မြန်မာနေရှင်နယ်လိဂ်က အနီကတ်အပြခံလိုက်ရတဲ့ နေပြည်တော်အက်ဖ်စီ

မြို့ခံတွေနဲ့ အဆင်မပြေတဲ့အပြင် ကစားသမားတွေကို ပုံမှန်လစာမပေးတဲ့ နေပြည်တော်ဘောလုံးအသင်းကို မြန်မာနေရှင်နေလိဂ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပြီး ကစားသမားတွေရဲ့ အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။

ထွန်းခိုင် ရေးသားသည်။

နှစ်ပေါင်းများစွာ အကြပ်အတည်းကို ရင်ဆိုင်နေရပြီး ကစားသမားတွေကို ပုံမှန်လစာမပေးတော့တဲ့ နေပြည်တော်ဘောလုံးကလပ်ကို မြန်မာနေရှင်နယ်လိဂ်ကနေ ထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။

ဒါဟာ တစ်နှစ်အတွင်း နေရှင်နယ်လိဂ်ကနေ ထွက်သွားတဲ့ တတိယမြောက် ပရော်ဖက်ရှင်နယ်ဘောလုံးကလပ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာမှာ အခြေစိုက်တဲ့ ဇေယျာရွှေမြေဘောလုံးကလပ်နဲ့ ကချင်ပြည်နယ်ကို ကိုယ်စားပြုတဲ့ မနောမြေ ဘောလုံးအသင်းတို့ဟာ ၂၀၁၆ ဘောလုံးရာသီပြီးကတည်းက လိဂ်ကနေ ထွက်ခွာသွားခဲ့ကြတာပါ။

အခုတော့ မြို့တော်နေပြည်တော်အခြေစိုက် နေပြည်တော်ဘောလုံးကလပ်လည်း တစ်ခန်းရပ်သွားခဲ့ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ နေပြည်တော်အသင်းဟာ ကစားသမားတွေကို ဧပြီလကတည်းကစပြီး လစာမပေးတော့ဘူးလို့ ဆိုပါတယ်။

ငါးလကြာတဲ့အထိ လစာမရတဲ့ ကစားသမားတွေဟာ စက်တင်ဘာလ ပထမပတ်အတွင်းက ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကို လာရောက် မကစားတော့ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။

အဲဒီနောက် စက်တင်ဘာ ၁၂ ရက်နေ့မှာ မြန်မာနေရှင်နယ်လိဂ်ကော်မတီက အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး နေပြည်တော်အသင်းကို မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုတော့ဘဲ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

နေပြည်တော်ဘောလုံးအသင်းကို မြန်မာနေရှင်နယ်လိဂ်စပြီး တစ်နှစ်အကြာ ၂၀၁၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဒေါက်တာဖြိုးကိုကိုတင့်ဆန်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒေါက်တာဖြိုးကိုကိုတင့်ဆန်းကတော့ ဦးသိန်းစိန်အစိုးရလက်ထက်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးနဲ့ အားကစားဝန်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးတင့်ဆန်းရဲ့ သားတစ်ဦးဖြစ်ပါတယ်။

ဦးတင့်ဆန်းဟာ အရင်စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူတစ်ဦးဖြစ်ပြီး နေပြည်တော်က လွှတ်တော် အဆောက်အဦးတွေအပါအဝင် အဆောက်အဦးအတော်များများကို တည်ဆောက်ခွင့်ရရှိတဲ့ ACE ကုမ္ပဏီအုပ်စုကို ပိုင်ဆိုင်ပါတယ်။ ACE ဟာ ဆောက်လုပ်ရေးလုပ်ငန်းတွေအပြင် ဟိုတယ်လုပ်ငန်းလုပ်ငန်းနဲ့ အခြားလုပ်ငန်းတွေကိုပါ လုပ်ကိုင်ပါတယ်။

နေပြည်တော်ဘောလုံးအသင်းဟာ စတင်တည်ထောင်စဉ်က ပျဉ်းမနားမြို့မှာရှိတဲ့ ပေါင်းလောင်းအားကစားကွင်းကို သူတို့ရဲ့ အိမ်ကွင်းအဖြစ်သတ်မှတ်ပြီး ပြိုင်ပွဲတွေယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ပေါင်းလောင်းဘောလုံးကွင်းကနေ ထွက်ခွာပေးဖို့ မြို့ခံတွေက တောင်းဆိုလာကြပါတော့တယ်။

“ပေါင်းလောင်းကွင်းဆိုတာ အစိုးရတည်ပေးခဲ့တာ မဟုတ်ဘူး။ ပျဉ်းမနားကပြည်သူတွေ ကိုယ့်ဟာကိုယ် ပိုက်ဆံစိုက်၊ လုပ်အားစိုက်ပြီး ၁၉၇၃ မှာတည်ထားတဲ့ ကွင်း။ အစိုးရကသိမ်းပြီးတော့ ဘောလုံးကလပ်ကိုပေးထားတော့ မြို့ခံ လူတွေကစားဖို့ ကွင်းမရှိတော့ဘူး” လို့ ပေါင်းလောင်းကွင်းပြန်လည်ရရှိရေး ဆပ်ကော်မတီက ဦးအုန်းလွင်က ပြောပါတယ်။

နောက်ဆုံးမှာ နေပြည်တော်အသင်းဟာ ပေါင်းလောင်းကွင်းကနေ ထွက်ခွာခဲ့ရပြီး အားကစားနှင့် ကာယပညာဦးစီးဌာနပိုင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းကို ယာယီငှားရမ်းကာ အိမ်ကွင်းပွဲစဉ်များကို လက်ခံကျင်းပခဲ့ရပါတယ်။

ဒီလိုမျိုး မြို့ခံတွေနဲ့ အသင်းကြားမှာ မကျေလည်မှုအချို့ရှိသလို ကစားသမားတွေကိုလည်း လပေါင်းများစွာ လစာမပေးနိုင်ခဲ့တဲ့ နေပြည်တော်အသင်း အကြပ်အတည်းကို မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြားဝင်ဆုံးဖြတ်ဖို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်။

ကစားသမားတွေကို ပေးရမယ့် လစာတွေကို မြန်မာနေရှင်နယ်လိဂ်ရန်ပုံငွေထဲကနေ စိုက်ထုတ်ပေးဖို့ ကော်မတီက သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့် ကျန်ရှိနေတဲ့ လစာအားလုံးကို ပေးတာတော့ မဟုတ်ပါဘူး။ ကစားသမားတွေဟာ သူတို့ရဖို့ရှိတဲ့ လစာထဲက သုံးလစာကိုပဲရမှာဖြစ်ပြီး စာချုပ်သက်တမ်း ကျန်ရှိတဲ့ကာလတွေအတွက် လစာတွေလည်း ခံစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

နေပြည်တော် ယူ-၂၁ အသင်းနဲ့ ယူ-၁၉ အသင်းသားအားလုံးဟာ ငါးလစာရဖို့ရှိပေမယ့် သုံးလစာပဲယူဖို့ သဘော တူခဲ့ကြပါတယ်။ နေပြည်တော်အသင်းစီနီယာကစားသမားတွေကတော့ ငါးလစာလုံးပေးချေဖို့ တောင်းဆိုခဲ့ကြပါတယ်။

တစ်လကို လစာကျပ်လေးသိန်းကနေ ငါးသိန်းအတွင်းရကြတဲ့ သူတို့က နောက်ဆုံးမှာ လေးလစာပဲယူဖို့ သဘောတူညီခဲ့ကြပါတယ်။

ဒါပေမယ့် ဒီသတင်းဟာ အတွင်းသတင်းတစ်ခုအဖြစ် တိတ်တိတ်စိတ်စိတ်နဲ့ပြီးဆုံးသွားဖို့ကိုလည်း ကစားသမားတွေကို ဖိအားပေးတာတွေ ရှိနေခဲ့ပါတယ်။

နေပြည်တော်အသင်း ကစားသမားဟောင်းတွေကို Frontier က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် သူတို့က ထင်မြင်ချက် တစ်စုံတရာပေးဖို့အတွက် ငြင်းဆန်ခဲ့ကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလိုမှတ်ချက်ပေးလိုက်ရင် ရရှိမယ်ဆိုတဲ့ လစာငွေတွေ ကြန့်ကြာသွားမှာ၊ ဒါမှမဟုတ် သူတို့ရဲ့ ဘောလုံးသမားဘဝ အဆုံးသတ်သွားမှာတွေကို မလိုလားတာကြောင့်လို့ ဆိုပါတယ်။ စက်တင်ဘာ ၂၅ ရက်နေ့အထိတော့ သူတို့လစာငွေတွေကို ပြန်မရကြသေးပါဘူး။

အလားတူ နေပြည်တော်အသင်းတာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် တာဝန်ခံဖြေကြားပေးမယ့်သူ မရှိခဲ့ပါဘူး။

ကစားသမားတွေအတွက်ကတော့ သူတို့ရဲ့ လစာငွေတစ်ချို့တစ်ဝက် ပြန်ရမယ်ဆိုပေမယ့် အခြားတစ်ဘက်မှာ ဆုံးရှုံးနစ်နာမှုတွေ ရှိဆဲဖြစ်ပါတယ်။

လိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက်ကာလ ပိတ်သွားပြီဖြစ်တဲ့အတွက် နေပြည်တော်အသင်းက ကစားသမားတွေဟာ ဘောလုံးရာသီ ကုန်ဆုံးတဲ့အထိ ဘယ်အသင်းမှာမှ ဝင်ရောက်ကစားလို့ ရတော့မှာ မဟုတ်ပါဘူး။

အပြောင်းအရွှေ့ ရာသီပြန်စရင် သူတို့ကို ဘယ်ဘောလုံးအသင်းက ခေါ်မယ်ဆိုတာလဲ မသေချာပြန်ပါဘူး။

“ဒါမျိုးဆက်ဖြစ်နေတာ မကောင်းတဲ့လက္ခဏာပေါ့။ ကလေးတွေလဲ စိတ်ပျက်သွားနိုင်တယ်။ တခါတလေ ကျောင်းလဲဆက်မနေဘဲ စွန့်ပြီးတော့ ဒီဘက်မှာ ဘောလုံးကန်တယ်။ ဒီဘက်မှာ အာမခံချက်မရှိဘူးဆိုရင် သူတို့က တခြား အလုပ်ဆက်လုပ်မှာပေါ့။ ဘောလုံးသမားရှားရတဲ့ကြားထဲမှာ ထပ်ပြီးနဲသွားနိုင်တယ်”လို့ နေပြည်တော်အသင်းနည်းပြ ဦးကျော်မင်းထူးက ပြောပါတယ်။

ခေါင်းစီးဓာတ်ပုံ- နေပြည်တော်ဘောလုံးအသင်း

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.