မြန်မာ့မူပိုင်ခွင့်ပြဿနာ ဘယ်လိုအဖြေရှာရမလဲ

မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ချိုးဖောက်နေမှုက စာပေအနုပညာလောကကို ပြိုလဲစေပြီး အသိဉာဏ်ဆိုင်ရာ မူပိုင်ခွင့်ကို ကာကွယ်ပေးမယ့် ဥပဒေတွေ ကောင်းကောင်းထိရောက်စွာ အသက်မဝင်မချင်း ဆက်လက်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။ 

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်က မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းဟာ ဝက်ဘ်ဆိုက်၊ ဖေ့စ်ဘွတ်ခ်နဲ့ အခြားအင်တာနက် ပလက်ဖောင်းပေါ်မှာ တင်ထားတဲ့ တရားမဝင် အွန်လိုင်းစာအုပ်ချိတ်ဆက်မှု eBooks Link တွေ ဖြုတ်ချပေးဖို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာ အီးဘွတ်ခ်တွေ တင်ထားတဲ့ အင်တာနက်လိပ်စာတွေနဲ့ လင့်ခ်စုစုပေါင်း ၁၈၂ ခုကိုလည်း အသေးစိတ် ဖော်ပြထားပါတယ်။ ကြေညာချက်မှာပါတဲ့ အီးဘွတ်ခ်လင့်ခ် eBooks Link တွေဆိုတာဟာ စာရေးဆရာ၊ အနုပညာရှင်တွေကိုပဲဖြစ်ဖြစ်၊ အဲဒီစာအုပ်တွေကို မူပိုင်ခွင့်ယူပြီး ပုံနှိပ်ထုတ်ဝေထားတဲ့ ထုတ်ဝေသူကိုပဲဖြစ်ဖြစ် တရားဝင် အကြောင်းကြား၊ ခွင့်ပြုချက် ရယူတာမျိုးမလုပ်ဘဲ အီးဘွတ်ခ်တွေကို ကိုယ့်သဘောနဲ့ကိုယ် တင်ထားသူ၊ ဖြန့်ဝေသူ၊ အခကြေးငွေယူပြီး ရောင်းချနေသူတွေကို ဆိုလိုတာပါ။

ကြေညာချက်မှာ သတ်မှတ်ရက်အတွင်း အဲဒီတရားမဝင် အီးဘွတ်ခ်လင့်ခ်တွေကို ဖြုတ်မချဘူးဆိုရင် “ မြန်မာနိုင်ငံ စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ” အပါအဝင် တခြားတည်ဆဲဥပဒေတွေနဲ့ တရားစွဲမယ်လို့ ဖော်ပြထားပါတယ်။ ဒီလိုကြေညာလိုက်ရုံနဲ့ စာရေးဆရာ၊ အနုပညာရှင်တွေ ခွင့်မပြုဘဲ တင်ထားတဲ့ အီးဘွတ်ခ်တွေ ပျောက်သွားနိုင်မလား၊ စာပေ အနုပညာမူပိုင်ခွင့် ချိုးဖောက်ခံနေရတာတွေ လျော့နည်းသွားမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် မြန်မာနိုင်ငံက စာပေ အနုပညာမူပိုင်ခွင့် ပြဿနာအကြောင်း တင်ပြသွားပါ့မယ်။

မြန်မာနိုင်ငံမှာ စာပေ၊ အနုပညာ လက်ရာတွေကို ပုံနှိပ် စာအုပ်၊ စာစောင်အဖြစ် ထုတ်ဝေတဲ့ စီးပွားရေး လုပ်ငန်းမျိုးပဲ ထွန်းကားခဲ့ပြီး နိုင်ငံတကာမှာလို ဒီဂျစ်တယ်ဗားရှင်းကို အွန်လိုင်းကနေ တဆင့်ရောင်းတဲ့ စီးပွားရေးလုပ်ငန်းမျိုး မထွန်းကားခဲ့ပါဘူး။ နမူနာအားဖြင့် Amazon Kindle Store တို့လို Books on Google Play တို့လိုမျိုးဖြစ်ပါတယ်။ ဒီလိုမထွန်းကားခဲ့ဘူးဆိုပေမဲ့ ကြိုးစားမှုရော မရှိခဲ့ဘူးလားဆိုတော့ ရှိပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင် မြန်မာနိုင်ငံမှာ အင်တာနက် စပြီးအသုံးပြုခွင့်ရချိန်ကာလတုန်းက ဖော်အဲဗားဂရု(ပ်) Forever Group ဟာ မြန်မာစာရေးဆရာတွေရဲ့ စာအုပ်တွေကို အီးဘွတ်ခ်တွေအဖြစ် အသွင်ပြောင်းပြီး အင်တာနက်ကနေ တန်ဖိုး တစ်ခုနဲ့ ရောင်းချတဲ့လုပ်ငန်း အကောင်အထည်ဖော်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီအချိန်က ပြည်သူတွေအနေနဲ့ ကွန်ပျူတာ အသုံးပြုမှု နည်းပါးနေသေးတာ၊ မိုဘိုင်းဖုန်းတွေကလည်း ဈေးအလွန်ကြီးမြင့်ပြီး အင်တာနက်မသုံးနိုင်ဘဲ ဖုန်းပြောဖို့တမျိုးတည်း သုံးနိုင်သေးတာ၊ အင်တာနက်ကို လွယ်လွယ်ကူကူ ချိတ်ဆက်ဖို့ လက်လှမ်းမမီတာ၊ အင်တာနက်အသုံးပြုခ ဈေးကြီးတာ စတဲ့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အီးဘွတ်ခ်တွေကို စီးပွားဖြစ်ရောင်းချရေး အောင်မြင်မှုမရခဲ့ပါဘူး။

နောက်ပိုင်း မြန်မာနိုင်ငံမှာ အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်တဲ့တိုင် အဲဒီစီးပွားရေးလုပ်ငန်းကို ထိထိရောက်ရောက် ဝင်ရောက်လုပ်ကိုင်မယ့်သူ သိပ် မပေါ်ပေါက်ခဲ့ပါဘူး။ ဒါပေမဲ့ ကြားထဲမှာ ဖြစ်ပျက်သွားခဲ့တာတွေကတော့ စာရေးဆရာတွေရဲ့ စာအုပ်တွေကို ဒီဂျစ်တယ်ဗားရှင်းပြောင်း၊ အင်တာနက် ဝက်ဘ်ဆိုက်နဲ့ ဘလော့တွေမှာတင်ပြီး အခမဲ့ဖြန့်ဖြူးကြတဲ့ ပြဿနာပါပဲ။

တချို့တွေက ပုံနှိပ်စာအုပ်တွေကို ကိုယ့်ဖာသာကိုယ် ပီဒီအက်ဖ် PDF ဖိုင်ပြောင်းပြီးဖြစ်စေ၊ စာစီစာရိုက် ပြန်လုပ်ပြီး ဒီဂျစ်တယ်ဗားရှင်း ပြောင်းလို့ဖြစ်စေ တင်ကြ၊ ဖြန့်ကြပါတယ်။ ဒီကြားထဲ တချို့ကတော့ အခကြေးငွေယူပြီး အွန်လိုင်းကနေတဆင့် ရောင်းစားတဲ့စီးပွားရေးမျိုး လုပ်တာရှိသလို အခမဲ့တင်ထားပြီး ဝက်ဘ်ဆိုက်ထဲ ဝင်ရောက်သူ များလာတဲ့အခါ ကြော်ငြာကနေ ဝင်ငွေရယူတာမျိုး လုပ်သူတွေလည်း ရှိလာပါတယ်။ အဲဒီလို တရားမဝင် ဖြန့်ဖြူးနေတဲ့ လိပ်စာတွေ ရာနဲ့ချီရှိနေပြီး တချို့ ဝက်ဆိုက်ဘ်တွေဆို မြန်မာစာအုပ်ပေါင်း သောင်းနဲ့ချီ တင်ထားပြီး ဘယ်သူမဆို အခမဲ့ဖတ်နိုင်၊ ဒေါင်းလော့လုပ်နိုင်ကြပါတယ်။

စာပေ ထုတ်ဝေ ဖြန့်ချိအသင်းရဲ့ ကြေညာချက်မှာတော့ အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ စာပေ အနုပညာရှင်တွေ၊ ထုတ်ဝေသူတွေဆီကနေ တရားဝင်ခွင့်ပြုချက်ရယူပြီး အွန်လိုင်းကနေတဆင့် စာအုပ် စာစောင် ဖြန့်ဖြူးတဲ့လုပ်ငန်းတွေရှိနေပြီမို့ ပြည်သူတွေအနေနဲ့ အွန်လိုင်းကနေ စာအုပ်စာစောင်တွေကို လွယ်လွယ်ကူကူ ဝယ်ယူဖတ်ရှုနိုင်တဲ့ အခွင့်အလမ်း ရလာနေပြီ၊ ဒါကြောင့် အီးဘွတ်ခ်တွေကို တရားမဝင် တင်ထားတဲ့ ဖြန့်ဖြူးနေတဲ့သူတွေအနေနဲ့ အင်တာနက်မှာ သူတို့တင်ထားတာတွေကို ဖြုတ်ချပေးဖို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ပြဿနာ ကြုံနေရတာ စာပေ အနုပညာ စာအုပ်ထုတ်ဝေရေးနယ်ပယ် တခုတည်းတော့ မဟုတ်ပါဘူး။ မြန်မာ့တေးဂီတ စီးပွားရေးလောကဆိုရင်လည်း ခိုးကူးနဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကြောင့် ပျက်စီးသွားပြီလို့တောင် ပြောနိုင်ပါတယ်။ လက်ရှိအချိန်ထိ မြန်မာတေးဂီတ ဓာတ်ပြားတွေကို ကုန်တိုက်တချို့နဲ့ ဆိုင်တချို့မှာ တင်ထား၊ ရောင်းချနေကြသေးပေမဲ့ ဝယ်ယူသူနည်းပါးပြီး ခြောက်ခြောက်သွေ့သွေ့ အခြေအနေမျိုး မြင်တွေ့ကြရပါတယ်။

လူများစုကြီးကတော့ မြန်မာတေးသီချင်းတွေကို ခိုးကူးရောင်းချတဲ့ လမ်းဘေးဓာတ်ပြားဆိုင်တွေမှာ ဝယ်ယူပြီးဖြစ်စေ၊ အခမဲ့ရနေတဲ့ အင်တာနက်ကနေ ဒေါင်းလော့လုပ် ရယူပြီးဖြစ်စေ နားထောင်ကြပါတယ်။ တေးဂီတဓာတ်ပြားတွေကို ဝယ်ယူနားဆင်တဲ့ဓလေ့ ပျောက်ကွယ်သလောက်ဖြစ်နေတာ နှစ်ကာလကြာခဲ့ပါပြီ။ တေးသီချင်းရေးသားသူတွေ၊ သီဆိုသူတွေ၊ တီးခတ်သူတွေ၊ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသူတွေလည်း အဲဒီလို ဓာတ်ပြားထုတ်လုပ် ဖြန့်ဖြူးရောင်းချတဲ့လုပ်ငန်းကနေ ဝင်ငွေမရတော့တာ ကာလအတော်ကြာခဲ့ပါပြီ။

မူပိုင်ခွင့်ပြဿနာနဲ့ပတ်သက်ရင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားတွေ အကြောင်းလည်းပြောဆိုရပါလိမ့်မယ်။ ဟောလိဝုဒ် အပါအဝင် နိုင်ငံတကာမှာဖြန့်ချိတဲ့ ဇာတ်ကားတွေကို မြန်မာနိုင်ငံက ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူ တချို့ ဝယ်ယူပြီး ရုံတင်ပြသတာမျိုးရှိပေမဲ့ ဓာတ်ပြားအဖြစ် တရားဝင်တင်သွင်း ဖြန့်ဖြူးရောင်းချတာမျိုးတော့ လုံးဝမရှိသေးပါဘူး။ ပြည်သူတွေဟာ အင်တာနက်ကနေ ဒေါင်းလော့လုပ်ပြီး ခိုးကူးထားတဲ့ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ဓာတ်ပြားချပ်တွေကို လမ်းဘေးမှာ ဈေးပေါပေါနဲ့ ဝယ်ယူကြည့်ရှုနိုင်ကြပါတယ်။

ဒါတင်လားဆိုတော့ မကသေးပါဘူး။ အဆင့်မြင့်တဲ့ 4K ကွာလတီ၊ Blu-ray ကွာလတီ၊ HD ကွာလတီနဲ့ နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ချင်တယ်ဆိုရင်တောင် ကိုယ့် Hard disc ကိုယ်ယူသွားပြီး အခကြေးငွေယူ ကူးပေးတဲ့ဆိုင်တွေမှာ သွားရောက်ကူးယူ ကြည့်ရှုနိုင်ပါသေးတယ်။ ဒီလိုမူပိုင်ခွင့်ချိုးဖောက် ခိုးကူးတွေ လွယ်လွယ်ကူကူ ဖြန့်ဖြူးရောင်းချနေကြတဲ့ အနေအထားကြောင့်ပဲ နိုင်ငံခြားရုပ်ရှင်ဇာတ်ကား ဓာတ်ပြားတွေ တရားဝင် တင်သွင်းရောင်းချတာမျိုးမရှိတာ ဖြစ်နိုင်ပါတယ်။

ပြဿနာအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံမှာ မူပိုင်ခွင့်ကိစ္စ အကောင်အထည်ပေါ်လာဖို့ဆိုရင် ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးရုံ၊ အဖွဲ့အစည်းတချို့ကနေ ကြေညာချက် ထုတ်ရုံလောက်နဲ့ မလုံလောက်ပါဘူး။ မူပိုင်ခွင့်ဥပဒေကို အကောင်အထည်ဖော်ရာမှာ အထောက်အကူဖြစ်စေမယ့် တရားစီရင်ရေးစနစ်တွေ၊ နည်းပညာဆိုင်ရာ အထောက်အကူတွေ အများကြီး လိုအပ်နေဦးမှာ ဖြစ်ပါတယ်။

ဒီလိုမူပိုင်ခွင့် ချိုးဖောက်မှုတွေဟာ အင်တာနက်ကိုအခြေခံတဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျူးလွန်တာမျိုး ဖြစ်တဲ့အတွက် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုမှုတွေမရဘဲ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် တချို့သော ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တွေပေါ် တင်သူတွေဟာ မြန်မာနိုင်ငံမှာ နေထိုင်သူမဟုတ်ဘဲ နိုင်ငံခြားတိုင်းပြည် တစ်ခုခုကလည်း ဖြစ်နေနိုင်တာကြောင့် မူပိုင်ခွင့်ကာကွယ်ရာမှာ ပိုပြီးအခက်အခဲ ဖြစ်ပေါ်စေနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.