မြန်မာကျပ်ငွေ တန်ဖိုးမြင့်တဲ့ဂယက်၊ စီးပွားရေးအပေါ် ဘယ်လောက်ရိုက်ခတ်သလဲ

ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ဒေါ်လာနဲ့ယှဉ်ရင် မြန်မာကျပ်ငွေဟာ ၁၅ ရာခိုင်နှုန်းဝန်းကျင် တက်လာလို့ ပို့ကုန်သမားတွေ ခေါင်းခဲကြရပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်လည်း စိမ်ခေါ်မှုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြည်သူအများစိတ်ဝင်စားတဲ့ လွှတ်တော်ထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးကိစ္စ ဆောင်ရွက်နေချိန်၊ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေချိန်၊ တခြားနိုင်ငံတွေနည်းတူ မြန်မာနိုင်ငံအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါအရေးကို ပူပန်နေရချိန်၊ စီးပွားရေး အဝန်းအဝိုင်းထဲမှာတော့ နိုင်ငံခြားငွေတန်ဖိုးတွေကျဆင်းပြီး မြန်မာကျပ်ငွေတန်ဖိုး တဖြည်းဖြည်း မြင့်တက်လာတဲ့ ပြဿနာကြီးကိုလည်း ရင်ဆိုင်နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပြဿနာကြောင့် အထည်ချုပ်စက်ရုံတွေမှာ ကုန်ကြမ်းတွေ ပြတ်လပ်၊ စက်ရုံပိတ်ရပြီး အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်နေရချိန်၊ တရုတ်အပါအဝင် နိုင်ငံပေါင်းစုံက ကမ္ဘာလှည့်ခရီးသည်တွေ အဝင်နည်းလာချိန်၊ နယ်စပ်ကနေ တရုတ်ဘက်ကို ကုန်ပစ္စည်းတင်ပို့မှု အခက်အခဲရှိနေချိန်၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်တဲ့ ပြဿနာကလည်း မြန်မာ့စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေဖို့ တာစူနေတာ ဖြစ်ပါတယ်။ မြန်မာကျပ်ငွေတန်ဖိုး ဘယ်လောက် မြင့်တက်ခဲ့သလဲ၊ အဲလို မြင့်တက်တာကြောင့် ဘယ်ကဏ္ဍက ဘယ်သူတွေ ဒုက္ခရောက်နေကြသလဲ၊ ဒါကို ဘယ်လိုကုစားနိုင်မလဲ စတဲ့ ကွင်းဆက်ပြဿနာတွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ ခုတစ်ပတ် မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာတဲ့ ပြဿနာအကြောင်း လေ့လာတင်ပြသွားပါ့မယ်။

အင်န်အယ်လ်ဒီ အစိုးရတက်လာပြီးနောက် ၂၀၁၆ ဧပြီကနေ ၂၀၁၈ နှစ်လယ်လောက်ထိ အကြမ်းဖျင်းပြောရရင် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေတွေနဲ့နှိုင်းယှဉ်ရင် မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၈ နှစ်လယ်လောက်ကစ မြန်မာကျပ်ငွေတန်ဖိုး မတည်မငြိမ်ဖြစ်လာသလို ကျဆင်းမှုလည်း မြန်ဆန်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်းမှာတော့ အမေရိကန် တစ်ဒေါ်လာ ၁,၆၅၀ ကျပ်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းခဲ့ပါတယ်။

ဒါပေမဲ့ အဲလိုနိုင်ငံခြားငွေတန်ဖိုး မြင့်တက်တာဟာ ဒေါ်လာနဲ့နိုင်ငံခြားငွေ ဈေးကစားသူတွေကြောင့်ဖြစ်လို့ အချိန်တိုအတွင်း ပြန်ကျဆင်းပြီး ၂၀၁၈ နှစ်ကုန်မှာတော့ တစ်ဒေါ်လာ ၁,၅၀၀ ကျပ်ကျော်ကျော်နဲ့ တည်ငြိမ်သွားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားငွေတန်ဖိုးမြင့်တက်တာ၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာ၊ ဈေးနှုန်းမတည်မငြိမ်ဖြစ်တာ၊ အချိန်တိုအတွင်း အတက်အကျမြန်တာ စတဲ့ပြဿနာတွေကို ဗဟိုဘဏ်က စပြီးကိုင်တွယ်ခဲ့ပါတယ်။

ဗဟိုဘဏ် အဓိကထိန်းချုပ်ဖို့ ကြိုးစားတာက နိုင်ငံခြားငွေ ကိုင်တွယ်ခွင့်ရှိတဲ့ ပုဂ္ဂလိကဘဏ်တွေကို ဖြစ်ပါတယ်။ နိုင်ငံခြားငွေနဲ့ပတ်သက်လို့ လိုက်နာရမယ့် ညွှန်ကြားချက်တွေ တသီတတန်းကြီးထုတ်ပြီး ထိန်းချုပ်ဖို့ ကြိုးစားတာမျိုးပါ။ အဲဒီထဲမှာ နိုင်ငံခြားငွေ အရောင်းအဝယ်၊ အလွှဲအပြောင်းလုပ်တဲ့ပမာဏ၊ အကြိမ်တွေကို တစ်နေ့ ၄ ကြိမ် ဗဟိုဘဏ်ကို အချိန်နဲ့တပြေးညီ အစီရင်ခံဖို့အပြင် ငွေကြေးကစားတယ်လို့ ယူဆရတဲ့၊ နိုင်ငံခြားငွေကို အကြိမ်ကြိမ် အထပ်ထပ် အရောင်းအဝယ်လုပ်တာမျိုးတွေ့ရင် အရေးယူမယ်ဆိုတဲ့အချက်တွေ အထိ ပါဝင်ပါတယ်။

ဗဟိုဘဏ်ရဲ့ ရည်ညွှန်းငွေလဲနှုန်း ထုတ်ပြန်တာကိုလည်း နဂိုက မနက်ပိုင်းထုတ်ပြန်ပေးတာကနေ တနေ့တာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ အခြေအနေကိုတွက်ချက်ပြီး ညနေ ၄ နာရီကျမှ ထုတ်ပြန်တဲ့စနစ်ကို ပြောင်းခဲ့ပါတယ်။ ဗဟိုဘဏ်ရဲ့ ငွေလဲလှယ်နှုန်း ထုတ်ပြန်ချိန်စောတာကို အခွင့်ကောင်းယူပြီး ပုဂ္ဂလိကဘဏ်တွေက အမြတ်ထုတ်တာကို ကာကွယ်နိုင်အောင်ပါ။ အဲဒီအချိန်က အဲလိုကြပ်ကြပ်မတ်မတ် လုပ်ခဲ့တာ အလုပ်ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ၂၀၁၉ ခုနှစ် နှစ်စကနေ နှစ်ကုန်ပိုင်းရောက်သည်အထိ မြန်မာကျပ်ငွေတန်ဖိုးဟာ တစ်ဒေါ်လာကို ကျပ် ၁,၅၂၀ ကျပ်ဝန်းကျင်မှာ တည်တည်ငြိမ်ငြိမ်ရှိခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၉ အောက်တိုဘာကစ မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုးမြင့်တက်မှု ဖြစ်ပေါ်လာခဲ့ပြန်ပါတယ်။ ၂၀၁၉ အောက်တိုဘာ ၁ ရက်နဲ့ ၂၀၂၀ မတ်လ ၁၀ ရက်တို့က မြန်မာကျပ်ငွေတန်ဖိုးကို နှိုင်းယှဉ်ရင် နိုင်ငံခြားငွေ ဈေးနှုန်းတွေဟာ တစ်ဒေါ်လာ ၁,၅၃၇ ကျပ်ကနေ ၁,၃၃၅ ကျပ်အထိ၊ စင်ကာပူ တစ်ဒေါ်လာ ၁,၁၁၃ ကနေ ၉၈၀ ကျပ်အထိ၊ တစ်ယူရိုကို ၁,၆၇၇ ကနေ ၁,၅၁၀ အထိ၊ ထိုင်းတစ်ဘတ်ကို မြန်မာကျပ်ငွေ ၅၀ ကနေ ၄၁ ဒသမ ၅ ကျပ်အထိ၊ မလေးရှား တစ်ရင်းဂစ်ကို ၃၆၉ ကျပ်ကနေ ၃၁၀ အထိ အသီးသီး ကျဆင်းခဲ့ပါတယ်။

ရာခိုင်နှုန်းနဲ့တွက်ရင် မြန်မာကျပ်ငွေတန်ဖိုးဟာ ၅ လအတွင်း ဒေါ်လာနဲ့နှိုင်းရင် ၁၅ ရာခိုင်နှုန်း၊ စင်ကာပူဒေါ်လာနဲ့နှိုင်းရင် ၁၃ ဒသမ ၅ ရာခိုင်နှုန်း၊ ယူရိုငွေနဲ့နှိုင်းရင် ၁၁ ရာခိုင်နှုန်း၊ ထိုင်းဘတ်ငွေနဲ့နှိုင်းရင် ၂၀ ရာခိုင်နှုန်း၊ မလေးရှားရင်းဂစ်နဲ့နှိုင်းရင် ၁၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။ အဓိပ္ပာယ်ကတော့ မြန်မာကျပ်ငွေဟာ ဒေါ်လာနဲ့ချည်းပဲနှိုင်းလို့ တက်တာမဟုတ်၊ တခြားနိုင်ငံတကာငွေကြေး အမျိုးမျိုးနဲ့နှိုင်းယှဉ်ရင်လည်း တန်ဖိုးသိသိသာသာ မြင့်တက်လာတာကို တွေ့မြင်ကြရမယ်ဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် တစ်လအတွင်းလောက် တွက်ရင်ကိုပဲ မြန်မာကျပ်ငွေဟာ ၈ ရာခိုင်နှုန်းဝန်းကျင် တက်လာတာ တွေ့မြင်ရပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေ တိုးတက်ဖို့အတွက် အဲဒီနိုင်ငံရဲ့ ငွေကြေးတန်ဖိုး တည်ငြိမ်နေဖို့ လိုပါတယ်။ ဘတ်ဂျက်လိုငွေကြောင့်၊ ကုန်သွယ်ရေးပိုငွေ၊ လိုငွေကြောင့်၊ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်တဲ့ အခြေအနေကြောင့် တက်နည်းနည်း၊ ကျနည်းနည်း ဖြစ်သင့်ပြီး အတက်အကျ အလှုပ်အရမ်း နည်းပါမှ စီးပွားရေး လုပ်ရကိုင်ရ အဆင်ပြေမှာပါ။

အခု မြန်မာကျပ်ငွေတန်ဖိုး တရှိန်ထိုး မြင့်တက်လာတဲ့ဒဏ်ကို ရှေ့တန်းက ခံရသူတွေကတော့ ပို့ကုန်သမားတွေပါ။ အဲဒီအထဲမှာမှ နိုင်ငံခြားကို ဆန်တင်ပို့သူတွေက ပိုပြီး အထိခိုက် အနစ်နာရဆုံးလို့ ဆိုကြပါတယ်။ ဆန်သမားတွေကတော့ သူတို့ကြုံနေရတဲ့ ဆိုးကျိုးကို အချက်(၃)ချက်နဲ့ ရှင်းပြကြပါတယ်။

ပထမ တစ်ချက်ကတော့ ဒေါ်လာဈေးကျနေတာပါ။ သူတို့ ပို့ကုန်တင်ပို့ဖို့ စာချုပ်ချုပ်ခဲ့စဉ်အချိန်ကနေတွက်ရင် လက်ရှိအချိန် ဒေါ်လာဈေး ၁၀ ရာခိုင်နှုန်းကျော်ကျနေပြီမို့ ဒေါ်လာ တစ်သန်းဖိုး တင်တဲ့သူတွေဟာ ဒေါ်လာ တစ်သိန်းကျော် နစ်နာရတဲ့ သဘောပါ။

နောက်တစ်ချက်က နိုင်ငံတကာ ဆန်ပေါက်ဈေး မြင့်တက်နေတာပါ။ သူတို့စာချုပ်ချုပ်စဉ် လွန်ခဲ့တဲ့ ၃-၄ လက ဆန်တစ်တန်ဈေးနှုန်း ဒေါ်လာ ၃၂၀ လောက် ရှိပြီး စာချုပ်ချုပ်ခဲ့ပေမဲ့ အခု ဒေါ်လာ ၃၆၅ လောက် ပေါက်နေပါပြီ။ ဒီအတွက် ပေါက်ဈေးနဲ့တွက်ရင် ဆန်တစ်တန် ၄၅ ဒေါ်လာလောက် နစ်နာသွားတယ်လို့ဆိုပါတယ်။

နောက်ဆုံး တစ်ချက်ကတော့ ထင်မှတ်မထားဘဲ ပြည်တွင်းမှာ ဆန်ဈေးမြင့်တက်သွားတာပါ။ ဆည်ရေတွေ မလုံလောက်လို့ နွေစပါး ကောင်းကောင်း မစိုက်ပျိုးနိုင်တဲ့အခြေအနေ၊ အထွက်နှုန်း ထင်သလောက် မြင့်တက်မလာတဲ့အခြေအနေတွေအောက်မှာ ဈေးကွက်ထဲ ဆန်အဝင်နည်းပြီး ဈေးနှုန်းမြင့်တက်သွားခဲ့ပါတယ်။ ဒီအတွက် နိုင်ငံခြားကိုတင်ပို့ဖို့ ကြိုတင်စာချုပ်ချုပ် ရောင်းချထားပြီးသူ ပို့ကုန်သမားတွေအနေနဲ့ မြင့်တက်လာတဲ့ဈေးနဲ့ ဆန်ဝယ်ပြီးတင်ပို့ရတော့ အရှုံးကိုဖြစ်ပေါ်စေပါတယ်။

ဒါကတော့ လက်ရှိ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်လာတဲ့အခြေအနေအောက်မှာ ပို့ကုန်သမားတွေရဲ့ ဆုံးရှုံးမှု အခြေအနေပါ။ အခြားသော ပို့ကုန်သမားတွေကလည်း ခုလို မြန်မာကျပ်ငွေတန်ဖိုးမြင့်တက်ပြီး နိုင်ငံခြားငွေတန်ဖိုး ကျဆင်းတဲ့ဒဏ်ကို ခံကြရပါတယ်။

ဒီနေရာမှာ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်ပြီး နိုင်ငံခြားငွေတန်ဖိုးကျနေရင် သွင်းကုန်သမားတွေ တွက်ခြေ မကိုက်ဘူးလား၊ နိုင်ငံခြားက ဝင်လာတဲ့ကုန်ပစ္စည်းတွေကို ဝယ်ယူစားသုံးနေရတဲ့ ပြည်သူတွေကရော ဈေးသက်သက်သာသာနဲ့ ဝယ်ယူစားသုံးနိုင်မှု မရှိဘူးလားလို့ မေးစရာရှိလာပါတယ်။ မြန်မာနိုင်ငံမှာက ဒီ ကိစ္စကလည်း မမှန်ပြန်ပါဘူး။

သွင်းကုန်သမားတွေအပါအဝင် ပြည်တွင်းကလက်လီရောင်းချသူ အများစုဟာ နိုင်ငံခြားငွေဈေးတွေ အလွန်အမင်း ကျနေပေမဲ့ သူတို့ရောင်းချတဲ့ ကုန်ပစ္စည်းတွေကို လိုက်ပါဈေးချရောင်းတာမျိုး မတွေ့ရပါဘူး။ ဘယ်ကုန်တိုက်သွားသွား အရင် နိုင်ငံခြားငွေဈေးမြင့်တုန်းက သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်း ရောင်းနေကြတာ တွေ့ရမှာပါ။ သူတို့ကတော့ ကုန်ပစ္စည်းတွေကို နိုင်ငံခြားငွေဈေးနှုန်းအမြင့်နဲ့ ဝယ်ထားကြတာမို့လို့ဆိုပြီး ဆင်ခြေပေးကြပါတယ်။

အလားတူ တင်သွင်းလာတဲ့ ကုန်ကြမ်းဈေးနှုန်းတွေကျလို့ဆိုပြီး မြန်မာပြည်တွင်း ထွက်ကုန်တွေလည်း ဘာတစ်ခုမှ ဈေးချရောင်းတာ မတွေ့ကြရပါဘူး။ ပြောရရင် နိုင်ငံခြားငွေတန်ဖိုးတွေကျပြီး မြန်မာကျပ်ငွေတန်ဖိုး အတော် မြင့်တက်လာပေမဲ့ ပြည်သူလူထုကြီး တစ်ရပ်လုံး အဲဒီအကျိုးကျေးဇူး မခံစားရပါဘူး။ အပြိုင်အဆိုင်နဲ့ မြန်မြန်ဆန်ဆန် ရောင်းချကြတဲ့ လောင်စာဆီဈေးနှုန်းလောက်ပဲ ထိုက်သင့်သလောက် ဈေးကျတာ တွေ့မြင်ရပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေလက်ခံရတဲ့ လခစားတွေ၊ ဝန်ဆောင်မှုပေးနေသူတွေ၊ ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်း လုပ်နေသူတွေအားလုံးလည်း နိုင်ငံခြားငွေ ဈေးကျတဲ့ဒဏ်ကို ခံရပါတယ်။ သူတို့ရတဲ့ နိုင်ငံခြားငွေကို မြန်မာကျပ်ငွေ ဖလှယ်လိုက်ရင် အရင်ကထက် တန်ဖိုးလျော့နည်း ရကြလို့ဖြစ်ပြီး ဝန်ထမ်းလခလိုမျိုးကိုတော့ မြန်မာကျပ်ငွေနဲ့ ပေးချေကြရလို့ပါပဲ။

အခုလို နိုင်ငံခြားငွေတန်ဖိုး ဆက်တိုက်ကျဆင်းတဲ့ကာလတလျှောက် ဗဟိုဘဏ်က ဘာမှ ကြားဝင်ဆောင်ရွက်တာ မတွေ့ရဘဲ လက်ပိုက်ကြည့်နေတာ တွေ့ရပါတယ်။ တကယ်တော့ ကျပ်ငွေတန်ဖိုး ကျဆင်းနေရင် ဗဟိုဘဏ်အနေနဲ့ ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေထုတ်ရောင်းပြီး ဆွဲတင်ဖို့ဆိုတာ အလွန် ခက်ခဲပါတယ်။ အကြောင်းကတော့ ဗဟိုဘဏ်မှာ ကျပ်ငွေတန်ဖိုး မြှင့်တင်ဖို့အထိ နိုင်ငံခြားငွေ အလုံအလောက် မသုံးနိုင်လို့ပါ။

ဒါပေမဲ့ ကျပ်ငွေတန်ဖိုး အလွန်အမင်းမြင့်တက်နေရင်တော့ ပြန်ကျသွားအောင် ချပေးဖို့ကတော့ လွယ်ကူပါတယ်။ ဗဟိုဘဏ်ဟာ ဈေးကွက်ထဲက ဒေါ်လာနဲ့ နိုင်ငံခြားငွေတွေကို ကျပ်ငွေအသုံးပြုပြီး လိုအပ်သလောက် ဝယ်ယူနိုင်လို့ပါပဲ။ ဘယ်လောက်ပမာဏကိုမဆို ဝယ်ယူနိုင်ပြီး အဲဒီဒေါ်လာငွေတွေကို တိုင်းပြည်ကလိုတဲ့ နေရာတွေမှာ သုံးနိုင်သလို နောင် ကျပ်ငွေတန်ဘိုး မတန်တဆကျဆင်းသွားခဲ့ချိန် ထုတ်ရောင်းပြီး ကျားကန်ရာမှာလည်း သုံးနိုင်လို့ပါပဲ။

အခုလောလောဆယ်မှာတော့ ဗဟိုဘဏ်ဟာ မတ်လ ၁၀ ရက်က ဈေးကွက်ထဲက ဒေါ်လာ ၉ သန်းလောက် ဝယ်ယူပြီး နိုင်ငံခြားငွေတန်ဖိုးမြင့်တက်အောင် လုပ်ပေးလိုက်ပါတယ်။ ဒါကြောင့် အဲဒီတစ်ရက်တည်း ဒေါ်လာဈေးဟာ တစ်ဒေါ်လာ ကျပ်ငွေ ၅၀ ကနေ ကျပ် ၆၀ အကြား ခုန်ပြီး မြင့်တက်သွားတာ တွေ့မြင်ရပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်မှုအခြေအနေကြောင့် ဘာကဏ္ဍမှာ ဘယ်သူတွေ ထိခိုက်နစ်နာ ဆုံးရှုံးမှုရှိနေသလဲဆိုတာ အစိုးရရဲ့ စီးပွားရေးပေါ်လစီချမှတ်သူတွေ ဆွေးနွေးတိုင်ပင်သင့်ပါပြီ။ တကယ့်ဈေးကွက်ထဲက ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မူတည်ပြီး ဗဟိုဘဏ်ကနေ မြန်မာငွေကြေးတန်ဖိုးတည်ငြိမ်အောင်၊ ရှိသင့်တဲ့တန်ဖိုးမှာ ရှိနေအောင် ဝင်ရောက် ကိုင်တွယ် ဖြေရှင်းအောင် ညွှန်ကြားဖို့ အချိန်ကျရောက်နေပြီဖြစ်ကြောင်းပါ။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.