မြစ်ဆုံ ဒုတိယအစီရင်ခံစာကို သမ္မတထံ တင်သွင်းပြီးဖြစ်သော်လည်း ပြန်လည် မတုံ့ပြန်သေး

ရဲမွန်

ကချင်ပြည်နယ်သို့ တရုတ်သံအမတ်သွားရောက်ပြီးနောက် အသံများ ပြန်လည်ဆူညံလာသော မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး ကချင်နိုင်ငံရေးပါတီများက ကန့်ကွက်မှုများ ရှိနေသော်လည်း အစိုးရကမူ တရားဝင် ထုတ်ပြန်ပြောကြားမှု တစ်စုံတစ်ရာ မရှိသေးပေ။ ထို့ပြင် ရပ်ဆိုင်းထားသည်မှာ ၇ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သည့် စီမံကိန်းနှင့် ပတ်သက်ပြီး လက်ရှိအစိုးရက ဖွဲ့စည်းပေးထားသည့် လေ့လာသုံးသပ်ရေးကော်မရှင်ကလည်း အစီရင်ခံစာများ တင်သွင်းထားပြီးဖြစ်သည်။

ကချင်ပြည်နယ်ရှိ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ရန် ဖွဲ့စည်းပေးထားသည့် မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေးကော်မရှင်၏ ထိုအစီရင်ခံစာများကိုပင် အစိုးရက ပြန်လည်တုံ့ပြန်ခြင်းမရှိသေးဟု သိရသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအပါအဝင် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော်ရန် လျာထားခြင်းခံရသည့် ရေအားလျှပ်စစ်စီမံကိန်းများအတွက် ပြည့်စုံတိကျသည့် ဒုတိယအစီရင်ခံစာကို ၂ဝ၁၈ ခုနှစ်အတွင်း၌ သမ္မတထံ ကော်မရှင်က ပေးပို့ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်နေ့က ကော်မရှင်၏ ပထမဦးဆုံးအစီရင်ခံစာကို သမ္မတထံ တင်သွင်းခဲ့သော်လည်း မပြည့်စုံသေးသည့်အတွက် ဒုတိယအစီရင်ခံစာကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ သို့သော် သမ္မတက ညွှန်ကြားမှုများ ပြန်လည် မပြုလုပ်သည့်အတွက် ကော်မရှင်၏ လုပ်ငန်းစဉ်များ ရပ်တန့်နေရသည်ဟု ကော်မရှင်အဖွဲ့ဝင်ဖြစ်သည့် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက Frontier ကို ပြောသည်။

လျှပ်စစ်ဓာတ်အားပမာဏ ၆,၄ဝဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အမေရိကန် ဒေါ်လာ ၃ ဒသမ ၆ ဘီလျံတန်ဖိုးရှိသည့် မြစ်ဆုံစီမံကိန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်ခဲ့သည့် တပ်မတော်အစိုးရနှင့် တရုတ်ကုမ္ပဏီ ဖြစ်သည့် CPI (ယခု Upstream Ayeyarwaddy Confluence Basin Hydropower Company) တို့အကြား နားလည်မှုစာချွန်လွှာကို ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။

သို့သော် လုပ်ငန်းများ စတင်ခဲ့ပြီးနောက်မကြာမီတွင် ဒေသခံများနှင့် တစ်နိုင်ငံလုံးမှ တတ်သိပညာရှင်များက ဝေဖန်ကန့်ကွက်ခဲ့မှုကြောင့် ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သည့် ၂ဝ၁၁ ခုနှစ် စက်တင်ဘာတွင် စီမံကိန်းကို ၎င်းတို့အစိုးရသက်တမ်းအတွင်း ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ထိုစီမံကိန်းအတွက် ကော်မရှင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စီမံကိန်းအား တရုတ်ဘက်က ပြန်လည်စတင်လိုသည်ဟု အသံများ ပေါ်ထွက်လာသလို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြစ်ကြီးနားသို့ တရုတ်သံအမတ်ကြီး သွားရောက်ခဲ့အပြီးတွင် မြစ်ဆုံနှင့် ပတ်သက်သည့် ပြောဆိုမှုများ ပိုမိုကျယ်လောင်လာသည်။

မြန်မာနိုင်ငံရှိ တရုတ်သံရုံးက တရုတ်သံအမတ်ကြီး ဟုန်လျန်၏ ကချင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ရာတွင် မြစ်ဆုံစီမံကိန်းအကြောင်းအရာလည်း ပါဝင်ခဲ့သည်။ ၇ နှစ်ကြာ ရပ်ဆိုင်းခဲ့သည့် မြစ်ဆုံစီမံကိန်းပြဿနာကို မဖြေရှုှင်းဘဲ အချိန်ဆွဲထားပါက တရုတ်ကုမ္ဗဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြုပ်နှံရန် ယုံကြည်စိတ်ကို ဆိုးရွာစွာ ထိခိုက်နိုင်သည်ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် “ကချင်ပြည်နယ်ဒေသခံ တိုင်းရင်းသားပြည်သူများသည် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်မှုမရှိကြောင်း၊ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်မှာ ပြင်ပမှ လူနှင့်အဖွဲ့အစည်းဖြစ်ပါကြောင်း” ကချင်ပြည်နယ်မှ နိုင်ငံရေးပါတီနှင့် လူမှုရေးအဖွဲ့အစည်း ခေါင်းဆောင်များက သံအမတ်ကြီးကို ပြောကြားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်ပါ အဆိုပါ အချက်အလက်များကို တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံခဲ့သည့် ကချင်နိုင်ငံရေးပါတီခေါင်းဆောင် အများစုနှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တို့က ငြင်းပယ်လိုက်ပြီး ၎င်းတို့အနေဖြင့် ထိုသို့ ပြောကြားခဲ့ခြင်း မရှိဟု ဆိုကြသည်။

ထို့ပြင် ကချင်နိုင်ငံရေးပါတီများ ပူးပေါင်းရေးဦးဆောင်ကော်မတီကလည်း ဇန်နဝါရီ ၁၄ ရက်တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် မြစ်ဆုံရေကာတာစီမံကိန်းနှင့် ပတ်သက်၍ ထာဝရ ရပ်ဆိုင်းထားရှိရန် မူဝါဒသဘောထားရှိကြောင်း ဖော်ပြထားသည်။

“တရုတ်သံရုံးကိုတော့ တိုက်ရိုက်ကန့်ကွက်သွားမှာမဟုတ်ပါဘူး။ အခုထုတ်ပြန်ချက်ကို သူတို့တွေ့ရင်တော့ သဘောထား ဘယ်လိုရှိလဲဆိုတာ သူတို့သိမှာပါ”ဟု အဆိုပါကော်မတီတွင် ပါဝင်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ မနမ်တူးဂျာက ပြောသည်။

သို့သော် ကချင်ပြည်နယ်အခြေစိုက် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးရွှေမင်းက ၎င်းအနေဖြင့် တရုတ်သံအမတ်နှင့်တွေ့ဆုံစဉ် စီမံကိန်းကို မကန့်ကွက်ကြောင်း ပြောကြားခဲ့ပြီး ကန့်ကွက်သူများအနေဖြင့် အစိုးရဘက်က ပေးလျော်ရမည့် လျော်ကြေးပမာဏကို ထည့်သွင်း စဉ်းစားကြရန် လိုအပ်သည်ဟု ဆိုသည်။

လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သည့် ကော်မရှင်အနေဖြင့် မေခနှင့်မလိခ ပေါင်းဆုံရာနေရာတွင် အကောင်အထည်ဖော်မည့် မြစ်ဆုံစီမံကိန်း၊ မေခမြစ်ပေါ်တွင် အကောင်အထည်ဖော်ရန် သတ်မှတ်ထားသည့် ချီဖွေ၊ ဖီဆော၊ ခေါင်လံဖူး၊ ဝူစုပ်နှင့် ရေနမ်စီမံကိန်း၊ မလိခမြစ်ပေါ်တွင် အကောင်အထည်ဖော်မည့် လာဇာစီမံကိန်းများနှင့် ပတ်သက်သည်များကို ဒေသခံများ၏သဘောထားများအပါအဝင် လေ့လာစိစစ်သုံးသပ်ရန် သမ္မတက တာဝန်ပေးအပ်ထားသည်။

ကော်ရှင်က ပထမအစီရင်ခံစာနှင့် ဒုတိယအစီရင်ခံစာပြုစုရာတွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး တရုတ်ကုမ္ပဏီဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြောင်းနှင့် ကော်မရှင်က သိလိုသည့်အချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်ဟု မိကွန်ချမ်းက ဆိုသည်။

”အခုထိတော့ ကျွန်မတို့ကိုဘာဆက်လုပ်ရမယ်ဆိုတာမျိုးတော့ ညွှန်ကြားထားတာမျိုးမရှိဘူး။ ကျွန်မတို့ကို ဘာမှ အကြောင်းကြားတာမျိုးကို မရှိပါဘူး။ အစီရင်ခံစာက ကော်မရှင်ဘက်က မထုတ်ပြန်ဘူးလေ”ဟု ၎င်းက ပြောသည်။

အစီရင်ခံစာနှင့် ပတ်သက်ပြီး သမ္မတရုံးနှင့် အစိုးရက လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။

ထို့ပြင် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲမတိုင်မီက ၎င်းတို့ပါတီအနိုင်ရရှိခဲ့ပါက မြစ်ဆုံ စီမံကိန်းစာချုပ်ကို ပြည်သူအား ချပြမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိသေးပေ။

တပ်မတော်အစိုးရနှင့် တရုတ်တို့ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာအရ မြစ်ဆုံစီမံကိန်းမှ ရရှိမည့် လျှပ်စစ်ဓာတ်အားပမာဏ အများဆုံး ၁ဝ ရာခိုင်နှုန်းအထိသာ မြန်မာနိုင်ငံက အခမဲ့ရရှိမည်ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဒေသခံကျေးရွာများအား နေရာသစ်သို့ ရွှေ့ပြောင်းထားပြီးဖြစ်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.