ယူနီကုဒ် “က”“ခ”

ငြိမ်းချမ်းကိုကို

ယူနီကုဒ် ပြောင်းကြတော့မယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောလာကြတော့ အချို့ကလည်း “ပြောင်းမယ်ဆိုလည်း ပြောင်းကြတာပေ့ါကွာ” ဆိုပြီး ချက်ချင်း ပြောင်းလဲတတ်ကြပေမယ့် အချို့ကျတော့လည်း “နေပါဦး ယူနီကုဒ်အကြောင်း သိချင်ပါသေးတယ်” ဆိုပြီး စူးစမ်းကြသူတွေလည်းရှိပါတယ်။

ဒီစာကတော့ ယူနီကုဒ်အကြောင်းကို အရမ်းအသေးစိတ်အထိ မဟုတ်ဘဲ နည်းပညာနဲ့အနည်းငယ်ဝေးသူတွေ နားလည်အောင် ရှင်းပြလိုတဲ့ စာတစ်ခုသာဖြစ်ပါတယ်။

ပထမဆုံး သိချင်ကြတဲ့အချက်ကတော့ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာပဲဖြစ်ပါတယ်။

သူက စံသတ်မှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ယခင်က သတ်မှတ်ခဲ့တဲ့ စနစ်တွေကို ပြန်ကြည့်ရမယ်ဆိုရင် တစ်ပတ်မှာ ၇ရက်ရှိရပါမယ်။ တစ်ကီလိုမီတာမှာ ၁၀၀၀ မီတာရှိရမယ် ။ တစ်ပေါင်မှာ ၁၆ အောင်စ ရှိတယ်။ ဒါကိုမှ ကိုယ့်တစ်နိုင်ငံတည်း တစ်ပတ်မှာ ၈ရက် လုပ်မယ်ဆိုပြီး လုပ်လို့မရပါဘူး။ ကိုယ်တွေချည်းပဲ တစ်ကီလိုမီတာမှာ ၁၁၀၀ မီတာထားမယ်ဆိုပြီး သတ်မှတ်လို့မဖြစ်နိုင်ပါဘူး။ တစ်ပေါင်မှာ ၁၇ အောင်စလုပ်လိုက်ကွာဆိုတာမျိုးလည်း လုပ်လိုက်လို့မဖြစ်ပါဘူး။

ကိုယ့်နိင်ငံအတွင်းမှာ နားလည်မှုနဲ့ လုပ်လို့ဖြစ်ရင်တောင် အခြားနိုင်ငံနဲ့ ဆက်သွယ်ပြီးလုပ်မယ့်အခါမျိုးကျရင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပါတော့မယ်။ 

ယခု ယူနီကုဒ် ဆိုတာကျတော့ ကွန်ပျူတာနည်းပညာတွေ ၊အင်တာနက်တွေ ခေတ်စားလာပြီးတဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ဘာသာစကားတွေအတွက် အရှုပ်အထွေးမဖြစ်အောင် တီထွင်လိုက်တဲ့စနစ်ပါ။ လူတွေမှာ မှတ်ပုံတင်နံပါတ်တွေ ၊ ကားတွေမှာ လိုင်စင်နံပါတ်တွေရှိသလိုပဲ အက္ခရာ စာလုံးတွေမှာလည်း ကိုယ်ပိုင်နံပါတ်တွေရှိပါတယ်။

အဲဒီနံပါတ်တွေကတော့ က ကြီးတို့ ခခွေးတို့ A တို့ B တို့ကို ကွန်ပျူတာက သိတဲ့ နံပါတ်တွေပါပဲ။ ကွန်ပျူတာတွေက ညံ့ပါတယ်။ ကျွန်တော်တို့ လူတွေလို စာလုံးကို မျက်စိ နဲ့ မြင်တာနဲ့ တန်းဖတ်တတ်တာမဟုတ်ပါဘူး။ သူ့နောက်ကွယ်က ကိုယ်ပိုင်နံပါတ်ကိုပဲသိတာပါ။ ယူနီကုဒ်ဆိုတာ အဲဒီအက္ခရာစာလုံးတွေကို တော့ဖြင့် ဘယ်ဟာကိုတော့ ဘယ်နံပါတ် ပေးမလဲ၊ ဘယ်ဟာကိုတော့ ဘယ်လို သတ်မှတ်မလဲဆိုတာကို စနစ်တကျဖြစ်အောင် ၊အခြား ဘာသာစကားတွေနဲ့ အရှုပ်အရှင်းမဖြစ်အောင် စနစ်ချပေးတဲ့ အရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ့်တကယ် လုပ်ငန်းစဉ်မှာတော့ အက္ခရာတွေမှာ ကိုယ်ပိုင် ရေးထုံးရေးဟန်တွေ ကလည်းရှိနေပါတယ်။ ဥပမာ-  ဘယ်ကနေ ညာကိုရေးတဲ့ဘာသာစကားတွေရှိသလို ညာကနေဘယ်ကို ရေးတဲ့ ဘာသာစကားတွေလည်းရှိပါတယ်။ အင်္ဂလိပ်စာမှာ good morning ဆိုရင် ရှင်းပေမယ့် မြန်မာစာမှာ ပတ်ဆင့်တွေကော၊ ယပင့်အကြီးအသေး၊ ရေးချာ မှာလည်း ( ဝိုက်ချ၊ -ာ ၊မောက်ချ ၊ -ါ စသဖြင့်ရှိကြပါသေးတယ်။ ဒီလိုမျိုး ရေးထုံးရေးနည်းတွေကိုပါ အများကြီးထည့်စဉ်းစားပြီး တည်ဆောက်ကြပါတယ်။ အဲဒါကျတော့မှ နောက်ဆုံး အများအဆင်ပြေပြေသုံးနိုင်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒီ စနစ်ကို အုတ်မြစ်အဖြစ်အသုံးပြုပြီး ကျန်တဲ့ နည်းပညာတွေ ဆက်လက်တည်ဆောက်ကြပါတယ်။ အုတ်မြစ်မခိုင်ခဲ့ရင် အစပိုင်း အဆင်ပြေပေမယ့် နောက်ပိုင်း နည်းပညာတွေ အဆင့်မြင့်လာလေ အမြင့်ဆက်တက်လို့မရလေလေ ဖြစ်တတ်ပါတယ်။

ယူနီကုဒ် ဆိုတာကို မျက်စိထဲရေးရေးလေး မြင်လာပြီဆိုရင်တော့ သူ့ရဲ့အားသာချက် အားနည်းချက် ဘာလဲဆိုတာလေးကို ဆက်ပြောပြချင်သေးတယ်။

အားသာချက်

အားသာချက်ကတော့ အထက်မှာပြောခဲ့သလိုပဲ သူ့ကို ဖောင်ဒေးရှင်း အုတ်မြစ်အဖြစ်သုံးပြီး ကျနော်တို့ နည်းပညာအသစ်တွေ ဖန်တီးနိင်ပါတယ်။ အများသူငှာနဲ့ ရင်းနှီးတဲ့နည်းပညာတွေကိုပြောရမယ်ဆိုရင် အလိုအလျောက်ဘာသာပြန်တဲ့စနစ်တို့၊ မြန်မာလို ကောင်းကောင်းရှာဖွေလို့ရတဲ့နည်းပညာ၊ပုံနှိပ်ထားတဲ့ စာအုပ်တွေ၊ သတင်းစာတွေကနေ ကွန်ပျူတာစာလုံးအဖြစ်ပြန်လည်ပြောင်းလဲတဲ့နည်းပညာတို့၊ မိမိလက်ရေးကနေ ကွန်ပျူတာစာလုံးအဖြစ်ပြောင်းလဲတာတို့၊ အသံနဲ့စာရိုက်တာတို့၊ နောက်ဆုံး မြန်မာလို ပြောတာကို နားလည်တဲ့ AI တို့ Chatbot တို့ အထိ ဖြစ်နိုင်ပါတယ်။

ဒါက အကုန်မဟုတ်သေးပါဘူး၊ အချို့သော လက်ရှိမှာခေတ်မစားသေးတဲ့ နည်းပညာတွေကိုလည်း ယူနီကုဒ်ကို အခြေခံပြီး ဆက်လက်တည်ဆောက်သွားနိုင်ပါတယ်။ ဘာကြောင့် ကျနော် အဲလိုပြောနိုင်တာလဲဆိုတော့ ယူနီကုဒ်ဆိုတာ နိုင်ငံတကာ စံစနစ်တစ်ခုပါ။ ကိုယ့်နိုင်ငံပဲပိုင်တာမဟုတ်ဘူး။ ဒါကြောင့် အခြားနိုင်ငံက ဘာသာစကားစနစ်နဲ့ အဆင်ပြေနိုင်ရင် ကျနော်တို့ မြန်မာစာနဲ့လည်း အဆင်ပြေနိုင်ပါလိမ့်မယ်။ အားလုံး ညီတူမျှတူ အခွင့်အရေးရရှိမှာမိုလို့ပါ။ နောက်ထပ်အားသာချက်တစ်ခုကတော့ နောက်ပိုင်း ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း ၊ အီလက်ထရောနစ်စနစ်အားလုံးမှာ ယူနီကုဒ် စနစ်က တစ်ပါတည်းပါလာပြီးသားဖြစ်မှာဖြစ်တဲ့အတွက် မြန်မာစာဖောင့်ထပ်သွင်းရတာမျိုးတွေ၊ ဆိုင်သွားပြင်ဆင်ရတာမျိုးတွေ အနာဂတ်မှာ ရှိလာတော့မှာမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်စက်ကိုပဲ ကောက်ဖွင့်ဖွင့် မြန်မာစာဖတ်လို့ ရေးလို့ ရပါလိမ့်မယ်။

အားနည်းချက်

အားနည်ချက်ကိုလည်း အများစုက သိချင်ကြပါတယ်။မကွယ်ဝှက်တမ်းပြောရမယ်ဆိုရင် ကမ္ဘာမှာ သူ့ထက် ကောင်းတဲ့ ဘာသာစကားစနစ်အခုထိ မရှိသေးပါဘူး။ ဒါကြောင့်လည်း တကမ္ဘာလုံးက နည်းပညာလုပ်ငန်းတွေ အဖွဲ့အစည်းတွေအားလုံးက ဒါကိုပဲ အခြေခံပြီး အလုပ်လုပ်ကြပါတယ်။ မြန်မာနိုင်ငံ အခြေအနေမှာတော့တစ်မျိုးဖြစ်နေပါတယ်။ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ဇော်ဂျီစနစ်က ယူနီကုဒ်နဲ့ သဟဇာတမဖြစ်ပါဘူး။ ဇော်ဂျီစနစ်၊ ဖောင့်ထည့်ထားတဲ့သူတွေက ယူနီကုဒ်နဲ့ ရေးသားထားတဲ့စာကို အများစုဖတ်လို့မရပါဘူး ၊ ဒါကြောင့်မို့ ဇော်ဂျီဖောင့်ထည့်သွင်းထားသူများက ယူနီကုဒ် စာတွေမြင်တိုင်း ဒါဟာဖတ်လို့ရတဲ့ စာတစ်ခုဖြစ်ပါတယ်ဆိုတာကို လက်မခံကြတာမျိုးရှိပါတယ်။ တကယ်လို့သာ သူတို့ဟာ ကွန်ပျူတာအသစ် ဖုန်းအသစ်လဲလိုက်လို့ ရှိရင် ယူနီကုဒ် ကို ဖတ်လို့ရပြီး အများသူငှာရေးတဲ့ ဇော်ဂျီစနစ်နဲ့စာ ကိုဖတ်လို့မရတော့ပြန်ပါဘူး။ ဆက်သွယ်ရေးမှာ အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ လက်ရှိ ယူနီကုဒ် ကို ပြောင်းလဲလာတဲ့သူတွေဟာ သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေ Viber တို့ Joox တို့မှာ ဇော်ဂျီကို ဆက်သုံးနေကြသေးတာကြောင့် တစ်ယောက်ရေးတာ တစ်ယောက် မမြင်ရတာဖြစ်ကြပါတယ်။

နောက်တစ်ချက်ကတော့ မြန်မာယူနီကုဒ် ကိုစတင်အတည်ပြုတဲ့ အချိန်က သက်တမ်းနုသေးပါတယ်။ ဒါ့အပြင် အသုံးပြုသူကလည်းနည်းပါသေးတယ်။ ဒါကြောင့် ဒီစနစ်ကို အတည်မပြုခင်အချိန်က ထွက်ရှိတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ဆော့ဖ်ဝဲတွေမှာ တော့ ဒီစနစ်ကို သုံးလို့ရဖို့က အတော်ကို ခက်ခဲပါတယ်။ နမူနာအနေနဲ့ပြောရမယ်ဆိုရင် ၊ window xp , window 2000 တို့လိုစက်မျိုး၊ Android version 4.4 ထက်နိမ့်တဲ့စက်တွေမျိုး၊ ရှေးရှေးကထွက်ခဲ့တဲ့ နိုကီယာ ကီးပတ်ဖုန်းမျိုး၊ software အနေနဲ့ပြောရရင် page maker 6.5 တို့လို ဆော့ဖ်ဝဲမျိုး၊ အဲဒီလို အရာတွေမှာ မြန်မာစာ ယူနီကုဒ်ကို သုံးလို့မရနိုင်ပါဘူး။ ယူနီကုဒ် မပေါ်ပေါက်ခင် ရှေးခတ်က ရှိခဲ့တဲ့ အရာများဖြစ်လို့ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်ကစလို့ နောက်ပေါ်လာမယ့် နည်းပညာအားလုံးမှာတော့ အသုံးပြုလို့ရပါမယ်။ ပြီးတော့ လက်ရှိအချိန်ထိ မြန်မာယူနီကုဒ်ကို တရားဝင် support မလုပ်ပေးသေးတဲ့ ဆော့ဖ်ဝဲတွေရှိပါတယ်။ သူတို့ရဲ့ဦးစားပေးထဲမှာ မြန်မာမပါလို့လည်းဖြစ်ရင်ဖြစ်နိုင်မယ်။ မြန်မာပြည်မှာ ဈေးကွက်မရှိလို့လည်းဖြစ်နိုင်ပါလိမ့်မယ်။

ယူနီကုဒ် ကို စသုံးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်သလဲ။

ပထမတစ်ချက်ကတော့ ကျနော်တို့ရေးချင်သလိုရေးတဲ့စာတွေကို ကွန်ပျူတာကနေ စနစ်ကျအောင် ထိန်းကျောင်းပေးသွားပါလိမ့်မယ်။ ဥပမာ- စလုံးနဲ့ ယပင့်ပေါင်းပြီး ဈ ဆိုပြီးလုပ်နေတာမျိုးတွေ ၊ ( ဈ ၊ ဈ )၊ သုညကို ဝလုံးအဖြစ်ရိုက်နေတာမျိုးတွေ ၊ ဥ နဲ့ ညကလေးကို မကွဲမပြားရိုက်နေတာတွေကို သူကထိန်းညှိပေးသွားနိုင်ပါတယ်။

စာလုံးပေါင်းအမှားအယွင်းတွေများလွန်းတာ၊ စာလုံးတစ်ခုနဲ့ တစ်ခုရိုက်ချင်သလို ရိုက်နေတာတွေကိုလည်း အမှန်ပြင်ပေးနိုင်တဲ့ နည်းစနစ်တွေစတင်ပေါ်ပေါက်လာပါလိမ့်မယ်။ လူတိုင်းသာ သုံးနေကြရင် အချင်းချင်း စကားပြောဆက်သွယ်တာက အခက်အခဲမဟုတ်တော့ပါဘူး ။ နှစ်ဖက်စလုံး အမှန်မြင်မှာပါ။

လက်ရှိသုံးနေကြတဲ့ မြေပုံတွေ၊ လမ်းနာမည်တွေ ၊ မြို့နာမည်တွေ၊ အားလုံးကိုGoogle map, open street map မှာ မြန်မာလိုရှာလို့ရပါတော့မယ်။ သုံးတဲ့သူများလာရင် ဝိုင်းပြီးဖြည့်ပေးတဲ့သူတွေလည်းများလာလို့ ပို ကောင်းလာပါတော့မယ်။ Google မှာ မြန်မာလို ရှာရင် အချက်အလက်တွေအများကြီးပေါ်လာပါတော့မယ်။ မြန်မာယူနီကုဒ် နဲ့အသုံးပြုသူများလာတာနဲ့ Google Translate ရဲ့ ဘာသာပြန် အရည်အသွေး တက်လာတာကလည်း တိုက်ရိုက်အချိုးကျပါတယ်။

မြန်မာဝီကီမှာ ဝင်ဖြည့်စွက်ပေးတဲ့သူတွေပါလာလို့ ကျနော်တို့ မြန်မာနဲ့သက်ဆိုင်တဲ့အဖြစ်အပျက်တွကို ဝီကီမှာပိုဖတ်ရမယ်။ တတ်သိပညာရှင်တွေက ဝီကီမှာ အလွယ်တကူ ဝင်ရောက်ပြင်ဆင်ရေးသားပေးနိုင်တော့မယ်။ TED TALK လိုနေရာမျိုးမှာ အရမ်းမိုက်တဲ့ စိတ်ကူးတွေကို မြန်မာလို စာတန်းထိုးနဲ့ဖတ်လို့ရမယ်။ လာမယ့်ရွေးကောက်ပွဲမှာ မဲစာရင်း ကြည့်မယ်ဆိုရင်လည်း ကိုယ့်နာမည်က စာရင်းထဲရှိလျက်သားနဲ့ ဖောင့်မကိုက်လို့ ရှာမရဘူး ၊ ဖတ်မရဘူးဆိုတာမျိုးမဖြစ်တော့ပါဘူး ။ မြန်မာလိုနာမည်တင်မကဘူး။ တိုင်းရင်းသားဒေသက လူမျိုးတွေလည်း သူတို့တိုင်းရင်းသားနာမည်ကို ယူနီကုဒ်နဲ့ ရှာလို့ရပါတော့မယ်။

နောက်ဆိုရင် English လိုတတ်တဲ့သူမှ အင်တာနက်ကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်မယ် ဆိုတာမျိုးမဖြစ်တော့ဘူး။ website တွေမှာ ဖောင့်တစ်မျိုးတည်းကိုပဲ နေရာတိုင်းသုံးတာမျိုးမဟုတ်တော့ပဲ၊ ခေါင်းစီး၊ စာကိုယ် သူ့နေရာနဲ့သူ လိုက်ဖက်တဲ့ဖောင့်တွေသုံးကြလို့ပို ကြည့်လို့ကောင်းလာမယ်။ အစည်းအဝေးတွေ၊ email တွေမှာ ဖောင့်စနစ်ပေါင်းစုံမသုံးတော့ဘဲ ယူနီကုဒ် စနစ်ကို အခြေခံတဲ့ ဖောင့်တွေ ( ဥပမာ- Myanmar3, Pyidaungsu, Padauk, Notosans Myanmar) စသဖြင့် သုံးကြလို့ အစည်းအဝေးမှာ နည်းပညာအခက်အခဲကို ရှင်းစရာမလိုတော့ဘဲ၊ လိုရင်းကို ထိထိရောက်ရောက်ရှင်းရှင်းလင်းလင်း ပြောဆိုနိုင်မယ်။ Google ကပေးတဲ့ အခမဲ့ စနစ်တွေကို ချက်ချင်းလက်တင်သုံးလို့ရပါမယ်။

ဒီနေရာမှာ အချို့ကပြောတာ ဇော်ဂျီနဲ့လည်းသုံးလို့ရတာပဲတဲ့။ အဲဒါမှန်ပါတယ်။အဲဒီလိုသုံးလို့ရဖို့ facebook တို့ Google တို့က တမင် လုပ်ပေးထားတာပါ ။အဲဒီလို ရဖို့ နောက်ကွယ်ကနေ မလိုအပ်တဲ့ ငွေကြေးကုန်ကျမှုတွေ၊ အချိန်ကြာမြင့်မှုတွေရှိပါတယ်။ ဒါကြောင့် တစ်သက်လုံး ကျနော်တို့ အဲလို ရနေမယ်လို့ အာမမခံထားပါဘူး။ ကျနော်တို့ အားလုံး ယူနီကုဒ် ပြောင်းပြီးတဲ့အချိန် သူတို့ရဲ့ ဇော်ဂျီကို support ပေးမှုက ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။ ဒါက ယာယီ ဖြေရှင်းမှုတစ်ခုသာဖြစ်ပါတယ်၊

ဇော်ဂျီမှာကော အားနည်းချက်ဘာရှိလဲ

ဇော်ဂျီကလည်း ယူနီကုဒ်လိုမျိုးပဲ စနစ်တစ်ခုဖြစ်ပါတယ်။ သူ့စနစ်က မြန်မာနိုင်ငံက ပြည်သူတွေကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့ပါတယ်။ သူ့ရဲ့အားနည်းချက်ကတော့ ကျွန်တော်တို့ နောက်ထပ် နည်းပညာအသစ်တွေလိုချင်ရင် ထောက်ပံ့ပေးဖို့ လိုအပ်တဲ့ အခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ မပါရှိခဲ့ပါဘူး။ သူ့ခေတ်သူ့အခါနဲ့ အဆင်ပြေခဲ့ပေမယ့်လာမယ့် ၅နှစ် ၁၀ နှစ် အနှစ် ၂၀ မှာ ဘယ်လိုမှအဆင်မပြေနိုင်တော့ပါဘူး။ ဇော်ဂျီနဲ့ စာရိုက်တဲ့အခါ ရိုက်တဲ့သူပေါ်မူတည်ပြီး အသုံးပြုတဲ့ ကီးတွေ ကွဲပြားလေ့ရှိပါတယ်။ ဒါကြောင့်လည်း စာတစ်ပုဒ် သိမ်းသွားရင် သူ့ဆီမှာ အမြင်မှာတူပေမယ့် ကုတ်နံပတ်မတူတဲ့ အက္ခရာတွေ အများကြီးပါသွားပါတယ်။ ဒါတွေဟာ လူလို မျက်လုံးနဲ့မဖတ်တတ်တဲ့ကွန်ပျူတာအတွက်တော့ အိမ်မက်ဆိုးလိုပါပဲ၊ သူဘယ်လိုမှ နားမလည်နိုင်ပါဘူး။ သူနားမလည်တဲ့အတွက် ကျွန်တော်တို့က ကွန်ပျူတာကို အမိန့်ပေးခိုင်းစေလို့မရတော့ပါဘူး။ အလားတူပြဿနာက ရှာဖွေတဲ့အခါမှာလည်း ဒုက္ခပေးပါတယ်။

စာရိုက်တဲ့အခါ စာလုံးပေါင်းစစ်လို့မဖြစ်နိုင်တာ၊ စာကြောင်းတွေ ခွဲရအဆင်မပြေတာ၊ ဒီဖောင့်တစ်မျိုးတည်းကိုပဲ နေရာတကာမှာ သုံးရလို့ ဒီဇိုင်းပိုင်းအရ ဆန်းသစ်တီထွင်လို့မရဘဲ မျက်လုံးပသာဒမဖြစ်တာ။ ဖုန်းထဲမှာ သူရှိနေရင် ယူနီကုဒ် service တွေသုံးမရတာမျိုးတွေဖြစ်တတ်ပါတယ်။ Translate ကို ကောင်းကောင်းသုံးမရဘူး။မြေပုံတွေသုံးမရဘူး။ TED talk, khan academy သုံးမရဘူး။ မြန်မာဘာသာနဲ့ မီနူးတွေ ဆက်တင်တွေသုံးမရဘူး။ အချို့သော မြန်မာ ဆော့ဖ်ဝဲတွေသုံးရင် ဖောင့်မမှန်ဘူး  ။ နောက်ဆုံးတစ်ခုကတော့ တိုင်းရင်းသားစာလုံးတွေရိုက်လို့မရပါဘူး။

ဇော်ဂျီကနေ ယူနီကုဒ် ပြောင်းရင်ဘာလုပ်ဖို့လိုသလဲ

ဇော်ဂျီဖောင့်မထည့်ခဲ့ဖူးဘူး ဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး ၊ တန်းပြီး လက်တင်သုံးရုံသာရှိပါတယ်။ ကီးဘုတ်ကတော့ အဓိက နှစ်မျိုးသာရှိပါတယ်။ မြန်စံကီးဘုတ် နဲ့ ဇော်ဂျီလက်ကွက်သုံးကီးဘုတ်ပါ။ အကြံပေးလိုတာကတော့ မြန်စံကီးဘုတ်ကိုသာ စတင် လေ့ကျင့်သင့်ပါတယ်။ လေ့ကျင့်ချိန် ၂နာရီခန့်သာပေးလိုက်ရင် ကောင်းကောင်းနဲ့မြန်မြန်ဆန်ဆန်ရိုက်တတ်သွားနိုင်ပါတယ်။ တကယ်လို့မှ အဲဒီလိုမဟုတ်ဘူး ယခင်က ဇော်ဂျီလက်ကွက်နဲ့အသားကျနေခဲ့လို့ ဇော်ဂျီလက်ကွက်အတိုင်းပဲ ယူနီကုဒ် ရိုက်ချင်တယ်ဆိုရင်လည်း အဲဒီလို ရိုက်လို့ရအောင်ဖန်တီးပေးထားတဲ့ ကီးဘုတ်တွေရှိပါတယ်။ Keymagic တို့လိုမျိုး ၊ အဲဒါတွေသုံးနိုင်ပါတယ်။ ဒါကတော့ window, mac ကွန်ပျူတာတွေအတွက်ပါ။

ဖုန်းတွေမှာဆိုရင်တော့ အဓိက Android နဲ့ iOS ရှိပါတယ်။ Android ထဲမှာကိုပဲ Brand ခွဲတွေက အများကြီးရှိတော့ ပြောရတာတော့နည်းနည်းခက်ပါတယ်။ အချို့စက်တွေက ဖုန်းထဲမှာပဲ theme ကနေ ပြောင်းတာမျိုး၊ Language setting ကနေ ယူနီကုဒ်ပြောင်းလို့ရတာမျိုးတွေရှိပါတယ်။ အချို့ဖုန်းတွေမှာတော့ အဲဒီ Setting မပါလို့ Font changer တွေ ဒါမှမဟုတ်ရင် မူလ firmware ပြန်တင်ရတာမျိုးတွေ ရှိနိုင်ပါတယ်။ iOS မှာတော့ ပိုရှင်းပါတယ်။ လက်ရှိ iOS မှာ တော့ My font နဲ့ ttkeyboard ထဲမှာပါတဲ့ Pyidaungsu နဲ့ uni zg ကီးဘုတ် ဆိုတာကို ထည့်လိုက်ရင် ချက်ချင်း ယူနီကုဒ် သုံးနိုင်ပါတယ်။ လာမယ့် ios ဗားရှင်း 13 မှာတော့ ယူနီကုဒ်ဖောင့်နဲ့ ကီးဘုတ်တို့ဟာ စက်ထဲမှာ တစ်ပါတည်း ပါလာတော့မယ်လို့ ပြောပါတယ်။

အချို့ကတော့ ယူနီကုဒ်မသုံးချင်တာ လက်ကွက် ကြောင့်လို့ပြောပါတယ်။ တကယ်ကတော လက်ရှိ အများစုသုံးကြတဲ့ tt keyboard, bagan, frozen , samssung စတဲ့ ကီးဘုတ်တွေအားလုံးမှာ ယူနီကုဒ်ကော ဇော်ဂျီကော လက်ကွက်တူတူပါပဲ။ ဒါပေမယ့် စက်ရဲ့ဖောင့်က ဇော်ဂျီဖြစ်နေပြီး ယူနီကုဒ် လက်ကွက် ကို ဖွင့်သုံးရင်တော့ စနစ်မတူတဲ့အတွက် ဘယ်လိုမှ မှန်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီယူနီကုဒ် လက်ကွက်တွေ အလုပ်လုပ်စေချင်ရင် ၊ မှန်စေချင်ရင် စက်ရဲ့ ဖောင့်ကပါ ယူနီကုဒ် ဖြစ်နေဖို့လိုပါတယ်။

ကိုယ့်ဘာသာ ပြောင်းတတ်ရင်ပြောင်းပါ။ မပြောင်းတတ်ရင် နီးစပ်ရာ ကျွမ်းကျင်သူတွေကို အကူအညီတောင်းပါ။ အဲဒါမှမ ရရင် ဖုန်းဆိုင် ကွန်ပျူတာဆိုင်တွေဆီကို သွားပြီး ယူနီကုဒ် ပြန်ထည့်ခိုင်းလိုက်ပါ။ သူတို့တွေ ဇော်ဂျီထည့်ပေးခဲ့သလို အခု ယူနီကုဒ်လည်း ပြန်ထည့်ပေးနိုင်ကြပါတယ်။

ဘာကြောင့် ယူနီကုဒ် ပြောင်းသင့်တာလဲ

ယခု ကမ္ဘာပေါ်မှာ နိုင်ငံတိုင်း ယူနီကုဒ်စနစ်ကို သုံးကြပါတယ်။ မြန်မာက ယူနီကုဒ် သုံးတဲ့ စာရင်းထဲ ဝင်လုဆဲဆဲ နိုင်ငံတစ်ခုပါ။

ကျွန်တော်တို့ဆီမှာ ပြဿနာပေါင်းသောင်းခြောက်ထောင် ရှိပါတယ်။ တကယ်က အဲဒီထက်တောင်ပိုချင်ပိုဦးမှာပါ ။ သေးသေးမွှားမွှား အရေးမပါဘူးလို့ထင်ရပေမယ့် အင်တာနက်သုံးတဲ့သူ သန်း ၂၀ ကျော်လောက်မှာ ဖောင့်ပြဿနာ မတက်ဖူးတဲ့သူမရှိပါဘူး။ အဲဒီ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဖတ်ဖို့ စာ၊ သုံးဖို့ app တွေ ဖန်တီးသူတွေမှာလည်း ဒီစနစ်နှစ်ခုအကြားမှာ ဗျာများ နေရပါတယ်။

သူတို့သာ ဒီ အတွက် ပူစရာမလိုတော့ဘူးဆိုရင်၊ တည်ငြိမ်တဲ့ ယူနီကုတ်စနစ်ကိုသာ အသုံးချနိုင်ပြီဆိုရင် ဒီထက်ပိုကောင်းတဲ့ app တွေ၊ service တွေ ထုတ်လုပ် ဖန်တီးနိုင်ကြပါတယ်။

ကျွန်တော်တို့ ဇော်ဂျီကိုပဲ စံစနစ်အဖြစ်သတ်မှတ်လိုက်လို့ မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်တဲ့အချက်ပေါင်းများစွာ ရှင်းပြလို့ရပါတယ်။ ဖြစ်နိုင်တယ်လို့ယူဆရင်တောင်မှ သူ့ကို စံအဖြစ်သတ်မှတ်ဖို့ ကုန်ကျမယ့်ငွေကြေး၊ ကြာမြင့်မယ့်အချိန်၊ လူအရင်းအမြစ် စသဖြင့် လိုအပ်ပါတယ် ။ ဒါတွေကို ကျွန်တော်တို့ မတတ်နိင်ပါဘူး၊ ဒါကြောင့်မို့ ဇော်ဂျီနဲ့ ယူနီကုဒ်နှစ်ခုမှာ တစ်ခုပဲ ရှိဖို့ လိုကိုလိုပါတယ်။ နှစ်ခုလုံး ရှိခြင်းဟာ ဘယ်မောင်းနဲ့ ညာမောင်းစနစ်နှစ်ခုစလုံးကို တစ်ပြိုင်တည်းကျင့်သုံးသလို ဒုက္ခများပါတယ်။ အလုပ်မတွင်ပါဘူး။ လက်ရှိမှာ နှစ်မျိုးလုံးမြင်နေရတဲ့ နည်းပညာတွေကို အသုံးပြုထားပေးကြတယ်လို့ဆိုပေမယ့် အဲဒီနည်းပညာများဟာ ရေရှည်အတွက်မဟုတ်ပါဘူး။ အဲဒီ အလိုအလျောက်ဖောင့်ပြောင်းလဲ ဖော်ပြတဲ့နည်းပညာတွေမှာလည်း  အားနည်းချက်တွေရှိပါတယ်။ တွက်ချက်ကြည့်လိုက်ရင် အဲဒီအားနည်းချက်တွေကို ပြင်မယ့်အစား ၊အကုန်လုံးယူနီကုဒ် ဖြစ်သွားတာက ပိုပြီး အကျိုးများပါတယ်။ ယာယီအပြောင်းအလဲကာလအတွက်ကို သာရည်ရွယ်တာဖြစ်လို့ အချိန်တစ်ခုရောက်ရင်တော့ ဒီ အလိုအလျောက် ပြောင်းလဲပေးတဲ့ service တွေက ရပ်တန့်သွားနိုင်ပါတယ်။ ယူနီကုဒ်က စာရိုက်ရ ပိုလွယ်ကြောင်း သက်သေ သာဓကတွေရှိပါတယ်။ အမှားလည်း ပိုနည်းတယ်။ ယူနီကုဒ် အနွယ်ဝင် ဖောင့်တွေကိုသာအသုံးပြုရင် မည်သည့်နေရာမှာမဆိုမြင်ရတယ်။ ပြီးတော့ လက်ရှိ ကွန်ပျူတာ ၊ဖုန်း အားလုံးဟာ ဇော်ဂျီဖောင့်မထည့်ခင်က ယူနီကုဒ် အနွယ်ဝင် ဖောင့်ကိုသာသုံးကြတယ်။

နိဂုံးချုပ်ရရင် အောက်တိုဘာ ၁ ရက်ကနေစပြီး မိုဘိုင်း အော်ပရေတာတွေ၊ မီဒီယာတွေ၊ social influencer တွေ၊ မိုဘိုင်းအပ်ပ်တွေဟာ ယူနီကုဒ်တစ်မျိုးတည်းကို သာ သုံးတော့မှာဖြစ်လို့ ဇော်ဂျီဆက်သုံးနေရင် သူတို့စာကို ဖတ်လို့မရနိုင်တော့ပါဘူး။

ပြီးတော့ လက်ရှိအချိန်ဟာ အစိုးရကိုယ်တိုင်တွန်းအားပေးတာကော အပြောင်းအလဲအတွက် ကူညီမယ့်သူများ ရှိနေတာကောဖြစ်လို့ ပြောင်းဖို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

 

ငြိမ်းချမ်းကိုကိုသည် ယူနီကုဒ် နှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ်မှ စတင် အသေးစိတ်လေ့လာခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းများတွင် ယူနီကုဒ် အသုံးပြုနိုင်ရန် သင်ကြားကူညီမှုများစွာပြုလုပ်ခဲ့သည်။ လက်ရှိတွင် ဖန်တီးရာ အဖွဲ့၌ နည်းပညာကျွမ်းကျင်သူအဖြစ် အရပ်ဘက်အဖွဲ့အစည်းများကို အကူအညီပေးလျက်ရှိသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.