မြန်မာ့ဒီမိုကရေစီ ရေစီးကြောင်း အရှိန်အဟုန်

အရပ်ဘက် အဖွဲ့အစည်းများနှင့် ဗျူရိုကရေစီ ယန္တရားတို့၏ ကျွမ်းကျင်မှုအခြေခံဖြင့် တည်ဆောက်ထားသည့် အစိုးရသစ်က ယင်း၏အောင်မြင်စွာ ဆောင်ရွက်နိုင်စွမ်းကို သံသယရှိနေသူများအား ၎င်းတို့၏ ကြောင့်ကြပူပန်မှုမှာ ကြောင်းကျိုးမဆီလျော်ကြောင်း ပြသနိုင်ခဲ့ပြီ ဖြစ်သည်။

တွိုင်လီ ကူဘာနော့ဗ် ရေးသားသည်။

၂၀၀၂ ခုနှစ်တွင် ကုလဖွံ့ဖြိုးရေးအစီအစဉ်က မြန်မာနိုင်ငံ၌ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ချိန်၌ ပထမဆုံးသော လုပ်ငန်းတာဝန်မှာ ထိတွေ့ဆက်ဆံရေး မဟာဗျူဟာသစ် တစ်ရပ်ကို ပုံဖော်ရန်ပင် ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာတစ်ဦးအဖြစ် ကျွနု်ပ် ရောက်လာခါစတွင် မြန်မာနိုင်ငံက ဟစ်ကြွေးထားသော အသွင်ကူးပြောင်းရေးမှာ စစ်မှန်ခြင်း ရှိ၊ မရှိဆိုသည်နှင့် ပြုပြင်ပြောင်းလဲရေးများမှာ ဟန်ပြဆောင်ရွက်ခြင်းများထက် ပိုလာမည်လောဆိုသည့် မေးခွန်းများကို မေးမြန်းခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ဝေဖန်ပြောဆိုသူများစွာနှင့် တွေ့ဆုံခဲ့သည်တို့မှာ ကျွနု်ပ်အတွက် အမှတ်ရစရာများပင် ဖြစ်သည်။ စစ်မှန်သော ပြုပြင်ပြောင်းလဲမှုများ ဖြစ်ခဲ့ပါကလည်း အစိုးရထံတွင် ယင်းတို့ကို ဖော်ဆောင်ရန် စွမ်းရည်ရှိပါမည်လောဟုလည်း မေးခွန်းထုတ်ခဲ့ကြသည်။

ထိုအချိန်က အပြောင်းအလဲလားရာနှင့်ပတ်သက်၍ ကျွနု်ပ်တို့က သတိရှိရှိ အကောင်းမြင်ခဲ့ကြသည်။ သို့မဟုတ်ပါက ယင်း၏ အကျိုးသက်ရောက်မှုကို တွေ့မြင်ရလိမ့်မည် မဟုတ်ပေ။ ရှေ့ဆက်ကြုံတွေ့ရမည့် စိန်ခေါ်ချက်များကို ကျွနု်ပ်တို့လျော့မတွက်ခဲ့သော်လည်း ဤအကောင်းမြင်မှုကို ဒီမိုကရေစီအရေးကို အားပေးမြှင့်တင်ရန်၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရန်တို့ကို ရည်ရွယ်သော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ် ကျွနု်ပ်တို့ ပုံဖော်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အောင်နိုင်မှု မှတ်တိုင်နှင့် ညင်သာသိမ်မွေ့သော နိုင်ငံရေး အသွင်ကူးပြောင်းမှုများ ရရှိအပြီးတွင် ရည်မှန်းချက် ပိုမိုမြင့်မားသည့် ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် အလားအလာကောင်း ရှိခဲ့သည်။ သို့သော် အစိုးရသစ်မှာ အာဏာလွှဲပြောင်းယူရုံမျှသာ ဖြစ်ခဲ့ရာ ဆိုခဲ့သည့် အလားတူ ဝေဖန်ပြောကြားသံများကို  ထပ်ကြားရသည်။

အတိုက်အခံအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်လှုပ်ရှားလာခဲ့ပြီးနောက် အစိုးရသစ်က တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိပါမည်လော။ အစိုးရသစ်က ပြည်တွင်းပြည်ပက ထားရှိသည့်  မြင့်မြင့်မားမား မျှော်လင့်ချက်ကြီးများကို ဖြည့်ဆည်းနိုင်စွမ်း ရှိပါမည်လော။ တောင်ပြိုကမ်းပြို ရွေးကောက်ပွဲ အနိုင်ရရှိမှုမှတဆင့် အများပြည်သူက ပေးအပ်ထားသည့် အခွင့်အာဏာကို အသုံးပြုနိုင်စွမ်း ရှိပါမည်လော။ ထို့အတူ အစိုးရသစ်က အားလုံးလွှမ်းခြုံနိုင်သော အမျိုးသား သရုပ်သကန်နှင့် အားလုံးအတွက် လူ့အခွင့်အရေးတို့ကို ဖော်ဆောင်ရယူပေးရာတွင် တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေး အသိုင်းအဝိုင်းများအားလုံးထံ ဆောင်ကျဉ်းပေးနိုင်ပါမည်လော။

ဤမေးခွန်းအားလုံးမှာ အထွေထွေ စိုးရိမ်ပူပန်ချက်အဖြစ် အလွန်ပင် အကျုံးဝင်လှသည်ဟု ကျွနု်ပ် ယုံကြည်မိပါသည်။ သို့သော် ယခုကဲ့သို့ မေးခွန်းထုတ်ခဲ့သူများမှာ အစိုးရသစ်ကို ယင်းသို့သော သံသယ အခြေပြု ချဉ်းကပ်မှုဖြင့် အာဏာလွှဲအပ်ခဲ့သည်ဟု ကျွနု်ပ် မယူဆမိချေ။

ပထမဆုံးအချက်မှာ မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံး ပိုင်ဆိုင်မှု ဖြစ်သည့် မြန်မာပြည်သူများအပေါ် အခြေခံကျကျ ကျွနု်ပ်၏ ယုံကြည်ချက် ထားရှိမှု ဖြစ်သည်။ မြန်မာပြည်သူများမှာ အလုပ်ကြိုးစား၍ မူလအခြေအနေမှန်သို့ လွယ်လင့်တကူ ပြန်ရောက်နိုင်အောင် ထိန်းနိုင်စွမ်းရှိသူများ ဖြစ်ကာ အပြောင်းအလဲကို လက်ခံနိုင်သူများလည်း ဖြစ်ကြသည်။ ထို့အတူ ၎င်းတို့၏ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များအတွက် ဂုဏ်ယူဝင့်ကြွားကြသူများလည်း ဖြစ်ကြသည်။

မြန်မာပြည်သူများမှာ အရေးအပါဆုံး အပြောင်းအလဲဆိုင်ရာ ကိုယ်စားပြုသူများ ဖြစ်ကြရာ ဝေးလံခေါင်ဖျား တိုင်းရင်းသားဒေသများမှ ကလေးများကို ပညာသင်ကြားရန် မိုင်ချီသည့်ခရီးကို ခြေလျင်လျှောက်နေရသည့် ဆရာများမှသည် အရှိန်အဟုန်ဖြင့် တိုးတက်နေသော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် အလုပ်အကိုင်သစ်များ ဖန်တီးပေးပြီး နိုင်ငံခြား ဘာသာစကားများ သင်ယူနေကြသည့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအထိ အားလုံးမှာ အပြောင်းအလဲ၏ သူရဲကောင်းများ ဖြစ်ကြသည်။

ယခုအခါ ၎င်းတို့မဲပေးခဲ့သော အစိုးရတစ်ရပ် အာဏာရရှိလာခဲ့ပြီဖြစ်၍ မြန်မာပြည်သူများသည် မိမိတို့တိုင်းပြည်၌ အပြုသဘောဆောင်သော အပြောင်းအလဲကို ဆောင်ကြဉ်းရန် စိတ်ဓာတ် ပိုမိုတက်ကြွပြီး အင်ပြည့်အားပြည့် ကြိုးစားဆောင်ရွက်လာကြဖွယ်ရှိသည်။

ဒုတိယအချက်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများမှ ထွက်ပေါ်လာခဲ့သော နိုင်ငံရေးခေါင်းဆောင်သစ်များမှာ ၎င်းတို့ချည်းသက်သက်သာ အထီးတည်း ဆောင်ရွက်သွားရလိမ့်မည် မဟုတ်ဘဲ မြို့ပြဝန်ထမ်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းတို့၏ အတွေ့အကြုံများ၊ စိတ်ဓာတ်အားမာန်များကိုလည်း ရရှိခံစားရနိုင်သည်ဟု ကျွနု်ပ် ယုံကြည်လျက်ရှိသည်။

အရေးကိစ္စတစ်ခုတည်း ဇောင်းပေးလှုပ်ရှားနေသော အဖွဲ့များ ဖြစ်စေ၊ သို့မဟုတ် နိုင်ငံလုံးဆိုင်ရာ ကျေးလက်ဒေသ အမျိုးသမီးများ ကွန်ရက်အဖွဲ့များ ဖြစ်စေ မြန်မာ့အရပ်ဘက် လူမှုအသိုင်းအဝိုင်း အားလုံး၌ အစိုးရသစ်က  ကြေညာလိုက်သော ပြည်သူ့ဘဝ အမှန်တကယ်ပြောင်းလဲပေးရေး မူဝါဒများကို အထောက်အကူ ပြုရန် ယခင်ထက် ပိုကောင်းသော အနေအထား ရှိနေပြီဖြစ်သည်။ အထူးသဖြင့် ဝေးလံခေါင်ဖျား၌ ရှိပြီး ထိရှလွယ်သော အသိုင်းအဝိုင်းများအတွက် လူမှုဝန်ဆောင်မှုများကို ဝိုင်းဝန်းဖော်ဆောင်ပေးခြင်းအားဖြင့် အစိုးရသစ်အတွက် အကန့်အသတ် ဖြစ်လေ့ရှိသော ရင်းမြစ်များကို ကူညီဖြည့်ဆည်းပေးနိုင်သေးသည်။

တချိန်တည်းတွင် အရပ်ဘက် မြို့ပြဝန်ထမ်းများကလည်း ယခင်အုပ်ချုပ်ရေး သက်တမ်းအတွင်း ရရှိခဲ့သော ယင်းတို့၏ ပြုပြင်ပြောင်းလဲရေး အတွေ့အကြုံများဖြင့် အစိုးရသစ်ကို ကူညီပေးနိုင်သေးသည်။ ယခင်နှစ်များက ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်က အခြား ကိစ္စရပ်များနှင့်အတူ ဒေသန္တရ အုပ်ချုပ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို မြှင့်တင်ပေးသော ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အပံ့ ပြုပေးခဲ့သည်။ မြန်မာနိုင်ငံကို ၎င်းတို့ နှစ်ရှည်လများ မျှော်မှန်းထားခဲ့သော နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းစေရေးအတွက် မြို့ပြဝန်ထမ်းများ၏ အပြုသဘောဆောင်သော စိတ်ပိုင်းဖြတ်မှုများနှင့် ကြိုးပမ်းဆောင်ရွက်မှုများကို ကျွနု်ပ်တို့က အမှန်တကယ် လေးစားခဲ့ရပြီး ဖြစ်သည်။

ဤအခြေအနေက ကျွနု်ပ်အား နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကျိုးတူ ပူးပေါင်းဆောင်ရွက်သူများ၏ အခန်းကဏ္ဍထဲ ရောက်ရှိအောင် ဆောင်ကြဉ်းပေးခဲ့သည်။ လွန်ခဲ့သော နှစ်များက မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့အတိုင်းအတာဖြင့် မည်သို့ ပုံဖော်ခဲ့သည်ဆိုသော အပိုင်းတို့တွင်လည်း ကြီးမားသော အပြောင်းအလဲများကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

၂၁ ရာစု ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ဖွံ့ဖြိုးရေး အထောက်အပံ့များ ပိုနည်းသွားပြီး တနိုင်ငံချင်းစီ၏ ရေရှည်ဖွံ့ဖြိုးရေး ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် ပြည်တွင်း၊ ပြည်ပရင်းမြစ်များကို  အတူတကွ စီမံခန့်ခွဲခြင်းများက ပိုများလာသည်။

အမှန်အားဖြင့် ကျွနု်ပ်တို့သည် မြန်မာနိုင်ငံရှိ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်သစ်များကို နှိမ့်နှိမ့်ချချနှင့် စွမ်းစွမ်းတမန် အထောက်အကူပြုသင့်သည်။ ဤသို့ဆောင်ရွက်ခြင်းမှာ ကျွနု်ပ်တို့အတွက် မဟုတ်ပေ။ ဤနိုင်ငံကို ပိုမိုကောင်းမွန်လာစေရန် ပြောင်းလဲသွားကြမည့် မြန်မာအစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အရပ်ဘက် ဝန်ထမ်းများအတွက်ပင် ဖြစ်သည်။ ဖြည့်စွက်ရင်းမြစ်များ၊ ကျွမ်းကျင်မှု အရည်အသွေးများနှင့် အခြားနိုင်ငံများမှ အတွေ့အကြုံများကို လိုအပ်လာသည့်အခါ မြန်မာနိုင်ငံအတွက် ထောက်ကူပြု ဆောင်ရွက်သူများအဖြစ် ကျွနု်ပ်တို့ ရှိနေလိမ့်မည်သာ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖြေရှင်းပြီးသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များထက် မဖြေရှင်းနိုင်သေးသော ကိစ္စရပ်များက ပိုများလျက်ရှိသည်။ မြန်မာပြည်သူများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ မြို့ပြဝန်ထမ်းများနှင့် ရှင်သန်ဖွံ့ဖြိုးလာနေသည့် ပုဂ္ဂလိကကဏ္ဍတို့၏ ထောက်ခံမှုအပေါ် တည်ဆောက်ထားပြီး အလုပ်လုပ်ရင်း သင်ယူရန် နေရာလွတ်ဟုလည်း ရည်ညွှန်းနိုင်သော ကိုယ်ပိုင်ဆုံးဖြတ်ချက် ချမှတ်ရန် အခွင့်အလမ်းများနှင့် ၎င်းတို့ထံ တင်ပြလာသော မေးခွန်းများအတွက် အဖြေရှာရန်အချိန်များလည်း တိုင်းပြည်ခေါင်းဆောင်သစ်များတွင် ရှိသင့်ပါသည်။

ဤနည်းအားဖြင့် ဘာသာမတူသော လူအုပ်စုများအကြားရှိ တင်းမာမှုများမှသည် လက်ရှိဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ နှစ်ရှည်လများ ကြုံတွေ့ခဲ့ရသော အဖွဲ့အစည်းပိုင်းဆိုင်ရာ အားနည်းချက်များမှသည် ဘက်စုံတိုးတက်မှုများအတွက် အဟန့်အတားများအထိ ပါဝင်သော မြန်မာနိုင်ငံ၏ စိန်ခေါ်မှုမျိုးစုံကို စတင်ဖြေရှင်းနိုင်ပေမည်။

လွန်ခဲ့သော လေးနှစ်က ဤလမ်းစဉ်၏ အစခရီးကဲ့သို့ပင် အကောင်းမြင်မှုကို ထိန်းသိမ်းထားနိုင်ရန် ခိုင်မာသော အကြောင်းတရားများ ရှိနေပြီဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ ရေစီးကြောင်း၏ အရှိန်အဟုန်မှာ ပိုမိုခိုင်မာလာခဲ့ပေပြီ။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.