၏ ကိုင်တွယ်ဖြေရှင်းနေမှုကို ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီက နိုဝင်ဘာ ၁၈ ရက်နေ့က ဝေဖန်ခဲ့ပြီး အရပ်သားများအား ကာကွယ်ရန် အစိုးရအနေဖြင့် အလ ျှင်အမြန် လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းလိုက်သည်။

စစ်ဆင်ရေးကို ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၎င်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ခွင့်မပေးသင့်ဟုလည်း ၎င်း၏ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

အစိုးရကမူ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက နိုဝင်ဘာ ၁၈ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိုသို့ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မောင်တောဒေသတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်ခံရမှုအပေါ် အဖြစ်မှန် ပေါ်ပေါက် ရေးကို စုံစမ်းစစ်ဆေးရန်၊ စုံစမ်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ နောင် အလားတူ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်သင့်သည့် အစီအမံများ၊ သင်ခန်းစာ ဖော်ထုတ်ချက်များကို လေ့လာ သုံးသပ်တင်ပြရန်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် လက်ရှိ ထောက်ပံ့ကူညီလျက်ရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထိထိရောက်ရောက် ဖြန့်ခွဲပို့ဆောင်နိုင်ရေး တိုးမြှင့် ဆောင်ရွက်သွားမည်ဟုလည်း နိုင်ငံတော်အတိုင်ခံရုံးက သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါဒေသတွင် လုံခြုံရေးအတွက် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အင်အားကို လိုအပ်သလောက်သာ အသုံးပြုနေသည်ဟုလည်း မြန်မာအစိုးရက ပြောကြားထားသည်။

သို့သော် အစိုးရအပေါ် စွပ်စွဲချက်များနှင့် ပတ်သက်ပြီး လွတ်လပ်စွာ လေ့လာစုံစမ်းနိုင်ရန် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် သတင်းထောက်များ အဆိုပါ ဒေသသို့ သွားရောက်ခွင့်ကိုမူ အာဏာပိုင်များက ကန့်သတ်ထားဆဲဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.