မြန်မာဆိုင်ကယ်စီးသမားများ လမ်းထွင်နိုင်ခဲ့ပြီ

ပြီးခဲ့သော ငါးနှစ်တာကာလကစပြီး မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်စီးနင်းသူများ တိုးပွားလာခဲ့သည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

မော်တော်ဆိုင်ကယ် စီးနင်းသူ စောဇက်အီးဂဲလ် Saw Z Eagle သည် ငရဲတွင်းသို့ ခရီးသွားနေခြင်း မဟုတ်ပါ။

သမ္မာကျမ်းစာမှ John 3:16 စာပိုဒ်ကို သူ၏ ၄၀၀ စီစီ ဟွန်ဒါစတိဒ် Honda Steed ဆိုင်ကယ်၌ရေးထိုးထားပြီး မြန်မာနိုင်ငံမှ ဆိုင်ကယ်သမားများနှင့်အတူ သတင်းကောင်းများ ဖြန့်ဝေနေသည်။

“ကျွန်တော်က လွတ်လွတ်လပ်လပ်ပဲ စီးတယ်။ ဘယ်အဖွဲ့ဝင်မှလည်း မဟုတ်ဘူး” ဟု အင်းစိန်မြို့နယ်မှ ကဖီးဆိုင် တစ်ဆိုင်တွင် Burmese Red Dragons အဖွဲ့သားများနှင့် စကားပြောဆိုရန် စောင့်နေသည့် စောဇက်အီးဂဲလ်က ပြောပြသည်။ Burmese Red Dragons သည် ရန်ကုန်မြို့ရှိ အကြီးဆုံး ဆိုင်ကယ်စီးအဖွဲ့ဖြစ်သည်။ မကြာမီ  ဟာလေဒေးဗစ်ဆန် Harley-Dividson ဆိုင်ကယ် ခြောက်စီးဖြင့် ဒရဂွန်းစ်အဖွဲ့ဝင်များ ရောက်လာသည်။ သူတို့သည် ဆေးမင်ကြောင်များ၊ ချိန်းကြိုးများ၊ သားရေများဖြင့် ချုပ်ထားသော အဆင်တန်ဆာများ ဝတ်ထားကြသည်။ ကြည့်ရသည်မှာ အင်းစိန်လမ်းများပေါ် စီးနင်းကြမည့်ပုံစံမပေါက်ဘဲ ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမမှ Hells Angels အဖွဲ့နှင့် သွားရောက်ပူးပေါင်း စီးနင်းကြမည့်အလားပင်။

သူတို့၏ ဒုတိယခေါင်းဆောင် အသက် ၅၀ အရွယ် ပိန်ပိန်သွယ်သွယ်နှင့် ရာသီဥတုဒဏ်ခံထားရသည့် မျက်နှာသွင်ပြင်ရှိသောဦးနိုင်က အဖွဲ့သားများအတွက် ကော်ဖီမှာသည်။ သူသည် ဆံပင်ရှည်ကို ကျစ်ဆံမြီးကျစ်ထားပြီး နေကာမျက်မှန်တပ်ထားသည်။

“အရင်တုန်းကဆို မော်တော်ဆိုင်ကယ်ကလပ်တွေ မရှိခဲ့ဘူး။ ကိုယ့်ဖာသာပဲ စီးကြရတာ။ အခုတော့ တရားဝင်ကလပ်သင်းဖြစ်နေပြီဆိုတော့ ကျွန်တော်တို့မှာ စည်းမျဉ်းရှိတယ်။ သေနတ်၊ လက်နက်မကိုင်ရဘူး။ နိုင်ငံရေးနဲ့ မပတ်သက်ရဘူး။

“ကျွန်တော်တို့က အလှူအတန်းအတွက် ဆိုင်ကယ်စီးတာ။ သေနတ်အတွက် မဟုတ်ဘူး” ဟု ဒရဂွန်းကလပ်အသင်း၏ အတွင်းရေးမှူး မစ္စတာဖရိုင်းဒေး Mr Friday က ပြောသည်။

မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးလူ့အဖွဲ့အစည်းသည် ပြီးခဲ့သော ငါးနှစ်ကစတင် ကြီးထွားလာခဲ့ရာ လက်ချိုးရေတွက်၍ရသည့် အဖွဲ့ငယ်များအဖြစ်မှ ယခုဆို အဖွဲ့ပေါင်း ၁၀၀ ကျော်အထိရှိပြီဖြစ်သည်။ ဓာတ်ပုံ - စတိဗ်တစ်ခ်နာ

မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးလူ့အဖွဲ့အစည်းသည် ပြီးခဲ့သော ငါးနှစ်ကစတင် ကြီးထွားလာခဲ့ရာ လက်ချိုးရေတွက်၍ရသည့် အဖွဲ့ငယ်များအဖြစ်မှ ယခုဆို အဖွဲ့ပေါင်း ၁၀၀ ကျော်အထိရှိပြီဖြစ်သည်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ရည်ရွယ်ချက်ကတော့ သီးခြားမရှိပေ။ မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးလူ့အဖွဲ့အစည်းသည် ပြီးခဲ့သော ငါးနှစ်တာ ကာလမှ စတင်ကြီးထွားလာခဲ့ခြင်းဖြစ်သည်။ လက်ချိုးရေတွက်၍ရသည့် အဖွဲ့ငယ်များအဖြစ်မှ ယခုဆို အဖွဲ့ပေါင်း ၁၀၀ ကျော်အထိရှိပြီဖြစ်သည်။ အဖွဲ့ဝင်သစ်များ တိုးလာပြီး Mandalay Knights ၊ Eastern Eagles ၊ Taunggyi Wolves အပြင် အခြားအဖွဲ့များ တနိုင်ငံလုံး၌ ပေါ်ထွက်လာသည်။ သူတို့သည် နိုင်ငံအနှံ့ စီးနင်းပွဲများကို မန္တလေး၊ ပဲခူး၊ တာချီလိတ်မြို့များတွင် လုပ်ဆောင်ခဲ့သည်။

ဆိုင်ကယ်စီး သားရေအင်္ကျီဝတ်အဖွဲ့များ မြို့ထဲဝင်လာလျှင် လူများက လိုက်ကာချ၊ တံခါးသော့ခတ်ကြကာ ပုန်းနေတတ်ကြသော်လည်း မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးအဖွဲ့အများစုမှာ စည်းကမ်းလိုက်နာကြပြီး မိဘမဲ့ဂေဟာများ၊ ဆေးရုံများနှင့် ဘုန်းကြီးကျောင်းများအတွက် ရန်ပုံငွေ ရှာပေးကြသည်ဟု ဦးနိုင်ကဆိုသည်။

သာမန်အပျော်တမ်း ဆိုင်ကယ်စီးသမားများ

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းသွားသောကြောင့် ပြီးခဲ့သောနှစ်တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံ၏ ပထမဆုံး ဟာလေဒေးဗစ်ဆန် တင်သွင်းမှုမှာ လမ်းပွင့်သွားခဲ့သည်။

တင်သွင်းခွင့်ရရှိသူ ကိုလင်းကိုကိုတင့်အတွက်မူ အမေရိကန်အမှတ်တံဆိပ် ဟာလေဒေးဗစ်ဆန်ဆိုင်ကယ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းမှာ သူ၏ကလေးဘဝအိပ်မက် အကောင်အထည်ပေါ်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီအမှတ်တံဆိပ်က တကယ်ထူးခြားပါတယ်။ ဟာလေဒေးဗစ်ဆန် ဆိုင်ကယ်တွေကို ၁၉၀၃ ခုနှစ်ကတည်းက ထုတ်လုပ်လာခဲ့တာပါ။ တခြားဘယ်အမှတ်တံဆိပ်မှ အဲဒီလောက် အချိန်ကြာကြာ မရှိခဲ့ဖူးဘူး” ဟု သူက ဆိုသည်။

ရန်ကုန်နေအိမ်ရှိ သူ့ဆိုင်ကယ်ဂိုထောင်ခန်းတွင် ကိုလင်းကိုကိုတင့်က Frontier နှင့်ပြောနေခြင်းဖြစ်သည်။ မြစ်ကမ်းနဖူးက သူ့ဂိုထောင်ထဲတွင် ရှေးဟောင်းဆိုင်ကယ်ပိုစတာများ၊ BMWs ၊ Indians ၊ Triumphs နှင့် Bonneville အရုပ်ကလေးများဖြင့် တန်ဆာဆင်ထားသည်။

ကိုလင်းကိုကိုတင့်၏ဆိုင်ကယ်ပိုးမှာ အမေရိကန်ရော့ခ်အင်န်ရိုးယဉ်ကျေးမှုနှင့် သူ့အဖိုး၏ဝမ်းကွဲညီအစ်ကိုတော်ထံမှ ရခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကိုလင်းကိုကိုတင့်၏ဆိုင်ကယ်ပိုးမှာ အမေရိကန်ရော့ခ်အင်န်ရိုးယဉ်ကျေးမှုနှင့် သူ့အဖိုး၏ဝမ်းကွဲညီအစ်ကိုတော်ထံမှ ရခဲ့ခြင်းဖြစ်သည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ကိုလင်းကိုကိုတင့်က ဟာလေဆိုင်ကယ်ကို ချီးမြောက်နေခြင်းသည် အရောင်းမြင့်တင်ရန်သက်သက် မဟုတ်ပေ။ ကျောက်စရစ်ခဲများ၊ ဆွဲသင်္ဘောနှင့် ကုန်တင်တွဲများ ထုတ်လုပ်ရောင်းချပြီး ကြီးပွားလာသော အသက် ၄၀ အရွယ် စီးပွားရေးလုပ်ငန်းရှင် ကိုလင်းကိုကိုတင့်သည် မော်တော်ဆိုင်ကယ်များကို ငယ်စဉ်ကတည်းက စွဲလမ်းခဲ့သူဖြစ်သည်။ သူသည် အမေရိကန် ရော့ခ်အင်န်ရိုးယဉ်ကျေးမှုနှင့် သူ့အဖိုး၏ ညီအစ်ကိုဝမ်းကွဲထံမှ ထိုဆိုင်ကယ်ပိုးကို ရရှိခဲ့ခြင်းဖြစ်သည်။ သူ့အဖိုး၏ညီသည် အမေရိကန်၊ ဗြိတိသျှနှင့် ဂျပန်နိုင်ငံဖြစ် မှောင်ခိုသွင်းလာသည့်ဆိုင်ကယ်များဖြင့် မြန်မာနိုင်ငံအနှံ့ သွားလာခဲ့သူဖြစ်သည်။

ကိုလင်းကိုကိုတင့်၏ ဟာလေဆိုင်ကယ်ကိုယ်စားလှယ် အရောင်းဌာနဖွင့်ပွဲကို အမေရိကန်သံအမတ်ကြီး စကော့မာဆီယယ်နှင့် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးနင်းသူ ရာချီတက်ရောက်ကြသည်။ ယင်းမှာ မြန်မာနိုင်ငံ၏ အဝေးပြေးလမ်းမများပေါ် ဆိုင်ကယ်စီးနင်းသူများ ပေါများလာစေရန်နှင့် ဆိုင်ကယ်ယဉ်ကျေးမှု ထွန်းကားလာစေရန် ဆန္ဒပြင်းပြသော ကိုလင်းကိုကိုတင့်၏အိပ်မက်အတွက် မှတ်တိုင်တစ်ခုဖြစ်ခဲ့သည်။

သူသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန် ဝစ်ကွန်ဆင်ပြည်နယ်ရှိ ဟာလေဒေးဗစ်ဆန်ပြတိုက်သို့ သွားရောက်ခဲ့အပြီး ထိုအိပ်မက်ရရှိလာခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသို့ သူပြန်လာသောအခါတွင် အမေရိကန် ဆိုင်ကယ်အဟောင်းများကို ကွန်တိန်နာဖြင့် ဝယ်ယူလာခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံမှ မော်တော်ဆိုင်ကယ် အသင်းများကို သူ၏ဆိုင်ကယ်ဂိုထောင်သို့ ဖိတ်ကြားပြီး ဗီဒီယိုများရိုက်ကူးစေခဲ့သည်။ မြန်မာနိုင်ငံမှလူငယ်များ ဆိုင်ကယ်စီးလာကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ထိုလူငယ်အများစုသည် ဟာလေဒေးဗစ်ဆန် ဆိုင်ကယ်သစ်များကို မတတ်နိုင်ကြပေ။ သူတို့သည် အင်းစိန်မြို့နယ်တွင် ဖွင့်ထားသော ကိုဇင်ကျော်၏ဆိုင်သို့ လာရောက်တတ်ကြသည်။ ကိုဇင်ကျော်သည် နိုင်ငံခြားမှဆိုင်ကယ်ဟောင်းများ တင်သွင်းပြီး ပွဲစားအချို့အကူအညီဖြင့် မီးလုံးများ၊ ဆိုင်ကယ်အပိုပစ္စည်းများ မှာယူရောင်းချပေးနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးနင်းသည့်ဝါသနာသည် လူမှုကွန်ယက်များကြောင့် ထွန်းကားလာခြင်း ဖြစ်သည်ဟုဆိုသည်။ ဆိုင်ကယ်စီးနင်းသူများနှင့် အသင်းများသည် ဖေ့စ်ဘွတ်ခ်ပေါ်တွင် သတင်းအချက်လက်များမျှဝေခြင်း၊ ဆိုင်ကယ်များ၊ အပိုပစ္စည်းများ ရောင်းချခြင်း၊ တွေ့ဆုံပွဲများ ဖန်တီးကြခြင်းကို လုပ်ဆောင်ကြသည်။

“လူမှုကွန်ရက်က ဆိုင်ကယ်စီးသူများကြား ရေပန်းစားတယ်။ ဆိုင်ကယ်တွေ အပိုပစ္စည်းတွေ အချက်အလက်တွေကို အွန်လိုင်းမှာ အလွယ်တကူ ရှာလို့ရတယ်” ဟု ကိုဇင်ကျော်က ဆိုသည်။

ကိုလင်းကိုကိုတင့်၏ဂိုထောင်ထဲတွင် ရှေးဟောင်းဆိုင်ကယ်ပိုစတာများ၊ BMWs ၊ Indians ၊ Triumphs နှင့် Bonneville အရုပ်ကလေးများဖြင့် တန်ဆာဆင်ထားသည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကိုလင်းကိုကိုတင့်၏ဂိုထောင်ထဲတွင် ရှေးဟောင်းဆိုင်ကယ်ပိုစတာများ၊ BMWs ၊ Indians ၊ Triumphs နှင့် Bonneville အရုပ်ကလေးများဖြင့် တန်ဆာဆင်ထားသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဖြောင့်ဖြောင့်မတ်မတ် စီးနင်းကြခြင်

ကိုလင်းကိုကိုတင့်က မြန်မာနိုင်ငံတွင် အမြစ်တွယ်လာသော နိုင်ငံခြားယဉ်ကျေးမှု ဝါသနာလုပ်ငန်းများအတွက် လူမှုကွန်ရက်သည် အရေးပါကြောင်း၊ လူမှုကွန်ရက်ကြောင့် အဖွဲ့ဝင်များ တိုးလာသည့်အပြင် လူများ၏ သတိထားအလေးပေးမှုလည်း ပိုမိုတိုးတက်လာသည်ဟု ဆိုသည်။

“ကျွန်တော်တို့က အခုဆို ကွန်ရက်တွေ သိပ်ကောင်းနေတယ်။ တစ်ယောက်ယောက် ရာဇဝတ်မှုကျူးလွန်ရင်၊ မူးယစ်ဆေးသုံးနေရင်၊ အရက်အလွန်အကျွံသောက်နေရင် ကျွန်တော်တို့ အရင်သိတာပဲ။ ကျွန်တော်တို့သိပြီးမှ နိုင်ငံရဲ့ တာဝန်ရှိသူတွေ သိကြတာ” ဟု ဦးနိုင်ကဆိုသည်။

သို့တစေ နိုင်ငံနှင့်အဝှမ်းပြည်သူတို့က ဆေးမင်ကြောင်နှင့်သားရေထည်ကို ဂရုတစိုက် စောင့်ကြည့်နေကြဆဲဖြစ်သည်ဟု ဦးနိုင်ကဆိုသည်။

ဂျိုက်ကာ Japan International Cooperation Agency က ၂၀၁၄ ခုနှစ်တွင် လုပ်ဆောင်ခဲ့သောစစ်တမ်းတွင် ရန်ကုန်မြို့ နေထိုင်သူ ၅၈ ရာခိုင်နှုန်းသည် ကာလတာရှည်နေသည့် မော်တော်ဆိုင်ကယ်တားမြစ်ရေး ဥပဒေကို ထောက်ခံကြသည်ဟု ဖော်ပြထားသည်။ ယင်းဥပဒေသည် ၂၀၀၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးသော စကော်ပီယံလမ်းသရဲအဖွဲ့ Scorpions က တပ်မတော်အရာရှိ တစ်ဦးကို ခြိမ်းခြောက်သည့်အပြုအမူတစ်ခု လုပ်ဆောင်ခဲ့သောကြောင့် ဥပဒေပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု အများက ယုံကြည်ကြသည်။

ထိုအချိန်ကစပြီး စကော်ပီယံအဖွဲ့ ပြိုကွဲသွားခဲ့သည်။ ၎င်းတို့၏ခေါင်းဆောင် ကိုရန်နိုင်သည် ခရစ်ယာန် တရားဟောဆရာအဖြစ် ဘဝကိုပြုပြင်ပြောင်းလဲခဲ့သည်။ သို့သော် ဆိုင်ကယ်စီးသူများကို အမြင်စောင်းသူများ ရန်ကုန်တွင်ရှိနေဆဲဖြစ်သည်။ ဆိုင်ကယ်များကို အာဏာပိုင်များသာမက ပြည်သူများကပါ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုထိခိုက်စေသော ခြိမ်းခြောက်မှုအဖြစ်မြင်ကြသည်။

“လူတချို့က ကျွန်တော်တို့ကို ကြောက်လန့်ကြတယ်။ ကျွန်တော်တို့က ဥပဒေချိုးဖောက်နေသူတွေ မဟုတ်ပါဘူး။ အစိုးရကိုလည်း မဆန့်ကျင်ပါဘူး” ဟု စောဇက်အီးဂဲလ်က ပြောပြသည်။

သို့သော် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးသူများသည် ဥပဒေကို အနည်းငယ်တော့ ချိုးဖောက်နေရဆဲဖြစ်သည်။ ရန်ကုန်မှ ဆိုင်ကယ်စီးသူများသည် ဆိုင်ကယ်ပိတ်ပင်မှုမရှိသော မြို့ပြင်များတွင် အများဆုံးစီးရသည်။ မြို့ထဲနေရာအများစုတွင် ဆိုင်ကယ်စီးနင်းခြင်းသည် တရားမဝင်ပေ။

ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

ဆိုင်ကယ်စီးသက်ရင့်နေသော ဦးနိုင်ကဲ့သို့ လူများတွင် ဆိုင်ကယ်လိုင်စင်ရှိသည်။ သို့သော် အစိုးရသည် ထိုအချိန်ကစပြီး သုံးပြီးသားဆိုင်ကယ် တင်သွင်းမှုကို ပိတ်ပင်ခဲ့သည်။ အသစ်ဝယ်စီးနိုင်သူများသာ လိုင်စင်ရရှိကြသည်။ အခြားဆိုင်ကယ်စီးသူများသည် ဂျပန်နိုင်ငံမှ တရားမဝင် ခိုးသွင်းလာသော ဟွန်ဒါ၊ ဆူဇူကီး၊ သို့မဟုတ် ကာဝါဆာကီဆိုင်ကယ်များကို လိုင်စင်မပါဘဲ စီးနင်းကြရသည်။ လိုင်စင်မရှိသော ဆိုင်ကယ်ကို မှတ်ပုံတင်ရခြင်းသည် ဆိုင်ကယ်တန်ဖိုးလောက်ပင် ကုန်ကျနေသည်။

အင်းစိန်မြို့နယ်တွင် သစ်စက်ပိုင်ဆိုင်သော ဦးဇော်မင်းသည် လိုင်စင်မဲ့ မှောင်ခိုဆိုင်ကယ်များကို ရောင်းချလာသည်မှာ ၁၅ နှစ်ကြာပြီဖြစ်သည်။ သူသည်လည်း ကိုလင်းကိုကိုတင့်ကဲ့သို့ပင် ဆိုင်ကယ်ကို ဝါသနာပါသောကြောင့် ထိုအလုပ်ကို လုပ်ကိုင်ခြင်းဖြစ်သည်။ သူက ဆိုင်ကယ်စီးဝါသနာကို လူအများ လက်ခံလာကြပြီး မော်တော်ဆိုင်ကယ်လူ့အဖွဲ့အစည်းသည်ဘည်း တိုးပွားလာဖွယ်ရှိသည်ဟုဆိုသည်။

သို့သော် သုံးပြီးသား ဆိုင်ကယ်အဟောင်းကို ဝယ်ယူရသည်မှာ မှောင်ခိုအလုပ်ဖြစ်နေသည်။

ပွဲစားများသည် မော်တော်ဆိုင်ကယ်များပါသည့် ကွန်တိန်နာကို ဂျပန်၊ စင်ကာပူ၊ မလေးရှားနိုင်ငံများတွင် ဝယ်ယူရသည်။ ထို့နောက် ထိုင်းနိုင်ငံသို့ မှောင်ခိုသွင်းရသည်။ ပြီးမှ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့သို့ ထရပ်ကားများဖြင့် ပို့ဆောင်ပြီး လေလံပစ်ကြသည်။ ဦးမင်းဇော်၏ပွဲစားသည် လစဉ်မှာယူထားသော ဆိုင်ကယ်များကို မိုးအဲမြစ်ကိုဖြတ်ကူးပြီး အခွန်အရာရှိများ၊ အဝေးပြေးလမ်းပေါ်မှရဲများ မသိရလေအောင် ညအချိန်တွင် တောလမ်းမှ မောင်းသယ်လာသည်။ ရဲများက ဖမ်းမိသွားပါက ယာဉ်မောင်းကသာ အားလုံးတာဝန်ယူရသည်။

“အဆင်ပြေပါတယ်။ ရဲတွေကို ရှောင်ရှားနိုင်မယ့် တောလမ်းတွေအားလုံး ကျွန်တော်တို့ သိတယ်” ဟု ဦးမင်းဇော်ကဆိုသည်။

ကိုဇင်ကျော်သည် အင်းစိန်မြို့နယ်ရှိ သူ့ဂိုထောင်လေးထဲတွင် ရောင်းချမည့်တပတ်ရစ်ဆိုင်ကယ်များကို စုစည်းထားသည်။ ဓာတ်ပုံ - ငြိမ်းဆုဝေကျော်စိုး

ကိုဇင်ကျော်သည် အင်းစိန်မြို့နယ်ရှိ သူ့ဂိုထောင်လေးထဲတွင် ရောင်းချမည့်တပတ်ရစ်ဆိုင်ကယ်များကို စုစည်းထားသည်။ ဓာတ်ပုံ – ငြိမ်းဆုဝေကျော်စိုး

မြန်မာစတိုင် ဆိုင်ကယ်စီး

မြန်မာနိုင်ငံမှ ဆိုင်ကယ်စီး လူ့အဖွဲ့အစည်းသည် ရိုးရှင်းသောလမ်းကို လျှောက်ရန်သာရှိသည်။ စည်းကမ်းများ ထားရှိပြီး လူ့အဖွဲ့အစည်းကို ကူညီပေးခြင်းဖြင့်သာ ဆိုင်ကယ်စီးလူ့အဖွဲ့အစည်း၏ ရှင်သန်မှုကို ထောက်ပံ့ပေးနိုင်မည်။ သို့မှသာ လူအများနှင့် အစိုးရတို့ထားရှိသောအမြင်ကို ပြောင်းလဲပေးနိုင်မည်ဖြစ်သည်။

သို့သော် စောဇက်အီးဂဲလ်နှင့် ဦးနိုင်တို့ကမူ နောက်ပြန်ဆွဲနေသော၊ ခေတ်နောက်ကျနေသော ဆိုင်ကယ်ပိတ်ပင်သည့်ဥပဒေကို ပြောင်းလဲပေးပါက သူတို့၏ဝါသနာသည် လူ့အဖွဲ့အစည်းအတွက် ပိုမိုအကျိုးရှိနိုင်မည်ဟုဆိုသည်။

ကိုလင်းကိုကိုတင့်ကလည်း ဥပဒေများကို ပြောင်းလဲသင့်သည်ဟု ဆိုသည်။ သို့ရာတွင် အားလုံးပြောင်းလဲရန် မလိုအပ်ကြောင်း၊ ရန်ကုန်မြို့ရှိလမ်းများက တိုးပွားလာသော ဆိုင်ကယ်စီးနင်းသူများအတွက် အဆင်သင့်ဖြစ်သည်အထိ စောင့်ရမည်ဟုဆိုသည်။ “ကျွန်တော်တို့က လမ်းတွေကို အရင်ပြင်ဆင်ရမယ်။ ပြီးတော့ ဆိုင်ကယ်ဦးထုပ်ဆောင်းလာအောင် လုပ်ဆောင်တာတွေ၊ ဆိုင်ကယ်လိုင်စင် ချပေးတာတွေ၊ ဆိုင်ကယ်ဥပဒေတွေကို ပြင်ဆင်ရမယ်” ဟု ဆိုသည်။

“မြန်မာနိုင်ငံက ဆိုင်ကယ်သမားတွေ စည်းကမ်းရှိနေသရွေ့ ဒီလိုပြုပြင်ပြောင်းလဲမှုတွေ ကြာမြင့်နေလည်း အရေးမကြီးဘူး” ဟု သူကဆိုသည်။

“မြန်မာနိုင်ငံရဲ့ ဆိုင်ကယ်ယဉ်ကျေးမှုက ဖွံ့ဖြိုးနေဆဲပါ။ ထိုင်းနိုင်ငံက အတော်လေးဖွံ့ဖြိုးပြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားကဆိုင်ကယ်ဂိုဏ်းတွေဖြစ်တဲ့ Hells Angels နဲ့ Bandidos တွေရဲ့ ယဉ်ကျေးမှုတွေက လွှမ်းမိုးနေတယ်” ဟု ကိုလင်းကိုကိုတင့်ကဆိုသည်။ သူသည် ဟာလေဒေးဗစ်ဆန် ကိုယ်စားလှယ်ဆွေးနွေးပွဲသို့ မြန်မာဝတ်စုံအပြည့်ဖြင့် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ “လူတွေက မော်တော်ဆိုင်ကယ်ကို စိတ်ဝင်စားလာတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ နိုင်ငံခြားယဉ်ကျေးမှုတွေ လွှမ်းမိုးလာတာတော့ မကောင်းဘူး” ဟု သူကဆိုသည်။

နိုင်ငံခြားဖြစ်ဆိုင်ကယ်များနှင့် ပိုစတာများကို ချိတ်ဆွဲထားသော သူ့ဆိုင်ကယ်ဂိုထောင်ထဲတွင် ထိုစကားကိုပြောခြင်းသည် သိပ်ပြီးရှေ့နောက်ညီပုံမရပေ။ သို့သော် မြန်မာနိုင်ငံမှ ဆိုင်ကယ်စီးသူများက ဘယ်လမ်းကို ရွေးချယ်စေကာမူ တစ်ခုတော့သေချာသည်။ ယင်းမှာ ဘီး နှစ်ဘီးဖြင့်သာ စီးကြရလိမ့်မည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.