မြန်မာနိုင်ငံ၏ ပထမဆုံးအထပ်မြင့် သံမဏိအဆောက်အဦး နောက်ဆုံးသံပေါင်ကို မုတ္တမတပ်ဆင်

မြန်မာနိုင်ငံတွင် ပထမဆုံးဖြစ်သည့် အထပ်မြင့် သံမဏိ အဆောက်အအုံ၏ နောက်ဆုံးသံပေါင်ကို တပ်ဆင်လိုက်ပြီဟု မုတ္တမဟိုးဒင်းကုမ္ပဏီ (Mottama Holding) က အောက်တိုဘာ ၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ အမေရိကန်ဒေါ်လာ သန်း ၈၀ ကုန်ကျခဲ့ပြီး M Tower ဟု အမည်ပေးထားသည့် အဆိုပါ သံမဏိ အထပ်မြင့် ရုံးခန်း အဆောက်အအုံကို ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့်အတူ ဖက်စပ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အထပ် ၂၆ ထပ်ရှိမည့် အဆောက်အအုံသည် ရန်ကုန်မြို့၊ ပြည်လမ်းပေါ် လှည်းတန်းလမ်းဆုံအနီး တည်ရှိပြီး မုတ္တမ၏ လက်ခွဲကုမ္ပဏီဖြစ်သည့် Min Dhamma Steel Structure  ကုမ္ပဏီက ပြည်တွင်း၌ထုတ်လုပ်သော သံမဏိသံဘောင်များ အသုံးပြု တည်ဆောက်နေခြင်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးသွားသောအခါ စတုရန်းပေ ၃၀၀,၀၀၀ ကို ရုံးခန်းများအဖြစ် ငှားရမ်းသွားမည် ဖြစ်သည်။ တည်ဆောက်ထားသည့်  ၀ ဒသမ ၉၇ ဧကရှိသော မြေကွက်ကို မုတ္တမဟိုးဒင်း၏ ဥက္ကဋ္ဌဖြစ်သူ ဦးရန်ဟော်က ပိုင်ဆိုင်သည်ဟု ကုမ္ပဏီ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးတင်မောင်ထွန်းက Frontier ကို ပြောသည်။

ရင်းနှီးမြှုပ်နှံထားသည့် M. Tower Company ကို မုတ္တမကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်းနှင့် ဟောင်ကောင်အခြေစိုက် ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း ဖက်စပ်ပိုင်ဆိုင်ကြပြီး ကုမ္ပဏီဘဏ္ဍာငွေနှင့် ရှယ်ယာပိုင်ရှင် ချေးငွေများဖြင့် ငွေကြေး ထောက်ပံ့ပေးထားသည်ဟု ၎င်းကပြောပြသည်။

Asia Metal Company မှ မုတ္တမအဖြစ် ၂၀၁၃ ခုနှစ်တွင် အမည် မပြောင်းလဲမီက M Tower ကို AMC Tower ဟု သိထားခဲ့ကြသည်။ မြောက်ကိုရီးယားနိုင်ငံသား ၃၀ ဦး အလုပ်လုပ်ပေးနေကြသော တပ်မတော်စက်ရုံအတွက် Asia Metal ကုမ္ပဏီက လုပ်ကိုင်ပေးနေသည်ဟု တွေ့ရှိရသဖြင့် အမေရိကန်ဘဏ္ဍာရေးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီးနောက် အမည်ပြောင်းခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် မြန်မာပြည်အပေါ် ပိတ်ဆို့အရေးယူမှု အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီးနောက် ထို ဒဏ်ခတ်ပိတ်ဆို့ထားမှုကိုလည်း ဖယ်ရှားပေးခဲ့သည်။ 

ထိုအုပ်စုကို ၁၉၉၇ တွင် သံမဏိပစ္စည်းများ ရောင်းဝယ်ရေးနှင့် ဝန်ဆောင်မှုကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့သည်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဟိုတယ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် ထောက်ပံ့ ပို့ဆောင်ရေး လုပ်ငန်းများကိုပါ တိုးချဲ့လုပ်ကိုင်လာခဲ့သည်။ လက်ခွဲကုမ္ပဏီပေါင်း ၂၃ ခုနှင့် စင်ကာပူနှင့် ဟောင်ကောင်တွင် ရုံးခွဲများထားရှိသော ဤကုမ္ပဏီစုသည် အခြေခံအဆောက်အဦး စီမံကိန်း ၅၀ ကျော်၊ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံ ၄၀ နှင့် နိုင်ငံတော်အဆင့် စီမံကိန်း ၄၀ တည်ဆောက်ပြီးဖြစ်သည်ဟု အောက်တိုဘာ ၃၀ ရက်နေ့က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်တွင် မုတ္တမသည် Grand Yangon Public Company (GYPC) ၏ တည်ထောင်သူ အဖွဲ့ဝင်ကုမ္ပဏီ ဖြစ်လာသည်။ GYPC သည် ကုမ္ပဏီ ၁၂ ခုဖြင့် ဖွဲ့စည်းထားသော လုပ်ငန်းစုကြီးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးတွင် အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်သည်ဟု ဦးတင်မောင်ထွန်းက ပြောသည်။ ရန်ကုန်မြို့ပတ် အမြန်လမ်း (Yangon Outer Circular Expressway) အတွက် ဖြစ်နိုင်စွမ်း အကြိုလေ့လာမှု pre-feasibility study ကိုလည်း ပြုလုပ်ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

Frontier က ကြည့်ရှုခွင့်ရခဲ့သော စာရွက်စာတမ်းများအရ အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၈ ဘီလျံကုန်ကျမည့် အဆိုပါစီမံကိန်းကို Shandong Hi–Speed Qingdao Development Company က တည်ဆောက်လိမ့်မည်ဟု ဖော်ပြထားသည်။ တရုတ်အစိုးရက တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သည့် တရုတ်ရင်းနှီးမြှုပ်နှံသူနှင့်အတူ လုပ်ကိုင်နေသည်ဟု ဦးတင်မောင်ထွန်းက ပြောသည်။

“လမ်းအတွက် အကြိုဖြစ်နိုင်စွမ်း လေ့လာမှုလုပ်ပြီးပါပြီ။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်း သဘောတူ ခွင့်ပြုပြီးသားပါ။ အခုဆောက်လုပ်ရေးဝန်ကြီးဌာနက ဆက်လက်ကိုင်တွယ်နေပါတယ်။ အတိုင်ပင်ခံကုမ္ပဏီတစ်ခုနဲ့ ငွေကြေးစိုက်ထုတ်မယ့်သူတွေရှာဖို့ EOI (Expression of Interest) ခေါ်ယူမှုကို သူတို့ အနှေးနဲ့အမြန် လုပ်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထိုအုပ်စုသည် ရန်ကုန်မြို့၌ အခြားသော အဓိက အခြေခံအဆောက်အအုံ စီမံကိန်းကြီးတစ်ခု၌လည်း ပါဝင်နေသည်။ လက်ခွဲကုမ္ပဏီဖြစ်သည့် မင်းဓမ္မ (Min Dhamma) သည် ခန့်မှန်းခြေ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကုန်ကျမည့် ရန်ကုန်ဘူတာကြီး ဖွံ့ဖြိုးရေးစီမံကိန်း (Yangon Central Railway Station Redevelopment) အတွက် ဦးစားပေးကုမ္ပဏီ (preferred bidder) အဖြစ် ဖေဖော်ဝါရီလအတွင်းတွင် ရွေးချယ်ခြင်းခံခဲ့ရသည်။

မင်းဓမ္မကုမ္ပဏီ၊ Singapore မှ Oxley Holdings နှင့် Shenzhen-listed  Sino Great Wall တို့ ပါဝင်သော လုပ်ငန်းစု သည် စင်ကာပူတွင် မှတ်ပုံတင်ထားသည့် Yoma Strategic Holdings နှင့် မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသည့် First Myanmar Investment တို့ပါဝင်သော လုပ်ငန်းစုကို ကျော်၍ အရွေးခံရခြင်းဖြစ်သည်။ YSH နှင့် FMI ကုမ္ပဏီများသည် ဦးသိမ်းဝေ ခေါ် Mr. Serge Pun နှင့် ဆက်စပ်နေသော ကုမ္ပဏီများဖြစ်သည်။

ရန်ကုန်မြို့လည်ရှိ ၆၃ ဧက ကျယ်ဝန်းသော ဘူတာကြီးနယ်မြေပေါ်မှ စီမံကိန်းကို ၂၀၁၄ တွင် ပထမဆုံးကြေညာခဲ့ပြီးနောက် ကာလကြာရှည်စွာ ကြန့်ကြာနေခဲ့သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ၂၅ ဒသမ ၇ ဟက်တာ (၆၃ ဒသမ ၅ ဧက) အကျယ် ရန်ကုန်မြို့လယ် စီမံကိန်းအတွက် ၎င်းတို့၏ ကုမ္ပဏီစုသည် မြန်မာ့မီးရထားနှင့် ခွင့်ပြုမိန့် သဘောတူညီချက် မူကြမ်းကို ပြင်ဆင်နေပြီဟု ဦးတင်မောင်ထွန်းက ပြောသည်။

ခွင့်ပြုမိန့် သဘောတူညီချက်လက်မှတ်ရေးထိုးပြီးပါက ရှေ့နေချုပ်ရုံးအပါအဝင် ပြည်ထောင်စုအစိုးရထံ တင်ပြရမည်ဖြစ်သည်။ ဤစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထောက်ခံခွင့်ပြုချက်လည်း လိုအပ်သည်ဟု ဦးတင်မောင်ထွန်းက ပြောသည်။

“ဒါက နိုင်ငံတော်အဆင့် စီမံကိန်းကြီးဖြစ်တယ်၊ သက်ဆိုင်သူ Stakeholder တွေ အများကြီးပါဝင်နေတယ်၊ အာဏာပိုင်အမျိုးမျိုး ခြောက်ဌာနကနေ ၁၀ ဌာနအထိ ပါဝင်နေတော့ အဆင့်တွေ အများကြီးရှိတယ်” ဟု ၎င်းကပြောသည်။

ပြင်ဆင်ချက်၊ နိုဝင်ဘာ ၂ ရက် – ယခုသတင်းတွင် ငှားရမ်းမည့် ရုံးခန်းနေရာများအတွက် အကျယ်အဝန်းနှင့် Asia Metal Company အပေါ် အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု မရှိတော့ကြောင်းတို့ကို ပြင်ဆင်ဖြည့်စွက်ထားပါသည်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.