ရက် ၁၀၀ စီမံကိန်းတွင် နိုင်ငံသား စိစစ်မှုလုပ်ငန်းကိုလည်း ထည့်သွင်း ဆောင်ရွက်နေ

နေပြည်တော်၊ မေ ၇

မြန်မာနိုင်ငံသား စိစစ်မှု လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်ပေးရန် ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းလိုက်သလို လက်ရှိအစိုးရ၏ ရက် ၁၀၀ စီမံကိန်းတွင် နိုင်ငံသား စိစစ်ရေး လုပ်ငန်းကိုပါ ထည့်သွင်း လုပ်ဆောင်နေသည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က ပြောကြားသည်။

“အစိုးရသစ်ရဲ့ ရက် ၁၀၀ စီမံချက်ထဲမှာ ထည့်ဆွဲပြီးသားပါ” ဟု အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က Frontier ကို မေ ၆ ရက်နေ့က ပြောကြားသည်။

မေ ၁ ရက်နေ့က စတင်ဆောင်ရွက်နေသည့် နိုင်ငံသား စိစစ်မှု လုပ်ငန်းတွင် တစ်နိုင်ငံလုံးပြီးစီးသည့် နိုင်ငံသားစိစစ်မှု အရေအတွက်ကို ယခုအချိန်တွင် မပြောနိုင်သေးကြောင်း ၎င်းကပြောကြားသည်။

သို့သော် ယခင်အစိုးရလက်ထက်ကစတင်ကာ ယနေ့အထိ ၁၈ နှစ်မပြည့်သေးသူများ အပါအဝင် စုစုပေါင်းတစ်သိန်းကျော်ကို စိစစ်နိုင်ခဲ့သည်ဟု ဦးမြင့်ကြိုင်က ပြောသည်။

သို့သော် စိစစ်ပြီးသူများအနက် နိုင်ငံသားစိစစ်မှု ခံယူပြီးကြောင်း လက်မှတ်ကို လာရောက်ထုတ်ယူသူ နှစ်သောင်းခန့်သာ ရှိသေးသည်ဟု ဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် အစိုးရလက်ထက် နိုင်ငံသားစိစစ်မှုတွင် ရခိုင်ပြည်နယ်တွင် နေထိုင်ပြီး စိစစ်မှု ခံယူရန် လိုအပ်နေသူအများအပြားက လူမျိုးအမည်နေရာတွင် အစိုးရက ဖြည့်သွင်းသော “ဘင်္ဂါလီ” အစား “ရိုဟင်ဂျာ” ဟု သုံးဆွဲခွင့်ရရှိရန် တောင်းဆိုနေကြကာ သုံးဆွဲခွင့်မရရှိပါက စိစစ်မှု မခံယူနိုင်ဟု ငြင်းဆိုခဲ့သည့် အခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။

နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်မှာ စိစစ်မှု ခံယူရန် လိုအပ်သူတွေသာမက ရခိုင်ပြည်နယ်အတွက်ပါ အကျိုးအမြတ်ရှိသည်ဆိုသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းနေပြီး အားလုံးပါဝင်ဆောင်ရွက်စေမည့် နည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်နေသည်ဟု ဦးမြင့်ကြိုင်က ပြောကြားသည်။

“နိုင်ငံသား စိစစ်မှုခံယူတယ်ဆိုတာ သူတို့အခွင့်အရေးပဲဆိုတာ သိအောင်လုပ်နေတယ်” ဟု ၎င်းကပြောသည်။

မေ ၆ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ရသေ့တောင်မြို့နယ်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုကို ထိရောက်စွာလုပ်ပေးရန် အဆို တင်သွင်းခဲ့သည်။

လူဦးရေများပြားသည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် မိုင်ပေါင်းထောင်ချီကာ နယ်နမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံအတွင်း တရားမဝင် အခြေချနေထိုင်မှုများ ရှိနေသည်ဟု ၎င်းက တင်ပြခဲ့သည်။

အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တွင် တရားမဝင် နေထိုင်သူများကြောင့် ဒေသတွင်း မတည်ငြိမ်မှုများ ဖြစ်နေသည့်အတွက် တိုင်းပြည်၏ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် အချုပ်အခြာ တည်တံ့ရေးအပေါ် စိန်ခေါ်မှုများ ဖြစ်နေသဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကို လုပ်ကို လုပ်ရမည်ဟု ယုံကြည်ကြောင်း ဒေါ်ခင်စောဝေကပြောသည်။

“မျှတကောင်းမွန်တဲ့ ဥပဒေတစ်ရပ်ရှိသော်လည်း အစိုးရအနေနဲ့ နိုင်ငံသား စိစစ်ရေးလုပ်ငန်းကို အချိန်နဲ့ တပြေးညီ ထိရောက်အောင် မဆောင်ရွက်နိုင်ခဲ့လို့ မတည်ငြိမ်မှုတွေကို ဝမ်းနည်းဖွယ်ရာ ကြုံတွေ့နေရပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေနှင့်အညီ စိစစ်မှုများ မလုပ်ပဲ ယာယီသက်သေခံ လက်မှတ်(အဖြူကတ်)ကို ပြီးစလွယ် ထုတ်ပေးခဲ့ခြင်းကြောင့် မလိုလားအပ်သည့် နောက်ဆက်တွဲ ပြဿနာများပါ ဖြစ်ပွားခဲ့ရသည်ဟုလည်း ဒေါ်ခင်စောဝေက တင်ပြခဲ့သည်။

ယခင် အစိုးရလက်ထက်တွင် ပြန်လည် အပ်နှံခိုင်းခဲ့သည့် အဖြူကတ်များကို ကိုင်ဆောင်ခဲ့သူပေါင်း ခြောက်သိန်းခန့်ရှိသည့်အနက် ငါးသိန်းခန့်မှာ ရခိုင်ပြည်နယ်မှ ဖြစ်ကာ နိုင်ငံသား စိစစ်မှု ပြုလုပ်ရန် လိုအပ်နေသလို မည်သည့်လက်မှတ်မှ မကိုင်ဆောင်ထားသူ အများအပြား ရှိနေသေးသည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့အစိုးရလက်ထက်က သင်ခန်းစာများအရ လုံခြုံရေးအင်အား အလုံးအရင်းဖြင့် ဆောင်ရွက်မှသာ နိုင်ငံသားစိစစ်မှုကိစ္စ အောင်မြင်နိုင်မည်ဟု ဒေါ်ခင်စောဝေကFrontier ကို ပြောကြားသည်။

“လုံခြုံရေးအင်အား နည်းတယ်။ နိုင်ငံသား သွားစိစစ်တဲ့သူတွေကို ကိုယ့်နိုင်ငံသား ဟုတ်မဟုတ် မသိရသေးတဲ့သူတွေက အန္တရာယ်ပြုတယ်ဆိုတာက ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ၎င်းကပြောသည်။

အစ္စလာမ်ဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ ဗဟိုဌာနချုပ်က ဥပဒေဌာနမှူး ဦးရန်နိုင်က နိုင်ငံသားစိစစ်မှု လုပ်ငန်းစဉ်မှာ ဘင်္ဂါလီ၊ ရိုဟင်ဂျာ အသုံးအနှုန်းပြေလည်ရုံဖြင့် အောင်မြင်မည်မဟုတ်ဟု Frontier ကို ပြောကြားသည်။

“၁၉၈၂ နိုင်ငံသားဥပဒေနဲ့ လုပ်တဲ့နေရာမှာ သူတို့က ဘာသာရေးအပေါ် အခြေခံပြီး လုပ်နေတယ်။ အစ္စလာမ်ဆိုတာပါတာနဲ့ အခြားနိုင်ငံတစ်ခုကို တွန်းပို့တယ်ဗျာ။ အထူးသဖြင့် ဘင်္ဂလားဒေ့ရ်ှ-မြန်မာ၊ အိန္ဒိယ – မြန်မာဆိုပြီး အဲဒီလို လုပ်ခံရတယ်။ ဒါကြောင့် လွတ်လပ်စွာ ယုံကြည်ခွင့်ရှိတယ်လို့ ယုံကြည်တဲ့ တိုင်းပြည်တစ်ခုမှာ ဗုဒ္ဓဘာသာ မဟုတ်တာနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုနဲ့ တွဲရမယ်ဆိုတာ မဟုတ်ဘူးလို့ ယူဆတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် နိုင်ငံသား ဥပဒေမှာ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီမှု မရှိတော့သဖြင့် ပြန်ပြင်သင့်သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးလည်းဖြစ်သည့် ဦးရန်နိုင်က ပြောသည်။

“အခြေခံဥပဒေမှာမပါဘဲနဲ့ ဥပဒေထဲမှာကျတော့ ဧည့်နိုင်ငံသားဆိုတာ ပါတဲ့အချက်၊ စိစစ်တဲ့လုပ်ငန်း လုပ်တဲ့နေရာမှာ နိုင်ငံသားသံသယဆိုပြီး လုပ်နေတာတွေကလည်း အခြေခံဥပဒေနဲ့ မကိုက်တဲ့သဘောပါ” ဟု ၎င်းကပြောသည်။

ပြည်သူ့လွှတ်တော်တွင် အဆိုတင်သွင်းမှုနှင့် ပတ်သက်ပြီး ဦးရန်နိုင်က “အမတ်တွေထဲမှာ အစ္စလာမ်ဘာသာဝင် တစ်ဦးမှမပါပေမယ့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်မယ်လို့ ပြောထားတဲ့ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အင်န်အယ်လ်ဒီ) ရဲ့ မူဝါဒကိုပဲ မျှော်လင့်ချက်နဲ့ စောင့်ကြည့်ရပါလိမ့်မယ်” ဟု ပြောသည်။

အင်န်အယ်လ်ဒီပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဦးထွန်းထွန်းဟိန်ကမူ ၁၉၈၂ နိုင်ငံသားဥပဒေကို “တည်ဆဲဥပဒေဖြစ်လို့ လက်ခံထားပါတယ်” ဟု ပြောသည်။

“ပြန်လည်သုံးသပ်ဖို့လိုတဲ့ ဥပဒေတွေလို့ ဦးစားပေး သတ်မှတ်ထားတဲ့ ၁၄၂ ခုထဲမှာတော့ မြန်မာနိုင်ငံသား ဥပဒေလည်းပါပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် ၎င်းကပြောသည်။

ဥပဒေနှင့် ပတ်သက်ပြီး လက်ရှိအစိုးရအနေဖြင့် နိုင်ငံတကာဖိအားများကိုလည်း ရင်ဆိုင်ရဖွယ် ရှိနေသည်။ပြီးခဲ့သည့် အစိုးရလက်ထက်က ပြုလုပ်ခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေး တတိယကော်မတီက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ပြင်ပေးရန် လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချ တောင်းဆိုထားသည်။

“၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားပြဿနာများကို မြန်မာနိုင်ငံ တစ်ဝှမ်းတွင် ဤဥပဒေနှင့်အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လက်ခံဆွေးနွေးရန် သဘောတူထားသည်။

သတင်း- ဉာဏ်လှိုင်လင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.