မြန်မာက ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ငံ ပြန်ဖြစ်လာမှာလား

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံက ဆန်တန်ချိန်သုံးသန်းကျော် ပြည်ပတင်ပို့ပြီး စံချိန်တင်ခဲ့သလို တန်ချိန်လေးသန်းအထိ တိုးမြှင့် တင်ပို့ပြီး ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့နိုင်ငံ ပြန်ဖြစ်လာစေဖို့ ရည်မှန်းထားပါတယ်။

ထွန်းခိုင် ရေးသားသည်။

ပြီးခဲ့တဲ့ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်ဟာ မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှု သမိုင်းတလျှောက် အကြီးမားဆုံး အပြောင်းအလဲ ဖြစ်ပေါ်ခဲ့တဲ့  နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။

ဒီဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံက ဆန်တန်ချိန် ၃ ဒသမ ၂ ကသန်းကျော်ကို ပြည်ပ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁,ဝဝဝ ကျော် ရရှိခဲ့ပါတယ်။

ဒီပမာဏဟာ မြန်မာ့ ဆန်ကုန်သွယ်မှု သမိုင်းတလျှောက် ၇၃ နှစ်အတွင်း နိုင်ငံရပ်ခြားကို ဆန်အများဆုံး စံချိန်တင်  ရောင်းချနိုင်မှုလည်း ဖြစ်ပါတယ်။

တစ်ချိန်တစ်ခါကတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ ဝေစု  အတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၃၄-၃၅ ဘဏ္ဍာနှစ်တုန်းက ဆန်တန်ချိန် သုံးသန်းအထိ စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး အဲဒီအချိန်တုန်းက ကမ္ဘာ့ဆန်ဈေးကွက်ရဲ့ ၄ဝ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားခဲ့သလို ကမ္ဘာ့ နံပါတ် ၁ ဆန်တင်ပို့တဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာ ဆန်တင်ပို့မှု အများဆုံးအဖြစ် ပြန်လည် စံချိန်တင်ခဲ့တာ ဖြစ်ပါတယ်။

လူတစ်ဦးချင်းအလိုက် ဆန်စားသုံးမှုနှုန်းမှာလည်း မြန်မာဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးဖြစ်ပြီး တိုင်းပြည်စိုက်ပျိုးမြေ  ဧရိယာ တစ်ဝက်ကျော်ဟာလည်း စပါးစိုက်ခင်းတွေ ဖြစ်ပါတယ်။

လွတ်လပ်ရေးရပြီးတဲ့ အချိန်ကစပြီး  မြန်မာအစိုးရအဆက်ဆက်ဟာ ဆန်စပါးကို ပြည်ပတင်ပို့တာထက် ပြည်တွင်းစားသုံးမှု ဖူလုံအောင် အဓိကထားခဲ့ပါတယ်။

ဒီလိုမျိုး ပြည်တွင်းစားသုံးမှု ဖူလုံရေး အဓိကထားတဲ့ အစိုးရအဆက်ဆက်ရဲ့ မူဝါဒတွေကြောင့် တစ်ချိန်က ကမ္ဘာ့ဆန်ဈေးကွက် ဝေစုအများဆုံးရထားတဲ့ မြန်မာဟာ ဆန်စပါးတင်ပို့တဲ့ ထိပ်တန်းနိုင်ငံအဖြစ်ကနေ ဖယ်ရှား ပေးခဲ့ရပါတယ်။

ပြည်ပကို ဆန်တင်ပို့မှု အတင်းကျပ်ဆုံး တားမြစ်မှုဟာ ၁၉၆၃ ခုနှစ်မှာ စတင်ခဲ့ပါတယ်။

ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီ ဆိုရှယ်လစ်အစိုးရအမည်ခံကာ ပုဂလိကလုပ်ငန်း   တွေကို ပြည်သူပိုင်သိမ်းတဲ့အစီအစဉ်တခု လုပ်ဆောင်ခဲ့ပါတယ်။

အဲဒီနောက် ဆန်စပါး ဝယ်ယူ သယ်ဆောင်တာ၊ သိုလှောင် ကြိတ်ခွဲတာကနေ ဖြန့်ဖြူးတဲ့လုပ်ငန်းအားလုံးကို အစိုးရက တာဝန်ပေးထားတဲ့ ဌာနမှလွဲ၍ အခြားဘယ်သူမှ လုပ်ပိုင်ခွင့်မရှိဘူးဆိုတဲ့ ကြေညာချက်ကို ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ဆိုရှယ်လစ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ မြန်မာ့ဆန် ပြည်ပတင်ပို့မှု ကျဆင်းသွားရခြင်းရဲ့ အကြောင်းတစ်ချက် ဖြစ်လာခဲ့ပါတယ်။

ဆန်စပါးရောင်းဝယ်မှုကို အစိုးရက တိုက်ရိုက်ကိုင်တွယ် ရောင်းချတာ၊ စပါးဈေးကို အစိုးရက စိတ်ကြိုက်သတ်မှတ်ပြီး  အစိုးရထံ မရောင်းမနေရစနစ်တွေ လုပ်လာခဲ့တဲ့နောက် မြန်မာ့ဆန်စပါးဈေးကွက် ကမောက်ကမဖြစ်သွားခဲ့ပြီး နိုင်ငံ  ရပ်ခြားကို တင်ပို့မှု လျော့နည်းသွားပါတော့တယ်။

သတ်မှတ်ထားတဲ့ ဈေးနှုန်းက ကန့်သတ်ချက်ရှိတဲ့အတွက် တောင်သူတွေဘက်က အကန့်အသတ်နဲ့သာ စပါးစိုက်ပျိုးကြတာ၊ ရာသီဥတုဖောက်ပြန်တာတွေကြောင့် ၁၉၆၆ မှာ မြန်မာ့ဆန်ထုတ်လုပ်မှုဟာ အရင်ကထက် ငါးပုံတစ်ပုံနီးပါး ကျဆင်းသွားပြီး တစ်နိုင်ငံလုံးမှာ ဆန်တန်ချိန် ၃ ဒသမ ၈ သန်းလောက်ပဲ ထွက်ရှိပါတော့တယ်။

အဲဒါရဲ့ အကျိုးဆက်အဖြစ် နောက်တစ်နှစ်အကြာ ၁၉၆၇ ခုနှစ်မှာတော့ တိုင်းပြည်ထဲမှာ ဆန်ဈေးနှုန်း ကြီးမြင့်လာတာအပြင်  ဒေသတချို့မှာ ဆန်ပြတ်လပ်မှုတွေအထိ ဖြစ်လာခဲ့ပါတော့တယ်။

ဆက်တိုက်ဆိုသလို ဆန်လုပွဲတွေဖြစ်လာခဲ့ပြီး နိုင်ငံရေးအရ ဆိုရှယ်လစ်အစိုးရကို တန်ပြန်ဆန္ဒပြတာတွေအထိ ဖြစ်ပေါ်ခဲ့ပါတယ်။

ဆိုရှယ်လစ်အစိုးရလက်ထက် ဆုတ်ယုတ်သွားခဲ့တဲ့ ဆန်ဈေးကွက်နဲ့ ဆန်စိုက်ပျိုးထုတ်လုပ်မှုကို ပြန်လည်မြှင့်တင်ဖို့ ၁၉၈၈ နောက်ပိုင်းမှာ ဆောင်ရွက်လာခဲ့ပါတယ်။

၁၉၈၈ ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျသွားတဲ့ ဆိုရှယ်လစ်အစိုးရကို ဆက်ခံတဲ့ စစ်အစိုးရက ဆန်စပါးရောင်းချမှုကို သတိထား ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

capture.jpg

ဆိုရှယ်လစ်အစိုးရလက်ထက်တုန်းက ရှိခဲ့တဲ့ စနစ်တချို့ကို စစ်အစိုးရက ပယ်ဖျက်ပေးခဲ့ပြီး တစ်ဧကမှာ အများဆုံး ၁၂ တင်းအထိပဲ အစိုးရသတ်မှတ်နှုန်းနဲ့ အစိုးရထံ တောင်သူတွေက ပြန်ရောင်းချရပါတယ်။

အဲဒီနောက် အစိုးရသတ်မှတ်ဈေးနဲ့ လယ်သမားတွေထံက ဝယ်ထားတဲ့ဆန်တွေကို အစိုးရဝန်ထမ်းတွေဆီ ပြင်ပပေါက်ဈေးထက် လျော့နည်းတဲ့ ဈေးနည်းနဲ့ အစိုးရက လစဉ် ပြန်လည် ရောင်းချပေးပါတယ်။ ဒါပေမယ့် နိုင်ငံခြားကို ဆန်တင်ပို့တာကိုတော့ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်၊ ဧပြီမှာတော့ နှစ်ပေါင်း ၅ဝ ကျော် ကျင့်သုံးခဲ့တဲ့ အစိုးရထံ စပါးမရောင်းမနေရစနစ်ကို ဖျက်သိမ်းခဲ့ပြီး  ဆန်စပါးကို ပြည်တွင်းမှာ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကား ခွင့်ပြုလိုက်ပါတော့တယ်။

ဒါပေမယ့် ပြည်ပကို ဆန်တင်ပို့မှုကိုတော့ အကန့်အသတ်နဲ့ဘဲ ခွင့်ပြုခဲ့ပါတယ်။ ၂ဝဝ၇-ဝ၈ ခုနှစ်အရောက်မှာတော့ ပြည်ပကို ဆန်တင်ပို့ဖို့ ပုဂ္ဂလိကကို အပြည့်အဝ လုပ်ကိုင်ခွင့်ပြုလိုက်ပါတယ်။

ဆန်စပါးဈေးကွက် လွတ်လပ်ခွင့် ပေးလိုက်ပြီး ၁ဝ နှစ်အကြာ၊ ၂ဝ၁၇-၁၈ ခုနှစ်အရောက်မှာတော့ မြန်မာဟာ ကမ္ဘာ့ ထိပ်တန်း ဆန်တင်ပို့တဲ့နေရာကို ပြန်လည်ရောက်လာခဲ့ပါပြီ။

ပြည်ပဆန်တင်ပို့ တစ်နှစ်တခြား မြင့်တက်လာတဲ့မြန်မာနိုင်ငံဟာ ၂ဝ၁၇-၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန် ပြည်ထောင်စုကို ကျော်ပြီး ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့ နိုင်ငံ ၅ နိုင်ငံထဲ ဝင်ရောက်လာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကာလတိုရည်မှန်းချက်က ၂ဝ၂ဝ-၂၁ ခုနှစ်မှာ ပြည်ပကို ဆန်တန်ချိန် လေးသန်း တင်ပို့နိုင်ဖို့နဲ့ ဆန်တင်ပို့မှုကနေ ဒေါ်လာသန်း ၁,၅ဝဝ ဝင်ငွေရရှိဖို့ ဖြစ်ပါတယ်။

နောက်ထပ် ပစ်မှတ်တစ်ခုကတော့ ၂ဝ၂၅ ခုနှစ် အရောက်မှာ ပါကစ္စတန်နဲ့ ဗီယက်နမ်ကိုကျော်ပြီး ကမ္ဘာ့ တတိယ ဆန်တင်ပို့မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်ဖို့ ဖြစ်ပါတယ်။

အနာဂတ်မှာတော့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဝေစုအများဆုံး ရထားတဲ့ ထိုင်းနဲ့အိန္ဒိယကိုကျော်ပြီး ကမ္ဘာ့ ဆန်ဈေးကွက်မှာ ဝေစုအများဆုံးရဖို့အထိ ဦးတည်နေပါတယ်။

ဒီလိုမျိုး ရည်ရွယ်ချက်ကြီးမြင့်တဲ့ မြန်မာ့ဆန် ရည်မှန်းချက်အတွက် စိန်ခေါ်မှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်။

ဈေးကွက်အတွင်း သုတေသနပြုချက်တွေကို အခြေခံပြီး မြန်မာအစိုးရသတင်းဌာနများတွေက မတ် ၁၆ ရက်နေ့မှာ ဖော်ပြချက်အရ တောင်သူလယ်သမားတွေ မရှိမဖြစ်သုံးရတဲ့ ယူရီးယားဓာတ်မြေသြဇာ ဈေးနှုန်းက ဗီယက်နမ်ထက် ၁ ဒသမ ၁၇ ဆ၊ ထိုင်းနိုင်ငံထက် ၁ ဒသမ ၁၂ ဆနဲ့ ကမ္ဘောဒီးယားထက် ၁ ဒသမ ဝ၈ ဆ ကြီးမြင့်နေပြီး အရည်အသွေးပိုင်းမှာလည်း ပြဿနာတွေရှိနေတယ်လို့ ဆိုပါတယ်။

စပါးထွက်ချိန်မှာ စပါးဈေးကျပြီး တောင်သူတွေလက်ထဲ စပါးမရှိချိန်ရောက်မှ ဈေးတက်သွားတာ၊  ဓာတ်မြေသြဇာ အရည်အသွေးမမှီတာ၊ ခေတ်မှီစိုက်ပျိုးရေးစနစ်တွေ မကျင့်သုံးနိုင်တာ၊ မျိုးစပါး မရရှိတာ စတဲ့အချက်တွေဟာ တောင်သူတွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်တယ်လို့ စိုက်ပျိုးရေးပညာရှင်လည်းဖြစ်တဲ့ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောပါတယ်။

တောင်သူတွေရဲ့ အခက်အခဲတွေထဲက တစ်ခုဖြစ်တဲ့ စပါးထွက်ချိန်မှာ စပါးဈေးကျပြီး တောင်သူတွေလက်ထဲ စပါးမရှိချိန်ရောက်မှ ဈေးတက်သွားတာကို ဖြေရှင်းနိုင်ဖို့အတွက် အခြေခံ ရည်ညွှန်းဆန်စပါးဈေးနှုန်းကို မတ် ၆ ရက်နေ့မှာ သတ်မှတ်နိုင်ခဲ့ပါတယ်။

သတ်မှတ်အရည်အသွေးနဲ့ ကိုက်ညီတဲ့ စပါးတင်း ၁ဝဝ (၄၆ပေါင်)ကို ကျပ်ငါးသိန်းနဲ့ အနည်းဆုံးထား ဝယ်ယူရမယ်ဆိုပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၈ ခုနှစ် တစ်နှစ်တာအတွင်း စိုက်ပျိုးထွက်ရှိမယ့် စပါးတွေကို ဒီရည်ညွှန်းဈေးနဲ့ ရောင်းလို့မရခဲ့ရင် အသင်းထံ ဆက်သွယ်ကြဖို့လည်း ဆန်စပါးအသင်းချုပ်က ကြေညာထားပါတယ်။

“ဒါဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်” လို့ စပါးဈေးကို အာမခံချက်ပေးတာနဲ့ ပတ်သက်ပြီး အသင်းချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။

အမြင့်ဆုံးရောင်းချနိုင်တဲ့ စပါးဈေးနှုန်းကို အစိုးရက သတ်မှတ်ခဲ့ဖူးပေမယ့် အနိမ့်ဆုံးဈေးကို သတ်မှတ်တာကတော့  အခုတစ်ကြိမ်က ပထမဆုံးဖြစ်ပါတယ်။

အရင်အစိုးရတွေက တိုင်းပြည်ထဲမှာ ဆန်ဖူလုံရေးနဲ့ ဆန်ဈေးနှုန်း တည်ငြိမ်ဖို့ ဈေးသတ်မှတ်ပြဌာန်းရေးကို အဓိက ဆောင်ရွက်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ စပါးစိုက်တောင်သူတွေ ဝင်ငွေပိုရရေးအတွက် အစိုးရက ဦးတည် ဆောင်ရွက်နေပါတယ်။

အခုဈေးနှုန်း သက်မှတ်ချက်အရ တောင်သူတွေဟာ ဘယ်လိုစပါးမျိုးပဲ စိုက်စိုက် တင်း ၁ဝဝ ကို အနည်းဆုံးကျပ်ငါးသိန်း ရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီဈေးသတ်မှတ်ချက်ဟာ ယခုနှစ် နွေစပါးနဲ့မိုးစပါးပေါ်ချိန်တွေမှာ အရောင်းအဝယ်လုပ်ဖို့အတွက် ရည်ရွယ် သတ်မှတ်တဲ့ ဈေးနှုန်းဖြစ်ပါတယ်။

နောက်နှစ်တွေမှာလည်း ဈေးကွက်အခြေအနေကိုလိုက်ပြီး အခြေခံဈေးနှုန်းကို ပြင်ဆင်တာတွေ လုပ်ကောင်းလုပ်မှာပါ။

ဒီလို သတ်မှတ်လိုက်ခြင်းအားဖြင့် တောင်သူတွေလက်ထဲ စပါးပေါ်ချိန်မှာ ဈေးကျသွားပြီး ကုန်သည်တွေလက်ထဲ စပါး  ရောက်ချိန်မှ ဈေးတက်သွားတဲ့ အဖြစ်မျိုးကို ကာကွယ်နိုင်မယ်လို့ ယူဆတယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

“အဓိကကတော့ Small holder farmers (လယ်သမားငယ်လေးတွေ) တွေကို ရည်ရွယ်တယ်။ ဘယ်စပါးပဲစိုက်စိုက် တင်း ၁ဝဝ ထွက်ရင် ငါးသိန်းရမယ်ဆိုတာကိုသိရင် ဓာတ်မြေသြဇာကို ဘယ်လောက်သုံးမယ်။ ကုန်ကျစားရိတ်တွေ ဘယ်လိုထိန်းမလဲ ဆိုတာကို သူတို့ တွက်ချက်လာနိုင်လိမ့်မယ်”လို့ သူကပြောပါတယ်။

tzh_farmer16.jpg

ဓာတ်ပုံ-တေဇလှိုင်

စပါးဈေးကို အာမခံချက် ပေးထားတာကြောင့် စပါးစိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်က ပဲစိုက်တဲ့သူတွေ ကြုံရတဲ့  ပြဿနာမျိုး မကြုံရအောင်လည်း ကာကွယ်ပြီးသားဖြစ်မယ်လို့ ဆန်စပါးအသင်းချုပ်က ယုံကြည်နေပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံကထွက်တဲ့ ပဲတွေကို အိန္ဒိယက အဝယ်ရပ်တန့်လိုက်တာကြောင့် ပဲဈေး တရှိန်ထိုး ကျဆင်းသွားပြီး ပဲစိုက်တဲ့သူတွေ ပြဿနာအကြီးအကျယ် ကြုံခဲ့ရပါတယ်။

စပါးဈေးကို အာမခံချက်ပေးထားခြင်းအားဖြင့် တောင်သူတွေဟာ စပါးအပေါ် ပိုမို ရင်းနှီးမြုပ်နှံလိုတဲ့စိတ်တွေ ဝင်လာပြီး မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂ဝ၂ဝ-၂၁ မှာ ပြည်ပကိုဆန်တန်ချိန်လေးသန်းတင်ပို့ကာ ဒေါ်လာ သန်း ၁,၅ဝဝ ရရှိဖို့ ရည်မှန်းချက်ပြည့်မှီလာမယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ဒါပေမယ့် ဒီလိုရည်မှန်းချက် ပြည့်ဖို့အတွက်ဆိုရင် လက်ရှိစပါးထုတ်လုပ်မှုထက် တင်းသန်း ၈ဝ လောက် ပိုထွက်ဖို့လိုတယ်  လို့ အစိုးရက ခန့်မှန်းထားပါတယ်။

 ၂ဝ၁၆-၁၇ ခုနှစ်မှာ မိုးစပါး စိုက်ဧရိယာ ၁၅ ဒသမ ၂၄ ဧကသန်းနဲ့ နွေစပါးစိုက်ဧရိယာ ၂ ဒသမ ၄၆ ဧကသန်းကနေ စုစုပေါင်း စပါးအထွက် တင်းပေါင်း ၁,၃၂၇ ဒသမ ၂၃ သန်း ထွက်ရှိခဲ့ပါတယ်။

ဒါ့အပြင် ဆန်စပါးအသင်းချုပ်က ဈေးနှုန်းသတ်မှတ် ထုတ်ပြန်ချက်က တကယ် အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို မေးခွန်းထုတ်နေကြပါတယ်။

တင်း ၁ဝဝ ကို ကျပ်ငါးသိန်းနဲ့ အခြေခံရည်ညွှန်းဈေး သတ်မှတ်တာက အစိုးရမဟုတ်ဘဲ ဆန်စပါးအသင်းက ဖြစ်နေတာကြောင့် လူတိုင်းလိုက်နာနိုင်မလားဆိုပြီး ဦးစိန်ဝင်းက မေးခွန်းထုတ်ပါတယ်။

“ငါးသိန်းထက်ကျော်ရင် ဘာလုပ်မလဲ။ ငါးသိန်းအောက်ရောက်ရင်ကော ကုန်သည်တွေက အနစ်နာခံပြီး ဝယ်ပေးမှာလား။ ကုန်သည်ပွဲစားရဲ့ ငွေနဲ့ နိုင်ငံတော်ရဲ့ငွေက မရောရဘူး။ ကုန်သည်တွေ မဝယ်နိုင်တာကို အစိုးရက ပိုက်ဆံ  စိုက်ပြီး ဝယ်ပေးလို့ မရဘူး”လို့ ဦးစိန်ဝင်းက ထောက်ပြပါတယ်။

အစိုးရလုပ်ဆောင်ရမယ့် ကိစ္စကို ကုန်သည်တွေက ဝင်လုပ်တာ ဖြစ်တဲ့အတွက် အငြင်းပွားစရာ ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ဒီလိုသတ်မှတ်ချက်ကို အစိုးရကလည်း အသိအမှတ်ပြုထားတာကြောင့် ကုန်သည်တွေက  မဝယ်နိုင်ရင် အစိုးရ ဂုဏ်သိက္ခာကျနိုင်တယ်လို့ သူကထောက်ပြပါတယ်။

ဆန်စပါးအသင်းကတော့ အခြေခံ ရည်ညွှန်းဆန်စပါးဈေးနှုန်းကို လိုက်နာဖို့အတွက် ဆောင်ရန် ရှောင်ရန်နဲ့ အသေးစိတ် အချက်အလက်တွေ ရေးဆွဲနေတယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ဆန်စက်တွေ၊ ဆန်ကုန်သည်တွေ အားလုံးရဲ့ ၉ဝ ရာခိုင်နှုန်းက ကျွန်တော်တို့ အသင်းဝင်တွေ ဖြစ်ပါတယ်။ သတ်မှတ်ချက်အတိုင်း မဝယ်ရင် ဘယ်လို လုပ်မလဲဆိုတာကို ကျွန်တော်တို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်”လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

အစိုးရနဲ့ ဆန်ကုန်သည်တွေက အခြေခံရည်ညွှန်း ဆန်စပါးဈေးနှုန်း သတ်မှတ်ခဲ့ပေမယ့် ဒီသတ်မှတ်ချက်ကို မသိသေးတဲ့ တောင်သူတွေလည်း ရှိနေသေးပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဘုရားတောင်ရွာက စပါး ဧက ၅ဝ စိုက်ပျိုးနေတဲ့ လယ်သမား ကိုစည်သူက အခုလို ဆန်စပါးဈေးနှုန်း သတ်မှတ်ထားတာကို စပါးတကယ် စိုက်ပျိုးနေတဲ့ တောင်သူတွေကြားမှာ သေသေချာချာ မသိကြသေးဘူးလို့ ဆိုပါတယ်။

“လယ်သမားတွေအတွက်ကတော့ စပါးထွက်တဲ့အချိန်မှာ ဈေးမြောက်အောင်လုပ်ပေး၊ တစ်ဧကထွက်နှုန်း မြင့်မားအောင်လုပ်တာ တိုက်ရိုက် အကျိုးသက်ရောက်တယ်”လို့ ကိုစည်သူက ပြောပါတယ်။

နှစ်ပေါင်း ၇ဝ ကျော်အတွင်း ဆန် စံချိန်တင် တင်ပို့နိုင်လာသလို စပါးစိုက်တဲ့တောင်သူတွေကိုလည်း အစိုးရက ပိုပြီး အာမခံချက် ပေးလာခဲ့ပါတယ်။

စိုက်ပျိုးစားရိတ်ချေးငွေကိုလည်း လယ်တစ်ဧကကို ကျပ်တစ်သိန်း ချေးနေတာနေ NLD အာဏာရပြီး လပိုင်းအတွင်း ၂ဝ၁၆ ခုနှစ်မှာ ကျပ်တစ်သိန်းခွဲ ထုတ်ချေးဖို့ ဆုံးဖြတ်တာ၊ စပါးဈေးကို အာမခံချက်ပေးတာတွေဟာ အစိုးရက စပါးစိုက်တဲ့ တောင်သူတွေကို ပိုပြီးအလေးထားကြောင်း ပြနေတာဖြစ်တယ်လို့ ဦးရဲမင်းအောင်က ပြောပါတယ်။

ခေတ်အဆက်ဆက် အစိုးရတွေက ဆန်စပါးမူဝါဒကို ဘာကြောင့်အလေးထားနေသလဲဆိုတဲ့ မေးခွန်းကိုတော့ “Rice is politics (ဆန်စပါးက နိုင်ငံရေးပဲ)“ လို့ ဦးရဲမင်းအောင်က ဖြေပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ အစိုးရနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ စပါးစိုက်တောင်သူတွေ၊ ကုန်သည်တွေ ပူးပေါင်းဆောင်ရွက်ကြရင် ဆန်စပါး ထုတ်လုပ် တင်ပို့မှု ပိုမိုတိုးမြင့်လာမှာဖြစ်ပြီး မျှော်မှန်းထားတဲ့ ရည်မှန်းချက်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.