မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ စကိတ်နဲ့ ကမ္ဘာပတ်သူ ဘရာဇီးတစ်ဦး

ကမ္ဘာပတ်နေသော ဘရာဇီးလူမျိုးတစ်ဦး မြန်မာနိုင်ငံသို့ ရောက်ရှိလာချိန်တွင် ရှေးဟောင်းဘုရားပုထိုး ကျောင်းကန်များအပြင် မြန်မာနိုင်ငံ၏ စကိတ် ခေတ်ရေစီးကို တွေ့ရှိခဲ့လေသည်

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ဘရာဇီးလူမျိုးတစ်ဦးဖြစ်သည့် Marco Gervasio Silva အတွက် မြန်မာနိုင်ငံသည် လာရောက်ရန် ခဲယဉ်းသော နေရာတစ်ခု မဟုတ်ပေ။

အသက် ၅၄ နှစ်အရွယ် ၎င်းသည် သူ၏ ဖခင်ကို အမှတ်ရသည့်အနေဖြင့် စကိတ်ဘုတ်ဖြင့် ကမ္ဘာကို ပတ်ခဲ့သည်မှာ ၁၀ နှစ်ကြာပြီ ဖြစ်သည်။ ထိုခရီးအတွင်း သူသည် နိုင်ငံများမှ ခေါင်းဆောင်များနှင့် လက်ဆွဲနှှုတ်ဆက်ခဲ့ရခြင်း၊ သူပုန်များ၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံရခြင်းတို့အပါအဝင် သူ၏ခရီးကြောင့် သူ့နိုင်ငံတွင် နာမည်ကျော်တစ်ယောက် ဖြစ်လာခဲ့သည်။

အာရှတိုက်ကို ဖြတ်သန်းလာချိန်တွင် ထိုင်းနှင့် အိန္ဒိယနိုင်ငံကြားရှိ နိုင်ငံငယ်လေးတစ်ခုကို မြေပုံပေါ်တွင် သူတွေ့ရှိခဲ့သည်။

“မြန်မာပါလား။ မြန်မာဆိုတာ ဘယ်လိုနိုင်ငံမျိုးပါလိမ့်” ဟု Silva က တွေးမိခဲ့သည်။

သူက Google ပေါ်တွင် မြန်မာနိုင်ငံအကြောင်း ရှာဖွေခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံမှ ဖြတ်ကျော် ထွက်နိုင်မလားဆိုသည်ကို သိရှိရန်ဖြစ်သည်။ ထိုသို့ဖြင့် ရွှေတိဂုံဘုရား၊ ကရင်တောင်တန်းများနှင့် မြောက်ဦးမြို့မှ ဘုရားများကို တွေ့ရှိခဲ့သည်။

မြောက်ဦးမြို့ပုံများကို Google ပေါ်တွင် တွေ့ရှိသောအခါ ၎င်းမှာ ကမ္ဘာပေါ်တွင် အလှပဆုံးနေရာဆိုသည်ကို သိရှိခဲ့သည်ဟု Silva က ပြောသည်။

Silva သည် သူ၏ ခရီးစဉ်တစ်ခုလုံးကို စကိတ်ဘုတ်ဖြင့်သွားရန် စီစဉ်ထားသည်။ သူ၏ စကိတ်ဘုတ်သည် ရေပြင်ပေါ်တွင် လှိုင်းစီးသည့် Surf ဘုတ်ပြားကို ဘီးတပ်ထားသည်နှင့် ဆင်တူသည်။ သူ၏ ခရီးစဉ်ကို မစတင်မီက ရေပြင်စီး Surf ဘုတ်ပြားများကို ပုံသွင်းသည့် အလုပ်ကို သူလုပ်ကိုင်သည်။ သူ၏ ဘုတ်ပြားသည် ကြီးမားသော ဘီးများပါရှိပြီး ထက်ဝက် ခေါက်ချိုးချိုး၍ ရသည်။ ထို့ပြင် သူ၏ အထုပ်အပိုးကို သယ်ဆောင်နိုင်ရန် ထမ်းစင်လေးတစ်ခုလည်း ပါရှိသည်။ မြန်မာနိုင်ငံသို့ သူစီးလာသော စကိတ်ဘုတ်ပြားမှာ ၉ ခုမြောက်ဖြစ်သည်။ ၂၀၀၉ ခုနှစ်ကတည်းက ကမ္ဘာကို ပတ်လာခဲ့သဖြင့် ဘုတ်ပြားတစ်ခုပြီးတစ်ခု လဲခဲ့ရပြီးဖြစ်သည်။

ပြီးခဲ့သည့်နှစ်များအတွင်း သူရောက်ရှိခဲ့ရာ နိုင်ငံများ၏ တံဆိပ်တုံးများဖြင့် ပြည့်နှက်နေသည့် သူ၏ ပတ်စ်ပို့စာအုပ်အား Silva က ပြသနေစဉ်။ ဓာတ်ပုံ- တေဇလှိုင်

ပြီးခဲ့သည့်နှစ်များအတွင်း သူရောက်ရှိခဲ့ရာ နိုင်ငံများ၏ တံဆိပ်တုံးများဖြင့် ပြည့်နှက်နေသည့် သူ၏ ပတ်စ်ပို့စာအုပ်အား Silva က ပြသနေစဉ်။ ဓာတ်ပုံ- တေဇလှိုင်

သူ၏ခရီးစဉ်ကို ဘရာဇီးနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီတစ်ခုက စပွန်ဆာပေးထားခြင်းဖြစ်သည်။ သူသည် တောင်အမေရိကတိုက်နှင့် အာဖရိကတိုက်တို့ကို ဖြတ်သန်းပြီး အာရှတိုက်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ရောက်ရှိသော နိုင်ငံများတွင်လည်း ဒေသခံ ဘာသာစကားများကို သူက သင်ယူခဲ့ရာ ယခုအခါ သူသည် ဘာသာစကား ၇ မျိုးကို ပြောနိုင်သည်ဟု ဆိုသည်။ တစ်နိုင်ငံပြီး တစ်နိုင်ငံတွင် မည်သည့်အရာများ သင်ယူနိုင်မည်ကို ခရီးစဉ်တစ်လျောက် သူက လေ့လာခဲ့သည်။

ဘန်ကောက်မှ ရန်ကုန်သို့ အောက်တိုဘာလဆန်းက သူ ရောက်ရှိလာပြီး မြန်မာနိုင်ငံတွင် ရက်သတ္တပတ် နှစ်ပတ်ကြာ နေထိုင်ခဲ့သောအချိန်အတွင်း သူအံ့သြခဲ့ရသည်မှာ မြန်မာနိုင်ငံမှ စကိတ်စီးသူများ၏ ဝါသနာပင်ဖြစ်သည်ဟု Silva က ဆိုသည်။

လှည်းတန်းလမ်းဆုံအနီးရှိ ပြည်လမ်း ကုန်းကျော်တံတားအောက်မှ နံရံပန်းချီများ ရေးဆွဲထားသော စကိတ်စီး ကွင်းငယ်လေးတွင် သူက Frontier နှင့် စကားပြောဆိုခဲ့ခြင်းဖြစ်သည်။ ထိုစကိတ်စီးကွင်းငယ်ကို သံဂဟေဆော်ထားသော စကိတ်စင်များ၊ တန်းငယ်များဖြင့် စီးဖြစ်ရုံ လုပ်ဆောင်ထားခြင်းဖြစ်ပြီး ၎င်းမှာ မြန်မာစကိတ်အသင်း၏ ရန်ကုန် ဗဟိုဋ္ဌာနဟုဆိုလျှင်လည်း မမှားနိုင်ပေ။

မြန်မာစကိတ်အသင်း (Myanmar Skate Association) ၏ Facebook စာမျက်နှာကို Silva တွေ့ရှိခဲ့ပြီးနောက် အသင်း ၏ ခေါင်းဆောင်ဖြစ်သူ ကိုလွင်လတ်ကို ဆက်သွယ်ခဲ့သည်။ ကိုလွင်လတ်သည် ချက်ချင်းပင် သူ၏ ဧည့်လမ်းညွှန် တစ်ယောက် ဖြစ်သွားခဲ့လေသည်။

“ကျွန်တော်သူ့ကို သဘောကျတယ်ဗျာ။ သူ့ရဲ့ အထူးပြုလုပ်ထားတဲ့ စကိတ်ကြီးကြောင့်ပေါ့” ဟု ကိုလွင်လတ်က ပြောသည်။

ယခုလို ပြောကြားခြင်းမှာ သာမန် ချီးမွှမ်းစကားတစ်ခုမျှသာ မဟုတ်ပဲ Silva ၏ လွတ်လပ်သော စကိတ်စီးသမားဘဝ၊ အရည်အသွေး ပြည့်ဝမှုနှင့် ဇွဲကောင်းမှုတို့က သူ့ကို အားကျစေခဲ့သည်ဟု ကိုလွင်လတ်က ဆိုသည်။ ကိုလွင်လတ်သည် မြန်မာနိုင်ငံ၏ စကိတ်စီး ဝါသနာပါသူများကို လမ်းဘေးမှစ၍ အကူအညီပေးခဲ့ခြင်းဖြစ်သည်။ သူက Youtube ပေါ်မှ စကိတ်စီးသော ဗီဒီယိုများ၊ သင်ခန်းစာများကို လေ့လာခဲ့သည်။ ထို့နောက် စီးဖြစ်ရုံ ဆောက်လုပ်ထားသော စကိတ်စီးကွင်းတွင် လေ့ကျင့်သလို တရားဝင် အထောက်အပံ့များ၊ အကူအညီများ မပါဝင်ဘဲ ပြိုင်ပွဲများနှင့် ပွဲစဉ်များကို ကျင်းပပေးနေသူဖြစ်သည်။

မြန်မာစကိတ်အသင်းတွင် စကိတ်စီးရန် ဆောက်လုပ်ထားသည့် စကိတ်စီးကွင်း တစ်ခုသာရှိသည်။

“မြန်မာနိုင်ငံမှာက နည်းစနစ် ကောင်းတွေ ရှိတယ်။ ဒါပေမဲ့သူတို့ လေ့ကျင့်ဖို့ နေရာမရှိဘူး” ဟု Silva ကပြောသည်။ Silva သည် ကိုလွင်လတ်အပါအဝင် စကိတ်အသင်းအဖွဲ့ဝင်များနှင့် တစ်ပတ်ခန့် အချိန်ဖြုန်းခဲ့သည်။ “အစိုးရက စကိတ်စီးတဲ့ လူတွေအတွက် ကွင်းတွေဆောက်ပြီး ထောက်ပံ့ပေးသင့်တယ်။ အမေရိကားမှာ ရေပြင်စကိတ်စီးတဲ့ Kelly Slater ရှိတယ်။ သူက နာမည်ကြီးဘဲ။ လူတွေကတော့ ရေပြင်စကိတ်ကို သိပ်မကြိုက်ဘူး” ဟု Silva က ပြောသည်။

မြန်မာနိုင်ငံမှ စကိတ်စီးသူများသည် သူတို့တွင်ရှိသည်များဖြင့် အကောင်းဆုံး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ပြီးခဲ့သော ၂ နှစ်အတွင်းတွင် စကိတ်အသင်းက စကိတ်စီးသူများကို အရှေ့တောင်အာရှဒေသတွင် ကျင်းပသည့် ပြိုင်ပွဲ ၅ ခုသို့ စေလွှတ်ယှဉ်ပြိုင်စေခဲ့ရာ ကြေးတံဆိပ် ၃ ခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည်။

စကိတ်စီးနည်းအား လှည်းတန်းတံတားအောက်ရှိ စကိတ်စီးကွင်းတွင် ကလေးငယ်တစ်ဦးအား သင်ကြားပေးနေသည့် Silva။ ဓာတ်ပုံ- တေဇလှိုင်

စကိတ်စီးနည်းအား လှည်းတန်းတံတားအောက်ရှိ စကိတ်စီးကွင်းတွင် ကလေးငယ်တစ်ဦးအား သင်ကြားပေးနေသည့် Silva။ ဓာတ်ပုံ- တေဇလှိုင်

သို့သော် ကိုလွင်လတ်က မြန်မာနိုင်ငံ၏ စကိတ်စီး အားကစားသည် ရရှိနိုင်သော ရင်းမြစ်များဖြင့် အောင်မြင်နိုင်သော ပမာဏမှာ အဆုံးသို့ ရောက်နေပြီဟု ပြောကြားသည်။ စကိတ်စီးကွင်းများသည် ကျယ်ပြန့်မှုမရှိသလို လေ့ကျင့်နိုင်သော လျှောစောက်များလည်း ဆောက်လုပ်ထားခြင်း မရှိပေ။

ပြည်လမ်းမှ ကုန်းကျော်တံတားအောက်က စကိတ်ကွင်းငယ်လေးသည် စကိတ်စီးသူများအတွက် အိုအေစစ်တစ်ခု ဖြစ်ရုံသာမက underground ယဉ်ကျေးမှု၏ ဗဟိုချက်လည်းဖြစ်သည်။ သောကြာနေ့များတွင် လူငယ်များ လာရောက်ကာ စကိတ်စီး လေ့ကျင့်ကြသည်။ ထို့ပြင် Graffiti ဟုခေါ်သော နံရံပန်းချီများရေးဆွဲသော လူငယ်များကလည်း နံရံများတွင် လာရောက် ရေးဆွဲသည်များရှိသည်။ လမ်းဘေးဖျော်ဖြေသူများလည်း လာရောက်ကျက်စားကြသည်။ သို့သော် ထိုလူ့အဖွဲ့အစည်းသည် လူရမ်းကားများနှင့် အရက်သမားများကြောင့် နေရာပျောက်ရမလို ဖြစ်နေသည်။

“ဒီနေရာက ဘေးမကင်းတော့ဘူး။ လူတွေက ဒီနေရာမှာ လာအရက်သောက်ကြပြီး မင်းတို့ စကိတ်စီးပြီး ငါတို့ကို နှောင့်ယှက်ရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်” ဟု ကိုလွင်လတ်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက အရက်မူးသောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် စကိတ်စီးသူ ၂ ဦး ဆေးရုံတင်လိုက်ရသည်ကို ကိုလွင်လတ်က ခါးသီးစွာ ပြန်ပြောင်း ပြောပြသည်။ စကိတ်စီးသူများက လူအင်အားနည်းပါးသည်။ သို့သော် ရန်ပွဲ စတင်မှုကို နှစ်ဖက်လုံးက အပြန်အလှန် စွပ်စွဲခဲ့ကြသည်။ ရဲတပ်ဖွဲ့ကမူ အမှုဖွင့် တရားစွဲဆိုမှု တစ်စုံတစ်ရာ မပြုလုပ်ခဲ့ပေ။ ကိုလွင်လတ်ကမူ ထိုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် စကိတ်စီးသည့် လူ့အဖွဲ့အစည်းကို အခြား လူ့အဖွဲ့အစည်းများက ဘေးဖယ် ကန့်သတ်ထားသည်ကို တွေ့ရနိုင်သည်ဟု ပြောသည်။

သို့သော် Silva ကမူ မြန်မာနိုင်ငံ၏ စကိတ်စီးအားကစားသည် အခက်အခဲများကြားမှ အောင်မြင်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ ဘရာဇီးနိုင်ငံရှိ ရုပ်မြင်သံကြားလိုင်းတွင် အပတ်စဉ် ထုတ်လွှင့်သည့် သူ၏အစီအစဉ်ကို လူပေါင်း သန်း ၂၀ က စောင့်ကြည့်နေကြသည်ဟုလည်း သူကပြောသည်။ သူ့အနေဖြင့် ဘရာဇီးမှ စကိတ်စီးသူများကို မြန်မာနိုင်ငံသို့ ခေါ်ယူလာပြီး ရင်းမြစ်များ၊ နည်းစနစ်များ ဝေမျှလိုကြောင်း ပြောသည်။

“ကိုလွင်လတ်က ကျွန်တော်ရဲ့ အားကစား သံတမန်ပေါ့ဗျာ။ သူက အလုပ်ကို နှစ်သက်မှုအတွက် လုပ်တယ်။ ငွေအတွက် မလုပ်ဘူး” ဟု Silva ကဆိုသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေရှ့် နယ်စပ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ကုန်းလမ်းခရီးမှ သွားရောက်ရန် သူ၏ အကြံအစဉ်ကို Silva က စွန့်လွှတ်ခဲ့သည်။ ထို့ကြောင့် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်သွားခဲ့ပြီး ထိုမှတစ်ဆင့် အိန္ဒိယသို့ လေယာဉ်ဖြင့် ဆက်လက်သွားရောက်မည်ဖြစ်သည်။

အကယ်၍သူသာ မြောက်ဦးမြို့သို့ သွားရောက်ရန် အကြံဖြင့် မြန်မာနိုင်ငံသို့ မလာရောက်ခဲ့ပါက ရန်ကုန်မြို့မှ စကိတ်စီးသူများနှင့် သူတွေ့ဆုံခွင့်ရလိမ့်မည် မဟုတ်ပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.