ယာဉ်လိုင်းစနစ်ပြောင်းလဲမှုနဲ့အတူ တွဲကပ်ပါလာတဲ့ ငွေစက္ကူအကြွေရှားပါးမှု

နှစ် ၅၀ လောက် ကသောင်းကနင်းဖြစ်နေခဲ့တဲ့ ရန်ကုန်မြို့က ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို NLD အစိုးရတက်လာပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့ပြီး စနစ်သစ် စတင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီစနစ်သစ် စတင်တဲ့အချိန်ကစပြီး ငွေစက္ကူအကြွေတွေ ရှားကုန်ပါတော့တယ်

ထွန်းခိုင် ရေးသားသည်။

ရန်ကုန်မြို့က လက်လီအရောင်းဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ ကုန်ပစ္စည်းတွေ ဝယ်ယူရတာ အရင်ကလို လွယ်လွယ်ကူကူ မဟုတ်တော့ပါဘူး။

အရင်က ဖော်ဖော်ရွေရွေရှိလှတဲ့ ဈေးသည်တွေတောင် လူတိုင်းကို ဈေးမရောင်းပေးတော့ပါဘူး။

ဝယ်သူတွေဘက်က ဈေးဆိုင်ထဲဝင်သွားပြီး ဘာဝယ်ရမလဲလို့ မစဉ်းစားခင် ကိုယ့်အိပ်ထဲမှာ ငွေစက္ကူ အကြွေရှိ မရှိ အရင်စဉ်းစားရပါတယ်။ စိတ်ကြိုက်ပစ္စည်းတစ်ခုကိုတွေ့လို့ ဝယ်မယ်ဆိုရင် ရောင်းတဲ့သူက အရင်ကလို “ဘယ်နှစ်ခုလောက်ယူမလဲ” လို့ မမေးတော့ဘဲ “အကြွေပါရဲ့လား” ဆိုပြီး အရင်မေးပါလိမ့်မယ်။

အကြွေမပါရင်တော့ ဝယ်ဖို့ မစဉ်းစားပါနဲ့တော့။ ဈေးသည်ကလည်း ရောင်းမှာမဟုတ်ပါဘူး။

နှစ် ၅၀ လောက် ကသောင်းကနင်းဖြစ်နေခဲ့တဲ့ ရန်ကုန်မြို့က ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို NLD အစိုးရတက်လာပြီးတဲ့နောက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီပြောင်းလဲမှုမှာ အရင်ကလို စပါယ်ယာကနေ ပိုက်ဆံကောက်တဲ့စနစ်ကို ဖျက်သိမ်းပြီးခရီးသည်တွေက မော်တော်ယာဉ်ပေါ်က ပိုက်ဆံပုံးထဲကို ငွေ ထည့်ရတဲ့စနစ် ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။

tzh_yrta_money17.jpg

 title=

title=

အဲဒီစနစ်သစ် စတင်တဲ့အချိန်ကစပြီး ငွေအကြွေတွေ ရှားကုန်ပါတော့တယ်။

မကြာခဏအချိန်မမှန်ဖြစ်တဲ့အပြင် နှေးကွေးပြီး ရန်ကုန်မြို့ရဲ့ နေရာတိုင်းမရောက်နိုင်တဲ့ မီးရထားစနစ်နဲ့အခြား အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေလည်း အားနည်းလှတဲ့ ရန်ကုန်က မြို့ခံတွေအတွက် ခရီးသည်တင်ယာဉ်လိုင်းတွေဟာ တစ်ခုတည်းသော အဓိကအားကိုးစရာ သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်နေပါတယ်။

၂၀၁၄ ခုနှစ်၊ သန်းခေါင်စာရင်းအရ လူဦးရေ ခုနစ်သန်းကျော်နေထိုင်တဲ့ မြို့တော်ဟောင်း ရန်ကုန်မှာ လူဦးရေနှစ်သန်းလောက်ဟာ ခရီးသည်တင်ယာဉ်လိုင်းတွေကို နေ့စဉ် အားကိုးအသုံးပြုနေကြပါတယ်။

YBS လို့ခေါ်တဲ့ စနစ်သစ်ကို မပြောင်းခင် စနစ်ဟောင်းတုန်းကတော့ ယာဉ်နောက်လိုက်တွေက ကားခကို ကားပေါ်မှာ လိုက်လံကောက်ခံခဲ့တယ်။ ဒီလိုပြောင်းလဲလိုက်တဲ့စနစ်သစ်မှာတော့ ခရီးသည်တွေဟာ ဘတ်စ်ကားတစ်ကြိမ်စီးရင် ပျမ်းမျှ ၂၀၀ ကျပ်ကို မော်တော်ယာဉ်ပေါ်ပါတဲ့ Cash Box ဆိုတဲ့ ပိုက်ဆံပုံးထဲကို ကိုယ်တိုင်ကိုယ်ကျ ထည့်ရပါတယ်။

ဒီလိုနဲ့ တစ်ရက်ကို လူနှစ်သန်းလောက်အသုံးပြုနေတဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေဆီကို ရက်သတ္တပတ်တစ်ပတ်မှာ ကျပ် ၂၀၀၊ ၁၀၀ နဲ့ ၅၀ စတဲ့ ငွေစက္ကူအကြွေရွက်ရေ သန်းနဲ့ချီပြီး ရောက်ရှိသွားပါတော့တယ်။

အဲဒီနောက်မှာတော့ အဲဒီ ငွေစက္ကူအကြွေတွေကို ထောင်နဲ့ ချီတဲ့ခရီးသည်တင်ယာဉ်တွေက နေ့စဉ်သူတို့ ဂိတ်တွေဆီကို ယူဆောင်သွားကြပြီး အဲ့ဒိဂိတ်တွေမှာ စုပုံသိမ်းဆည်းထားလိုက်ပါတော့တယ်။

tzh_yrta_money12.jpg

 title=

title=

ပျမ်းမျှ တစ်ကြိမ်စီးတိုင်း ကျပ် ၂၀၀ ပေးရတဲ့ အတွက် YBS ယာဉ်စီးနင်းသူတွေဟာ ၂၀၀၊ ၁၀၀ ၊ ၅၀ စတဲ့ငွေ စက္ကူတွေကိုအသုံးပြုကြတဲ့အတွက်ပြင်ပဈေးကွက်မှာ အဲ့ဒိငွေအကြွေတွေရှားပါးလာခဲ့ရတာဖြစ်ပါတယ်။

ရက်ပေါင်းများစွာကြာလာတဲ့အချိန်မှာ ပြင်ပမှာ ၂၀၀၊ ၁၀၀ နဲ့ ၅၀ ကျပ်တန် ငွေစက္ကူအကြွေတွေ ရှားပါးလာပြီး လက်လီရောင်းဝယ်မှုတွေမှာ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။

ဥပမာ လက်လီရောင်းချသူတွေဟာ ၆၀၀ ကျပ်တန်ပစ္စည်းတစ်ခု လာဝယ်တဲ့သူက ၁,၀၀၀ ကျပ်တန်တစ်ရွက်နဲ့ ၁၀၀ ကျပ်တန် တစ်ရွက်ပေးမှ လိုလိုချင်ချင်ရောင်းချပါတယ်။ အခြားတစ်ဘက်မှာလည်း အစွန်းထွက် ၂၀၀၊ ၁၀၀ ၊ ၅၀ စတဲ့ ပြန်အမ်းငွေတွေကို ကော်ဖီမစ်ထုတ်၊ သကြားလုံး၊ တစ်သျှူးစက္ကူစတဲ့ တန်ဖိုးတူပစ္စည်းတွေနဲ့ အစားထိုးပေးရပါတော့တယ်။

ငွေစက္ကူကိုသာ အဓိကအသုံးပြုတဲ့မြန်မာနိုင်ငံအတွက် ငွေစက္ကူအကြွေတွေ ရှားပါးသွားခြင်းဟာ လက်လီကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ကြီးမားတဲ့အကျိုးဆက်အဖြစ် ရှိနေပါတယ်။

အစိုးရက ပြောင်းလဲကျင့်သုံးလိုက်တဲ့ YBS စနစ်မှာတောင် ခရီးသည်တွေကို ငွေအကြွေ ယူဆောင်လာဖို့ ယာဉ်လိုင်းတွေက တိုက်တွန်းထားပြီး ငွေအကြွေ ကျပ် ၂၀၀ တန်မပါတဲ့ သူတွေဟာ လိုင်းကားစီးနင်းရာမှာ အခက်အခဲ တွေရှိခဲ့ကြပါတယ်။

အကြွေမပါတဲ့ မော်တော်ယာဉ်စီးသူတွေဟာ ခရီးသည်တင်ယာဉ်ပေါ်က Cash Box လို့ ခေါ်တဲ့ ပုံးနားမှာ အကြွေပါတဲ့သူတွေဆီက အကြွေနဲ့ လဲလှယ်ဖို့ စောင့်ဆိုင်းနေကြရပါတော့တယ်။

မစောင့်ဆိုင်းနိုင်သူတစ်ချို့ကတော့ သူတို့မှာပါတဲ့ ငွေစက္ကူတွေကိုပဲ Cash Box ထဲကို ထည့်သွားပါတော့တယ်။

သြဂုတ်လအစောပိုင်းက YBS အမှတ် ၃၉ စီးနင်းခဲ့တဲ့ အမျိုးသမီးတယောက်က ကျပ် ၂၀၀ တန်ခရီးကို ၂၅ ဆလောက်ပိုပေးပြီး ကျပ် ၅,၀၀၀ တန်ထည့်ပြီး စီးသွားခဲ့ပါတယ်။

ငွေစက္ကူ ကျပ် ၂၀၀ တန်မရှိလို့ကျပ် ၅,၀၀၀ တန် ထည့်သွားခဲ့တဲ့ အဲဒီအမျိုးသမီးကို မော်တော်ယာဉ်လိုင်းက နောက်ပိုင်းမှာ ပြန်လည်ရှာဖွေပြီး ကျပ် ၅,၀၀၀ တန်ကို ပြန်ပေးခဲ့ပါတယ်။

tzh_yrta_money11.jpg

 title=

title=

“ကျွန်တော်တို့ ရသမျှအကြွေတွေကို နည်းလမ်းပေါင်းစုံနဲ့ လဲပေးနေတယ်။ ကျွန်တော်တို့ဆီ လာလဲလို့ လည်းရတယ်။ လူစည်ကားရာနေရာတွေမှာလည်း လဲပေးနေတယ်”လို့ အမှတ် ၆၊ ၁၉၊ ၃၉၊ ၅၇ နဲ့ ၆၀ စတဲ့ ယာဉ်လိုင်းတွေ ပြေးဆွဲနေတဲ့ Aero Star Bus Public ကုမဏီက ပြောရေးဆိုခွင့်ရှိသူ ဦးဖြိုးဟေမာန်က ပြောပါတယ်။

လတ်တလောမှာတော့ ငွေအကြွေပြဿနာကိုပြေလည်အောင် အစိုးရက သူ့ဝန်ထမ်းတွေကို သြဂုတ်လအတွက် လစာငွေထဲမှာ ငွေစက္ကူအကြွေတွေ ထည့်သွင်းပေးခဲ့ပါတယ်။

Frontier ကမေးမြန်းခဲ့တဲ့ မူလတန်းပြကျောင်းဆရာမတစ်ဦးရဲ့အဆိုအရ လစာတွေထဲက အများဆုံး ကျပ်ငါးသောင်းအထိကို ငွေစက္ကူအကြွေ ထုတ်ယူခွင့်ရတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီပမာဏဟာ ဈေးကွက်တစ်ခုလုံးကို မလွှမ်းခြုံနိုင်သေးဘဲ ငွေအကြွေရှားပါးမှုပြဿနာ ကြုံနေရဆဲဖြစ်ပါတယ်။

“ဝန်ထမ်းအနေနဲ့က အလုပ်ဖြစ်သွားမှာပေါ့။ ဝန်ထမ်းကတော့ သူစီးသလောက်ဘဲပေးသွားမှာပေါ့။ ဝန်ထမ်းမဟုတ်တဲ့ ပြည်သူကတော့ရှားပါးနေတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပါတယ်။

ဒီလို ငွေအကြွေပြဿနာကြုံနေရတဲ့အခြေအနေကြောင့် ယာဉ်လိုင်းတွေမှာအသုံးပြုဖို့ ကြိုတင်ငွေပေးကတ် စနစ်ကို ကျင့်သုံးဖို့ အစိုးရက စီစဉ်နေပါတယ်။

”ကတ်စနစ်လုပ်လိုက်တဲ့အတွက် အကြွေမရှိတာတွေ၊ အကြွေမအမ်းနိုင်တာတွေလည်း ခရီးသွားပြည်သူတွေ ကြုံတွေ့ရတော့မှာ မဟုတ်ဘူး” လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက သြဂုတ် ၁၅ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့်YRTA နှင့် Yangon Payment Services (YPS) ၏ ကတ်စနစ်ဖြင့် ငွေပေးချေမှုလုပ်ငန်းဝန်ဆောင်မှုအတွက် တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအား ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဒီစနစ်ကို နောက်ထပ်ငါးလအကြာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီမှ စတင်နိုင်ဖို့ အစိုးရက ရည်ရွယ်ထားပါတယ်။

အဲဒီတော့ ဒီကာလအတွင်းမှာ ငွေစက္ကူအကြွေ ရှားပါးမှုဒဏ်ကို ရန်ကုန်မြို့က ပြည်သူတွေ ခါးစည်းခံကြရဦးမှာပဲ ဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.