မြေမြှုပ်မိုင်းအန္တရာယ်နှင့် အပြစ်မဲ့ဒုက္ခသည်များ

မြေမြှုပ်မိုင်းများသည် ၁၉၉၇ ခုနှစ် မြေမြှုပ်မိုင်း အသုံးပြုမှု တားဆီးရေးသဘောတူစာချုပ်ကို လက်မှတ်မရေးထိုးရသေးသော နိုင်ငံအနည်းငယ်တွင် ပါဝင်နေသည့် မြန်မာနိုင်ငံ၌ အပြစ်မဲ့အရပ်သားထောင် ပေါင်းများစွာ၏ အသက်များကို ဖျက်ခြွေလျက်ရှိသည်။

အိုလီဗာ ဆလိုး ရေးသားသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံအတွက် ဆက်လက်ပြင်ဆင်နေချိန်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့၌ ပဋိပက္ခများ ဆက်လက် ပြင်းထန်စွာ ဖြစ်ပွားနေသဖြင့်် အနှစ် ၇၀ ကြာ ပြည်တွင်းစစ်ဒဏ်ခံရသည့် အပြစ်မဲ့ဒုက္ခသည် အရေအတွက်မှာ ဆက်လက်တိုးပွားလျက်ရှိသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုန်းကိုးတွင် မြေမြှုပ်မိုင်းကြောင့် ထင်းခွေနေသူ ငါး ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရသူနှစ်ဦးအား သွားရောက်ကူညီသူ နောက်ထပ်သုံးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ဧရာဝတီ သတင်းဌာနက ဖော်ပြသည်။ လူငါးဦးကို မန်စီဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သတင်းက ဆိုသည်။

၂၀၁၆ ခုနှစ်က မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၉၈ ဦးရှိခဲ့ရာ ယခင်နှစ်က မှတ်တမ်းတင်ထားခဲ့သော ၁၆၁ ဦးနှင့် နှိုင်းယှဉ်ပါက နှစ်ဆနီးပါးမြင့်တက်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်ဗုံးပိတ်ပင်ရေး လှုပ်ရှားမှုက စုစည်း၍ ယခင်လက ထုတ်ဝေခဲ့သော  2017 Landmine and Cluster Munition Monitor အစီရင်ခံစာတွင် ဖော်ပြသည်။ ၂၀၁၄ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၅၁ ဦး ရှိခဲ့သည်။

၂၀၁၆ ခုနှစ်က မှတ်တမ်းတင် မိုင်းထိဒုက္ခသည်စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြေမြှုပ်မိုင်းထိထားသော ဒုက္ခသည်လူငယ်တစ်ဦး။ ဓာတ်ပုံ - အန်းဝမ်

၂၀၁၆ ခုနှစ်က မှတ်တမ်းတင် မိုင်းထိဒုက္ခသည်စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြေမြှုပ်မိုင်းထိထားသော ဒုက္ခသည်လူငယ်တစ်ဦး။ ဓာတ်ပုံ – အန်းဝမ်

မြန်မာနိုင်ငံမှ မြို့နယ်ပေါင်း ၃၃၀ အနက် အနည်းဆုံး ၇၁ မြို့နယ်တွင် မြေမြှုပ်မိုင်းများ ပုံစံတမျိုးမျိုးဖြင့် ရှိနေကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၁၆ ခုနှစ်၌ မြေမြှုပ်မိုင်း အများဆုံးနှင့် အပြန့်နှံ့ဆုံး ရှိနေသောနေရာများထဲမှ ရှမ်းနှင့် ကချင်ပြည်တို့တွင် မြြှေမုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦးနှင့် ၁၅ ဦးစီ အသီးသီး ရှိခဲ့သည်။

“နောက်ထပ်ထိခိုက်မှုတွေက ကျွန်တော်တို့သတင်းတွေမှာ ပါတာထက်ပိုပြီး များလာဦးမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်က ဒီနှစ်(အစီရင်ခံစာမှာပါတဲ့) ထိခိုက်ဒဏ်ရာရစာရင်းရဲ့ထက်ဝက်နီးပါးရှိပါတယ်။ ကျွန်တော်တို့ အစီရင်ခံစာမှာပါတဲ့ သတင်းတွေကလည်း အပြည့်အစုံ မဟုတ်သေးပါဘူး” ဟု ဇန်နဝါရီ ၁၀ ရက်မှာ ရန်ကုန်မြို့၌ အစီရင်ခံစာတင်ပြခဲ့သူ စောင့်ကြည့်စစ်တမ်းယူသည့် အဖွဲ့၏ သုတေသန ပေါင်းစပ်ညှိနှိုင်းရေးမှူး မစ္စတာ ယေရှူဝါ မိုးဇာ ပူးအင်န်ဆူဗန်Mr Yeshua Moser-Puangsuwan ကပြောသည်။

၁၉၉၉ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မြန်မာ၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ ၃,၉၉၁ ဦးအနက် ဒဏ်ရာရသူ ၃,၃၈၅ ဦး၊ သေဆုံးသူ ၄၈၈ ဦးနှင့် “ပျောက်ဆုံး” အဖြစ်သတ်မှတ်ထားသူ ၁၁၈ ဦးရှိကြောင်း သတင်းတွင် ဖော်ပြသည်။

ကောက်ယူရရှိထားသော ကိန်းဂဏန်းများအရ အသက်ရှင်ကျန်ရှိသူ မြေမြှုပ်မိုင်းဒုက္ခသည် ၈၅ ဦးခန့်ရှိသည်ဟု ပြသလျက်ရှိသော်လည်း ယင်းကိန်းဂဏန်းမှာ မမှန်ကြောင်း မိုးဇာ ပူးအင်န်ဆူဗန်ကပြောသည်။

“ကျွန်တော်ရဲ့သတင်းအချက်အလက်ကို ဆေးဝါးကူညီရေးအဖွဲ့တွေဆီက ရတာဖြစ်ပြီး ဘာဖြစ်မလဲ မှန်းကြည့်ရပါတယ်။ သူတို့က သေတဲ့သူတွေကို ဆေးဝါးအကူအညီမပေးတာကြောင့် ကျွန်တော်တို့ ကိန်းဂဏန်းတွေမှာ အသက်ရှင် ကျန်ရစ်သူဦးရေ ထူးထူးကဲကဲ မြင့်တက်နေတာကို ပြသနေပါတယ်။ သေဆုံးစာရင်းက အများအားဖြင့် မပါဝင်တတ်ပါဘူး” ဟု သူက ဆိုသည်။

“မြန်မာနိုင်ငံ မိုင်းရှိတဲ့နေရာတွေမှာ နေတဲ့အရပ်သားတွေ အန္တရာယ်အများဆုံး တွေ့နေရတယ်ဆိုတာက တောထဲမှာ လှည့်လည်သွားလာပြီး အစားအစာ၊ ဒါမှမဟုတ် ဆေးဝါးရှာတာသာ ဖြစ်ပါတယ်။ ဒီအလုပ်တွေကြောင့် သူတို့သေရတာပါ။ အသက်ရှင်နေထိုင်ဖို့် လိုအပ်တဲ့ သာမန်အလုပ်တွေကိုသာ လုပ်နေကြတာပါ” ဟု ဆိုသည်။

၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်က မြေမြှုပ်မိုင်းသစ်များ ချခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာနှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာအတွင်းတွင် အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ် Arakan Rohingya Salvation Army-ARS) ၏တိုက်ခိုက်မှုများဖြစ်ပေါ်ပြီးနောက်ပိုင်း မြေမြှုပ်မိုင်းများကို လုံခြုံမှုစစ်ဆင်ရေး ကာလများအတွင်း ချထားခဲ့ခြင်းဖြစ်သည်။

ဖရန့်တီယာအပါအဝင် မီဒီယာများနှင့် Amnesty International နှင့် Human Rights Watch ကဲ့သို့သော လူ့အခွင့်အရေးအုပ်စုများသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဒေသအနီးတွင် တပ်မတော်တပ်ဖွဲ့များ မြေမြှုပ်မိုင်းချနေသည်ကို တွေ့ခဲ့ရသူများနှင့် စကားပြောခဲ့သည်။

အစီရင်ခံစာ တင်ပြသည့်အချိန်တွင် မိုးဇာ ပူးအင်န်ဆူဗန်သည် စက်တင်ဘာလအတွင်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ သွားရောက်စဉ်က ဖရန်တီယာ ရယူခဲ့သော ဗီဒီယိုကလစ်များကို ပြသခဲ့သည်။ အဆိုပါဗီဒီယိုတို့၌ နယ်စပ်ဒေသအနီးတွင် မူစလင်ဒုက္ခသည်များ မြေမြှုပ်မိုင်းများ ဖယ်ရှားနေသည်ကို ဖော်ပြထားသည်။ အဆိုပါကလစ်တွင် အမျိုးသမီးတစ်ဦး၏ ခြေနှစ်ဖက်စလုံး မြေမြှုပ်မိုင်းထိ ပြတ်တောက်ပြီးနောက် မြန်မာနိုင်ငံအတွင်းရှိ စမ်းချောင်းကလေးကိုဖြတ်၍ သူ့ကို သယ်လာသောဗီဒီယို လည်းပါသည်။

၂၀၁၆ ခု အောက်တိုဘာတိုက်ခိုက်မှုနောက်ပိုင်း အစိုးရသည် မြေမြှုပ်မိုင်းများချသည့်ကိစ္စနှင့်ပတ်သက်ပြီး အာဆာကို စွပ်စွဲကာ နိုင်ငံပိုင်သတင်းစာများတွင် အထောက်အထားအဖြစ် ဓာတ်ပုံများ ဖော်ပြခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်ဒေသမှ မယ်လဒုက္ခသည်စခန်းအတွင်း ခြေတုဖြင့်လျှောက်သွားနေသည့် မိုင်းထိဒုက္ခသည်တစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ထိုင်း-မြန်မာနယ်စပ်အနီး မဲဆောက်ဒေသမှ မယ်လဒုက္ခသည်စခန်းအတွင်း ခြေတုဖြင့်လျှောက်သွားနေသည့် မိုင်းထိဒုက္ခသည်တစ်ဦး။ ဓာတ်ပုံ – အေအက်ဖ်ပီ

မိုးဇာ ပူးအင်န်ဆူဗန်သည် ဓာတ်ပုံများကို စစ်ဆေးကြည့်ပြီးနောက် အစိုးရ၏ စွပ်စွဲမှုများကို သံသယဝင်ခဲ့သည်။

“ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတိုင်းကို ကျွန်တော်တို့ သေသေချာချာ စစ်ဆေးပြီးပါပြီ။ ဘယ်ပုံမှ မြေမြှုပ်မိုင်းဆိုတဲ့ နည်းပညာဆိုင်ရာ သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး” ဟု သူကဆိုသည်။

“(တပ်မတော်ကပေးတဲ့) မြေမြှုပ်မိုင်းဓာတ်ပုံတွေကို မီဒီယာတွေက ကြည့်စေချင်ပါတယ်။ သူတို့ပြောတာကို ခင်ဗျားတု့ိ လက်ခံနိုင်တယ်၊ လက်မခံနိုင်ဘူးဆိုတာကို နည်းနည်းလေးပိုပြီး ဝေဖန်ဆန်းစစ်စေချင်ပါတယ်” ဟု သူက ဆိုသည်။

နိုင်ငံပိုင်မီဒီယာတွင်ပါသော ကိရိယာများသည် အဝေးထိန်း ဖောက်ခွဲပစ္စည်များဖြစ်ပြီး လူနင်းမိမှ ပေါက်ကွဲသော အမျိုးအစားများ မဟုတ်ကြောင်း မိုးဇာ ပူးအင်န်ဆူဗန်က ပြောသည်။

“ဒါကြောင့် ဒါတွေက မြေမြှုပ်မိုင်းတွေ မဟုတ်ပါဘူး။ ရေဒီယို အဝေးထိန်းဗုံးတွေပါ” ဟု သူက ဆိုသည်။

“အာဆာက မြေမြှုပ်မိုင်းတွေ မသုံးဘူးလို့တော့ ကျွန်တော်တို့ မပြောပါဘူး။ ဒီကိစ္စကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ မီဒီယာတွေထဲမှာ ကျွန်တော်တို့ တွေ့ရသမျှဓာတ်ပုံတိုင်းက အဝေးထိန်းဖောက်ခွဲတဲ့ဗုံးတွေပဲ ဖြစ်ပါတယ်”

မိုင်းရှင်းလင်းရေးအဖွဲ့အစည်းအချို့ကို မြန်မာနိုင်ငံတွင် စစ်တမ်းများကောက်ခွင့်ပြုထားသော်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ယခုချိန်ထိ မစတင်သေးပေ။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ရှစ်ဖွဲ့တို့ ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်၌ ပါဝင်သူများက မိုင်းထောင်ခြင်းကို ရပ်ဆိုင်းရန်နှင့် နှစ်ဘက်စလုံးမှတပ်ဖွဲ့များက ချထားသောမိုင်းများကို ရှင်းလင်းရန် ကတိပြုခဲ့ကြသည်။

တပ်မတော်ကသော်လည်းကောင်း၊ NCA အဖွဲ့ဝင် ရှစ်ဦးကသော်လည်းကောင်း NCA သဘောတူစာချုပ်ကို ဖောက်ဖျက်ခြင်း မရှိသော်လည်း သဘောတူစာချုပ်၌ မြေမြှုပ်မိုင်းလုံးဝပိတ်ပင်မှုကို အတိအလင်း ထည့်သွင်းချုပ်ဆိုသင့်ကြောင်း မိုးဇာ ပူးအင်န်ဆူဗန်ကပြောသည်။

“NCA မှာ မြေမြှုပ်မိုင်းပိတ်ပင်ဖို့ ပြဋ္ဌာန်းမထားပါဘူး။ ဒါကြောင့် လိုအပ်ချက် မပြည့်စုံသေးဘူးလို့ ကျွန်တော်တို့ ခံစားမိပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်း စတင်ရှင်းလင်းမည့် အချိန်ဇယားကို မသိရသေးကြောင်းနှင့် NCA ကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့များက မဟာဗျူဟာမြောက် စစ်ရေးအကြောင်းကြောင့် သူတို့ရှင်းလင်းရေး မလုပ်လိုသောနယ်မြေများကို စာရင်းပေးထားကြောင်း သူက ပြောသည်။

“ကျွန်တော်တို့ သိရသလောက်ဆိုရင် စစ်ရေးအရ စိတ်မဝင်စားတဲ့ ချက်ချင်းမိုင်းရှင်းပေးနိုင်တဲ့ နယ်မြေတွေ ရှိနေပါတယ်။ ဒီနယ်မြေတွေကို ဒီနေ့မရှင်းလို့ ကုန်ထုတ်လုပ်မှုနဲ့ ဘေးအန္တရာယ် ကင်းကင်းရှင်းရှင်း အသုံးပြုနိုင်အောင် မဆောင်ရွက်နိုင်ရင် တရားခံ ဖြစ်သွားနိုင်ပါတယ်” ဟု သူက ဆိုသည်။ထိုင်းနယ်စပ်အနီးရှိ ဆေးရုံတစ်ရုံ၌ ကုသမှုခံယူနေသော မိုင်းနင်းမိသူ ကရင်တိုင်းရင်းသားတစ်ဦး။ ဓာတ်ပုံ - အေအက်ဖ်ပီ

ထိုင်းနယ်စပ်အနီးရှိ ဆေးရုံတစ်ရုံ၌ ကုသမှုခံယူနေသော မိုင်းနင်းမိသူ ကရင်တိုင်းရင်းသားတစ်ဦး။ ဓာတ်ပုံ – အေအက်ဖ်ပီ

မိုင်းအန္တရာယ်ရှိနယ်မြေများတွင် နေထိုင်ကြသူများအား “လက်ဆုပ်လက်ကိုင်ပြနိုင်သော ငြိမ်းချမ်းရေးရလဒ်” ကိုပေးခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းအပေါ်ပြည်သူလူထု၏ ယုံကြည်မှုကို တိုးတက်ကောင်းမွန်အောင် မြေမြှုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းက ဆောင်ရွက်ပေးနိုင်ကြောင်း မိုးဇာ ပူးအင်န်ဆူဗန်က ထပ်လောင်း ပြောကြားသည်။

ဒီဇင်ဘာတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးအဖွဲ့များဖြစ်သော Halo Trust, Mines Advisory Group နှင့် Norwegian People’s Aid အဖွဲ့တို့က ၎င်းတို့၏ နှစ်ပတ်လည် မိုင်းရှင်လင်းရေးစစ်တမ်းကို ထုတ်ပြန်ခဲ့ပြီး မိုင်းများ ဖျက်ဆီးရှင်းလင်းနိုင်မှုအပေါ် မူတည်၍ မိုင်းဒဏ်ခံရသော နိုင်ငံများကို အဆင့်ခွဲခြားသတ်မှတ်ခဲ့သည်။

ရှင်းလင်းရေးလုပ်ငန်းများ ၊ ဘဏ္ဍာရေးထောက်ပံ့မှုနှင့် မြေမြှုပ်မိုင်းများနှင့်ပတ်သက်၍ နားလည်အောင် နိုင်ငံတော်က မည်မျှအထိ ဆောင်ရွက်ထားနိုင်မှုတို့ ပါဝင်သော ညွှန်ကိန်း ၁၀ ခုကို အခြေခံတွက်ချက်သော စစ်တမ်းတွင် မြန်မာနိုင်ငံသည် နှစ် နှစ်ဆက်တိုက် နောက်ဆုံးမှ ပါဝင်ခဲ့သည်။

“မိုင်းရှင်းလင်းခွင့်ပြုဖို့ အစိုးရက ငြင်းဆန်တာက ငြိမ်းချမ်းရေးအကျိုးစီးပွား ဖော်ဆောင်တာကို တားဆီးတာဖြစ်ပြီး မိုင်းသစ်တွေ ထပ်မြှုပ်တာက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေကို ချိုးဖောက်တာ ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

ဒီဇင်ဘာ ၁ ရက်တွင် ကမ္ဘာ့နိုင်ငံများအားလုံး၏ ၈၀ ရာခိုင်နှုန်းကျော်ဖြစ်သော နိုင်ငံပေါင်း ၁၆၂ နိုင်ငံသည် ၁၉၉၉ ခုနှစ် မိုင်းပိတ်ပင်ရေးစာချုပ်ကို အတည်ပြု၊ သို့မဟုတ် လက်ခံခဲ့ပြီး ၁၁၉ နိုင်ငံက၂၀၀၈ ခုနှစ် ကလပ်စတာလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုး၊ သို့မဟုတ် အတည်ပြုလက်ခံခဲ့သည်။ မြန်မာနိုင်ငံသည် မည်သည့်စာချုပ်တွင်မှ ပါဝင်ခြင်း မရှိသေးပေ။

မိုင်းပိတ်ပင်ရေး စာချုပ်ကို လက်မှတ်မထိုးရသေးသော နိုင်ငံများတွင် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့လည်း ပါဝင်သည်။

ယခုနှစ်အစီရင်ခံစာတွင် အပြုသဘော အလားအလာရှိသော အချက်တစ်ချက်မှာ အစိုးရသည် ပထမဆုံးအကြိမ်အဖြစ် ၎င်း၏မြေမြှုပ်မိုင်းမူဝါဒကို ပြန်လည်သုံးသပ်ခြင်းဖြစ်သည်။

“တကယ်တော့ဘာကို လေ့လာသုံးသပ်မယ်ဆိုတာ၊ ဒါမှမဟုတ် ဘယ်လောက်ထိ အချိန်ကြာမယ်ဆိုတာကို ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမဲ့ မိုင်းပိတ်ပင်ရေး သဘောတူစာချုပ်မှာ ပါဝင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” ဟု သူက ဆိုသည်။

ယမန်နှစ်နှောင်းပိုင်းက တပ်မတော်စစ်ဦးစီးချုပ်သည် မည်သည့်မြေမြှုပ်မိုင်း အသုံးပြုမှုကိုမဆို ပိတ်ပင်မည်ဟု ကြေညာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်ရေး လှုပ်ရှားမှုအဖွဲ့သို့ စာရေးအကြောင်းကြားခဲ့သည်။

တိုးတက်မှုအခြေအနေမှာ အားရစရာကောင်းသော်လည်း မေးခွန်းထုတ်စရာများ ကျန်ရှိနေဆဲဖြစ်ကြောင်း မိုးဇာ ပူးအင်န်ဆူဗန်က ပြောသည်။

“ဒီကြေညာချက်မှာ အချိန်သတ်မှတ်ချက်ရှိသလား။ ပထဝီအနေအထား သတ်မှတ်ချက်ရှိသလား။ ဒီကြေညာချက်ကို လူတိုင်း ရရှိအောင် အဆင့်ဆင့်ကို ဘယ်လိုအမိန့်ပေးသလဲ။ ရှေ့တန်းစစ်မျက်နှာတွေမှာ တပ်မတော်က မိုင်းတွေစရှင်းနေပြီလား” ဟု သူက ပြောသည်။

အထူးသဖြင့် ကချင်၊ ကရင်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင် ၁၇ ဖွဲ့ကလည်း မြေမြှုပ်မိုင်းများကို အသုံးပြုနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

“မြေမြှုပ်မိုင်းဆိုတာကလည်း ဘယ်သ့ူကိုသာပေါက်စေလို့ ခွဲခြားသတ်မှတ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ သူ့ပင်ကိုယ်သဘာဝအရကိုပဲ ပေါက်စရာရှိတဲ့အချိန် ပေါက်မယ့်သဘာဝ ရှိပါတယ်။ လူသူမရွေး ထိခိုက်ခံရမှာပဲ။ အယူအဆ ကွဲပြားခြားနားမှုတွေ ဖြေရှင်းရာမှာ လူတွေက မြေမြှုပ်မိုင်းတွေကို မသုံးသင့်ပါဘူး” ဟု မိုးဇာ ပူးအင်န်ဆူဗန်ကဆိုသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.