မြစ်ဆုံအလွန်(သို့မဟုတ်)အိပ်ပျော်နေသော ချီဖွေစီမံကိန်း

ပြည်သူများက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကိုသာ အာရုံစိုက်နေချိန်တွင် Frontier သည် ဧရာဝတီ မြစ်ဆုံ မြောက်ပိုင်းရှိ ဆည် ၆ ခုမှ တစ်ခုသို့ သွားရောက်ခဲ့သည်။ ယင်းစီမံကိန်းသည် ကေအိုင်အို နှင့် တပ်မတော်ကြား ပဋိပက္ခများ အေးငြိမ်းသွားပါက အချိန်မရွေး ပြန်လည်စတင်နိုင်သည်။ 
ရဲမွန် ရေးသားသည်။
(ဤဆောင်းပါးကို Pulitzer Center on Crisis Reporting က ထောက်ပံ့ထားပါသည်။)
ကချင်ပြည်နယ်တစ်နေရာရှိ ခေတ်မီလှသော ဓါတ်ဆီဆိုင်ကြီးတစ်ခုသည် အသုံးပြုသူမရှိဘဲ စွန့်ပစ်ခံထားရသည်။ 
ဆီပိုက်ခေါင်းက ကွန်ကရစ် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေပြီး ပိုက်၏အဆုံးတွင် ဓါတ်ဆီဖြည့်စက်က အရိုးတံသာ ကျန်သည်။ အပေါ်တွင် ယခင်က အမိုးဖြစ်ဟန်တူသော စတီးဘောင်ကြီးကို တွေ့ရသည်။ ဘေးနားတွင်ရှိသော တိုက်ငယ်လေးထဲတွင် အမှိုက်များ မှန်ကွဲစများကိုသာ တွေ့ရသည်။ မုတ်သုံရာသီ၏ မှိုင်းပျပျ အလင်းရောင်က အထဲကို ကျနေသည်။ 
အဆိုပါဆီဆိုင်သည် မေခမြစ်ပေါ်ရှိ ချီဖွေရေအားလျှပ်စစ် စီမံကိန်းတွင် အသုံးပြုမည့် ဆောက်လုပ်ရေး ယာဉ်များကို ဓါတ်ဆီဖြည့်ပေးရန် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဓာတ်အား ၃၄၀၀ မဂ္ဂါဝပ် ထုတ်ရန်ရည်ရွယ်ခဲ့သည့ချီဖွေဆည်သည် တရုတ် မြန်မာ ဖက်စပ် Upstream Ayeyawady Confluence Basin Hydropower Co. Ltd က ဧရာဝတီမြစ် အထက်ပိုင်း ကချင်ပြည်နယ်တွင် တည်ဆောက်ရန် စီစဉ်ထားသော ဆည် ၇ ခုတွင် ဒုတိယ အကြီးဆုံး ဖြစ်သည်။ 
၂၀၁၀ ဒီဇင်ဘာ တွင် တည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ပြီစီးမည်ဟု ရည်ရွယ်ခဲ့သည်။ တည်ဆောက်ရေး လုပ်ငန်းစတင်ပြီး ၆ လခန့်တွင် ကေအိုင်အို နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီး ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားသည်။ ၂၀၁၂ ခုနှစ် ဧပြီလတွင် KIO ၏ လက်နက်ကိုင် အဖွဲဖြစ်သော Kachin Independence Army က ဆည်တည်ဆောက်ရာ နေရာကို နယ်ခြားစောင့်တပ်ထံမှ သိမ်းယူခဲ့သည်။ အသက်သေဆုံးမည်ကို ကြောက်သောကြောင့် ရာချီသော တရုတ် အလုပ်သမားများသည် အနီးက ချီဖွေသို့ ထွက်ပြေးသွားကြသည်။ စီမံကိန်းလည်း  ရပ်ဆိုင်းထားလိုက်ရသည်။ 
အိပ်ဆောင်များနှင့် ရုံးခန်းများသည် စတီးဘောင်များသာ ရှိတော့သည်။ နံရံများသည်လည်း ဆွေးမြေ့လျက်။ တောင်ကုန်းများတွင်လည်း လှိုဏ်များ ပေါက်နေသည်။ တရုတ် အလုပ်သမားများက ကျောက်သားများ၏ အမာအပျော့ကို စစ်ဆေးရန် တူးထားခြင်း ဖြစ်သည်။ 

ချီဗွေစီမံကိန်းဧရိယာအတွင်းရှိ လှိုဏ်ခေါင်းတစ်ခုတွင် တွေ့ရသော ကေအိုင်အေ စစ်သားတစ်ဦး။ဓာတ်ပုံ-ခွန်လတ်

ချီဗွေစီမံကိန်းဧရိယာအတွင်းရှိ လှိုဏ်ခေါင်းတစ်ခုတွင် တွေ့ရသော ကေအိုင်အေ စစ်သားတစ်ဦး။ဓာတ်ပုံ-ခွန်လတ်


တရုတ်တို့၏ ရည်မှန်းချက်
ချီဖွေ ဆည်စီမံကိန်းလုပ်ငန်းခွင်တွင် ကျန်ခဲ့သော အရာများကို ကြည့်ရှုခြင်းဖြင့် တရုတ်တို့၏ ရည်မှန်းချက်ကို သိရှိနိုင်သည်။ စီးပွားရေး ပိတ်ဆို့မှုများကြောင့် မြန်မာနိုင်ငံ အထီးကျန်နေခိုက် ယူနန်ပြည်နယ်တွင် လျှပ်စစ်မီး မလုံလောက်မှုကို ခံစားနေရချိန် ၂၀၀၀ ခုနှစ် အစောပိုင်းတွင် ဆည် ၇ ခု ဆောက်လုပ်ရန် တရုတ်က ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ 
၂၀၀၅ ခုနှစ်တွင် China Power Investment Corporation နှင့် မြန်မာနိုင်ငံမှ လုပ်ငန်းစုဖြစ်သော Asia World သည် မြန်မာ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ငန်းတစ်ခု တည်ထောင်လိုက်သည်။ မက်ဂါဝပ် ၂၀ ၀၀၀ အထိ ထုတ်လုပ်နိုင်မည့် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံတန် ဆည် ၇ ခုကို တည်ဆောက်ရန် သဘောတူညီခဲ့ခြင်းဖြစ်သည်။အဆိုပါပမာဏသည် မြန်မာနိုင်ငံ လက်ရှိထုတ်နေသော လျှပ်စစ်ပမာဏထက် ၄ ဆ ခန့် ပိုမိုများပြားသည်။ ၈ ခုမြောက် ဆည်ဖြစ်သော ၉၉ မက်ဂါဝပ် ထုတ်လုပ်မည့် ဆည်ကို ချီဖွေချောင်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ချီဗွေချောင်းသည် မေခမြစ်၏ လက်တက်တစ်ခုဖြစ်ပြီး ၎င်းမှ ရရှိသော လျှပ်စစ်ကို မြစ်ဆုံ စီမံကိန်းနှင့် ချီဖွေစီမံကိန်း တည်ဆောက်ရာတွင် အသုံးပြုရန်ရည်ရွယ်သည်။ 
ထိုဆည်များက လူနေမှုဘဝများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်သော်လည်း စစ်အစိုးရလက်ထက်တွင် နှုတ်ဆိတ်နေခဲ့ကြရသည်။သို့သော် ၂၀၁၁ ခုနှစ်တွင် အရပ်သားတစ်ပိုင်းအစိုးရ တက်လာသောအခါ လွတ်လပ်မှုများ ပိုမိုရှိလာခဲ့သည်။ တက်ကြွလှုပ်ရှားသူများက မဂ္ဂါဝပ် ၆၀၀၀ ထုတ်လုပ်မည့် မြစ်ဆုံဆည်ကို ဆန့်ကျင်လာကြသည်။ မေခနှင့် မလိခ မြစ်တို့ ဆုံရာအောက်တွင် တည်ဆောက်မည့် ဆည်မှာ အကျိုးဆက်အဖြစ် စင်ကာပူ နိုင်ငံ အကျယ်အဝန်းခန့် မြေနေရာကို ရေဖုံးလွှမ်းသွားမည် ဖြစ်သည်။
အများပြည်သူက ဆန့်ကျင်သောကြောင့် သမ္မတ ဦးသိန်းစိန်သည် မြစ်ဆုံဆည် တည်ဆောက်မှုကို ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ရပ်ဆိုင်းခဲ့သည်။ တည်ဆောက်နေသော တရုတ် ကုမ္ပဏီက State Power Investment Corporation ဟု အမည်ပြောင်းပြီး ယင်းစီမံကိန်း ပြန်လည်စတင်နိုင်ရန် နိုင်ငံရေး သမားများကို တွန်းအားပေး ဆွဲဆောင်နေခဲ့သည်။ သို့သော် မြစ်ဆုံဆည်ကို ပြန်လည်စတင်နိုင်မည့် အလားအလာက ဝေးကွာလျှက် ရှိသည်။ 
မြစ်ဆုံဆည်မှအပ အခြားဆည် ၆ ခုကိုမူ အများပြည်သူက အာရုံမကျလှပေ။ ဝေးလံခေါင်ဖျားပြီး မြစ်ဆုံဆည်လောက် ပမာဏ မများပြားသောကြောင့် ဖြစ်သည်။ ချီဖွေဆည်သည်လည်း ၂၈ စတုရန်း ကီလိုမီတာ ဧရိယာကို ရေလွှမ်းမိုးနိုင်ပြီး ဆည်၏ နံရံသည် ၂၀၆ မီတာမြင့် သည်။အဆိုပါအမြင့်သည် မြစ်ဆုံထက် ၆၅ မီတာ ပို၍ပင် မြင့်သည်။ 
သို့သော် ဦးသိန်းစိန် အစိုးရသည် မြစ်ဆုံဆည်ကိုသာ ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ 
တပ်မတော်နှင့် KIO တို့ကြား ပဋိပက္ခကို ဖြေရှင်းနိုင်ပါက SPIC နှင့် ၎င်း၏ မိတ်ဖက် ကုမ္ပဏီများသည် ကျန်ဆည် ၆ ခုတွင် တည်ဆောက်ရေး လုပ်ငန်းကို ပြန်လည်စတင်နိုင်မည် ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် စွန့်ပစ်ထားသော ချီဖွေဆည် တည်ဆောက်ရေး လုပ်ငန်းခွင်သည် တရုတ်အလုပ်သမားများ၊ ဆောက်လုပ်ရေးနှင့်ထောက်ပံ့ရေးကားများဖြင့် ပြန်လည်စည်ကားလာမည် ဖြစ်သည်။ 

စွန့်ပစ်ခံထားရသောစီမံကိန်းတည်ဆောက်ရေးပစ္စည်းအချို့။ ဓာတ်ပုံ-ခွန်လတ်

စွန့်ပစ်ခံထားရသောစီမံကိန်းတည်ဆောက်ရေးပစ္စည်းအချို့။ ဓာတ်ပုံ-ခွန်လတ်


ရေအားလျှပ်စစ်စီမံကိန်းတွေ ပြန်လာတော့မလား
မြစ်ဆုံဆည် စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ် ဖွံ့ဖြိုးရေးများ ရပ်တန့်သွားပြီး ဦးသိန်းစိန် အစိုးရသည် သဘာဝဓါတ်ငွေ့ဖြင့် လျှပ်စစ်ထုတ်ခြင်းကိုသာ အားကိုးလာရသည်။ 
ရေအားလျှပ်စစ် စီမံကိန်းများ သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုလိုက်လျောညီထွေ ဖြစ်လာစေရန် ကမ္ဘာ့ဘဏ်အဖွဲ့ဝင်ဖြစ်သည့် သြစတြေးလျ အစိုးရ၏ ထောက်ပံ့ကူညီရေး အဖွဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း သည် ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ရေအားလျှပ်စစ် ကဏ္ဍအတွက် Strategic Environmental Assessment မူကြမ်းကို ရေးဆွဲပေးခဲ့သည်။ SEAမူကြမ်းသည် ရေအားလျှပ်စစ် ကဏ္ဍ၏ ခြုံငြုံအမြင်ကို ဖော်ပြပေးပြီး မြစ်ဝှမ်းများ အားလုံးကို စစ်ဆေးပြီး ရေအားလျှပ်စစ် စီမံကိန်းများ လုပ်ဆောင်ပါက ဖြစ်ပေါ်လာနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို သုံးသပ်ထားသည်။ ၎င်းသည် အစိုးရ၏ အစီအစဉ်များကို လမ်းညွှန်ပေးနိုင်ရုံသာမက ပုဂ္ဂလိက ကဏ္ဍအတွက် လမ်းညွှန်မှုများပါ ပါဝင်သည်။ စီမံကိန်းတွင် ပါဝင်သူများကို နားလည်စေခြင်း ၊စီမံကိန်းကြောင့် ဖြစ်လာနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေး ထိခိုက်မှုများကို သုံးသပ်ပေးထားခြင်း စီမံကိန်းများ လုပ်ဆောင်ရန် မည်သည့် မြစ်များ၏ မြစ်ဆုံများက သင့်တော်သည်ကို ဖော်ပြထားသည်။ 
SEA၏နောက်ဆုံး စာတမ်းသည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိလာပြီး စာတမ်းမူကြမ်းနှင့်ကွဲပြားသော အရေးပါသည့် အပြောင်းလဲတစ်ခု ပါလာခဲ့သည်။ ၎င်းမှာ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၏ အမှတ်တံဆိပ် ပါမလာတော့ခြင်း ဖြစ်သည်။ 
အဓိပ္ပါယ်မှာ ဝန်ကြီးဌာနက ထိုသုံးသပ်ချက်က ကမ်းလှမ်းထားသော အဓိက အချက်များကို လိုက်နာရန် ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။ အဓိက အကြံပြုချက်များမှာ ဧရာဝတီနှင့် သံလွင်အပါအဝင် မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီး ၅ ခုတွင် မည်သည့် ရေအားလျှပ်စစ် စီမံကိန်းမှ မလုပ်ဆောင်ရန် အကြံပြုထားသည်။ 
ထိုသို့လုပ်ဆောင်ပါက တရုတ်နိုင်ငံပိုင် ကုမ္ပဏီများက ကြံရွယ်ထားသော ဒေါ်လာဘီလီယံချီတန်သည့် ရေအားလျှပ်စစ် စီမံကိန်း ရင်းနှီးမြုပ်နှံမှုများ ပိတ်ဆို့သွားမည်ဖြစ်သည်။၎င်းတို့သည် SEA ၏ အကြံပြုချက်များအတိုင်း မလုပ်ဆောင်နိုင်ရန် အာဏာပိုင်များကို ပေါ်ထင်တစ်မျိုး တံခါးပိတ်၍တစ်မျိုး ဆွဲဆောင်ခဲ့ကြခြင်းဖြစ်သည်။ 
၂၀၁၈ ခုနှစ် နှစ်ဝက်ခန့်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနသည် တရုတ်အစိုးရ၏ နည်းပညာ အကူအညီဖြင့် ရေအားလျှပ်စစ် မူဝါဒသစ်တစ်ခုကို တိတ်တဆိတ် ချမှတ်ခဲ့သည်။ 
အဆိုပါမူဝါဒကို တရုတ်နိုင်ငံက ချမှတ်ပေးခြင်းဖြစ်ရာ  မြစ်ဆုံနှင့် ချီဖွေစီမံကိန်းကြီးများသည် ရှေ့ဆက်နိုင်ရန် အလားအလာ ပိုမိုကောင်းမွန်သွားခဲ့သည်။ သို့မဟုတ်ပါက ထိုစီမံကိန်းများ၏ အလားအလာသည် အလှမ်းဝေးနေဦးမည်။ 
ထိုသို့ဖြင့် SPIC နှင့် တရုတ်အစိုးရသည် ပြည်သူများ နှစ်သက်မှုမရှိသော ထိုစီမံကိန်းများ လုပ်ဆောင်ရန် ပိုမိုအင်တိုက်အားတိုက် တွန်းအားပေးလာသည်။
ဤဆောင်းပါးအတွက် SPIC ကို ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။ 

စွန့်ပစ်ခံထားရသောစီမံကိန်းတည်ဆောက်ရေးပစ္စည်းအချို့။ ဓာတ်ပုံ-ခွန်လတ်

စွန့်ပစ်ခံထားရသောစီမံကိန်းတည်ဆောက်ရေးပစ္စည်းအချို့။ ဓာတ်ပုံ-ခွန်လတ်

ကန့်ကွက်နိုင်စွမ်း မရှိပါ
SPIC ပါဝင်ပတ်သက်နေသည့် ဖက်စပ်လုပ်ငန်းကို ကိုယ်စားပြုသည့် Asia World ကုမ္ပဏီ၏ ကိုယ်စားလှယ်များနှင့် မြန်မာအစိုးရသည် မန်တုံ ရွာသို့ ၂၀၀၇ ခုနှစ်တွင် ရောက်လာခဲ့ပြီး ချီဖွေ စီမံကိန်းနှင့် ပတ်သက်ပြီး လာရောက်ဆွေးနွေးခဲ့ကြောင်း အုပ်ချုပ်ရေးမှူးဟောင်း Dawng Hkawng က ပြောပြသည်။ 
စီမံကိန်းသည် ဒေသခံများကို အခက်အခဲ မဖြစ်စေသောကြောင့် ထောက်ခံကြသည်ဟု ၎င်းကဆိုသည်။ သို့သော် လက်တွေ့တွင် သူတို့တွင် ကန့်ကွက်နိုင်စွမ်းလည်း မရှိပါ။
“ ကျွန်တော်တို့က မကန့်ကွက်ရဲဘူး။ သူတို့က ကျွန်တော်တို့ထက် သြဇာအာဏာ ကြီးတယ်။ ကျွန်တော်တို့ ဆန့်ကျင်လိုက်ရင် ပြဿနာ ဖြစ်လာလိမ့်မယ်။ အဲဒီတုန်းက စစ်အစိုးရ လက်ထက်လေ” ဟု ဒေသခံ တစ်ဦးက ပြောသည်။ 
သို့သော် စီမံကိန်းအကြောင်း ပိုမိုသိရှိလာသောအခါ ကန့်ကွက်မှုများ ရှိလာသည်။ Asia World ကုမ္ပဏီသည် ဒေသခံများကို စွန့်ပစ်ထားသော မန်တုံ ရွာဟောင်းသို့ ပြောင်းရွေ့စေလိုသည်။ ထိုနေရာသည် တောင်ပေါ်တွင် တည်ရှိပြီး မော်တော်ဆိုင်ကယ်နှင့်ပင် သွားလာလို့ မရသောကြောင့် ဒေသခံများက ယင်းကမ်းလှမ်းချက်ကို လက်မခံကြပေ။
ယခင်က ရွာဟောင်းတွင်လူဦးရေ ၁၃၅ ယောက်ခန့် ရှိသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ထိုနေရာတွင် စစ်ပွဲများ ဖြစ်ပွားလာသောကြောင့် စွန့်ပစ်ပြီး ထွက်ပြေးသွားကြခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုလူများသည် ချီဖွေမြို့ရှိ ဒုက္ခသည် စခန်းတွင် နေထိုင်နေကြသည်။ ထိုနေရာတွင် လူမနေလိုကြသော်လည်း နေရာပြောင်းရွှေ့ရန်နှင့် စီမံကိန်းမြေတွင် ပါဝင်နေသူများအား လျော်ကြေးပေးရန် ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော် ရွာသားများက နေရာပြောင်းရွှေ့ရန် ငြင်းဆိုနေသောကြောင့် သူတို့ ရှေ့ဆက်မရခဲ့ပေ။ 
ကုမ္ပဏီများထံမှ ရွာသားများ ရရှိသော ငွေမှာ စီမံကိန်း အလုပ်သမားများ နေထိုင်ရန် ဆောက်လုပ်မည့် အိမ်များအတွက် ဝါးများ သယ်ပေးသောကြောင့် လူတစ်ယောက်ကို ကျပ်တစ်ထောင်စီပေးသော ငွေသာရှိသည်ဟု အုပ်ချုပ်ရေးမှုးဟောင်းက ဆိုသည်။ 
Lachik Lum Zawng သည် Asia World ကုမ္ပဏီနှင့် ထိခိုက်နစ်နာသွားသော ရွာသားများကြား စေ့စပ်ဆွေးနွေးမှုများကို လုပ်ဆောင်ပေးနေသော Lawngbyit Hkawng အရပ်ဘက် အဖွဲ့အစည်း၏ ခေါင်းဆောင် ဖြစ်သည်။ စီမံကိန်း၏ အနာဂတ်သည် ပဋိပက္ခများကြောင့် မရေရာ မသေချာ ဖြစ်နေခြင်းကြောင့် ကုမ္ပဏီသည် လျော်ကြေးပေးရေးအတွက် သဘောတူညီမှု တစ်ခုရရှိရန် အလျင်စလို လုပ်ဆောင်လိုခြင်း မရှိကြောင်း သူက ဆိုသည်။ 
ရွာသားများသည် ရွာပတ်ဝန်းကျင်တွင် တူးခဲ့သော လှိုဏ်များအတွက် လျော်ကြေးပေးစေလိုပြီး အများစုသည် စီမံကိန်းကို ဆက်လက်မလုပ်တော့ဘဲ ယခင်ဘဝကိုသာ ပြန်နေလိုကြကြောင်း၎င်းကဆိုသည်။
 “ကျွန်တော်တို့က အရင်အိမ်ဟောင်းကိုပဲ ပြန်နေလိုတယ်။ ဒါပေမဲ့ ပြန်လို့မရဘူး။ မြေမြုပ်မိုင်းတွေ ရှိနေတယ်။ စီမံကိန်းကြောင့် ဒေသခံတွေ မနစ်နာရအောင် အစိုးရက နည်းလမ်းတစ်ခု ရှာဖွေသင့်တယ်”ဟု Dawng Hkawng က ပြောပြသည်။ 
Asia World ၏ ပြောခွင့်ရသူက Asia World ကုမ္ပဏီသည်  စီမံကိန်းနှင့် ဆက်စပ်မှု မရှိတော့ကြောင်း ပြောပြီး အကျယ်တဝင့်မပြောချေ။

ချီဗွေဆည်စီမံကိန်းဧရိယာအတွင်းသို့ရောက်ရှိရန် မေခမြစ်တလျှောက် ဆန်တက်ခဲ့ရသည်။ ဓာတ်ပုံ-ခွန်လတ်

ချီဗွေဆည်စီမံကိန်းဧရိယာအတွင်းသို့ရောက်ရှိရန် မေခမြစ်တလျှောက် ဆန်တက်ခဲ့ရသည်။ ဓာတ်ပုံ-ခွန်လတ်


ခြေလှမ်းကြည့်လှမ်း
၂၀၁၀ ခုနှစ်တွင် SPIC က ချီဖွေရေကာတာကို စတင်တည်ဆောက်စဉ်က ကနဦးလုပ်ဆောင်ချက်များတွင် ပန်ဝါနယ်စပ်ဖြတ်ကျော်နေရာမှ ချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။ ပန်ဝါသည် နယ်ခြားစောင့်တပ် (ယခင်အခေါ် – New Democratic Army – Kachin) ၏ ဋ္ဌာနချုပ်တည်ရှိရာဖြစ်သည်။ ဆည်စီမံကိန်း ဧရိယာနယ်မြေကို ဤနယ်ခြားစောင့်တပ်က ထိန်းသိမ်းထားခဲ့သော်လည်း ၂၀၁၂ ခုတွင် KIO က သူတို့ကို ထိုနေရာမှ မောင်းထုတ်လိုက်သည်။ သို့သော် ပန်ဝါကိုတော့ ထိန်းချုပ်ထားဆဲပင်ဖြစ်သည်။ SPIC သည် ထိုချဉ်းကပ်လမ်းကို အသုံးပြု၍ အလုပ်သမားများနှင့် ဆောက်လုပ်ရေးပစ္စည်းများ တင်ဆောင်သည့် ထရပ်ကားကြီးများသွားရာတွင် အသုံးပြုခဲ့သည်။ ထိုဆောက်လုပ်ရေးပစ္စည်းများမှာ ထိုနေရာတွင် ယနေ့အထိရှိနေသေးသည်။ 
တိုက်ပွဲများကြောင့် စီမံကိန်းနေရာသို့သွားရန် အလွန်ခက်ခဲပြီး အန္တရာယ်လည်းများသည်။ ချီဖွေမြို့နှင့် စီမံကိန်းဧရိယာကို ဆက်သွယ်ရာလမ်းပေါ်မှ တံတားမှာ အမြောက်ကြီးများ ထိမှန်ပျက်စီးနေပြီး မည်သည့်ဘက်က ပစ်ခတ်ဖျက်ဆီးထားသည်ကိုတော့ မသိနိုင်ပေ။ ထိုနေရာဒေသတခုလုံး မြေမြုပ်မှိုင်းများ ပြန့်ကျဲရှိနေသည်။ 
Frontier သည် ချီဖွေမြို့မှမော်တော်ဘုတ်ဖြင့် KIO စစ်ဆေးရေး ဂိတ်စခန်းကိုသွားသည်။ ထိုဂိတ်မှ နောက်ထပ် စစ်ဆေးရေးဂိတ်တစ်ခုသို့ မော်တော်ဆိုင်ကယ်ဖြင့်သွားသည်။ 
ထိုနေရာမှ ၃ နာရီကြာ ခြေလျင်လမ်းလျှောက်ပြီး တောကိုဖြတ်၍ တောင်တစ်လုံးကို ကျော်လိုက်သောအခါ မေခမြစ်ကမ်းကို ဘွားကနဲတွေ့လိုက်ရသည်။ ထိုမြစ်ကမ်းဘေးမှ စီမံကိန်းနေရာရောက်အောင် လမ်းလျှောက်သွားရပြန်သည်။ 
လမ်းပြသည် ထိုတောင်ကျောလမ်းကို မှတ်ဉာဏ်ဖြင့် မှတ်ထားခြင်းဖြစ်သည်။ ခြေသွားလမ်းကြောင်းလည်းမရှိ မြေပုံကိုလည်း ဘယ်တော့မှမကြည့်ခဲ့ချေ။ 
“ကျွန်တော့်ခြေရာအတိုင်းလိုက်ခဲ့၊ ဒီနေရာမှာ မြေမြုပ်မိုင်းတွေ အများကြီးရှိတယ်။ မကြောက်ပါနဲ့။” သူက မကြောက်ပါနဲ့ပြောသော်လည်း ကျွန်တော်တော့ ကြောက်စိတ်ကို မနည်းထိန်းထားရပါသည်။ 
ထို့နောက် ချီဖွေမြို့ အခြားတစ်နေရာရှိ KIO တပ်မဟာ (၇) ဋ္ဌာနချုပ်တွင် တပ်မဟာ (၇) အတွင်းရေးမှူးဖြစ်သူ Minzai Ze Hkawng နှင့် သွားရောက်စကားပြောပါသည်။  တပ်မဟာ (၇) ၏ အရွယ်အစား အစစ်အမှန်ကို KIO စစ်ဗိုလ်တွေက ထုတ်ဖော်ပြောမပြကြသော်လည်း KIO စစ်တပ်တွင် အသေးငယ်ဆုံးတပ် ဖြစ်ပုံရပါသည်။ တပ်မဟာ (၁) နှင့် (၂) မှ တပ်သား (၁၀၀) ခန့်ဖြင့် အလှည့်ကျ တပ်သားအင်အားဖြည့်ပေးနေရပါသည်။ 
မန်တုံရှိ Minzai Ze Hkawng ၏ လယ်မြေနှင့်အိမ်ကို လွန်ခဲ့သော (၁၀) နှစ်လောက်ကတည်းက ချီဖွေရေကာတာတည်ဆောက်ရန် သိမ်းယူခံခဲ့ရသည်။ ထိုအချိန်က သူသည် နယ်ခြားစောင့်တပ် တပ်တွင် စစ်သားလေးတစ်ဦးဘဝသာ ရှိသေးသည်။ BGF တပ်မှာ ယခင်က NDA – K ကို အမည်ပြောင်းထားခြင်းဖြစ်ပြီး သြဇာအာဏာကြီးမားသော စစ်ဘုရင်တစ်ပါးဖြစ်သည့် ဇခုန်တိန့်ယိန်း ဦးဆောင်သောတပ်ဖြစ်သည်။ သူသည် ၂၀၁၅ရွေးကောက်ပွဲတွင်အနိုင်ရသော်လည်း ရွေးကောက်ပွဲမတရားပြုကျင့်မှုဖြင့်အမတ်အဖြစ်မှပြန်ရုပ်သိမ်းခံရသည်။
 စစ်အစိုးရက စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အဖြစ် အသွင်ပြောင်းရန် တောင်းဆိုမှုကို သူ၏ NDA – K တပ်က ပထမဆုံး လိုက်လျောခဲ့သည်။ သူ၏ လက်အောက်ခံတပ်ဖွဲ့ (၃) ဖွဲ့ကို 1001, 1002, 1003 ဟု သတ်မှတ်ပေးထားသည်။ ကေအိုင်အို ကတော့ တပ်မတော်၏အကြံကို လက်မခံကြချေ။ ထိုအကြောင်းကြောင့်ပင် တပ်မတော်နှင့် တင်းမာမှုများဖြစ်လာခဲ့ပြီး ၂၀၁၁ ဇွန်လတွင် အပစ်ရပ်စာချုပ် ပျက်ပြားသွားခဲ့တော့သည်။ 
၂၀၁၂ အစောပိုင်းတွင် ကေအိုင်အိုက မန်တုံ ကို ဝင်တိုက်သောအခါ နယ်ခြားစောင့်တပ်သည် ပန်ဝါသို့ ဆုတ်ခွာသွားသည်။ Minzai ZeHkawng က နယ်ခြားစောင့်တပ်နှင့်အတူ လိုက်မသွားတော့ဘဲ စစ်သားအချို့ကိုဦးဆောင်ကာ ကေအိုင်အိုတပ်နှင့် ပူးပေါင်းလိုက်သည်။ 
“ကျုပ်က ဇခုန်တိန့်ယိမ်း ကို မကြိုက်ဘူးဗျ။”ဟုကေအိုင်အိုနှင့်ပေါင်းရခြင်းအကြောင်းကိုသူကပြောသည်။ 
ဇခုန်တိန့်ယိမ်း သည် ဒေသခံတို့၏ အကျိုးစီးပွားထက် သူ့မိသားစုပိုင်ဆိုင်သော စီးပွားရေးလုပ်ငန်းများကိုသာ ဦးစားပေးလုပ်နေသည်ဟု သူကပြောပါသည်။ 

 ချီဗွေဆည်စီမံကိန်းဧရိယာအတွင်းရှိ ပျက်စီးယိုယွင်းနေသော တရုတ် ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ-ခွန်လတ်

ချီဗွေဆည်စီမံကိန်းဧရိယာအတွင်းရှိ ပျက်စီးယိုယွင်းနေသော တရုတ် ဆိုင်းဘုတ်တစ်ခု။ ဓာတ်ပုံ-ခွန်လတ်


နိုင်ငံရေးအရ မိမိကိုယ်ကို အဆုံးစီရင်မှု
DawngHkawng နှင့် မန်တုံ မှ ပြောင်းရွှေ့ပေးခဲ့ရသောဒေသခံများက သူတို့အနေဖြင့်ကေအိုင်အိုကိုထောက်ခံရခြင်းမှာ ဆည်တည်ဆောက်မှုကို ဆန့်ကျင်လိမ့်မည်ဟု ယူဆသောကြောင့်ဖြစ်သည်ဟု Frontier ကိုပြောပါသည်။ 
ကေအိုင်အိုအရာရှိများသည်လည်း ဆည်စီမံကိန်းများကို ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ဆန့်ကျင်ကြပုံရပါသည်။ 
“ချီဖွေစီမံကိန်း အကောင်အထည်ဖော်တာကို ကျွန်တော်တော့ မလိုလားဘူး။ဘယ်လိုဘဲဖြစ်ဖြစ် ဒီဆည်ကို ဆက်လုပ်ဖို့လည်း မဖြစ်နိုင်တော့ဘူးလို့ထင်တာဘဲ။ ဘာကြောင့်လဲဆိုတော့ မြေမြုပ်မိုင်းတွေက နေရာတကာမှာရှိနေတာ။ကျွန်တော်တို့တောင် သွားလို့မရဘူး “ဟု အမည်မဖော်လိုသော ကေအိုင်အို စစ်ဗိုလ်တစ်ယောက်က ပြောပါသည်။ 
သို့သော် မတ်လအတွင်းက Frontier လိုင်ဇာကိုသွားရောက်စဉ်အခါက ကေအိုင်အို ထိပ်ပိုင်းအရာရှိကြီးများသည် ချီဖွေနှင့် အခြားဆည်စီမံကိန်းများအကြောင်းကို ဆွေးနွေးပြောဆိုလိုကြပုံမရချေ။ 
“ဒီကိစ္စက နိုင်ငံရေးကစားကွက်ပဲ။ကျွန်တော်တို့အနေနဲ့တော့ တရုတ်အစိုးရကိုရော တရုတ်တွေရဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုရော ဝေဖန်မှုမပြုလိုဘူး၊ ဒီကိစ္စမှာ ကျွန်တော်တို့ကြားနေတယ်” ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ်ကပြောပါသည်။
ကေအိုင်အိုအဖို့က ဘေးကြပ်နံကြပ်အခြေအနေဖြစ်သည်။တရုတ်နယ်နိမိတ်နှင့်ထိစပ်နေသော နယ်မြေလေးတစ်စွန်းတစ်စပေါ်တွင် အမှီပြုနေရရာ၎င်းတို့မူဝါဒကို ပြောင်းလဲလိုက်လျှင် ရပ်တည်ဖို့အရေး အတော်ခက်ခဲသွားနိုင်သည်။ တရုတ်က သူတို့လုပ်ချင်လျှင် ကေအိုင်အို ဆက်လက်ရပ်တည်ဖို့ ခက်ခဲသွားအောင် သို့မဟုတ် ဆက်နေဖို့ပင် မဖြစ်နိုင်တော့အောင် အချိန်မရွေးလုပ်နိုင်ပေသည်။ 
တစ်ချိန်တည်းမှာပင် ကေအိုင်အို သည် ကချင်လူထု၏ ထောက်ခံအားပေးမှုကိုရနေသည်။ ကချင်ပြည်နယ်တွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများကို ကချင်လူထုက မလိုလားပေ။ အထူးသဖြင့် တရုတ်တို့တည်ဆောက်ပေးမည့် မြစ်ဆုံဆည်စီမံကိန်းကြီးကို ပို၍ပင် မလိုလားကြချေ။ 
“KIO အဖွဲ့သည် တရုတ်က မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော စီးပွားရေးစီမံကိန်းများကို ဆန့်ကျင်ခြင်းဖြင့် တရုတ်ကို ရန်သူလုပ်နိုင်လောက်အောင် အခြေအနေမရှိပါ “ဟု မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာ ဘာတေးလစ်တနာ ကပြောသည်။ 
“ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း ကချင်လူထုရော မြန်မာနိုင်ငံက ယေဘုယျလူထုအများစုကရော၊ မြစ်ဆုံဆည်ဆောက်မှာကို လက်မခံလိုကြပါဘူး၊ မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အဖွဲ့တစ်ဖွဲ့ကဖြစ်စေ မြစ်ဆုံတည်ဆောက်ရေးကို ထောက်ခံပါတယ်။ အခြားဆည်ကြီးတွေ တည်ဆောက်ရေးကို ထောက်ခံပါတယ်လို့ ထွက်ပြောရင်တော့ နိုင်ငံရေးအရ ကိုယ့်ကိုယ်ကို သေကြောင်းကြံတာပဲ” ဟု ၎င်းကပြောသည်။ 
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ဤသို့ချည်နှောင်ခံနေရသည်မှာ ကေအိုင်အို တစ်ဖွဲ့တည်းတော့ မဟုတ်ချေ။  ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ကို ၀ သွေးစည်းညီညွတ်ရေးတပ်မတော်UWSA ကဦးဆောင်ပြီး KIO အပါအဝင် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများဖြင့် ၂၀၁၇ ခုနှစ်ကဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့က တရုတ်နိုင်ငံက လုပ်ဆောင်နေသော ရပ်ဝန်းနှင့်လမ်းမအစီအစဉ် BRI ဖြင့် မြန်မာနိုင်ငံတွင် တရုတ်၏ရင်းနှီးမြုပ်နှံမှုများကို  ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ဤထောက်ခံမှုက ညွှန်ပြနေသည်။ 
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲအစည်းအားလုံးဟာ တရုတ်အပေါ်မှာ အမှီပြုနေကြရပါတယ်။ ဒါပေမဲ့ သူတို့ဟာ တရုတ်နဲ့ဒီလိုဆက်ဆံရေး ရှိနေရတာကို ကျေနပ်ပျော်ရွှင်နေကြတယ်ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါဘူး” – ဟု ဘာတေးကပြောပါသည်။ (အခန်းဆက်ဆောင်းပါးများအကြောင်း 
ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ တရုတ်၏ရင်းနှီးမြုပ်နှံမှုများအကြောင်း လေ့လာဆန်းစစ်မှု အခန်းဆက်ဆောင်းပါး၊ (၃) ပုဒ်အနက် ဤဆောင်းပါးမှာ ဒုတိယမြောက်ဆောင်းပါး ဖြစ်ပါသည်။ Pulitzer Center on Crisis Reporting က အကူအညီပေးပါသည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

 

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.