ရခိုင်တိုင်းရင်းသားတွေ အမျိုးသားရေးဒီရေ မြင့်တက်လာနေသလား

သမိုင်းရေးဆိုင်ရာ နာကြည်းမှုများ၊ ဗမာလူမျိုးကြီးဝါဒကျင့်သုံးမှုများကလည်း ရခိုင်တိုင်းရင်းသားတို့ အမျိုးသားရေးဒီရေ မြင့်တက်လာစေပြီး အေအေတပ်ဖွဲ့ ပေါ်ပေါက်လာအောင် လှုံဆော်ပေးသလိုဖြစ်ရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

အင်န်အယ်လ်ဒီအစိုးရရဲ့ သက်တမ်းဝက်ကျော် ကာလအတွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိထိရောက်ရောက် တိုးတက်အောင် ဆောင်ရွက်မပြနိုင်သေးသလို ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ မူဆလင်ဒုက္ခသည်တွေ နေရပ်ပြန်လာရေး လုပ်ငန်းစဉ်ကိုလည်း မစတင်နိုင်သေးပါဘူး။

ဒီကြားထဲ အဲဒီပြဿနာ နှစ်ခုစလုံးကို ပိုပြီးဆိုးသွားစေမယ့် ပြဿနာ တစ်ခု ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် တစ်ခုခုဖြစ်စေ၊ NCA တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ်မှာပါ လက်မှတ်မထိုးထားရသေးတဲ့ အေအေ ရခိုင်တပ်ဖွဲ့ကနေ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်ဘက်က ရဲကင်းစခန်း လေးခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ပြဿနာပါပဲ။

မြန်မာတွေရဲ့တိုင်းပြည် နယ်ချဲ့ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေးရခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်ကို ရွေးချယ်တိုက်ခိုက်ခဲ့သလို ရဲတပ်ဖွဲ့ဝင် သေဆုံးမှုကလည်း ၁၃ ယောက်တောင် ရှိခဲ့တာပါ။ တိုက်ခိုက်မှုကို အစိုးရနဲ့ တပ်မတော်ဘက်က အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပြီး သောင်းကျန်းသူချေမှုန်းရေး လုပ်မယ်လို့ ကြေညာပါတယ်။

လွှတ်တော်ထဲမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအမတ်တွေ၊ ရခိုင်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကတော့ အေအေတပ်ဖွဲ့ရဲ့ ရဲစခန်းတိုက်ခိုက်မှုကို ဝေဖန် ကန့်ကွက်တာမျိုး မတွေ့ရပေမဲ့ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် စစ်ရေးလှုပ်ရှားတာကိုတော့ ထောက်ခံအားပေးကြပါတယ်။ နောက်ထပ် ပြောစရာ ဆိုစရာ ဆွေးနွေးစရာ ဖြစ်လာတာကတော့ ရခိုင် အေအေတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတင်းမီဒီယာ တစ်ခုနဲ့အင်တာဗျူးမှာ သူ့အနေနဲ့ လက်ရှိ ဝ လက်နက်ကိုင်တပ်ဖွဲ့က ရယူ တောင်းဆိုနေတဲ့ ကွန်ဖက်ဒရေးရှင်း confederation ပုံစံမျိုးကို ပိုသဘောကျတယ်လို့ ပြောလိုက်တာပါပဲ။

ပြောရရင် ရခိုင်တိုင်းရင်းသားတွေ အမျိုးသားရေး ဒီရေ မြင့်တက်လာနေတာလား၊ ဘာကြောင့် ခုလိုအခြေအနေ ဖြစ်ပေါ်လာရတာလဲ၊ ငြိမ်းချမ်းရေးပြဿနာ ဘယ်လိုအဖြေရှာနိုင်မလဲဆိုတာ လေ့လာဆွေးနွေးကြည့်ကြပါမယ်။

သမိုင်းမှတ်တမ်း မှတ်ရာတွေအရ ရခိုင်တိုင်းရင်းသားတွေဟာ ၁၇၈၄ ခုနှစ်အထိ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေထိုင်ခဲ့ကြတဲ့ ပဒေသရာဇ်မင်းနိုင်ငံ တည်ထောင်နိုင်ခဲ့သူတွေပါ။ အဲဒီနှစ်မှာ ဗမာဘုရင် ဘိုးတော်ဘုရားက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့လို့ ဗမာဘုရင်လက်အောက် ကျရောက်ခဲ့ပါတယ်။ တကယ်တော့ အဲဒီခေတ် အဲဒီအခါက ထီးပြိုင်နန်းပြိုင် ပဒေသရာဇ်ဘုရင်တွေဟာ သူအင်အားကြီးရင် သူတိုက်၊ သူအခွင့်အရေးရရင် သူနယ်ချဲ့ဆိုတာမျိုး အပြန်အလှန် တိုက်ခိုက်နေကြတာဖြစ်ပေမဲ့ ရခိုင်တွေကတော့ အဲဒီနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာပဒေသရာဇ်လက်အောက် ကျရောက်ခဲ့တယ်ဆိုပြီး မှတ်သားထားခဲ့ကြပါတယ်။

နောက် ၁၈၂၄ ခုနှစ် နယ်ချဲ့ဗြိတိသျှက မြန်မာနိုင်ငံအောက်ပိုင်း၊ ရခိုင်နဲ့ တနင်္သာရီနယ်ကို တိုက်ခိုက် သိမ်းပိုက်လိုက်တော့ ရခိုင်တွေက သူတို့အနေနဲ့ နယ်ချဲ့ဗြိတိသျှလက်အောက် ကျရောက်သွားပြီလို့ မှတ်ယူကြပါတယ်။ နောင်တော့ ၁၉၄၈ မှာ တောင်တန်းဒေသက ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီတွေနဲ့ ပင်လုံစာချုပ်ချုပ်ပြီး မြန်မာတနိုင်ငံလုံး လွတ်လပ်ရေးရပါတယ်။

ရခိုင်အမျိုးသားရေးဝါဒီတွေကတော့ နယ်ချဲ့ဗြိတိသျှလက်အောက်ကနေလွတ်ပြီး ဗမာတွေလက် ပြန်ရောက်သွားတယ်လို့ မှတ်ယူကြပါတယ်။ အဲဒီနောက်ပိုင်းတက်လာတဲ့ မြန်မာအစိုးရကို ရခိုင်တိုင်းရင်းသားတွေ လက်နက်ကိုင်စွဲ တိုက်ပွဲဝင်ကြတာရှိပေမဲ့ လက်ဝဲဝါဒလွှမ်းမိုးနေတဲ့ ခေတ်အခါမို့ အမျိုးသားရေးအလံ သိပ်ပြီးမမြင့်မားခဲ့ပါဘူး။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် အစောဆုံး အမျိုးသားရေးအလံ လွှင့်ထူခဲ့ကြတာကတော့ မွန်နဲ့ ကရင် တိုင်းရင်းသားတွေပါ။ အထူးသဖြင့် ကရင်တိုင်းရင်းသားတွေပါ။ သူတို့တွေဟာ နယ်ချဲ့ဗြိတိသျှ အုပ်စိုးခဲ့တဲ့ ခေတ်ကာလတလျောက် သွေးခွဲအုပ်ချုပ်တဲ့စနစ်အရ အရေးပေးခံရတဲ့ တိုင်းရင်းသားတွေဖြစ်ခဲ့ပြီး လက်နက်ကိုင်တပ်ထဲမှာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့ကြသလို ပညာတတ်တွေလည်း အများကြီးပေါ်ပေါက်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ် ဇန်နဝါရီ ၃၁ မှာ အစိုးရကို တော်လှန်တိုက်ခိုက်မှု စတင်ခဲ့ပြီး အဲဒီအချိန်က သူတို့ရဲ့ လိုအပ်ချက်ဟာ လွတ်လပ်တဲ့ ကော်သူးလေနိုင်ငံ တည်ထောင်နိုင်ရေးဖြစ်ပါတယ်။ ပြည်တွင်းမှာ ဗမာအများစုကြီးစိုးတဲ့စစ်တပ်ကို အနိုင်မတိုက်နိုင်တာ၊ သူတို့ရဲ့သီးခြားနိုင်ငံ တည်ထောင်ရေးကို ဗြိတိန်ရော၊ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ထောက်ခံမှုမရခဲ့တာကြောင့် နောင် နှစ်ကာလတွေ ကြာတဲ့အခါ ပြည်ထောင်စုထဲမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတဲ့ ပြည်နယ်တည်ထောင်ဖို့ တောင်းဆိုတဲ့အနေအထား ဖြစ်လာပါတယ်။ ပြောရရင် ၁၉၄၈ နောက်ပိုင်းနှစ်တွေဟာ ကရင်တိုင်းရင်းသားတွေရဲ့ အမျိုးသားရေးဒီရေ မြင့်တက်ခဲ့ချိန်ပါ။

၁၉၆၀ ပြည့်နှစ်ဝန်းကျင်ရောက်လာတဲ့အခါ ပင်လုံစာချုပ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုနိုင်ငံဟာ သူတို့ မျှော်မှန်းသလို ဖြစ်မလာခဲ့ဘူးလို့ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေ ယူဆလာကြပါတယ်။ ပြည်ထောင်စုအတွင်း တန်းတူညီမျှ အခွင့်အရေးရဖို့ အစိုးရကို လက်နက်ကိုင်တော်လှန်ပုန်ကန်ဖို့ ကြိုးစားကြသလို ဥပဒေဘောင်တွင်း ပါလီမန်ထဲကနေ အရေးဆိုဖို့ ကြိုးစားကြပါတယ်။ ပါလီမန်အတွင်း အရေးဆိုဖို့ ကြိုးစားမှုကတော့ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်အာဏာသိမ်းမှု စစ်ဖိနပ်အောက်မှာ ပျက်စီးသွားခဲ့ပါတယ်။

ဒီအတွက် လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်သည်သာ အဓိကဖြစ်လာပြီး အဲဒီအချိန်က ရှမ်းတိုင်းရင်းသားတွေရဲ့ ရည်မှန်းချက်ဟာ လွတ်လပ်တဲ့ ရှမ်းနိုင်ငံတစ်ခု တည်ထောင်ဖို့ ဖြစ်လာသလို ကချင်တိုင်းရင်းသားတွေ အတွက်ကလည်း ကချင်နိုင်ငံ ထူထောင်ရေးပါပဲ။

ပြောရရင် အဲဒီခေတ် အဲဒီအချိန်ဟာ ရှမ်းနဲ့ ကချင်တိုင်းရင်းသားတွေအတွက် အမျိုးသားရေးဒီရေ အမြင့်တက်ဆုံး အချိန်တွေပါပဲ။ ဒါပေမဲ့ ဒါတွေကလည်း အိမ်နီးချင်း တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာ ထောက်ခံမှုမရတာ၊ စစ်ရေးအရလည်း ဗမာ့တပ်မတော်ကို အများကြီး မခြိမ်းခြောက်နိုင်တာကြောင့် နောက်ပိုင်း ပြည်ထောင်စုထဲက ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြည်နယ်အဖြစ် တောင်းဆိုမှုကို လျှော့ချခဲ့တာတွေ့ရပါတယ်။

အခုနောက်ဆုံး အမျိုးသားရေးဒီရေ တက်လာတာကတော့ ရခိုင်တိုင်းရင်းသားတွေပါ။ အေအေတပ်ဖွဲ့ဟာ ကချင်လက်နက်ကိုင်တွေရဲ့ ကေအိုင်အေနယ်မြေထဲမှာ ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ပါတယ်။ စစ်အာဏာရှင်တွေလက်အောက် အဆင်းရဲ အမွဲတေဆုံး ပြည်နယ်တစ်ခုထဲက ရခိုင်ပြည်နယ်မှာ အစိုးရတပ်ကို တော်လှန်တိုက်ခိုက်ဖို့စိတ်ဓာတ်ရော၊ တပ်သားသစ်စုဆောင်းနိုင်ဖို့ အတွက် အရင်းအမြစ်တွေပါ လုံလုံလောက်လောက် ရှိနေပါတယ်။

ရခိုင်ပြည်နယ်နဲ့ တောင်ဖျားကနေ မြောက်ဖျားလောက် ဝေးလံတဲ့ ကချင်ပြည်နယ် ဖားကန့်ဘက်မှာတင် အလုပ်အကိုင်ပြဿနာကြောင့် ရွှေ့ပြောင်းအလုပ်လုပ်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ သိန်းနဲ့ချီရှိနေပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တိုက်ပွဲတွေပြန်ဖြစ်လာလို့ တပ်မတော်ကို စိတ်နာနေတဲ့ ကေအိုင်အေတပ်ဖွဲ့ရဲ့ ပံ့ပိုးမှု၊ ရခိုင်တိုင်းရင်းသားတွေရဲ့ မျိုးချစ်စိတ် ပြန်လည်ရှင်သန်လာမှုနဲ့အတူ အေအေတပ်ဖွဲ့ မြန်မြန်ဆန်ဆန် ကြီးထွားလာပါတယ်။

အခြားတစ်ဖက်မှာတော့ ၂၀၁၀ မှာ စစ်အစိုးရကလုပ်ပေးတဲ့ ရွေးကောက်ပွဲကြောင့် ရခိုင်တိုင်းရင်းသားတွေ နိုင်ငံရေးပါတီထောင်ခွင့်ရပြီး ရခိုင်ပြည်နယ်မှာ အမျိုးသားရေးလှုပ်ရှားမှုတွေလည်း ပြန်လုပ်လာနိုင်ပါတယ်။ အဲဒီအထဲမှာ အရင်စစ်အာဏာရှင်ခေတ်က ပိတ်ပင်ထားခဲ့တဲ့ ရခိုင်ဘုရင့်နိုင်ငံတော်ကျဆုံးခြင်း အထိမ်းအမှတ်ပွဲတွေ ကျင်းပတာမျိုးလည်း ပါပါတယ်။ အဲဒီအချိန် အေအေတပ်ဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ ပြန်အခြေချဖို့ ကြိုးစားရင်း ၂၀၁၅ ခုနှစ်ကစ တပ်မတော်နဲ့တိုက်ပွဲဖြစ်တဲ့ သတင်းတွေထွက်လာပါတယ်။

ထူးခြားတာ တစ်ခုကတော့ အေအေတပ်ဖွဲ့ကို ပြည်ထောင်စုအဆင့် လွှတ်တော်ထဲက ရခိုင်တိုင်းရင်းသားအမတ်တွေ၊ ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ အားလုံးလိုလိုကပါ ထောက်ခံကြပြီး ရခိုင်ပြည်နယ်ထဲ အေအေတပ်ဖွဲ့ အခြေချဖို့ကြိုးစားတာကို သူတို့အမိမြေထဲ သူတို့အခြေချဖို့ကြိုးစားတဲ့ လှုပ်ရှားမှုအဖြစ် ပုံဖော်ပြောဆိုကြပါတယ်။ လက်ရှိအချိန်ဟာ ရခိုင်တိုင်းရင်းသားတွေက သူတို့ရဲ့လွတ်လပ်တဲ့ ဘုရင့်နိုင်ငံတော်ကို ပြန်တမ်းတရင်း အမျိုးသားရေးဒီရေ ပြန်မြင့်တက်လာနေချိန်လို့ ပြောရင်လည်း မမှားပါဘူး။ ဒါကြောင့် အေအေဗိုလ်ချုပ်ထွန်းမြတ်နိုင်လိုမျိုးက ကွန်ဖက်ဒရေးရှင်းပုံစံမျိုး လိုချင်တဲ့အကြောင်း ပြောဆိုလာတာ မဆန်းလှပါဘူး။

ခေတ်အဆက်ဆက် ကရင်တွေ၊ ရှမ်းတွေ၊ ကချင်တွေ၊ ရခိုင်တွေ အဲလိုဖြစ်လာတာ အဆန်းတော့မဟုတ်ပါဘူး။ ၁၉၆၂ အာဏာသိမ်းတက်လာတဲ့ စစ်အာဏာရှင် အစိုးရလက်ထက် နောက်ပိုင်းက စလို့ နိုင်ငံတည်ဆောက်ရေးမှာ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ ပုံစံထက် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားစတဲ့ သမိုင်းမှာသြဇာကြီးခဲ့တဲ့ ဗမာရှင်ဘုရင်တွေရဲ့ရုပ်ထုတွေစိုက်ထူ၊ သမိုင်းတွေ သင်ကြားပေးရင်း ပဒေသရာဇ် ဗမာနိုင်ငံတော်ပုံစံ တည်ဆောက်ခဲ့ကြလို့ပါပဲ။

၁၉၈၈ အာဏာသိမ်းစစ်အစိုးရနောက်ပိုင်း စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာတော့ နဂိုက ပုံသဏ္ဍာန်လောက်ပဲကျန်နေတဲ့ ပြည်ထောင်စုတပ်မတော် ပုံစံကနေ တိုင်းရင်းသားတွေကို လုံးဝဘေးဖယ်ထားတဲ့ ဗမာ့တပ်မတော်စစ်စစ်ပုံစံ တည်ဆောက်ခဲ့တာက အခြေအနေကို ပိုဆိုးစေခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိရခိုင်တိုင်းရင်းသားတွေ အမျိုးသားရေးဒီရေ တက်လာတာ သိပ်ပြီးထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ သူ့ရှေ့မှာ ကရင်၊ ကချင်နဲ့ ရှမ်းတွေ အမျိုးသားရေးဒီရေတက်တာ တွေ့ခဲ့ကြရပြီးပြီမို့ပဲ ဖြစ်ပါတယ်။

အဖြေကတော့ တပ်မတော်ခေါင်းဆောင်တွေဘက်က အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားခေတ် တပ်မတော်ပုံစံ မတည်ဆောက်ဘဲ ပြည်ထောင်စုတပ်မတော်ပုံစံ တည်ဆောက်ခဲ့ရင်၊ တပ်မတော်ရော အစိုးရဘက်ကပါ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်မယ်ဆိုတာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့တည်ဆောက်ပြနိုင်ရင်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ ဘက်ကလည်း ၂၁ ရာစု ကမ္ဘာ့အခြေအနေ၊ ကိုယ့်ပြည်တွင်းအခြေအနေကို ဒီထက်ပို နားလည်သဘောပေါက်လာမယ်ဆိုရင် အစိုးရ၊ တပ်မတော်နဲ့  တိုင်းရင်းသားတွေကြား နားလည်မှုတည်ဆောက်နိုင်မှာဖြစ်ပြီး ငြိမ်းချမ်းရေးကိုလည်း အရယူနိုင်မယ်ဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.