မြန်မာနိုင်ငံရဲ့ သံမဏိမိန်းမသားများ

မြန်မာများ၏ အယူသီးမှုများကို ထိုးဖောက်ပြီး အမျိုးသမီး ကာယဗလမယ်များက တိုင်းပြည်၏ ကာယဗလအားကစားကို မြှင့်တင်ပေးလျှက်ရှိသည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

အားကစားရုံတွင်သာ အချိန်ဖြုန်းနေသည်ကို မသက်သက်ဝေ၏ မိဘများက မနှစ်သက်ကြသော်လည်း သမီးဖြစ်သူ၏ ဝါသနာကိုမူ သူတို့က မတားဆီးကြပေ။

သို့သော် VX Classic 2017 Grand Bodybuilding Competition တွင် မသက်သက်ဝေ ပါဝင် ပြိုင်ပွဲသောအခါတွင်မူ မိဘများအတွက် ပြောစရာ မရှိတော့ပေ။

အသက် ၂၁ နှစ်အရွယ်ရှိ မသက်သက်ဝေသည် ညနေပိုင်းများနှင့် အားလပ်ရက်များကို အားကစားရုံတွင် အချိန်ဖြုန်းနေခဲ့သည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ အရပ် ငါးပေမြင့်ပြီး ကိုယ်ခန္ဓာအလေးချိန် ၉၃ ပေါင်ရှိသည့် သူမက ပွဲဦးထွက်ပြိုင်ပွဲကို အလွတ်ခံမည်မဟုတ်ပေ။ ထိုသို့ဖြင့် သူမ၏ ရေကူးဝတ်စုံကိုထုတ်ပိုးပြီး အိမ်မှ ခိုးထွက်လာကာ ရန်ကုန်မြို့ရှိ မြန်မာပလာဇာသို့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရောက်ရှိလာခဲ့သည်။

အိမ်မှ ခိုးထွက်လာရသည်မှာ သူမအတွက် မခက်ခဲလှပေ။ ပြိုင်ပွဲဝင်များ အစမ်းလေ့ကျင့်ပေးရန်အတွက် အချိန်စော၍ လာကြရန် ပြောထားသော်လည်း စင်မြင့်ပေါ်တွင် မည်သို့ပြုမူရမည်ကိုမူ မသက်သက်ဝေအား ညွှန်ကြားပြသပေးမည့်သူ မရှိခဲ့ပေ။

“ဒါက ကျွန်မတို့ကို လှည့်စားတာလားတော့ မသိဘူး” ဟု မသက်သက်ဝေက ပြောသည်။

ထို့ကြောင့် သူမက Youtube မှ ဗီဒီယိုများကိုသာ ဖွင့်ကြည့်ရတော့သည်။ အလုပ်ရှိ ကွန်ပျူတာတွင်လည်း Youtube ဗီဒီယိုများကို ကြည့်ရှု လေ့လာခဲ့ခြင်းဖြစ်သည်။  ပြိုင်ပွဲမှ အမျိုးသမီးတစ်ဦးကမူ မည်သို့ပြိုင်ပွဲဝင်ရမည်ကို သူမအား ပြသပေးခဲ့သည်။ ထိုသို့ ပြသပေးသူမှာ အနည်းငယ်သာ ရှိခဲ့သည်။

မြန်မာနိုင်ငံတွင် ကာယဗလအားကစားကို အမျိုးသားများကသာ လွှမ်းမိုးထားသော်လည်း အမျိုးသမီး ကာယဗလ အားကစားကလည်း မြန်မာနိုင်ငံတွင် တိုးတက်လာလျက်ရှိသည်။

နာမည်ရ အမျိုးသမီး ကာယဗလမယ်ဖြစ်သော မနန်းလောင်ခမ်းသည် ၂၀၁၃ ခုနှစ်တွင် ကိုယ်အလေးချိန်အတွက် လေ့ကျင့်ခန်းများကို စတင် လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ သူမ၏ ဖခင်ဖြစ်သူက အိမ်ပေါ်က မောင်းချမည်ဟု ခြိမ်းခြောက်သဖြင့် သူမ၏ ဝါသနာကို လက်လျှော့ရလုနီးပါး ဖြစ်ခဲ့ရဖူးသည်ဟု သူမက ပြောကြားသည်။

“ဒါပေမယ့် ကျွန်မဒီအားကစားကို မစွန့်လွှတ်နိုင်ခဲ့ဘူး။ ဒါကြောင့် အဖေမသိအောင် ဆက်ပြီး ကြိုးစားခဲ့တယ်” ဟု နန်းလောင်ခမ်းက ပြောပြသည်။

နန်းလောင်ခမ်း၏ အဆိုအရ အမျိုးသမီး ကာယဗလအားကစားသည် ပြီးခဲ့သည့် နှစ်နှစ်ခန့်အတွင်း အမျိုးသမီးများကြား ရေပန်းစားလာခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (Myanmar Bodybuilding and Physique Sports Federation) နှင့် ပုဂ္ဂလိက စပွန်ဆာများက ကျင်းပပေးသော ကာယဗလပြိုင်ပွဲများတွင် အမျိုးသမီးများ ဝင်ရောက် ယှဉ်ပြိုင်လာကြသည်ဟု ဆိုသည်။

ထိုသို့ အမျိုးသမီးများအကြား ကာယဗလအားကစား ရေပန်းစားလာရခြင်းမှာ မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် အားကစားလိုက်စားသော  ယဉ်ကျေးမှု ထွန်းကားလာသောကြောင့်ဖြစ်သည်ဟု သူမက ဆိုသည်။ အမျိုးသမီးများ ကစားနိုင်သော အားကစားခန်းမများ ပိုမိုများပြားလာပြီး အမျိုးသမီးများက ကျန်းမာရေးနှင့် အလှအပကို လိုက်စားလာသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

သို့သော် အမျိုးသမီး ကာယဗလပြိုင်ပွဲများအား လာရောက်ကြည့်ရှုသော ပရိသတ်အားလုံးက သူမတို့ကို ချီးမွမ်း နှစ်သက်ကြသည်တော့ မဟုတ်ပေ။ တစ်ချို့ပရိသတ်များက သူမတို့ကို ထူးဆန်းသောလူများအဖြစ် ရှုမြင်ကြပြီး တစ်ချို့ကဆိုလျှင် ကျက်သရေမရှိသူများအဖြစ်ပင် ရှုမြင်ကြသည်။

dsc_0340.jpg

ရန်ကုန်မြို့လယ်ရှိ အားကစားခန်းမတစ်ခုတွင် လေ့ကျင့်နေသည့် မသက်သက်ဝေ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

ကာယဗလ လေ့ကျင့်သည့် အမျိုးသမီးများကို မိဘများအားလုံးက အိမ်ပေါ်မှ မောင်းချကြသည် မဟုတ်သော်လည်း ကာယဗလလေ့ကျင့်သော အမျိုးသမီးများအတွက် လူထုကြားတွင် အစွဲအလမ်းနှင့် အယူသီးမှုများ ရှိနေကြသည်ဟု မသက်သက်ဝေက ဆိုသည်။ အလေးမရသော အလေ့အထ၊ အာဟာရကို လေ့လာစားသုံးရခြင်း၊ ပရိုတင်းဘူးများနှင့် တခြားလိုအပ်သော ကာယဗလ အသုံးအဆောင်များသည် မြန်မာ့ယဉ်ကျေးတွင်မူ ထူးဆန်းနေသည်။ အဆီများ သုတ်လိမ်းထားသော ခန္ဓာကိုယ်ကြွက်သားများကို ပြသရခြင်းသည် အမျိုးသမီးများ၏ ယဉ်ကျေးမှုစံနှုန်းနှင့် မကိုက်ညီဟု နန်းလောင်ခမ်းက ဆိုသည်။

“ယောင်္ကျားလေးတွေရဲ့ မိဘတွေကတောင် သူတို့ရဲ့သား ကာယဗလ လေ့ကျင့်တာကို မကြိုက်ကြဘူး။ ဒါပေမယ့် ချမ်းသာတဲ့ လူ့အသိုင်းအဝိုင်းတွေမှာတော့ ဒါမျိုးကို နားလည်ကြတယ်။ သူတို့က နိုင်ငံတကာ အမြင်ရှိကြတာကိုး” ဟု သူမက ဆိုသည်။

“ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အဖွဲ့အစည်းက အမျိုးသမီးနဲ့ ကြွက်သားတွေကို ယှဉ်တွဲမြင်ရတာကို သည်းခံနိုင်လာကြပါတယ်” ဟု မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဖြစ်သူ ကိုအောင်ဆွေနိုင်က ဆိုသည်။ ထိုအဖွဲ့ချုပ်ကို ၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သသည်။ ကိုအောင်ဆွေနိုင်သည် ၂၀၁၃ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ပြီးနောက် အနားယူခဲ့ခြင်းဖြစ်သည်။

“ဟိုးအရင်တုန်းက အမျိုးသမီးကာယအလှမယ်တွေက ထမီဝတ်ပြီး ယှဉ်ပြိုင်ကြရတာ။ သူတို့ကို ကြည့်ရတာ အရုပ်ဆိုးတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ မကိုက်ညီဘူး။ ခင်ဗျားသာ မြင်ဖူးရင် ရယ်ချင်မှာပဲ” ကိုအောင်ဆွေနိုင်က ဆိုသည်။

“ကံကောင်းတာကတော့ အဲဒီအချိန်ကစပြီး ထိုအားကစားက တိုးတက်ဖွံ့ဖြိုးလာတာပဲ။ အဓိက ပြိုင်ပွဲကြီးတွေဖြစ်တဲ့ Mr. Global Myanmar ပွဲတွေမှာ အမျိုးသမီးပြိုင်ပွဲဝင်တွေကို ထမီမဝတ်ခိုင်းတော့ဘဲ ရေကူးဝတ်စုံဆန်ဆန် ဝတ်စုံတွေဝတ်ပြီး ယှဉ်ပြိုင်ခိုင်းလာတယ်။ အမျိုးသမီးတွေကလည်း နိုင်ငံတကာပွဲတွေကနေ လေ့လာသင်ယူလာကြတယ်။ ထိုင်းနိုင်ငံက စီစဉ်တဲ့ VX Classic လို ပွဲမျိုးတွေ ပေါ်ထွက်လာတယ်” ဟု သူက ပြောသည်။

မြန်မာနိုင်ငံမှ ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်ရာတွင် သက်တောင့်သက်သာမရှိဘဲ ရှက်ကြောက်နေသည့် ဟန်ပန်များ ရှိနေသောကြောင့် စင်ကာပူနှင့် မလေးရှားနိုင်ငံတို့မှ ပြိုင်ပွဲဝင်များနှင့် မယှဉ်နိုင်ဖြစ်နေရသေးသည်ဟုလည်း သူကဆိုသည်။ သို့သော် အမျိုးသမီး ကာယဗလအားကစားမှာ မြန်မာနိုင်ငံအတွက် နုနယ်သေးသောကြောင့် မြန်မာအမျိုးသမီးများသည် ဒေသတွင်းမှ ပြိုင်ဘက်များကို အမှီလိုက်နိုင်ရန် လိုအပ်နေသေးသည်ဟု ဆိုသည်။

အမျိုးသမီး ကာယဗလအားကစားမှာ တိုးတက်လာသော်လည်း ထိုအားကစား၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာများ ရှိနေသည်ဟု ဆိုသည်။

“လေ့ကျင့်ပျိုးထောင်ပေးတဲ့ နည်းပြတွေက သူတို့ရဲ့ ပြိုင်ပွဲဝင်တွေကို အနိုင်ရစေချင်တာပဲ သိတယ်။ သူတို့ရဲ့ လေ့ကျင့်ပုံနဲ့ အယူအဆတွေက မှားယွင်းနေတယ်။ သူတို့က သူတို့ရဲ့ဘဝနဲ့ ကျန်းမာရေးကို ဘယ်လိုလှပအောင် လုပ်ဆောင်ရမလဲ မသိကြဘူး” ဟု ကိုအောင်ဆွေနိုင်က ဆိုသည်။

“တချို့ပြိုင်ပွဲဝင်တွေက သူတို့ဘာသာဖြစ်စေ၊ နည်းပြရဲ့ အကြံပေးမှုကြောင့်ဖြစ်စေ တားမြစ်ထားတဲ့ ဆေးဝါးတွေကို၊ ဥပမာ Steroids တွေကို အလွန်အကျွံသုံးပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ရှိတဲ့ အတိုင်းအတာအထိ တွန်းပို့နေကြတယ်။ တစ်ခါတစ်ရံကျလည်း ခွင့်ပြဆေးဝါးတွေကို အလွန်အကျွံ သုံးနေကြတယ်။ ဒီတော့ အကျိုးရလဒ်က သူတို့ရဲ့ ခန္ဓာကိုယ်က လှလည်း မလှဘူး။ ကျန်းမာရေးလည်း မညီညွတ်တော့ဘူး” ဟု ကိုအောင်ဆွေနိုင်က ပြောသည်။

dsc_0352.jpg

ရန်ကုန်မြို့လယ်ရှိ အားကစားခန်းမတစ်ခုတွင် လေ့ကျင့်နေသည့် မသက်သက်ဝေ။ ဓာတ်ပုံ-စတိဗ် တစ်ခ်နာ

မနန်းလောင်ခမ်းကမူ Steroids ဆေးများ အသုံးပြုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ပြဿနာမရှိနိုင်ဟု ယုံကြည်ထားသည်။ ထိုဆေးဝါးများမှာ ပြည်တွင်း၌ ဈေးကြီးပြီး ဝယ်ယူရန်ခက်ခဲသောကြောင့် နိုင်ငံခြားတွင်သာ လူကြိုက်များကြသည်ဟု သူမက ဆိုသည်။

ထို့ပြင် သဘာဝအတိုင်းရရှိသော ကြွက်သား အင်အားများကိုသာ အသုံးပြုပြိုင်ဆိုင်ကြရန် အားပေးမှုများလည်း ရှိနေသည်ဟု သူမက ဆိုသည်။

အမျိုးသမီးများက သူတို့၏ ကြွက်သားများ အလွန်အကျွံ ကြီးထွားလာမည် စိုးရိမ်သောကြောင့် အလေးချိန်နှင့် လုပ်ဆောင်ရသော လေ့ကျင့်ခန်းများကို ရှောင်ရှားနေကြသည်ဟု သူမက ဆိုသည်။ “ဒါက မှားယွင်းနေပါတယ်။ ကြွက်သားတွေက အားရှိလာတာ မှန်ပါတယ်။ ကြွက်သားတွေ ကြီးထွားလာရင်လည်း အမျိုးသမီးတစ်ဦးရဲ့ အလှအပ မပျက်ဆီးနိုင်ပါဘူး” ဟု မနန်းလောင်ခမ်းက ဆိုသည်။

စင်မြင့်ပေါ်တွင် အဆီများသုတ်လိမ်းပြီး ကြွက်သား အလှပြနေချိန် မဟုတ်သောအခါများတွင် မသက်သက်ဝေမှာ သာမန် အမျိုးသမီးတစ်ဦးနှင့် မခြားနားလှပေ။ အားကစားသမားဟန် အသွင်အပြင်ရှိနေသည်သာ ရှိသည်။

သူမ၏ ကိုယ်ခန္ဓာက ညှပ်သောကြောင့် သူမက စိတ်မကောင်းပေ။ “ကျွန်မက ကြွက်သားတွေ ပိုင်ဆိုင်ချင်တယ်။ ဘာလို့လဲဆိုတော့ ကြွက်သားရှိတဲ့ မိန်းကလေးဆိုတာ မရှိသလောက် ရှားတယ်လေ။ ကျွန်မမှာ ကြွက်သားတွေရှိရင် ဘယ်လိုနေမလဲ သိချင်မိတယ်” ဟု မသက်သက်ဝေက ပြောသည်။

နောက်ဆုံးတွင်မူ သူမ၏ ကိုယ်ခန္ဓာညှပ်မှုက မည်သို့မှ မထိခိုက်စေခဲ့ပေ။ VX Classic ပြိုင်ပွဲမှ ဒိုင်လူကြီးများက သူမကို တတိယဆု ပေးအပ်ခဲ့ကြသည်။ တတိယဆုအဖြစ် ရရှိသည်မှာ ပန်းဆိုးတန်းလမ်းပေါ်ရှိ Fit Way Gym အားကစားခန်းမတွင် အခမဲ့ အဖွဲ့ဝင်ဖြစ်ခွင့် ရရှိခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူမသည် Fit Way Gym တွင် အမြဲသွားရောက် လေ့ကျင့်ဖြစ်တော့သည်။

သို့သော် သူမ၏ အလုပ်အကိုင်ကိုမူ မစွန့်လွှတ်နိုင်သေးပေ။ ထို့ပြင် သူမ၏ ကိုယ်ပိုင် အားကစားခန်းမတစ်ခု ဖွင့်လှစ်နိုင်ရန်လည်း ကြိုးပမ်းလျှက်ရှိသည်။ အမျိုးသားရော အမျိုးသမီးများပါ အားကစားခန်းမများသို့ လာရောက်နေကြသော်လည်း သူမက စိုးရိမ်နေသည်မှာ အားကစားရုံများသည် ခေတ်စားလာသော ရေစီးကြောင်းမှ ဝင်ငွေ ရရှိရန် တစ်ခုတည်းကိုသာ ကြည့်ကြမည်ကိုပင် ဖြစ်သည်။ အားကစားခန်းမအများစုတွင် ဝန်ထမ်းများနှင့် ညွှန်ကြားပြသသူများ လုံလောက်စွာမရှိဘဲ စီမံခန့်ခွဲမှုလည်း မကောင်းမွန်ကြဟု သူမကဆိုသည်။

“တခါတလေမှာ အားကစားရုံတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ညွှန်ကြားပြသသူတွေက တစ်ဦးနဲ့တစ်ဦးတောင် မသိကြပါဘူး” ဟု သူမဆိုသည်။

ကိုယ်ပိုင်အားကစားခန်းမတစ်ခု မပိုင်ဆိုင်သေးသော်လည်း လေ့ကျင့်သူများ အချင်းချင်း တွေ့ဆုံပွဲများ၊ ပူးပေါင်း လေ့ကျင့်မှုများကို မသက်သက်ဝေက စီစဉ်ပေးလျက်ရှိသည်။ အမျိုးသမီးများ ကိုယ်ကာယဗလ လေ့ကျင့်မှုကို မြန်မာ့ယဉ်ကျေးမှုက ကျင့်သားရလာသည့် အချိန်အထိ မိမိကိုယ်ကို ယုံကြည်ရန်နှင့် စကားမပြောဘဲ အလုပ်နှင့်သာ သက်သေပြသွားရန် အရေးကြီးသည်ဟု သူမကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- စတိဗ် တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.