မြောက်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဖြစ်သော လေးမျက်နှာဘုရားကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ မြောက်ဦးမြို့နယ်တစ်ခုလုံးသည် လုံခြုံရေးအကြောင်းပြချက်ကြောင့် လာမည့် နိုဝင်ဘာ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရကြမည်မဟုတ်ပေ။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

သေနတ်သံများနဲ့အတူ အသက်မဲ့သွားတဲ့ မြောက်ဦးက ရွေးကောက်ပွဲ

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်တိုက်ပွဲများနှင့် လုပ်ပိုင်ခွင့်အာဏာကိုအသုံးချ၍ ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အများအပြားတွင် ရွေးကောက်ပွဲမကျင်းပရန် လုပ်ဆောင်နေသည်ဟု ရခိုင်နိုင်ငံရေးသမားများက ယုံကြည်နေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

မြောက်ဦးမြို့ပေါ်သို့ရောက်ရှိပါက အိမ်ခေါင်မိုးများပေါ်တွင် ထိုးထိုးထောင်ထောင်နှင့် ဝါးလုံး အချို့ကို တွေ့ရပါလိမ့်မည်။ နိုင်ငံရေးပါတီများ၏ အလံများလွှင့်ထားခြင်းမဟုတ်ပါ။  ဖုန်းများကို အင်တာနက်ဖွင့်၍ Hot Spot လွှင့်ထားခြင်းဖြစ်သည်။ ပြီးလျှင် ကျွတ်ကျွတ်အိတ်ဖြင့် ထုတ်ပိုး၍ ဝါးလုံးထိပ်ဖျားတွင် ချည်ကာ အိမ်နံဘေးတွင်တိုက်ထောင်၍ အင်တာနက်လိုင်းရှာကြခြင်းဖြစ်သည်။

၂၀၁၉၊ ဇွန်မှစ၍ အစိုးရသည် ရခိုင့်တပ်မတော်(အေအေအဖွဲ့)နှင့် တပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် မြောက်ဦးအပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်း ရှစ်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အင်တာနက် ဖြတ်တောက်ခဲ့သည်။ ယခုနှစ် သြဂုတ်၁ရက်တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း အလွန်နှေးကွေးသည့် 2G ကွန်ရက်သာ ရသောကြောင့် အသုံးပြု၍ မရဖြစ်သည်။

ထို့ကြောင့် မြောက်ဦးရှိ ဒေသခံအများစုသည် 3G နှင့် 4G ကွန်ရက်များကို အသုံးပြုနိုင်ရန် တောင်ကုန်များထိပ်သို့ တပ်၍ အသုံးပြုရသည်။ သို့သော် မြန်မာ့တပ်မတော်က အင်တာနက် အသုံးပြု၍ရသည့် တောင်ကုန်းများကို ရံဖန်ရံခါတွင် လာရောက်ပိတ်ပင်လေ့ရှိပြီး ကိုဗစ်-၁၉ရောဂါ ကန့်သတ်ချက်များကြောင့် ဒေသခံအများစုသည် ယခုနောက်ပိုင်းတွင် အိမ်တွင်ဝါးလုံးထောင်၍ လိုင်းဖမ်းသည့် စနစ်ကိုပိုမို အားကိုးလာကြသည်။

ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှုနှင့် ရင်ဆိုင်နေရချိန်တွင် ကိုဗစ်ကြောင့် နေအိမ်တွင်သာ နေထိုင်ရေးအမိန့်နှင့် ကန့်သတ်ချက်များအောက်ပါ ကျရောက်ခြင်းတို့ကြောင့် မြောက်ဦးမှ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများအပေါ် မဲဆွယ်ရာတွင် ဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာစောင်ဝေခြင်းတို့ကိုသာ လုပ်ဆောင်ခွင့်ရခဲ့သည်။ ထိုသို့သော အခြေအနေများအပေါ် စိတ်ပျက်ခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပေါင်း ၂၀ကျော်အလို၊ အောက်တိုဘာ၁၆ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နယ်မြေမလုံခြုံမှုအကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်ကိုးခုအပါအဝင် ပြည်နယ်အတွင်း ကျေးရွာအုပ်စုအများအပြားတွင် ရွေးကောက်ပွဲ မကျင်းပတော့ဟု ကြေညာလိုက်ရာ ဒေသခံမဲဆန္ဒရှင်များအကြားတွင် စိတ်ပျက်မှုများနှင့် ခံပြင်းမှုများ ကြီးထွားလာခဲ့သည်။

ရွေးကောက်ပွဲမကျင်းပခြင်းကြောင့် ရခိုင်ပြည်နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း ၁ဒသမ၆သန်းကျော်၏ ၇၃ရာခိုင်နှုန်းဝန်းကျင်ဖြစ်သော လူဦးရေ ၁ဒသမ၂သန်းကျော် နိုဝင်ဘာ၈ရက်တွင် ကျင်းပသော ရွေးကောက်ပွဲ၌ မဲပေးနိုင်မည်မဟုတ်ပေ။

 ရွေးကောက်ပွဲမကျင်းပမည့် မြို့နယ်များမှာ ရခိုင်တိုင်းရင်းသားပါတီများ အနိုင်ရရန် အားကောင်းသည့် နေရာများဖြစ်နေသည်။

ယင်းအပေါ်  ဒေသခံရခိုင်အမတ်လောင်းများက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သည် လက်ရှိအာဏာရပါတီ အနိုင်မရနိုင်သည့် မဲဆန္ဒနယ်များကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမပြုလုပ်ရန် ဆုံးဖြတ်သလောဟု မေးခွန်းထုတ်လာကြသည်။

မြောက်ဦးမြို့နယ်။ (Thibi အဖွဲ့က ဖန်တီးသည်)

“ဘောလုံးပွဲ တစ်ပွဲလိုပေါ့။ ဒိုင်လူကြီးက ပွဲထဲမှာ မမျှမတလုပ်တယ်။ လာဘ်စားတယ်။ ဒါပေမဲ့  သူ့အဆုံးအဖြတ်က အတည်ပဲလေ။ ဘာမှလုပ်လို့မရဘူး”ဟု ဆိုလာသူက အသက် ၆၂ အရွယ်ရှိ ရခိုင့်ဦးဆောင်ပါတီ (AFP)၏  မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလောင်း ဦးမောင်သန်းမြင့်ဖြစ်သည်။

“တော်တော် အရုပ်ဆိုးတယ်။ တော်တော်ကို ရုပ်ပျက်ဆင်းပျက်ပဲ”ဟု ရခိုင်ပြည်နယ်မြောက်ပိုင်း နေရာအတော်များများတွင် ရွေးကောက်ပွဲ မကျင်းပတော့မည့်အပေါ် သူက စိတ်ပျက်လက်ပျက် ပြောဆိုသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကမူ နယ်မြေလုံခြုံရေးကြောင့် ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိကြောင်းကို အစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ထောက်ခံခြင်းဖြစ်ကြောင်း အခိုင်အမာဖြေရှင်းသည်။

“အဲဒီသတင်းကို သိလိုက်တဲ့ အချိန်အံ့သြသွားတယ်။ တစ်မြို့နယ်လုံးမှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ မထင်ထားဘူး”ဟု ဦးမောင်သန်းမြင့်က ပြောဆိုသည်။

ဒေသခံများ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် အရပ်ဘက်အဖွဲ့အစည်းများကမူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်ကို လက်မခံနိုင်ဖြစ်ကြသည်။ မြောက်ဦးမြို့နှင့် တစ်မိုင်ခန့်ဝေးကွာသည့် ပေါက်တောပြင် ကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်တစ်ဝိုက်မှ အပ ကျန်သည့်ဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ကြောင်း မြောက်ဦးမြို့အခြေစိုက် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူ ကိုရွှေသန်းကျော်ကပြောသည်။

“တိုက်ပွဲက အဲဒီမြို့ရဲ့ မြောက်ဘက်မှာ ပေါက်တောပြင် တစ်ဝိုက်မှာပဲ ဖြစ်တာပါ။ ကျန်တဲ့ နေရာတွေကလုံခြုံပါတယ်”ဟု သူကပြောသည်။

ဖရွန်းတီးယားမြန်မာသည် သြဂုတ်လအတွင်း မြောက်ဦးသို့ သွားရောက် သတင်းယူခဲ့စဉ်က မြို့ပေါ်တစ်ဝိုက်သည် အေးအေးချမ်းချမ်းဖြင့် ပုံမှန်လည်ပတ်လျက်ရှိသည်။ သို့သော် စစ်တွေသို့အပြန်  မြောက်ဦးမြို့ပြင် ပေါက်တောပြင်ရွာ အနီး၊ ရန်ကုန်-စစ်တွေ ကားလမ်းတွင် အေအေတပ်ဖွဲ့ဝင်အချို့ လက်နက်များဖြင့် သွားလာနေသည်ကို မြင်တွေ့ခဲ့ရသည်။

ယခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် အရပ်သားများ ဖမ်းဆီးခံရမှုများ၊ သေဆုံးမှုများ၊ စစ်ဘေးရှောင်များစသည့် ဖိနှိပ်မှုများအတွက် အသံတစ်သံ ထွက်ပေါ်ရန် ရွေးကောက်ပွဲကို ဝင်ခဲ့ကြခြင်း ဖြစ်သည်ဟု ရခိုင်ပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်းများက ဆိုသည်။ သို့သော် ယခုတွင်မူ ထိုမျှော်လင့်ချက်များ ကင်းမဲ့သွားပြီဖြစ်သည်။

“အခုတော့ ကျွန်တော်တို့ ရခိုင်တွေတိုင်းရင်းသားတွေအပေါ် မတရားဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အသံတွေမှ ထွက်လို့မရတော့ဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ မြောက်ဦး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ပြောသည်။

နယ်မြေလုံခြုံရေးအရ ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေရှိလျှင်မူ မြောက်ဦးအပါအဝင် အခြားရွေးကောက်ပွဲမကျင်းပဟု ကြေညာထားသည့် မြို့နယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်များကို ကြားဖြတ်ရွေးကောက်ပွဲများ အစောဆုံးကျင်းပနိုင်မည့် ၂၀၂၂တွင်မှ ရွေးချယ်နိုင်မည်ဖြစ်သည်။ အကြောင်းမှာ ရွေးကောက်ပွဲဥပဒေများ အရ ကြားဖြတ်ရွေးကောက်ပွဲများကို အစိုးရသစ်သက်တမ်း ပထမနှစ်နှင့် နောက်ဆုံးနှစ်တို့တွင် ကျင်းပခွင့်မရှိ၍ဖြစ်သည်။

ဦးထွန်းနေဝင်းကမူ ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်ရာတွင် ရွေးကောက်ပွဲမကျင်းပခြင်းမှာ  မဲဆန္ဒရှင်များကို အခြားတစ်ဘက်သို့ တွန်းပို့သကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း သတိပေးပြောကြားသည်။

“လွှတ်တော်နိုင်ငံရေးထွက်ပေါက် အားနည်းလာရင် တစ်ဘက်က စစ်မက်တွေ ပိုဖြစ်လာနိုင်တယ်” ဟု သူကပြောသည်။

၂၀၁၅ကကဲ့သို့ တစ်ပြည်နယ်လုံးမဲပေးခွင့်ရရှိလျှင်မူ ရခိုင်မဲဆန္ဒရှင်များ၏ မဲပေးမှုရလဒ်သည် ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်မှုအပေါ် မလွှမ်းမိုးနိုင်ပါ။ ၂၀၁၅ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီသည် ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် ၃၅ခုအနက် ၂၂နေရာအထိ အနိုင်ရခဲ့သည်။ သို့သော်လည်း ပါတီ၏ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်က ရွေးကောက်တင်မြှောက်ရန် အကြံပြုချက်ကို အင်န်အယ်လ်ဒီပါတီက လျစ်လျူရှု၍ ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားသည့် အခွင့်အရေးကို အသုံးချကာ ပါတီဝင်ဦးညီပုကိုသာ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ယင်းဖြစ်ရပ်များအပေါ်အခြေခံ၍ ပြည်မအခြေစိုက်ပါတီများဖြစ်သည့် အင်န်အယ်လ်ဒီနှင့် ပြည်ခိုင်ဖြိုးတို့ ဦးဆောင်သည့် အစိုးရများထံမှ ၎င်းတို့၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို တောင်းဆိုရန်မှာ မဖြစ်နိုင်သလောက်ရှိသည်ဟု ရခိုင်နိုင်ငံရေးသမားများက နားလည်လက်ခံလာကြသည်။

မစခင်ကပြီးဆုံးနှင့်သည့် ကစားပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များတွင် ရွေးကောက်ပွဲကျင်းပရန် မရုတ်သိမ်းမီကပင်လျှင် ဦးထွန်းနေဝင်းနှင့် ဦးမောင်သန်းမြင့်တို့အဖို့ မြောက်ဦးတွင် မဲဆွယ်ရန်မှာ မလွယ်ကူပေ။ 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်း အစအဖြစ် ရောဂါကူးစက်ခံရသူများကို ရခိုင်ပြည်နယ်တွင်  ပြီးခဲ့သည့် သြဂုတ်လလယ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။ ယင်းနောက် သြဂုတ်၂၆ရက်မှစ၍ တစ်ပြည်နယ်လုံးတွင် နေအိမ်တွင်သာနေထိုင်စေရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးရေးဆိုင်ရာ စည်းမျဉ်းများအရ လူ၅၀အထိ ကျန်းမာရေးအစီအမံများဖြင့် မဲဆွယ်စုရုံးခွင့်ရှိသည်။ သို့သော် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်သက်ရောက်သည့် မြို့နယ်များတွင် မဲဆွယ်စည်းရုံးခွင့်ကို လုံးဝပိတ်ပင်ထားသည်။ သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ကိုယ်စားလှယ်လောင်းများမှာ ပြင်ပတွင် စုဝေးခွင့်မရှိတော့ဘဲ အွန်လိုင်းကတစ်ဆင့်သာ မဲဆွယ်စည်းရုံးခဲ့ကြသည်။

သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရကခွင့်ပြုထားသည့် အင်တာနက်မှာ မြန်နှုန်းအလွန်နှေးကွေးသော 2Gကွန်ရက် အဆင့်ရှိသည်ဖြစ်ရာ အွန်လိုင်းမှတစဆင့် ရုပ်သံပြဆော့ဖ်ဝဲများဖြင့် မဲဆွယ်ရန်မှာ မဖြစ်နိုင်သည့်အနေအထားတွင် ရှိသည်။

ရွေးကောက်ပွဲမပယ်ဖျက်ခင်ကပင် အင်တာနက်ဖြတ်တောက်မှုနှင့် ကိုဗစ်-၁၉ဆိုင်ရာ ကန့်သတ်ချက်များကြောင့် မဲဆွယ်စည်းရုံးရေး မလုပ်နိုင်အောင် ခက်ခဲခဲ့သည်ဟု ဦးမောင်သန်းမြင့်၊  ဦးထွန်းနေဝင်းတို့ နှစ်ဦးစလုံးနှင့် အခြားလွှတ်တော်ကိုယ်စားလှယ်လောင်းများက ပြောဆိုသည်။ 

မြောက်ဦးမြို့နယ်တွင်
ဩဂုတ်လလယ် ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ဒုတိယလှိုင်းစတင်ခဲ့ချိန်တွင် မြောက်ဦးမြို့အတွင်း ကိုဗစ်-၁၉ကာကွယ်ရေးပစ္စည်းများကို စေတနာ့ဝန်ထမ်းများက အများပြည်သူသို့ လိုက်လံဝေငှစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ထို့ပြင် ရွေးကောက်ပွဲကျင်းပရန် မရေရာမှုများကြောင့် အချိန်နှင့်လုပ်အားများ အလဟသဖြစ်မည်စိုးသဖြင့် ရခိုင်ကိုယ်စားလှယ်လောင်းအချို့သည် မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်သည်အထိ နယ်ဘက်သို့ စည်းရုံးရေးမဆင်းဘဲ စောင့်ကြည့်နေခဲ့သည်။

“ဒါက တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ အခြေအနေပါ။ ကိုဗစ် ကန့်သတ်ချက်အောက်မှာ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့မရဘူး”ဟု ရခိုင်အမျိုးသားပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးထွန်းနေဝင်းက ဖရွန်းတီးယားမြန်မာကို ပြောသည်။

“၂၀၁၅ တုန်းကဆို အခုအချိန်ဆို ကျွန်တော်တို့ အရမ်းလှုပ်ရှားနေပြီ။ မြို့နယ်ကော်မရှင်ရုံးကို စည်းရုံးရေးဆင်းမဲ့ နေရာတွေ တင်ပြပြီး ခရီးတွေ ထွက်နေပြီ”ဟု ၎င်းကပြောသည်။

မဲဆွယ်ကာလ တစ်လခန့်ကြာမြင့်ပြီးနောက်တွင်မူ ရခိုင်နိုင်ငံရေးပါတီများက လွှတ်တော်ကိုယ်စား လှယ်လောင်းများသည် မြောက်ဦးတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ယူဆခဲ့ကြသည်။

“အဲဒါက မြောက်ဦးအတွက်ဆို အများကြီးဆုံးရှုံးတယ်။ တကယ်ဆို အချိန်အများကြီးစောပြီး ကြေညာထားသင့်တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပရန် ကြေညာချိန် နောက်ကျခြင်းနှင့် ပတ်သက်၍ ဦးမောင်သန်းမြင့်က ပြောသည်။

မြောက်ဦးတစ်မြို့နယ်လုံးတွင် ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်၏ဆုံးဖြတ်ချက်သည် အာဏာရ အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံမှုနည်းသဖြင့်ဖြစ်သည်ဟု ကိုယ်စားလှယ်လောင်းများက ယုံကြည်ထားကြသည်။ သူတို့ တစ်ညီတစ်ညွတ်တည်းထောက်ပြသည်မှာ မြောက်ဦးထက် တိုက်ပွဲများ ပိုမိုပြင်းထန်သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ရွေးကောက်ပွဲကျင်းပရန် ကော်မရှင်၏ ဆုံးဖြတ်ချက်ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ပလက်ဝမြို့ရှိ၊ မဲဆန္ဒနယ်များတွင် အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။ (သို့သော် ကော်မရှင်က ပလက်ဝမြို့နယ်၏ ကျေးရွာအုပ်စု အတော်များများတွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ပြန်လည်ကြေညာခဲ့သည်။)

သို့သော် မြောက်ဦးတွင်မူ အင်န်အယ်လ်ဒီပါတီသည် မဲပေးသူစုစုပေါင်း၏ ဆန္ဒမဲလက်မှတ် ၄ရာခိုင်နှုန်းသာ ရရှိထားသည်။ မြောက်ဦးမြို့နယ်သည် ဧရိယာ ၁,၂၇၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ယင်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသများဖြစ်သည်။ လူဦးရေစုစုပေါင်း၏ ၈၄ ရာခိုင်နှုန်းမှာ ကျေးလက်တွင်နေထိုင်ကြောင်း အထွေထွေအုပ်ချုပ်မှူးဦးစီးဌာန၏ အချက်အလက်များ အရ သိရသည်။ ထို့ပြင် တိုက်ပွဲများဖြစ်ပွားမှုကြောင့် မြို့ပေါ်တွင် စစ်ဘေးရှောင် အရေအတွက်မျာလည်း ၃၀,၀၀၀ ကျော်အထိရှိသည်။

ရွေးကောက်ပွဲပယ်ဖျက်လိုက်သဖြင့် ကိုယ်စားလှယ်လောင်းများအဖို့ စိတ်ပျက်ဒေါသ ထွက်ကြသော်လည်း ကျေးရွာများရှိမဲဆန္ဒနယ်များနှင့် စစ်ဘေးရှောင်များမှာမူ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက် သိပ်မထားခဲ့ကြပေ။ 

ဖရွန်းတီးယားမြန်မာက သြဂုတ်လကုန်ပိုင်းတွင် မြောက်ဦးသို့ သွားရောက်၍ သတင်းရယူစဉ်ကမူ ဒေသခံအများအပြားမှာ ခက်ခဲသည့် လူမှုဘဝအခြေအနေများကြောင့် ရွေးကောက်ပွဲထက်၊ ပဋိပက္ခဒေသတွင် ရှင်သန်နိုင်ရေး၊  ကိုဗစ်-၁၉ကာလတွင် မိသားစု စားဝတ်နေရေး စသည့် နိစ္စဓူဝ ကိစ္စရပ်များအတွက် အဓိကရုန်းကန်နေရသောကြောင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု လျော့ကျလျက်ရှိသည်။ အချို့ဒေသခံများမှာမူ ၎င်းတို့နေထိုင်ရာ ဒေသတွင် ဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်ကိုပင် မသိရှိပေ။ 

ရွေးကောက်ပွဲ ကျင်းပရန်နှစ်ပတ်ခန့်အလိုတွင်မူ မြောက်ဦး၏ ကျေးလက်နှင့် မြို့ပေါ် ဒေသနှစ်ခုလုံးရှိ ဒေသခံများသည် ရွေးကောက်ပွဲနှင့် မဲဆွယ်စည်းရုံးရေးသတင်းများထက် သေနတ်သံများ၊ တိုက်ပွဲဖြစ်ပွားမှုအခြေအနေများကိုသာ အာရုံစိုက်နေရပြီး အရပ်သားဖမ်းဆီးခံရမှုနှင့် သေဆုံးမှုအခြေအနေများကြောင့် စိုးရိမ်ပူပန်မှုများဖြင့် နေထိုင်ကြလျက်ရှိသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ရှိနေတာတောင် ဒီမတရားဖမ်းဆီးခံရမှုတွေ၊ သေဆုံးမှုတွေက ဖြစ်ပွားနေတယ်။ မရှိတော့ဘူးဆိုရင် အခုထက်ပိုဆိုးလာမယ်”ဟု မြောက်ဦးလူငယ်များအစည်းအရုံး ဒုတိယဥက္ကဋ္ဌ မဦးမြင့်ရီက ပြောသည်။

“တိုက်ပွဲတွေ ဒီထက်ပိုများလာမှာကို တော်တော်စိုးရိမ်တယ်”

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.