မြန်မာပြည်မှ ဆုတ်ခွာထွက်ပြေးခဲ့ကြသော ကူမင်တန်တို့၏ အမွေအနှစ်

၁၉၄၉ တွင် တရုတ်ပြည်၌ ကွန်မြူနစ်တို့ အောင်ပွဲခံလာချိန်တွင် ယူနန်ပြည်နယ်မှ ကူမင်တန် တရုတ်ဖြူတပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုများမှာ ကွန်မြူနစ်တို့ရန်မှ ထွက်ပြေးရင်း မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းသို့  ကျူးကျော် ဝင်ရောက်လာခဲ့ကြသည်။ ရှမ်းပြည်နယ် တောတောင်များအတွင်း ၎င်းတို့ တိုက်ခိုက်ခဲ့ရသော စစ်ပွဲများအကြောင်းကို ထိုင်ဝမ်နှင့် မြန်မာနိုင်ငံရှိ ၎င်းတို့၏ သားစဉ်မြေးဆက်များအကြား လက်ဆင့်ကမ်းအမွေအဖြစ် ပြောစမှတ်ပြု ကျန်ရစ်ခဲ့ကြသည်။

အန်းဝမ် ရေးသားသည်။

၁၉၄၉ မှ ၁၉၅၃ ခုနှစ်အထိ ရှမ်းပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသော တရုတ်နေရှင်နယ်လစ်များအား  ပြောက်ကျားစစ်ဆင်နွှဲမှုကို ပထမဆုံး မြင်တွေ့ခဲ့ချိန်က Mr. Chang Lao Wang မှာ ၇ နှစ်သားအရွယ်သာ ရှိနေသေးသည်။

”သစ်တောထဲမှာ မိသားစုတွေက စစ်သားတွေကို အမီပြေးလိုက်နေရတော့ ကလေးတွေ အများကြီး တောထဲ ကျန်ရစ်ခဲ့တာကို ကျွန်တော်မှတ်မိနေတယ်။ ကျွန်တော်ကတော့ အမေနဲ့ ကွဲမသွားရအောင် အမေနဲ့ ကျွန်တော် ကြိုးနဲ့ တွဲချည်ထားတယ်”  ဟု Chang က ပြောကြားသည်။ ”ကျန်ခဲ့တာကလေးတွေချည်းပဲ မဟုတ်ဘူး။ မြန်မာနဲ့ တရုတ်ပြည်ကြား တောထဲမှာ စစ်သားတွေလည်း အများကြီး သေဆုံးပြီး ကျန်ရစ်ခဲ့ကြတယ်။ ကျွန်တော့်ဘဝမှာ အဆိုးဝါးဆုံး နှစ်ကာလတွေပေါ့” ဟု အသက် ၇၆ နှစ်ရှိပြီးဖြစ်သည့် Chang က ထိုင်ဝမ်မြောက်ပိုင်း Zhongyi ခရိုင်၊ Taiyuan City ရှိ ထိုင်ဝမ်အလံများ ချိတ်ဆွဲထားသော ၎င်း၏ ယူနန်ခေါက်ဆွဲဆိုင်တွင် Frontier ကို ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသနှင့် နယ်နိမိတ် ထိစပ်လျက်နေသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ Zhenkang County တွင် Chang ကို ၁၉၄၂ ခုနှစ်က မွေးဖွားခဲ့သည်။ သူ့ဖခင်က တရုတ်နေရှင်နယ်လစ် ကူမင်တန် (သို့မဟုတ်) ယူနန်နယ် ကွန်မြူနစ် ဆန့်ကျင်ရေး အမျိုးသားကယ်တင်ရေးတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။ ထိုအချိန်က ကူမင်တန်အစိုးရစစ်တပ်သည် တရုတ်တစ်ပြည်လုံး သိမ့်သိမ့်တုန်အောင် အင်အားကြီးထွားလာနေသော တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ခုခံတိုက်ခိုက်နေရသည်။

chang_lao_wang_4_of_4.jpg

Chang Lao Wang ၏ ဖခင်ဖြစ်သူမှာ ကူမင်တန်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ကာ သူ့၏ ဖခင်နှင့်အတူ ရှမ်းပြည်နယ်သို့ ၁၉၄၉ ခုနှစ်တွင် ဝင်ရောက်လာခဲ့သည်။ ဓာတ်ပုံ-အန်းဝမ်

“ကျွန်တော်မှတ်မိတယ်။ အဲဒီအချိန်က ယူနန်မှာ အခြေအနေက အတော်ဆိုးနေပြီ။ ယူနန်မှာ ဆက်နေပြီး ကွန်မြူနစ်တွေ သတ်တာ ခံရင်ခံ၊ ဒါမှမဟုတ် ရှိတဲ့ပစ္စည်းလေးတွေ ထုတ်ပိုးပြီး မြန်မာနိုင်ငံတွင်းက ရှေ့တန်းနယ်မြေထဲ ရောက်နေတဲ့ အဖေ့ကို လိုက်ရှာချင်ရှာ၊ ရွေးစရာ ဒီနှစ်လမ်းထဲက တစ်ခုခု ရွေးဖို့ပဲရှိတော့တယ်” ဟု Chang က ပြန်ပြောင်း ပြောပြသည်။

တရုတ်ကွန်မြူနစ်များ၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလထဲတွင် ယူနန်ပြည်နယ်ထဲ ဝင်ရောက်လာခဲ့သည်။ ဥက္ကဋ္ဌကြီး မော်စီတုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ကြောင်း ဘေကျင်းမြို့တွင် ကြေညာပြီး လအတော်ကြာပြီးမှ PLA တပ်များ ယူနန်ပြည်နယ်ထဲ ရောက်ရှိလာခြင်းဖြစ်သည်။

ထိုအခါ ထောင်ပေါင်းများစွာသော ကူမင်တန်တပ်ဖွဲ့ဝင်များသည် နယ်စပ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ ကျိုင်းတုံနှင့် တာချီလိတ်အကြား၊ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာဒေသကို ဝင်ရောက်သိမ်းပိုက် နေထိုင်ကြလေတော့သည်။

ကူမင်တန် KMT တပ်များ မြန်မာ့နယ်မြေတွင်း ဝင်ရောက်ကျူးကျော်နေမှုကို မြန်မာအစိုးရက ၁၉၅၃ ခုနှစ်တွင် ကုလသမဂ္ဂထံ တင်ပြတိုင်ကြား၍ အရေးယူပေးရန် တောင်းဆိုခဲ့သည်။ ထိုအချိန်တွင် အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံတွင်းရှိ KMT တရုတ်ဖြူများကို အကူအညီ အထောက်အပံ့မှုများ တိတ်တဆိတ် ပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင်းမှ KMT တရုတ်ဖြူများ ထွက်ခွာသွားရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန် (မြန်မာ- အမေရိကန်- ထိုင်ဝမ်-ထိုင်းနိုင်ငံ) တို့ပါဝင်သော စစ်ကော်မရှင်တစ်ရပ်ကို ဘန်ကောက်မြို့တွင် ဖွဲ့စည်းခဲ့သည်။

ထောင်နှင့်ချီသော KMT တပ်ဖွဲ့ဝင်နှင့် ၎င်းတို့၏ မိသားစုများကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းမှ ထိုင်ဝမ်ကျွန်းသို့ လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။ Chang တို့မိသားစုမှာလည်း ထိုင်ဝမ်သို့ ထွက်ခွာသွားသော ပထမအသုတ်ထဲတွင် ပါသွားခဲ့ရာ ထိုပထမအသုတ်ထဲမှ လူ ၂,၀၀၀ ခန့်မှာ ထိုင်ဝမ်ကျွန်း၊ Zhongyi ခရိုင်တွင် အခြေချ နေထိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် နေခဲ့ရစဉ်က Chang မှာ ကလေးဘဝသာ ရှိသေးသော်လည်း ထိုစဉ်က အဖြစ်အပျက်များကို ကောင်းကောင်းမှတ်မိနေသည်။

“ကျွန်တော်တို့မှာ ဝတ်စရာလဲမရှိ၊ စားစရာလည်းမရှိ၊ ရှိတာဆိုလို့ သေနတ်တွေပဲ ရှိတယ်။ တစ်ဘက်က ကွန်မြူနစ်တွေရန်လဲ ကြောက်ရ၊ အခြားတစ်ဖက်က မြန်မာစစ်တပ်လဲ ကြောက်ရနဲ့ တောထဲမှာ ရက်ပေါင်းများစွာကြာအောင် ပုန်းလျှိုးနေခဲ့ကြရတယ်။ နောက်ဆုံးတော့ ငတ်လွန်းလို့ ဆက်ပြီး ပုန်းမနေနိုင်ကြတော့ဘူး။ ကျွန်တော်တို့အထဲက အဝတ်အစားနဲ့ စီးစရာဖိနပ်ရှိသေးတဲ့ လူတွေစုပြီး၊ မြန်မာရွာတွေထဲဝင် သေနတ်ပြပြီး စားစရာ တောင်းရတော့တယ်” လို့ Chang ကပြောသည်။

”တကယ်တော့ ကျွန်တော်တို့ သေနတ်တွေမှာ ကျည်ဆံမရှိတော့ပါဘူး။ ငတ်နေလို့သာ သေနတ်ပြခြောက်လှန့်ပြီး စားစရာ ရှာရတာပါ” ဟု Chang က စိတ်လှုပ်ရှားစွာ ပြောရင်း ခေတ္တနားလိုက်သည်။ “အဲဒီတုံးက အဖြစ်အပျက်တွေကို ပြန်တွေးကြည့်ရင် မြန်မာတွေအပေါ် ကျွန်တော်တို့ အပြုအမူတွေအတွက် ကျွန်တော်ရှက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက်အသက်ရှင်နေဖို့က ဒီနည်းဘဲ ရှိတော့တယ်လေ” ဟု သူက ဆက်လက်ပြောကြားသည်။

chang_lao_wang_1_of_4.jpg

Chang Lao Wang ကို ထိုင်ဝမ်ရှိ ၎င်း၏ ခေါက်ဆွဲဆိုင်တွင် တွေ့ရစဉ်။ ဓာတ်ပုံ-အန်းဝမ်

Chang က အသက် ၅၀ ကျော်အရွယ်တွင် မြန်မာနိုင်ငံသို့ ပြန်သွားပြီး  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ သူ့ဖခင် ရဲဖော်ရဲဖက်တစ်ဦး၏ သမီးနှင့် လက်ထပ်ခဲ့သည်။

ရှမ်းကုန်းပြင်မြင့်ဒေသတွင် ပျောက်ကြားစစ် ဆင်နွှဲနေချိန်က ဒေသခံများအပေါ် KMT တရုတ်ဖြူတို့ ပြုမူခဲ့ပုံများအတွက် စိတ်မကောင်းဖြစ်နေသူတစ်ဦးမှာ Mr.Shi Bing Ming ဖြစ်သည်။ ”ဒေသခံတွေထံက မတရားသိမ်းယူခဲ့တဲ့ မြေနဲ့ အစားအစာတွေအတွက် ကျွန်တော်တို့က ပေးစရာလဲ ငွေမရှိတော့ လက်ခံရရှိကြောင်း ပြေစာတွေ ထုတ်ပေးခဲ့တာ မှတ်မိနေတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရက နောက်ပိုင်းမှာ ဒီပြေစာတွေအတွက် မြန်မာဒေသခံတွေကို ထိုက်သင့်သလို ပြန်ပေးဖို့ ငြင်းဆိုခဲ့တယ် ” ဟု ယခုအခါတွင် အသက် ၉၁ နှစ်ရှိပြီဖြစ်သော Mr.Shi က ပြောသည်။ ထိုအချိန်က Shi သည် အသက် ၂၀ ကျော် စစ်သားလေးတစ်ဦးဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် ထိုင်ဝမ်၌ ပြန်လည်အခြေချ နေထိုင်ခဲ့သည်။

Mr.Shi သည် ရှမ်းပြည်နယ်၊ ဝ နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် နေထိုင်သည့် လားဟူလူမျိုးစုတွင် သူကြီးမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏ လူငယ်လေးဘဝကမူ တစ်နေ့တွင် သူစစ်သားကြီး ဖြစ်လာပြီး၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ နေထိုင်ရကာ ဘဝနေဝင်ချိန်တွင် သူမွေးဖွားရာ ယူနန်ပြည်နယ်မှ ကီလိုမီတာ ၂,၃၀၀ ခန့် ဝေးကွာသည့် ထိုင်ဝမ်ကျွန်းတွင် ခေါင်းချရလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးမိခဲ့ချေ။

၁၉၅၀ ခုနှစ်က ယူနန်တက္ကသိုလ်တွင် စာပေအထူးပြုဘွဲ့အတွက် ကျောင်းတက်နေစဉ် သူတို့နေထိုင်ရာ လားဟူ နယ်မြေထဲသို့ ကွန်မြူနစ်များ စတင်ဝင်ရောက်လာနေပြီဟူသည့်အကြောင်းကို သူ့သူငယ်ချင်းများထံမှ စတင် ကြားသိခဲ့ရသည်။

လူအင်အား မလုံလောက်သဖြင့် ကာကွယ်ရေးတွင် သူ့မိခင်ပါ ဝင်ရောက်တာဝန်ယူနေရလေရာ Shi လည်း ကျောင်းမှ ထွက်ပြီး အိမ်တွင် ဝင်ရောက်ကူညီလုပ်ကိုင်ခဲ့ရသည်။

တရုတ်ပြည်မှ မြန်မာပြည်သို့ ဝါဂွမ်းများ တင်ပို့သော ကုန်တင်ကားတစ်စီးတွင် ပုန်းအောင်းလိုက်ပါခဲ့သည့် Shi ကို မြန်မာစစ်သားများက တွေ့ရှိသွားသဖြင့် ဖမ်းဆီးကာ လားရှိုးမြို့ရှိ တရုတ်စစ်ပြေးုက္ခသည် စခန်းသို့ ပို့လိုက်ကြသည်။

Shi က လားဟူစကားပြောကာ မြန်မာပြည်မှ လားဟူလူမျိုးအဖြစ် ဟန်ဆောင်နေလိုက်သည်။ ထို့နောက် သူ့၌ပါလာသော အရက်နှစ်ပုလင်းကို စစ်သားများအား ပေးလိုက်ရာ သူ့ကို ပြန်လွှတ်ပေးလိုက်ကြလေသည်။ နောက်ဆုံးတွင် သူက ဗိုလ်ချုပ်ကြီးလီမီ လက်အောက်ရှိ KMT အမှတ် (၈) ကူမင်တန်တပ်သို့ ဝင်ရောက်အမှုထမ်းခဲ့သည်။ ဗိုလ်ချုပ်ကြီးလီမီ၏ KMT တပ်သည် တရုတ်ပြည်ထဲ ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ၁၉၅၃ ခုနှစ်တွင် Shi အပါအဝင် ဗိုလ်ချုပ်လီနှင့် ၎င်း၏ တပ်ဖွဲ့ဝင် ၇,၀၀၀ ခန့်ကို ထိုင်ဝမ်သို့ လေယာဉ်ဖြင့် ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့သည်။ သို့သော် KMT ထောင်ပေါင်းများစွာမှာ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ကျန်ရစ်ခဲ့ကြရာ အချို့မှာ ဘိန်းကုန်ကူးသည့် လုပ်ငန်းတွင် ပါဝင်ပတ်သက် လုပ်ကိုင်ခဲ့ကြသည်။

“သူတို့က ကျွန်တော်တို့ကို လိမ်ထားခဲ့ကြတာဗျ။ သူတို့က ပြောတယ်။ ကျွန်တော်တို့က ထိုင်ဝမ်မှာ ယာယီပဲ နေရမှာပါ။ အမေရိကန်တွေနဲ့ မြန်မာအစိုးရ ကျေနပ်အောင် ရုပ်ပြသက်သက် ခဏထားတာပါ။ မကြာမီ တရုတ်ပြည် (သို့မဟုတ်) မြန်မာပြည်ပြန်ပြီး တော်လှန်ရေးကြီးကို ဆက်ပြီး ဆင်နွှဲကြရဦးမှာလို့ လိမ်ပြောခဲ့ကြတာ” ဟု Shi ကပြောသည်။ သို့သော် Shi တစ်ယောက် သူ့ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သည့် ယူနန်ကို ပြန်ရောက်ချိန်တွင် အသက် ၆၀ ကျော်ရှိနေပြီဖြစ်သည်။ သူငယ်စဉ်က မွေးဖွားကြီးပြင်းခဲ့ရာ သူတို့အိမ်မှာလည်း ဘတ်စကက်ဘောကွင်း ဖြစ်သွားခဲ့ပြီဖြစ်သည်။

ထိုစဉ်က ကူမင်တန်အစိုးရကို ထောက်ခံသူနှင့် သူတို့မိသားစုများသည် ထိုင်ဝမ်တွင်၎င်း၊ ထိုင်းနိုင်ငံတွင်၎င်း  နေရာချထားခံခဲ့ကြရပြီး အချို့မှာမူ တရုတ်ပြည်မကြီးသို့ ပြန်၍  နေထိုင်ခွင့်ရခဲ့ကြသည်။ သို့သော် ထိုအခွင့်အရေးမျှပင် မရကြဘဲ မြန်မာပြည်၌ပင် ခေါင်းချသွားကြသူများလည်း မြောက်များစွာရှိခဲ့သည်။

ဦးစိုးဝင်းမှာ ၂၀၁၀ ပြည့်နှစ်ကမှ ဧရာဝတီတိုင်းဒေသကြီး၊ ဟသာၤတမြို့တွင် ကွယ်လွန်သွားခဲ့သည်။ သူက ၁၉၄၂ ခုနှစ်တွင် မြန်မာနိုင်ငံတွင်းသို့ စစ်ချီဝင်ရောက်လာကြသော ဂျပန်တို့ကို ဟန့်တားရာတွင် ဗြိတိသျှတို့ကို ကူညီရန် ချန်ကေရှိတ်အစိုးရက စေလွှတ်လိုက်သော KMT ကူမင်တန်တပ် X Force ၏ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တဟုန်ထိုး ဝင်ရောက်လာသော ဂျပန်တပ်ကို ဗြိတိသျှတို့ မတားနိုင်ခဲ့ဘဲ X Force မှာလည်း အိန္ဒိယနိုင်ငံထဲသို့ ဆုတ်ခွာခဲ့ရသည်။ ဦးစိုးဝင်းသည် နောက်ပိုင်းတွင် ကူမင်တန် အမှတ် ၃၈ တပ်မတွင် ဝင်ရောက်တိုက်ခိုက်ပြန်သည်။

u_soe_win_1_of_2.jpg

ဦးစိုးဝင်း၏ မှတ်ပုံတင်ကဒ်မှာ မြန်မာနိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပေးထားသော ကဒ်လေးတစ်ခုသာဖြစ်ပြီး ထိုကဒ်ပေါ်တွင် တရုတ်ပြန်သို့ပြန်ရန် လိုအပ်သည်ဟု ရေးသားထားသည်။ ဓာတ်ပုံ-အန်းဝမ်

ဦးစိုးဝင်းတစ်ယောက် တရုတ်နိုင်ငံတွင် နေထိုင်ရန် ပြန်မရောက်နိုင်ခဲ့တော့ချေ။ သူ၏မှတ်ပုံတင်ကဒ်မှာ မြန်မာနိုင်ငံ၊ လူဝင်မှု ကြီးကြပ်ရေးဌာနက ထုတ်ပေးထားသော ကဒ်လေးတစ်ခုသာဖြစ်ပြီး ထိုကဒ်ပေါ်တွင် “ဤကဒ်ကိုင်ဆောင်သူသည် တရုတ်စစ်ပြေး ဒုက္ခသည်တစ်ဦးဖြစ်ပြီး အခြေအနေအရ ခွင့်ပြုသည်နှင့် တရုတ်ပြည်သို့ အမြန်ပြန်ရန် လိုအပ်သည်” ဟု ရေးသားထားသည်။

”ဦးစိုးဝင်းရဲ့ တစ်ကိုယ်လုံးလည်း စစ်ရဲ့ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နေတာပါပဲဗျာ” ဟု သူ၏သမက်ဖြစ်သူ ဦးထင်အောင်က သူ၏ ရန်ကုန်နေအိမ်တွင် Frontier ကို ပြောကြားသည်။

”သူ့ခန္ဓာကိုယ်ပေါ်မှာ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေ ၁၉ ခုထက်မနည်း ရှိတယ်ဗျ၊ သူ့ရဲ့ အတိတ်ကို သူပြောခဲတယ်၊ အထူးသဖြင့် သူ့ဇနီးနဲ့ ကလေးတွေကိုပေါ့။ သူက သူတို့ကို နိုင်ငံရေးနဲ့ ဝေးဝေးနေစေချင်တယ်” ဟု ဦးထင်အောင်က ပြောသည်။

ကူမင်တန်တပ်မှ ထွက်ပြီးနောက် ဦးစိုးဝင်းက မြန်မာပြည်တွင်ပင် ဆက်လက်နေထိုင်ခဲ့သည်။ စစ်ပညာများ သင်ကြားပေးရန်အတွက် သူ့ကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ပေးခဲ့သည်။ ၁၉၄၈ နှင့် ၁၉၅၃ ခုနှစ်ကြားတွင် ဝန်ကြီးချုပ် ဦးနု၏ စစ်တပ်တွင် စစ်သားများကို စစ်သင်တန်းပေးခဲ့သည်။ ဒီနောက် မြောက်ဘက်နယ်စပ်သို့ ထွက်ခွာသွားခဲ့ပြီး ကိုးကန့်နယ်ထဲမှ လက်နက်ကိုင်တိုင်းရင်းသား အုပ်စုများတွင် ဝင်ရောက်အမှုထမ်းခဲ့သည်။

၁၉၅၄ ခုနှစ်တွင် စစ်သင်တန်းသင်ကြားပေးသူအဖြစ်မှ အနားယူပြီး ဟင်္သာတမြို့တွင် တရုတ်ရိုးရာ ဆေးကုဆရာအဖြစ် အသက်မွေးကာ သူ့ကလေး ရှစ်ယောက်ကို ရှာဖွေကျွေးမွေး စောင့်ရှောက်ခဲ့သည်။ သူနှင့် အခြား KMT စစ်သည်ဟောင်း ၁၇ ဦးကို ဒုက္ခသည်များအဖြစ် လုပ်ကိုင်စားသောက်ရန် ကုလသမဂ္ဂရုံးက စီစဉ်ပေးသော မြေကွက်ပေါ်တွင် နေထိုင်လုပ်ကိုင် စားသောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် နေထိုင်ရသည့် ဦးစိုးဝင်း၏ဘဝမှာ မလွယ်ကူခဲ့ချေ။ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှုကြောင့် ထောင် ၇ နှစ်ကျခဲ့သည်။ ဦးစိုးဝင်းက သူ့အကြောင်းကို လုံးဝထုတ်ဖော်ပြောဆိုမှု မရှိသဖြင့် ကိုထင်အောင်က သူ့ယောက္ခမ၏ ဆွေစဉ်မျိုးဆက်ကို သိရှိနိုင်ရန် နှစ်ပေါင်းများစွာ ခြေရာခံစုံစမ်းခဲ့ရသည်။ သူ့သားချင်းဆွေမျိုးများကို ခြေရာခံမိခဲ့ပြီးနောက် သူ့ယောက္ခမကြီး၏ ဘဝနေဝင်ချိန် နီးလာသောအချိန်တွင် သူ၏ သားချင်းဆွေမျိုးများနှင့် ပေါင်းဆုံပွဲတစ်ခုကို ဟင်္သာတမြို့တွင် ကိုထင်အောင်က စီစဉ်နိုင်ခဲ့သည်။ သားချင်းဆွေမျိုးများကို ခြေရာခံလိုက်ရာမှ သူ့ယောက္ခမသည် တရုတ်နာမည်ကွဲ သုံးခုလောက်ကို အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုသုံးခုတွင် တစ်ခုမျှ သူ့မိသားစုအမည်မှန် မပါဝင်ချေ။ မြန်မာနိုင်ငံသားအဖြစ်နေထိုင်ရန် ဦးစိုးဝင်းက မည်သည့်အချိန်ကမှ လျှောက်ထားခဲ့ခြင်းမရှိခဲ့သလို သူ့သားသမီးများကိုလည်း လျှောက်ထားခွင့်မပြုခဲ့ချေ။ သူတို့မိသားစုက တစ်နေ့တွင် ထိုင်ဝမ်၌ အခြေချနေထိုင်ခွင့် ရရှိလိမ့်မည်ဟု သူက မျှော်လင့်ထားခဲ့သည်။ စစ်ပြေးဒုက္ခသည်အဖြစ်နှင့် ထိုင်ဝမ်တွင် နိုင်ငံသား ခံယူခွင့် လွယ်ကူလိမ့်မည်ဟု သူက ထင်နေခဲ့သည်။

သို့သော် သူ့မိသားစုနှင့်အတူ ထိုင်ဝမ်တွင် အခြေချနေထိုင်ခွင့်ကို ၁၉၈၉ ခုနှစ်တွင် လျှောက်ထားသောအခါတွင်မူ သူက စစ်မှုထမ်းတစ်ဦး မဟုတ်တော့သဖြင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သူတို့ကို ထိုင်ဝမ်၌ နေထိုင်ခွင့်မပေးခဲ့ချေ။ ၁၉၉၄ ခုနှစ်တွင် စစ်ပင်စင်လျှောက်သောအခါတွင်လည်း သူက KMT စစ်တပ်မှ တရားဝင်ထွက်ခွင့် ရရှိခဲ့သူ မဟုတ်သဖြင့် ပင်စင်ငြင်းပယ်ခံခဲ့ရပြန်သည်။ ဦးစိုးဝင်းက သူ့ဘဝကို ကူမင်တန်အစိုးရနှင့် စစ်တပ်အတွက် မြှုပ်နှံထားခဲ့သူတစ်ဦးအနေဖြင့် တရုတ်ပြည်သို့ ပြန်၍ နေထိုင်လိုခဲ့သည်။ ” သူ တရုတ်ပြည်ပြန်ဖို့ ၂ ကြိမ်တောင် ကြိုးစားဖူးတယ် ” ဟု သမက်ဖြစ်သူ ကိုထင်အောင်က ပြောပြသည်။

“ပထမအကြိမ် ကြိုးပမ်းတုန်းက တရုတ်ပြည်မှာ သုံး ဆန့်ကျင်ရေး၊ ငါး ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေတုန်းကာလနဲ့ သွားတိုက်ဆိုင်နေတယ်။ မော်စီတုံးက သူ့ရဲ့နိုင်ငံရေး အတိုက်အခံတွေနဲ့ အရင်းရှင်တွေကို ပစ်မှတ်ထားပြီး ၁၉၅၁ နဲ့ ၁၉၅၂ ကာလတွေက လုပ်ခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခေါ်တာပါ။ ဒုတိယအကြိမ် ကြိုးပမ်းတုံးကတော့ တရုတ်ပြည်မှာ ယဉ်ကျေးမှုတော်လှန်ရေး (၁၉၆၆- ၇၆) ပြင်းထန်နေတဲ့ အချိန်ဖြစ်တယ်။ သူနဲ့ သူ့မိသားစုရဲ့ လုံခြုံရေးကို စိုးရိမ်လို့ နောက် တရုတ်ပြည်ပြန်ဖို့ သူ ဘယ်တော့မှ မကြိုးစားတော့ဘူး” ဟု ကိုထင်အောင်က ပြောသည်။

“သူ့နှလုံးသားထဲမှာ ဒေါသတွေတပုံတပင်နဲ့ သူကွယ်လွန်သွားခဲ့တာ။ အထူးသဖြင့် KMT တွေအပေါ် မုန်းတီး နာကျည်းစိတ်” ဟု ကိုထင်အောင်က ပြောသည်။

“သူက မြန်မာပြည်မှာနေပြီး KMT အတွက် အလုပ်တွေအများကြီး လုပ်ပေးခဲ့တယ်။ ဒါပေမဲ့ KMT က သူ့ကိုစွန့်ပစ်ခဲ့တယ်။ တရုတ်ပြည်က သူ့အိမ်ကို သူ ဘယ်တော့မှ မပြန်နိုင်ခဲ့တော့ဘူး။ မြန်မာအစိုးရကလည်း သူ့ကို မြန်မာတစ်ယောက်လို့ သဘောထား လက်ခံတာ မဟုတ်ဘူး” ဟု သူကပြောပြသည်။ နောက် သူက ဆက်ပြောသည်မှာ မြန်မာစစ်တပ်ကလည်း ဟင်္သာတရှိ ဦးစိုးဝင်း၏အိမ်သို့ မကြာခဏလာရောက်ပြီး မွှေနှောက်ရှာဖွေတတ်သည်ဟု ဆိုသည်။

သူ့ယောက္ခမက KMT များနှင့် နေခဲ့သည့် သူ့ဝအကြောင်းကို ပြောလိုစိတ်မရှိဟု ကိုထင်အောင်က ပြောပြသည်။ ကိုထင်အောင်က ဦးစိုးဝင်းကို “ခင်ဗျား လူဘယ်နှစ်ယောက် သတ်ဖူးလဲ” ဟုမေးသောအခါ  ဦးစိုးဝင်းက ဘာမှပြန်မဖြေဘဲ ကျောက်ရုပ်လို ငုတ်တုတ်ငြိမ်သက်နေတတ်သည်။ “ခင်ဗျားက KMT အတွက် သူလျှိုလုပ်ပေးခဲ့သလား” ဟုလည်း သူ့ယောက္ခမကို ကိုထင်အောင်က မေးကြည့်ဖူးသည်။

“သူသေသွားတဲ့အထိ ဒီမေးခွန်းကို ငြင်းလဲမငြင်းဘူး။ ဝန်လဲမခံဘူး” ဟု ကိုထင်အောင်က သူ့ယောက္ခမ ဦးစိုးဝင်း ခေါ် ကူမင်တန်တရုတ်ဖြူကြီးအကြောင်း ပြောပြခဲ့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.