မြန်မာနှင့် အိန္ဒိယ လမ်းခွဲခဲ့ကြစဉ်က

ဗြိတိသျှပိုင် အိန္ဒိယနိုင်ငံကြီးထဲမှ မြန်မာနိုင်ငံ ခွဲထွက်ခဲ့သောဖြစ်ရပ်သည် နောက် ၁၀ နှစ်အကြာတွင် ဖြစ်ပေါ်ခဲ့သော ပိုမိုပြင်းထန်သည့် ခွဲထွက်မှုများ၏ အောက်ဝယ် မှေးမှိန်ခဲ့ရသည်။ သို့သော် ထိုခွဲထွက်မှုသည် မြန်မာနိုင်ငံ၏  ခေတ်သစ်သမိုင်းအပေါ် ကြီးမားသည့် သက်ရောက်မှုများ ရှိခဲ့သည်

GEORGE KENT ရေးသားသည်။

ဗြိတိသျှလက်အောက်ခံ အိန္ဒိယနိုင်ငံကြီးထဲမှ ကိုလိုနီ မြန်မာနိုင်ငံ သီးခြားခွဲထွက်ခဲ့သည်မှာ ယခုနှစ်တွင် နှစ် ၈၀ ပြည့်ခဲ့ပြီဖြစ်သည်။ ဤဖြစ်ရပ်သည် သမိုင်းတွင် အရေးပါလင့်ကစား လူအများ သတိမထားမိကြတော့ဘဲ မှေးမှိန်သွားခဲ့ပြီးနောက် ၁၀ နှစ်အကြာ ၁၉၄၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဗြိတိသျှကိုလိုနီ အိန္ဒိယနိုင်ငံကြီး ပြိုကွဲသွားခဲ့ရသော ပိုမိုအကြမ်းဖက်သည့် ဖြစ်ရပ်များ၏ လောင်းရိပ်အောက်တွင် မှေးမှိန်ခဲ့ရခြင်းဖြစ်သည်။

၁၈၈၅ ခုနှစ် တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အထက်မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် မြန်မာနိုင်ငံသည် အိန္ဒိယ၏ ပြည်နယ်တစ်ခုအဖြစ်သာ ရောက်ရှိသွားကာ ကာလကတ္တားမှ လှမ်း၍အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံခြားအုပ်စိုးမှုကို ဆန့်ကျင်သော မြန်မာလူထုအကြား အိန္ဒိယအပေါ် မုန်းတီးမှုကို ဖြစ်ပေါ်လာစေသည်သာမက မြန်မာနိုင်ငံကို သီးခြားကိုလိုနီအဖြစ်သာ အုပ်ချုပ်စေလိုသော ဗြိတိသျှများနှင့် အခြားနိုင်ငံခြားသားများကလည်း မနှစ်မြို့ခဲ့ကြပေ။

မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မကြာမှီမှာပင် မြန်မာကို သီးခြားနိုင်ငံအဖြစ် ထောက်ခံပြောဆိုသူများ ပေါ်ထွက်လာခဲ့သည်။ ဘုရင်ခံများကို ကော်မရှင်နာမင်းကြီး၏ လက်အောက်တွင်ထားသော ခေတ်မတိုင်မီက မြန်မာနိုင်ငံ၏ ဒုတိယ ဘုရင်ခံအဖြစ် ၁၈၉၇- ၁၉၀၃ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော Sir Frederick Fryer သည် မြန်မာနိုင်ငံကို အိန္ဒိယကဲ့သို့ပင် သီးခြားနိုင်ငံအဖြစ် အုပ်ချုပ်သင့်သော နိုင်ငံအဖြစ် ယုံကြည်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံသားများသည် ကိုးကွယ်သော ဘာသာအရလည်းကောင်း၊ လူမျိုးနှင့် ဓလေ့ထုံးစံများအရ လည်းကောင်း အိန္ဒိယနိုင်ငံသားများနှင့်မတူ ကွဲပြားခြားနားသည်ဟု ယုံကြည်သူဖြစ်သည်။

ဆိုင်မွန်ကော်မရှင်

သို့ရာတွင် ဤခွဲထွက်ရေးပြဿနာကို ၁၉၂၀ ပြည့်နှစ်အလွန် နှောင်းပိုင်းနှစ်များကျမှသာလျှင် ထဲထဲဝင်ဝင် စူးစမ်းစစ်ဆေးများ ပြုလုပ်ခဲ့ကြသည်။ အိန္ဒိယအစိုးရ အက်ဥပဒေအောက်သို့ မြန်မာနိုင်ငံကိုပါ ဆွဲသွင်း၍ ဒိုင်အာခီစနစ်ကို ပွဲထုတ်လာသော ၁၉၂၁ ခုနှစ်တွင် တည်ဆောက်ထားခဲ့သည့် နိုင်ငံရေးအဆောက်အအုံမှာ အခြေအနေ မည်သည့်ပုံစံ ရှိနေသည်ကို အကဲဖြတ်သုံးသပ်ရန် ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလတွင် Sir John Simon (ဆာဂျွန်ဆိုင်မွန်) ဦးဆောင်သော အိန္ဒိယနိုင်ငံ ပြဋ္ဌာန်းဥပဒေပါ ကော်မရှင်ကို မြန်မာနိုင်ငံသို့ စေလွှတ်လိုက်သည်။

မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ချက်ချင်းခွဲထုတ်ရန် ဆိုင်မွန်ကော်မရှင်က ၁၉၃၀ ပြည့်နှစ်တွင် ထောက်ခံတင်ပြခဲ့သည်။ သို့သော် ထိုအချိန်အခါက မြန်မာ့နိုင်ငံရေး အင်အားစုများအတွင်းတွင်လည်းကောင်း၊ ဗြိတိသျှနှင့် အိန္ဒိယ ခေါင်းဆောင်များ အကြားတွင်လည်းကောင်း ထိုသို့ဆောင်ရွက်ရန် နိုင်ငံရေးအရ သဘောတူညီမှု မရရှိခဲ့ကြချေ။ ခွဲရေးအုပ်စုနှင့် တွဲရေးအုပ်စုများအကြား လူဝင်မှုကြီးကြပ်ရေးနှင့် စီးပွားရေးကိစ္စများမှအစ ဗြိတိသျှနယ်ချဲ့တို့အပေါ် အစကတည်းက ရှိရင်းစွဲဖြစ်သော ယုံကြည်မှု ကင်းမဲ့မှုတို့အဆုံး ခေါင်းစဉ်မျိုးစုံဖြင့် တွဲရေး၊ ခွဲရေးကိစ္စ အပြင်းအထန် ငြင်းခုံခဲ့ကြသည်။

လူဝင်မှုကြီးကြပ်ရေး ပြဿနာများ

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခု ဖြစ်လာသောအခါ၊ အိန္ဒိယအင်ပါယာကြီးအတွင်းမှ လူအများအပြားသည် ပြောင်းရွှေ့နေထိုင်ရန် အခွင့်အလမ်းကို အရယူခဲ့ကြသည်။ ၁၉၂၀ ပြည့်လွန်နှောင်းပိုင်း နှစ်များအတွင်းက ရန်ကုန်မြို့သည် ကမ္ဘာပေါ်တွင် နယူးယောက်မြို့ပြီးလျှင် ပြောင်းရွှေ့နေထိုင်ရန် ဝင်ရောက်လာသူ အများဆုံးမြို့ ဖြစ်ခဲ့သည်ဟုဆိုသည်။ ဤလူဝင်မှု ကြီးကြပ်ရေးပြဿနာသည် မြန်မာ့အမျိုးသားရေးဝါဒီများနှင့် ခွဲရေးသမားများ အဓိက ထောက်ပြ ကန့်ကွက်ကြသော ပြဿနာဖြစ်သည်။

Burma Free State League ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဘစီက အိန္ဒိယနိုင်ငံဆိုင်ရာ ဗြိတိသျှအတွင်းဝန် Sir Samuel Hoare ထံ ပေးပို့သည့်စာတွင် ကိုလိုနီအစိုးရ၏ တံခါးဖွင့် လူဝင်မှုပေါ်လစီကို ပြစ်တင်ဝေဖန်ခဲ့သည်။ ၁၉၃၃ ခုတွင် ဦးဘစီက ဤသို့ ရေးခဲ့သည်။ “မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးချိန်မှစ၍ ထောင်နှင့် သောင်းနှင့်ချီသော ဆင်းရဲငတ်ပြတ်နေသည့် အိန္ဒိယလူမျိုးများသည် ကျွနု်ပ်တို့၏ မြေယာနှင့် အလုပ်အကိုင်များကို လုယူရန် မြန်မာ့ကမ်းခြေသို့ ဝင်ရောက်လာခဲ့ကြသည်” ဟူ၍ ဖြစ်သည်။

မြန်မာအမျိုးသားရေး ခွဲရေးသမားများ၏ ထိုသို့ပြောကြားချက်များက မြန်မာပြည်တွင် နေထိုင်ကြသော အိန္ဒိယလူမျိုးများကို စိုးရိမ်သောက ရောက်စေခဲ့သည်။ မြန်မာပညာတတ်များအကြား အိန္ဒိယလူမျိုး ဆန့်ကျင်ရေး စိတ်ဓာတ် တိုးပွားလာသောကြောင့် အိန္ဒိယလူမျိုးများ ထိတ်လန့်လာကြသည်။ အိန္ဒိယလူမျိုးရှေ့နေ P.D. Patal က “ဗမာလူမျိုးတစ်ယောက်အနေနဲ့ကတော့ နိုင်ငံခြားသားတွေအပေါ် ခင်ခင်မင်မင် ရှိတတ်ကြပါတယ်။ မြန်မာပညာတတ် အနည်းငယ်ကတော့ အချိန်အခါမရွေး ဗမာပြည်ဟာ ဗမာတွေအတွက် သက်သက်ဘဲ ဖြစ်ရမယ်လို့ ကျယ်ကျယ်လောင်လောင် အော်ဖို့ဟာ သူတို့တာဝန်ပဲလို့ ယူဆတတ်ကြတယ်။ ကံအားလျော်စွာပဲ သူတို့က လူနည်းစုပါ” ဟု ရေးသားခဲ့သည်။

myanmar_-_1937_.jpg

အိန္ဒိယမှ ခွဲထွက်ခဲ့သည့် ၁၉၃၇ ခုနှစ်၊ ဧပြီ ၁ ရက်နေ့အတွက် အမှတ်တရအဖြစ် ဗမာ့စာတိုက်လုပ်ငန်းက ထုတ်ဝေသည့် တံဆိပ်ခေါင်းကို တွေ့ရစဉ်။ (Wikimedia Commons)

မြန်မာမဟုတ်သော နိုင်ငံခြားသားဟူသမျှကို နိုင်ငံတွင်းမှ ကန်ထုတ်ရန် မြန်မာများ စီစဉ်နေကြသည်ဟု မြန်မာနိုင်ငံတွင်းရှိ အိန္ဒိယလူမျိုးတို့အကြား အယူအဆတစ်ခု ပေါ်ပေါက်လာခဲ့သည်။ မြန်မာနိုင်ငံတွင် လူမျိုးရေး ခွဲခြားဆက်ဆံမှု မရှိစေရပါဟူသော အာမခံချက်ဥပဒေတစ်ရပ် မပြဋ္ဌာန်းနိုင်ခဲ့လျှင် မြန်မာနိုင်ငံကို အိန္ဒိယအင်ပါယာအတွင်းတွင်သာ ဆက်လက်ထားရှိရမည်ဟု အိန္ဒိယလူမျိုးတို့က တောင်းဆိုခဲ့ကြသည်။

သို့သော် ခွဲရေးဝါဒီအုပ်စု အားလုံးက အိန္ဒိယမှ ပြောင်းရွှေ့နေထိုင်လာသူများကို ပစ်မှတ်ထားကြသည် မဟုတ်ပေ။ မြန်မာ- ဘိုကပြားများနှင့် မြန်မာနိုင်ငံတွင် အတည်တကျနေထိုင်ကြသော ဥရောပတိုက်သား အသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင်းသို့ မလိုလားအပ်သော လူမျိုးခြားများ ဝင်မလာနိုင်စေရန်အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေ ပြဋ္ဌာန်းနိုင်ရန်အလို့ငှာ မြန်မာကို အိန္ဒိယအင်ပါယာမှ ခွဲထွက်ရန် ၎င်းတို့လိုလားကြောင်း ပြောကြားခဲ့ကြသည်။ တရုတ်ရွှေ့ပြောင်း ဝင်ရောက်လာသူများအရေးကို ထိုအဖွဲ့အစည်းများက ပို၍ စိုးရိမ်ခဲ့ကြသည်။

လူနည်းစု အကျိုးစီးပွားကို ကိုယ်စားပြုသော အဖွဲ့အစည်းများကလည်း ခွဲရေးနှင် ပတ်သက်၍ ၎င်းတို့၏ ကွဲပြားခြားနားသော သဘောထားများကို ဖော်ပြခဲ့ကြသည်။ အစိုးရကော်မရှင်ထံ ပေးပို့သော မြန်မာ- မူစလင် အသိုင်းအဝိုင်း၏ အမှာစာတွင် မြန်မာတို့အကြား အမျိုးသားရေးစိတ်ဓာတ်များ မြင့်တက်နေသဖြင့် ခွဲရေးကိစ္စအတွက် သံသယဖြစ်မိကြောင်း ဖော်ပြထားသည်။ အထူးသဖြင့် ကုလားဟု ခေါ်ဝေါ်သုံးစွဲမှုကို ကန့်ကွက်ခဲ့သည်။ ထိုအသုံးအနှုံးမှာ နိုင်ငံခြားသားများ (အထူးသဖြင့် တောင်အာရှနိုင်ငံသားများ) ကို မြန်မာတို့ခေါ်တွင်သည့် ရှုံ့ချ ချိုးနှိမ်သော အသုံးအနှုန်း ဖြစ်သည်။

ခွဲရေးဝါဒီအစိုးရက သူတို့ကို နိုင်ငံခြားသားဟု သတ်မှတ်လိုက်ပြီး သူတို့အခွင့်အရေးများကို ရုတ်သိမ်းခံရမည်ကို စိုးရိမ်ကြသည်။ သို့သော်လည်း အများစု လိုလားတောင့်တသော ခွဲရေးကြိုးပမ်းမှုများကို အနှောင့်အယှက် ပြုမည်မဟုတ်ပါဟုလည်း ပြောကြားခဲ့ကြသည်။

စီးပွားရေးဆိုင်ရာ အငြင်းအခုံများ

ခွဲထွက်မှုကြောင့် မြန်မာ့စီးပွားရေးအပေါ် ဖြစ်လာမည့် သက်ရောက်မှုများသည် အပြင်းအထန် ငြင်းကြခုံကြရသည့် နောက်ထပ် ခေါင်းစဉ်များဖြစ်သည်။ ခွဲထွက်လိုက်လျှင် မြန်မာ့စီးပွားရေးအတွက် အကျိုးကျေးဇူးများစွာ ခံစားရမည်ဟု မြန်မာနှင့် ဗြိတိသျှအရာရှိများစွာတို့က ယုံကြည်ရှုမြင်ကြသည်။ ၁၉၂၈ ခုနှစ်တွင် ဝတ်လုံတော်ရရှေ့နေ ဦးမြဦး ရေးသားခဲ့သော အိန္ဒိယမှ မြန်မာခွဲထွက်ရေးအတွက် လျှောက်လှဲချက်ဟူသော စာတမ်းတွင် ဤသို့ ဖော်ပြပါရှိသည်။

“မြန်မာသည် အိန္ဒိယ၏ ပြည်နယ်တစ်ခု ဖြစ်နေရသည့်အတွက် နှစ်စဉ်ရူပီးငွေ ၆၈ သန်း နစ်နာဆုံးရှုံးနေရသည်။ ထိုငွေပမာဏသည် (၁၉၂၇-၂၈) ဝင်ငွေစုစုပေါင်း၏ ၆၃ ရာခိုင်နှုန်းနှင့်ညီမျှသည်” ဟုဆိုသည်။ မြန်မာနိုင်ငံမှရရှိသော အခွန်ငွေများကို အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ပိုင်း ဝေးကွာသော နယ်စပ်ပြည်နယ်များ (ယခု- ပါကစ္စတန် နှင့် အာဖဂန် နစ္စတန်) တို့အား ထောက်ပံ့ရာတွင် အသုံးပြုနေသည်ဟု စာရေးသူက ထောက်ပြခဲ့သည်။

မြန်မာပြည်ရှိ ဗြိတိသျှကူးသန်း ရောင်းဝယ်ရေး အကျိုးစီးပွားများကလည်း ခွဲထွက်ခြင်းကို နိုင်ငံစီးပွားအတွက် အကောင်းမြင်ခဲ့ကြသည်။ အိန္ဒိယအစိုးရက ချမှတ်သော ကုန်သွယ်ခွန်များကြောင့် မြန်မာတို့ ကန့်သတ်ခံနေရသည်။ မြန်မာနိုင်ငံသည် ကိုယ်ပိုင်ကုန်သွယ်ရေး ပေါ်လစီ မချမှတ်နိုင်သဖြင့် စီးပွားရေး ထိခိုက်နစ်နာနေခဲ့ရသည်။

အခြားတစ်ဖက်တွင်လည်း အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ လုပ်ငန်းအမျိုးအမျိုးတို့ကြောင့်လည်း မြန်မာနိုင်ငံ ခွဲထွက်လိုက်ပါက မြန်မာ့စီးပွားရေးကို ထိခိုက်နိုင်သည်။ အကြောင်းမှာ နှစ်နိုင်ငံ၏ စီးပွားရေးမှာ အပြန်အလှန် ယှက်နွယ်လိမ်ပတ်လျှက် ရှိသည်ဖြစ်ရာ ခွဲထွက်လိုက်ခြင်းကြောင့် ကုန်ကျမှုများကို မြန်မာနိုင်ငံကသာ ကျခံရဖွယ် ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံတွင် မီးရထားလမ်း ဖောက်လုပ်ပေးခဲ့ရသော ကုန်ကျစရိတ်ကို အိန္ဒိယအစိုးရက ပြန်လည်တောင်းခံဖွယ် ရှိသည်။

ဗြိတိသျှတို့က ခွဲရေးကို ထောက်ခံနေခြင်းကြောင့် အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေပြီး ဗြိတိသျှတို့အပေါ် မြန်မာတို့၏ မယုံ သင်္ကာစိတ်ကို ပိုမိုကြီးထွားလာစေသည်။ ဤသို့ဖြင့် ၁၉၃၂ ခုနှစ်၊ ဇူလိုင်လတွင် Anti Seperation League ခွဲထွက်မှု ဆန့်ကျင်ရေး အဖွဲ့ချုပ်ကို တည်ထောင်ဖွဲ့စည်းလိုက်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော အဖွဲ့နှင့် သူ့အား ထောက်ခံသူများက ခွဲရေးဆိုသည်မှာ မြန်မာတို့၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို အဟန့်အတားပြုရန် ဗြိတိသျှတို့က ပရိယာယ်ဆင်ခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြသည်။ 

sao_shwe_thaik_and_hubert_elvin_rance.jpg

မြန်မာ့ လွတ်လပ်ရေးနေ့၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် မြနမာနိုင်ငံအလံကို ပထမဆုံး စတင်လွှင့်ထူနေစဉ် ဗြိတိသျှဘုရင်ခံ Hubert Elvin Rance နှင့် လွတ်လပ်ရေးရပြီး  မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်တို့အား တွေ့ရစဉ်။ (Wikimedia Commons)

မြန်မာနိုင်ငံသည် ဗြိတိသျှတို့ ပြုသမျှ နုကြရတော့မည်။ မြန်မာများကို အခွန်အကောက်များလည်း တိုးကောက်ကြလိမ့်မည်။ ဗြိတိသျှအင်ပါယာထဲရှိ အခြားဒေသများမှ မလိုလားအပ်သော လူမျိုးတွေလည်း မြန်မာနိုင်ငံထဲ တိုး၍ ဝင်ရောက်လာကြတော့မည်ဟူသော သတင်းများ ပြန့်နှံ့လာသည်။ အခြားနေရာမှ အလုပ်အကိုင်မရှိ ဆင်းရဲစုတ်ပြတ်သော လူများကို ရည်ညွှန်းခြင်းဖြစ်ပြီး အခြားနိုင်ငံများမှ ဝင်ရောက်အခြေချ နေထိုင်လာသူများကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။ ဒီတစ်ကြိမ်တွင်မူ ခွဲရေးဆန့်ကျင်မှုနှင့် ဆက်စပ်ပြောလာကြခြင်း ဖြစ်သည်။

၁၉၃၂ အထွေထွေ ရွေးကောက်ပွဲ

၁၉၃၂ ခုနှစ် ရွေးကောက်ပွဲတွင် ခွဲရေးထောက်ခံသော နိုင်ငံရေး ပါတီများနှင့် တွဲရေးထောက်ခံသော နိုင်ငံရေးပါတီများ ထိပ်တိုက်တွေ့လေရာ ထိုရွေးကောက်ပွဲမှာ ခွဲရေး တွဲရေး လူထုသဘောထား မဲခွဲပွဲလို ဖြစ်သွားခဲ့သည်။ ခွဲရေးအဖွဲ့ချုပ်က အနိုင်ရမည်ဟု အများက ယူဆခဲ့ကြသော်လည်း မည်သည့်ဘက်ကမျှ လိုအပ်သော အများစု ၄၅ နေရာ ပြည့်မီအောင် မရခဲ့ကြပေ။ တွဲရေးက ၄၂ နေရာရပြီး ခွဲရေးက ၂၉ နေရာ ရရှိခဲ့သည်။ အိန္ဒိယ သူဌေးကြီးများ၏ ငွေကိုသုံး၍ မြန်မာပြည်အား အိန္ဒိယဖက်ဒရေးရှင်းအတွင်း ဆက်လက်ထားရှိရေးအတွက် ဝါဒဖြန့်ရာတွင် အသုံးပြုမဲဆွယ်ခဲ့ကြသည်ဟု မြန်မာခွဲရေးသမားများက စွပ်စွဲခဲ့ကြသည်။ ဗြိတိသျှအရာရှိများကမူ မြန်မာခွဲရေးသမားများသည် သူတို့နိုင်မည်ဟု ကိုယ့်ကိုယ်ကို ယုံကြည်လွန်းသဖြင့် ကျေးလက်လူထုကို စည်းရုံးရန် ပျက်ကွက်ခဲ့ကြသည်ဟု ဆိုကြသည်။

ခေတ်သစ်မြန်မာအတွက် အုတ်မြစ်ချပေးခြင်း

ရွေးကောက်ပွဲ ရလဒ်သည် ဗြိတိသျှအစိုးရ၏ ပေါ်လစီကို အပြောင်းအလဲ မဖြစ်စေခဲ့ပေ။ မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲမထုတ်ပါက ၁၉၃၀ ပြည့်နှစ်တွင် ဖြစ်ပွားခဲ့သော ကုလား- ဗမာ အဓိကရုန်းထက် ပိုမိုပြင်းထန်သော ကုလားဆန့်ကျင်ရေးများ ပြန့်နှံ့ဖြစ်ပေါ်လာမည်ကို ဗြိတိသျှအစိုရက စိုးရိမ်နေသည်။ ၁၉၃၀ ကုလား- ဗမာ အဓိကရုန်းတွင် လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြသည်။

၁၉၃၅ ခုနှစ် မြန်မာအစိုးရ အက်ဥပဒေအရ ၁၉၃၇ ဧပြီလ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ခွဲထွက်လိုက်ပြီဖြစ်ကြောင်း အတည်ပြုလိုက်ရာ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် ၅၁ နှစ်ကြာ အုပ်ချုပ်လာခဲ့မှု အဆုံးသတ်သွားသည်။

ထိုအက်ဥပဒေသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအလွန် နိုင်ငံရေးစနစ်ကို အုတ်မြစ်ချပေးခဲ့သည်။ ရွေးချယ်ခံ လူထုကိုယ်စားလှယ်များ ပါဝင်သော အောက်လွှတ်တော်နှင့်အတူ မြန်မာဝန်ကြီး ၉ ဦး ပါဝင်သော ဝက်စ်မင်စတာပုံစံ (Westminster model) အစိုးရအဖွဲ့ ဖြစ်သည်။ ယခင်က တွဲရေးခေါင်းဆောင်ကြီး ဒေါက်တာဘမော်သည် ခွဲထွက်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး နန်းရင်းဝန် ဖြစ်လာသည်။

အောင်မြင်သော ငြိမ်းချမ်းစွာ ခွဲထွက်ရေးသည် မြန်မာကို လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်လာရန် နိုင်ငံရေး အုတ်မြစ်ချပေးခဲ့သည်။ သို့သော် ခွဲထွက်ရေး ကြွေးကြော်လှုပ်ရှားခဲ့ကြစဉ်က နိုင်ငံခြားမှ ဝင်ရောက်နေထိုင်သူများ ဆန့်ကျင်ရေးကို အသားပေးခဲ့ကြသဖြင့် မြန်မာတို့ကြားတွင် လူမျိုးကို အခြေခံသော အမျိုးသားရေး စိတ်ဓါတ်မြင့်တက်လာခဲ့ပေရာ နောင်လာမည့် ဆယ်စုနှစ်များတွင် သက်ရောက်မှုများ ရှိခဲ့ပေလိမ့်မည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြစ်အတွင်းမှ ရေယာဉ်များ။ (၁၉၂၀ ခုလွန် နှောင်းပိုင်းနှစ်များတွင် ရန်ကုန်ဆိပ်ကမ်းသည် နယူးယောက်ပြီးလျှင် ကမ္ဘာပေါ်၌ နိုင်ငံခြားမှ အခြေချနေထိုင်ရန် ဝင်ရောက်လာသူ အများဆုံး ဆိပ်ကမ်းဖြစ်ခဲ့သည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.