မြန်မာ့ကျောက်စိမ်းတွင်းတွေ ယခင်လို ပြန် အလုပ်ဖြစ်ဦးမှာလား

ယခုကျင်းပနေဆဲလွှတ်တော်၌ အတည်ပြုတော့မည်ဟု မျှော်လင့်ရသည့် ကျောက်မျက်ဥပဒေသစ်တွင် ကျောက်စိမ်းလုပ်ငန်း၏ နက်ရှိုင်းသော ပြဿနာများနှင့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်အချက်များ ပါဝင်ခြင်းမရှိသည်ကို တွေ့ရသည်။

HANNA HINDSTROM | GLOBAL WITNESS ရေးသားသည်။

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ ကမ္ဘာကျော် ကျောက်စိမ်းတွင်းများသည် ပြည်တွင်းစစ်နှင့် စစ်အုပ်ချုပ်ရေးအောက်တွင် အနိဋ္ဌာရုံမျိုးစုံကို နှစ် ၂ဝ ကျော် ကြုံတွေ့ခဲ့ကြရသည်။ စစ်တပ်နှင့် ဆက်နွယ်နေသောအုပ်စုများ၏ လုယူခြင်းခံခဲ့ရလေရာ တိုင်းရင်းသား လူနည်းစုဒေသများတွင် ဆင်းရဲမွဲတေခြင်းနှင့် ပတ်ဝန်းကျင် ပျက်သုဉ်းခြင်းများ ဖြစ်ပေါ်ခဲ့ရသည်။ ကျောက်စိမ်းလုပ်ငန်းက မူးယစ်ဆေးသုံးစွဲမှု၊ မှောင်ခိုကူးခြင်း၊ အဂတိလိုက်စားခြင်းနှင့် လက်နက်ကိုင်အဖွဲ့များက တရားမဝင် အခွန်ကောက်ခံခြင်း အပါအဝင် တရားမဝင်လုပ်ကိုင်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ဆက်စပ်နေပြီး ဒေသခံများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားစေလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရက ကျောက်မျက်လုပ်ကိုင်ခွင့် ပါမစ်ကို ၂ဝ၁၆ ခုနှစ်တွင် ရပ်ဆိုင်းထားလိုက်ရာ ပဋိပက္ခများ၊ အဂတိလိုက်စားမှုများနှင့် ပြည့်နှက်နေသော ဤကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး ကချင်ပြည်နယ်နှင့် နိုင်ငံတော်အတွက် ဖွံ့ဖြိုးရေးများ ဖြစ်ပေါ်လာတော့မည်ဟု အကောင်းမြင်မျှော်လင့်ချက်များ ထားခဲ့ကြသည်။

ယခုအချိန်တွင် ပြဿနာ နက်နက်ရှိုင်းရှိုင်းတက်နေသော ကျောက်မျက်ဥပဒေသစ်ကို ယခုကျင်းပနေဆဲ လွှတ်တော်တွင် အတည်ပြုတော့မည်ဟု မျှော်လင့်ရလေရာ မြန်မာ့ကျောက်စိမ်းလုပ်ငန်းတွင် မူလလုပ်ငန်းများ ပြန်လုပ်နိုင်တော့မည်ဟု ယူဆရသည်။

နောက်ဆုံးထွက်ရှိလာသော အများပြည်သူဖတ်ရှုနိုင်သည့် ဥပဒေမူကြမ်းအရ ကျောက်စိမ်းလုပ်ငန်း၏ နက်ရှိုင်းသော ပြဿနာ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းမထားပေ။ ထိုဥပဒေကို လွှတ်တော်က အတည်ပြုခဲ့လျှင် လိုင်စင်များ မကြာမီပြန်ချပေးပြီး ပြုပြင်ပြောင်းလဲဖို့ အခွင့်အလမ်းမှာလည်း ပျောက်ဆုံးသွားရတော့မည်ဖြစ်သည်။

ကျောက်စိမ်းလိုင်စင်ချပေးခြင်း၊ ထုတ်လုပ်ခြင်းတို့ကို ထိန်းချုပ်ထားသော စစ်တပ်နှင့် ဆက်နွယ်နေသည့်ကွန်ယက်ကို ကျွနု်ပ်တို့၏အဖွဲ့အစည်း Global Witness က ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ၂ဝ၁၆ ခုနှစ်တွင် လိုင်စင်ချပေးမှုကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ အမည်မဖော်နိုင်သည့် တရုတ်ကုမ္ပဏီများ၏ ကျောထောက်နောက်ခံဖြင့် UWSA ဝ တပ်ဖွဲ့နှင့် ဆက်နွယ်နေသော ကုမ္ပဏီများက အဓိကနေရာမှ ပါဝင်နေကြောင်း ဤသုတေသနက ဖော်ပြနေသည်။

၂ဝ၁၄ ခုနှစ် တစ်နှစ်တည်းမှာပင် ကျောက်စိမ်းထုတ်လုပ်မှုမှာ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဖိုးရှိခဲ့သည်ဟု ကျွနု်ပ်တို့ ခန့်မှန်းထားသည်။ သို့နှင့်တိုင် ကချင်လူထုနှင့် မြန်မာလူထုမှာ မည်သည့် အကျိုးကျေးဇူးမှ မခံစားခဲ့ကြရချေ။ ကျောက်စိမ်းထုတ်လုပ်မှု၏ ၈ဝ ရာခိုင်နှုန်းမှာ တရုတ်ပြည်ကို ခိုးထုတ်ခဲ့ခြင်းဖြစ်သည်။ အခွန်ဘဏ္ဍာများစွာ ချို့တဲ့နေသော မြန်မာအစိုးရမှာ အခွန်ဘဏ္ဍာ ဒေါ်လာ သန်းရာပေါင်းများစွာ နှစ်စဉ်ဆုံးရှုံးလျက်ရှိသည်။

ရပ်ဆိုင်းမှုကို ကြေညာခဲ့စဉ်က ကျောက်စိမ်းတူးဖော်မှုကို ပွင့်လင်းမြင်သာရှိပြီး ပို၍တာဝန်ခံမှုရှိအောင် လက်ရှိဥပဒေနှင့် နည်းဥပဒေပြုပြင်ပြောင်းလဲမှုလုပ်နေစဉ် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားမည်ဟု ကတိပြုခဲ့သည်။ လိုင်စင်အသစ်များ ချပေးရာတွင် ကုမ္ပဏီ၏ သမိုင်းကြောင်းကို ထည့်သွင်းစဉ်းစားပြီးမှ ဆုံးဖြတ်မည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းက ကတိပေးခဲ့သည်။ အစိုးရက သူ၏ ကတိစကားများကို အလုပ်နှင့်လည်း သက်သေပြခဲ့သည်။ သက်ဆိုင်သူအားလုံးပါဝင်သည့် ကော်မတီတစ်ခုဖွဲ့စည်းခဲ့သည်၊ ထိုကော်မတီက ကျောက်မျက်ပေါ်လစီအသစ်ကို ရေးဆွဲနေသည်။ နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ ပါဝင်သောအဖွဲ့က ကျောက်စိမ်းတူးသည့် ဖားကန့်နှင့် လုံးခင်းဒေသပတ်ဝန်းကျင် စီမံခန့်ခွဲသော အစီအစဉ်ကို ရေးဆွဲနေသည်။ ထုတ်လုပ်မည့် ကုမ္ပဏီများ ပွင့်လင်းမြင်သာရှိရေး အစီအစဉ်များ ပါဝင်သည်။

သို့သော် ကျောက်မျက်ကဏ္ဍ သန့်စင်ရေးလုပ်ငန်းပေါ်တွင် တည်ဆောက်ရမည့်အစား ဤဥပဒေမူကြမ်းသည် ဤကဏ္ဍ၌ ရရှိပြီးတိုးတက်မှုများကို ဖျက်ဆီးပစ်တော့မလို ဖြစ်နေသည်။ အရေးကြီးသည်မှာ လိုင်စင်သစ် ချပေးရာတွင် အတိတ်က လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ပတ်ဝန်းကျင်ကို ဖျက်ဆီးခြင်း၊ အဂတိလိုက်စားခြင်း၊ အကြမ်းဖက်ခြင်းတို့တွင် ပါဝင်ပြုလုပ်ခဲ့သော ကုမ္ပဏီများအား လိုင်စင်အသစ် ချပေးခြင်းမှ ကာကွယ်သည့်အချက်များ ယခုဥပဒေအသစ်တွင် လုံးဝ မတွေ့ရှိရချေ။ ယခင်လုပ်ကိုင်ခဲ့ဖူးသည့် သမိုင်းကို ထည့်သွင်းစဉ်းစားရန် အရပ်ဖက်အဖွဲ့အစည်းများက ထောက်ခံ တင်ပြနေကြသော်လည်း ထိုအချက်ကို လျစ်လျူရှုခံနေရသည်။ လောလောဆယ်တွင် ဤကဏ္ဍတွင် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များနှင့် လက်နက်ကိုင်အုပ်စုများကသာ ထိမ်းချုပ်ထားသည်မှာ စိတ်ပျက်ဖွယ်ရာပင် ဖြစ်သည်။

ထိုမျှမက ဤဥပဒေသည် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (Myanmar Gems Enterprise) အတွင်း အကျိုးစီးပွားချင်း ဝိရောဓိဖြစ်နေသည့်အချက်ကို ဖြေရှင်းထားခြင်း မရှိချေ။ MGE သည် ကျောက်စိမ်းတူးဖော်ရေး လိုင်စင်ချပေးသော လုပ်ငန်းကြီးကြပ်သူအဖြစ် လည်းကောင်း၊ အထွက်ကောင်းသော တွင်းများကို စစ်တပ်ကပိုင်ဆိုင်သော (သို့) စစ်တပ်နှင့် ဆက်နွယ်နေသော ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်လျက် စီးပွားရေးအဖွဲ့အစည်းအဖြစ်လည်းကောင်း ပူးတွဲလုပ်ကိုင်နေခြင်းဖြင့် အကျိုးစီးပွားချင်း ဝိရောဓိဖြစ်နေသည်။

ထို့အပြင် ဥပဒေသစ်က တရားမဝင်တူးဖော်ခြင်းကို ထိန်းချုပ်ရန် မည်သို့မျှ မပြုလုပ်ထားပေ။ ခြစားမှု ဆိုးဝါးစဉ်က လိုင်စင်ချပေးမှုကို တရားဝင်ရပ်ဆိုင်းကတည်းက တရားမဝင်တူးဖော်မှုမှာ များသောအားဖြင့် ရပ်စဲသွားခြင်းမရှိခဲ့ပေ။

အကြီးတန်း စစ်ဗိုလ်ချုပ်နှစ်ဦးဖြစ်သည့် အနောက်တောင်တိုင်းစစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေနှင့် ဖားကန့်ရှိ တပ်မ ၁ဝ၁ တပ်မမှူး ဗိုလ်မှူးချုပ်မောင်မောင်ဈာန်တို့သည် လိုင်စင်မရှိသော ကုမ္ပဏီများ တရားမဝင် တူးဖော်ခွင့်အတွက် ထုတ်လုပ်ရေးစည်းကြပ်ခ ၂၅ ရာခိုင်နှုန်းကောက်ခံနေကြောင်း  ယခုနှစ် အစောပိုင်းတွင် မီဒီၤယာများက ဖော်ပြခဲ့ကြသည်။

စစ်တပ်ပိုင်ကုမ္ပဏီများက လိုင်စင်ချပေးမှုရပ်ဆိုင်းခြင်းမှ ကင်းလွတ်ခွင့်ရနေသည်ဟု ၎င်းတို့ကိုယ်၎င်း ယူဆနေကြပြီး ထိုကုမ္ပဏီများထဲမှ တစ်ခု၏ ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဇူလိုင်က ၎င်းထံ ချဉ်းကပ်ပြီး ၎င်း၏သက်တမ်းကုန်နေသည့် လုပ်ကွက်တွင် အတူတကွတူးဖော်ရန် တရားမဝင် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးအတွက် အဆိုပြုခဲ့သည်ဟု ဒေသခံ ကျောက်စိမ်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ကျွန်ုပ်တို့အား ပြောပြခဲ့သည်။ ယခုကဲ့သို့ တရားမဝင် ပူးပေါင်းလုပ်ဆောင်ခြင်း အလေ့အထမှာ တွေ့မြင်ရမှုများပြားလာသည်ဟု လုပ်ငန်းရင်းမြစ်များနှင့် ဒေသခံ အရပ်ဘက်လူ့အဖွဲ့အစည်းများက ပြောကြားသည်။

ဥပဒေသစ်ကို အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်များ၏ ဥပဒေကြမ်းကော်မတီက လွှတ်တော် သယံဇာတကော်မတီနှင့် အဓိကတိုင်ပင်ကာ မူကြမ်းရေးဆွဲထားပြီး အရပ်ဘက်အဖွဲ့အစည်းတို့၏ စိုးရိမ်မှုများနှင့် ကျွမ်းကျင်သူ နည်းပညာအကူအညီတို့ကို လစ်လျူရှုထားသည်။

ထို့ပြင် ၎င်းမှာ များစွာ ပိုမိုတိုးတက်သည့် ကျောက်မျက်ပေါ်လစီနှင့် ချိန်ညိထားခြင်းမရှိပါ။ ယင်းပေါ်လစီမှာ အများအားဖြင့် ပွင့်လင်း၍ ပါဝင်လုပ်ဆောင်သည့် လုပ်ငန်းစဉ်တစ်ခုအဖြစ် ရေးဆွဲထားသည်။ အကောင်းဆုံးမှာ ကျောက်မျက်ပေါ်လစီက ဥပဒေသစ်တစ်ခုအတွက် အခြေခံမှုကို ပေးမည်ဖြစ်သည်။

ညံ့ဖျင်းစွာရေးဆွဲထားသည့် ဥပဒေသစ်တစ်ခု၏ သက်ရောက်မှုက ကြောက်မက်ဖွယ် ကောင်းနိုင်သည်။ မေလက မြေပြိုမှုတစ်ခုတွင် လူ ၂ဝ ကျော်မှာ အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းနောက်နှစ်လအကြာ နောက်ထပ် ၁၅ ယောက် သေဆုံးပြန်သည်။

အားအနည်းဆုံးသူများမှာ ရေမဆေးကျောက်ရှာသမားဆိုသည့် တူးဖော်သူများသည် မကြာခဏ စိတ်ကြွဆေး၊ ဟီးရိုးအင်းတို့ စွဲလေ့ရှိပြီး မတည်ငြိမ်သော မြေစာပုံများနှင့် ကျောက်ကျင်းများတွင် ညအခါ မွေနှောက်လှန်လှောရှာဖွေရင်း အသက်ဆက်နေရသည်။ လုပ်ငန်းနှင့် အရပ်ဖက်အဖွဲ့အစည်း တို့၏ သတင်းရင်းမြစ်အရ ၎င်းတို့၏အရေအတွက်မှာ ထောင်ပေါင်းများစွာရှိနိုင်သည်။

သေချာပေါက် မအောင်မြင်နိုင်သည့် လက်တွေ့မကျသော ပြဋ္ဌာန်းချက်များကို ကျင့်သုံးမည့်အစား တူးဖော်ရာနေရာများတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ်ထိန်းထားနိုင်မှုတို့အား တိုးတက်စေရန် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲရေး စီမံချက်မှ အကောင်းဆုံးအကြံပြုချက်အများအပြားကို ဥပဒေကြမ်းက လစ်လျူရှုခဲ့သည်။

သာဓကအနေဖြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲရေးစီမံချက် (EMP) က နက်ရှိုင်းစွာတူးဖော်နေသောကျင်းများနှင့် ကျောက်မြေစာပုံများအတွက် နေရာအပါအဝင် တူးဖော်တွင်းများအပေါ် သက်ရောက်မှုများကို စဉ်ဆက်မပြတ် စီမံခန့်ခွဲနိုင်ရန် လုပ်ပိုင်ခွင့်လုံလောက်စွာပေးရေးကို ထောက်ခံသည်။

ကြီးမားသည့် ယန္တရားသုံးတူးဖောက်ရေးလုပ်ငန်းများကို ဖယ်ရှားသည့် ရည်ရွယ်ချက်ပါသည့် ဥပဒေက တူးဖော်ရေးလုပ်ကွက်များ၏ အရွယ်အစားကို အသေးစား၊ အလတ်စားသို့ ကန့်သတ်ထားပြီး လက်မှုပညာဖြင့်ထုတ်ယူမှုကို ငါးဧကထက်မကျယ်ရပေ။

နောက်ထပ်သာဓကတစ်ခုမှာ ခွင့်ပြုချက်များအတွက် ကာလအတိုင်းအတာဖြစ်သည်။ အလယ်အလတ်ဆိုက် လုပ်ကွက်များအတွက် ကာလကို ကျောက်မျက်ဥပဒေကြမ်းက သုံးနှစ်ထိကန့်သတ်မည်ဖြစ်သော်လည်း ကျောက်တွင်းလုပ်ငန်းပိတ်သိမ်းမှုနှင့် နောက်ဆုံးကုစားခြင်းတို့အတွက်  ပိုမိုရှည်လျားသည့် ခွင့်ပြုကာလများကို EMP ကထောက်ခံသည်။

တူးဖော်ရန် တိုတောင်းသည့် စောင့်ကြည့်ကာလအတွင်း များပြားသည့် ကုမ္ပဏီများသည် ကျောက်စိမ်းကို များနိုင်သလောက်များများထုတ်ယူကြပြီး သဘာဝပတ်ဝန်းကျင်ကို အလေးမထားပေ။ ကျောက်အရိုင်းတုံးများကို နောင်ကာလတွင် ရောင်းစားရန် သိုလှောင်ထားကြသည်။

ဥပဒေသစ်က ကျောက်စိမ်းကဏ္ဍတွင် ခြစားမှုနှင့် အလွဲသုံးစားလုပ်မှုကို နှိမ်နင်းရန် ရှားရှားပါးပါး အခွင့်အရေးတစ်ခု ပေးထားခြင်း၊ ရေရှည်ထိန်းထားနိုင်သည့် တူးဖော်ရေးပုံစံများကို ကျင့်သုံးခြင်းနှင့် မြန်မာပြည်သူများအနေဖြင့် နိုင်ငံ၏ သယံဇာတကို စတင်ရယူ ခံစားနိုင်ခြင်းတို့ရှိရမည်ဟု ကမ်းလှမ်းထားသည်။

ထို့ကြောင့် ကျောက်မျက်လုပ်ငန်းကို ဒုက္ခပေးနေသည့် ပြဿနာရပ်များကို ကိုင်တွယ်နိုင်မည်မဟုတ်သော ဥပဒေသစ်တစ်ခုနောက်သို့ အလောတကြီးမလိုက်ဘဲ ဖွံ့ဖြိုးနေသည့် ပေါ်လစီနောက်ကို ကျောက်မျက်ဥပဒေကလိုက်ရန် လွှတ်တော်အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဋ္ဌာနနှင့် ညိနှိုင်းသင့်ပေသည်။

ဦးကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.