မြန်မာပြည်မြောက်ပိုင်း ပဋိပက္ခဇုံထဲ၌ ဒိုင်နိုဆောများကို လိုက်လံရှာဖွေခြင်း

အေအက်ဖ်ပီ

Jurasic Park ပုံစံ ဒိုင်နိုဆောအကြွင်းအကျန်များကို ရှာဖွေနေသော ပယင်းမုဆိုးများသည် မြန်မာနိုင်ငံတွင် တန်ဘိုးရှိသော သစ်စေးပုံများထဲမှ ရွေးထုတ်ရှာဖွေနေသည်။ ယင်းအလုပ်က ဝင်ငွေကောင်းသောအလုပ်တစ်ခုဖြစ်ပြီး ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များကိုဆွဲဆောင်နိုင်သကဲ့သို့ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော မြောက်ပိုင်းပဋိပက္ခကိုလည်း မီးထိုးပေးလျက်ရှိသည်။

ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနား၏ ဆင်ခြေဖုန်းရှိ မနက်ခင်း ပယင်းဈေးတွင် ပျားရည်ရောင် ကျောက်ဖြစ်သစ်စေးများကို စိစစ်ရန် လက်နှိပ်ဓါတ်မီးများနှင့် မှန်ဘီလူးများ အသုံးပြုနေသည့် ကုန်သည်များဖြင့် ကြိတ်ကြိတ်တိုး စည်ကားနေသည်။

ဖြတ်တောက်ပြုပြင်ခြင်း မလုပ်ရသေးသည့် အရိုင်းတုံးများကို အချို့က ရောင်းချနေကြသည်။ အချို့ကမူ ဂရုတစိုက် အရောင်တင်ထားသည့် ဆွဲသီးဆွဲပြားများ၊ လည်ဆွဲများ၊ လက်ကောက်များကဲ့သို့ ကုန်ချောများကို ရောင်းချနေသည်။ ရောင်းဝယ်မှုပြုလုပ်နေသည့်နေရာမှာ မြန်မာစစ်တပ်နှင့် ကချင်လက်နက်ကိုင်များ တိုက်ခိုက်နေသည့်နေရာမှ ကီလိုမီတာ ဒါဇင်အနည်းငယ်မျှသာ ကွာဝေးသည်။

ကျောက်စိမ်းနှင့် ပတ္တမြားလုပ်ငန်းများက အများအားဖြင့် လက်မှုပညာဖြင့်ပြုလုပ်ထားသည့် ပယင်း ကုန်သွယ်မှုအပေါ် လွှမ်းမိုးနေသော်လည်း တွင်းများကို ထိန်းချုပ်ထားသူ မည်သူ့အတွက်မဆို ကြီးမားသည့်ငွေပမာဏကို ယူဆောင်လာနိုင်သည်။ မြစ်ကြီးနားဈေးတွင် ရှာဖွေရန် ငွေရပေါက်ရလမ်း ရှိသည်ဟု ကုန်သည်ကိုမျိုးဆွေက ပြောသည်။ သူအထူးပြုထားသည့်အရာမှာ ပယင်းအဖြစ် မာကျောမသွားမီ အပင်များ၊ တိရစ္ဆာန်များနှင့် ဒိုင်နိုဆောများ ပိတ်မိသွားသည့် အောင်းဝင်သစ်စေး ဖြစ်သည်။

အမှန်အကန် ဝယ်ယူသူတစ်ဦးကိုသာ ရှာဖွေလိုက်ပါ။ တရုတ်နိုင်ငံသို့ နယ်စပ်ကိုဖြတ်ကာ ခိုးဝှက် တင်ပို့နေသော ပယင်းအများစုရှိနေသည့် မှောင်ခိုလုပ်ငန်းတစ်ခုတွင် ပယင်းတစ်တုံးအတွက် အမေရိကန် ဒေါ်လာတစ်သိန်းအထိ ထိုဝယ်သူက ပေးသွားနိုင်သည်။

“ဒီပယင်းတစ်ခုထဲမှာ ပုရွတ်ဆိတ်တစ်ကောင်၊ ဒါမှမဟုတ် ခြင်တစ်ကောင်ရှိနေရင်တောင် ဒါကစိတ်ဝင်စားစရာ ကောင်းနေပြီ။ အဲဒါမျိုးဆို ကျွန်တော် တန်ဖိုးထားပါတယ် ဟု အသက် ၄ဝ ရှိပြီဖြစ်သည့် ၎င်းက ပြောသည်။

ဒိုင်နိုဆောပုံပြင်များ

တရုတ်မှ ရှေးခေတ်ဂရိပြည်အထိ မြင့်မြတ်သောရတနာအဖြစ် သမိုင်းတလျှောက် လိုချင်တပ်မက်ခဲ့ကြသည့် ပယင်းသည် သစ်စေးများထဲတွင် မပျက်မစီးရှိနေသည့် ခြင်များ၏ DNA ကို ထုတ်ယူကာ ဒိုင်နိုဆောများကို ပုံတူပွားသည့် ပန်းခြံတစ်ခုအကြောင်း အခြေတည်ရိုက်ကူးခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ်များက လူကြိုက်များခဲ့သည့် Jurassic Park ရုပ်ရှင်ကားကြောင့် တစ်ဖန် ပြန်လည် လူကြိုက်များလာခဲ့သည်။

သို့သော်လည်း ပယင်းအများစုမှာ ဂျူရတ်ဆစ်ခေတ်က မဟုတ်ဘဲ ခရီတေးရှပ်ခေတ်နှောင်းပိုင်းမှ လွန်ခဲ့သည့်နှစ် သန်း ၁ဝဝ ခန့်ကအထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ မပျက်မစီးရှိနေမှုတွင် အကောင်းဆုံး အောင်းဝင်ပယင်းများကို ယနေ့ခေတ် သိပ္ပံပညာရှင်များနှင့် စုဆောင်းသူများက သုံးဘက်မြင်ရုပ်လုံးကြွ အနေအထားပုံစံမျိုး မြင်တွေ့နေရသည်။ အချို့သော ပယင်းများထဲတွင် သတ္တဝါများမှာ လှုပ်ရှားနေစဉ်အတွင်း ပိတ်မိခဲ့ကြခြင်းဖြစ်သည်။

ပျားရည်ရောင် ကျောက်ဖြစ်သစ်စေးတစ်ခု။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပျားရည်ရောင် ကျောက်ဖြစ်သစ်စေးတစ်ခု။ ဓာတ်ပုံ-အေအက်ဖ်ပီ

ပယင်းသိုက်များကို ကမ္ဘာတစ်ဝန်း တွေ့ရသော်လည်း ကချင်ပြည်နယ်ရှိ ပယင်းမိုင်းတွင်းများမှာ ကျောက်ဖြစ်ရုပ်ကြွင်းပညာအရ အစားထိုး မရနိုင်ကြောင်း ပေကျင်းရှိ တရုတ်ဘူမိသိပ္ပံတက္ကသိုလ်မှ အသက် ၃၆ နှစ်အရွယ် လီဒါရှင်းက ပြောသည်။ “ကချင်ပြည်နယ်က ပယင်းမိုင်းတွင်းဧရိယာဟာ ကမ္ဘာမှာ တစ်ခုတည်းသော ခရီးတေးရှပ်ခေတ် ပယင်းမိုင်းတွင်းနေရာဖြစ်ပြီး ယခုအထိ စီးပွားဖြစ်တူးဖော်မှု ပြုလုပ်နေပါသေးတယ်” ဟု ၎င်းကဆိုသည်။ “မြန်မာထက် ပိုကောင်းတဲ့နေရာ မရှိပါဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

အမွှေးအတောင်ပါ ဒိုင်နိုဆောအမြီးပိုင်းတစ်ခုကို မြန်မာနိုင်ငံမှ တရုတ်သို့ ယူဆောင်လာပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များအကြားတွင် လီဒါရှင်းလည်း နာမည်ကျော်လာခဲ့သည်။ ၎င်းရုပ်ကြွင်းက နှစ်သန်းပေါင်း ၉၉ သန်းခန့် သက်တမ်းရှိပြီဖြစ်သည်။ သို့သော်လည်း ၎င်း၏တွေ့ရှိမှုကြောင့် စိတ်လှုပ်ရှားမှုမှာ အရင်းအမြစ်ကို တွေ့ရှိရေးအတွက် ကြိုးစားရန် ပြန်သွားချိန်တွင် စိတ်ပျက်စရာ ရောစွက်လာခဲ့သည်။

“သူတို့ကတော့ မသိဘူးလို့ ပြောတယ်။ သူတို့ ဒါကို ရောင်းလိုက်တာလည်း ဖြစ်နိုင်သလို ရိုက်ခွဲလိုက်တာလည်း ဖြစ်နိုင်တယ်။ ဒီ ဒိုင်နိုဆောက ခေါင်းနဲ့အတူ အင်္ဂါစုံပါဝင်တဲ့ အကောင်ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပေကျင်းတွင် အေအက်ဖ်ပီကို ပြောကြားသည်။

ပဋိပက္ခထဲက ပယင်း

အပျော်တန်း ပယင်းရှာသူများအတွက် မထောင်းတာလှသော်လည်း ရောင်းဝယ်သူနှင့် ရှာဖွေစုဆောင်းသူများအတွက် အဓိကစိန်ခေါ်မှုမှာ ပဋိပက္ခဇုန်တစ်ခုအတွင်း လုပ်ကိုင်နေရခြင်းဖြစ်သည်။

မကြာသေးသည့် နှစ်များအတွင်း စစ်တပ်နှင့် ကေအိုင်အေကြား တိုက်ခိုက်မှုမြင့်မားလာခြင်းကြောင့် ဒေသတွင်းရှိ လူတစ်သိန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

ပယင်းရှာဖွေသည့်နေရာများမှ ပြည်သူများအား ထွက်ခွာသွားရန် သတိပေးထားသည့် စာရွက်များကို စစ်တပ်က ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက ကြဲချခဲ့သည်။ ထွက်မသွားပါက သူပုန်များနှင့် ပေါင်းနေသည်ဟု မှတ်ယူမည်ဖြစ်ကြောင်း သတိပေးစာတွင် ဖော်ပြထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ပြောကြားသည်။ ယခုအခါ ယင်းဒေသသို့ သွားရောက်ကာ ပယင်းရှာဖွေရေးမှာ အခက်ခဲဆုံးဖြစ်နေသည်။

“အဲဒီပယင်းမိုင်းကို ရောက်အောင် မသွားနိုင်သလောက်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အန္တရာယ်လည်း အရမ်းကြီးလို့ပါ” ဟု ၂ဝ၁၅ ခုနှစ်က ၎င်း၏ ခရီးစဉ်နှင့်ပတ်သက်၍ လီဒါရှင်းက ပြောသည်။ “အခြေအနေတွေ တင်းမာမှုအများကြီး လျော့ကျနေချိန် ကျွန်တော်တို့ တိတ်တဆိတ် ဝင်ခဲ့တယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘယ်သိပ္ပံပညာရှင်မှ အတွင်းထဲထိ ရောက်အောင် မသွားနိုင်ခဲ့ပါဘူး။ ဒါကဆိုးဝါးတဲ့ ပြဿနာတစ်ခုပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဖြစ်ရုပ်ကြွင်း ပညာအတွက် ဘူမိဗေဒအနေအထားတွေနဲ့ ကျောက်လွှာတွေကနေ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ခင်ဗျား ရနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ခဲ့ဘူး” ဟု ၎င်းကပြောသည်။

ပယင်း၊ ကျောက်စိမ်း၊ သစ်နှင့် ရွှေတို့သည် မြန်မာနိုင်ငံမြောက်ပိုင်းတွင် ပဋိပက္ခဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများ ဖြစ်သည်ဟု နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့် Global Witness မှ ဟာနာဟင်းစ်စထရွမ်က ပြောသည်။ ပစ္စည်းများ မူလမြစ်ဖျားခံရာနေရာကို တာဝန်သိသိမဖော်ပြဘဲ မြန်မာပယင်းကို ကုန်သွယ်နေသည့် မည်သည့်ကုမ္ပဏီမဆို ပဋိပက္ခနှင့် လူ့အခွင့်အရေးချိုးဖောက်မှုအပါအဝင် အန္တရာယ်များစွာကို ဖြစ်စေနိုင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဘန်ကောက်မြို့လယ်တွင် လမ်းဘေးဆိုင်တစ်ဆိုင်ဖွင့်လှစ်ထားကာ ၎င်းကိုယ်၎င်း ပယင်းထဲက ရုပ်ကြွင်းကို အသည်းအသန်ရှာဖွေသူဟု သတ်မှတ်ထားသည့် အသက် ၅၂ နှစ်အရွယ် အက္ကဘာခန်ကမူ အန္တရာယ်နှင့် လူမျိုးစုမေးခွန်းများကို အရေးမစိုက်ပေ။ သူက ကချင်ပြည်နယ်သို့ မကြာခဏ သွားရောက်လေ့ရှိပြီး ဒိုင်နိုဆောအစိတ်အပိုင်းများကို တွေ့ရှိရာမှ ဖြစ်ပေါ်လာသည့် အားပြည့် ရွှင်လန်းမှုမှာ မည်သည့်အရာနှင့်မျှ မတူကြောင်း ရှင်းပြသည်။

“ကောင်းကင်ဘုံက တိမ်တွေထဲမှာ လမ်းလျှောက်နေရသလိုပါပဲ” ဟု ၎င်းကဆိုသည်။ “ဆိုကြပါစို့ လူတွေမှာ စိန်ကြီးကြီးတစ်လုံးရှိရင် ဘာဖြစ်မလဲ။ ကမ္ဘာကြီးပေါ်မှာ စိန်တုံးကြီးတွေ အပြည့်ရှိနေပါတယ်။ ဒါပေမယ့် ဒိုင်နိုဆောတွေ ပါရှိနေတဲ့ ပယင်းတွေနဲ့ ပြည့်နေတာတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

အောင်ကျော်ဦး ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.