မြစ်ဆုံအတွက် စတုတ္ထမြောက် ရွေးချယ်စရာ နည်းလမ်းနှင့် တရုတ်နိုင်ငံ၏ အမြင်

မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအပေါ် အငြင်းပွားနေမှုများကို ဖြေရှင်းရန် အဆိုပြုချက်အပေါ် တရုတ်နိုင်ငံအတွင်း တုန့်ပြန်မှုအမျိုးမျိုး ရှိနေကြချိန်တွင် အဓိကအချက်မှာ ရင်းနှီးမြုပ်နှံခဲ့သော ဒေါ်လာ သန်းပေါင်းများစွာကို ပြန်လည်ရရှိရေးလည်း ပါဝင်သည်။

Yun Sun ရေးသားသည်။

ဇွန်လနှောင်းပိုင်းမှ စတင်ပြီး မြစ်ဆုံ ရေလှောင်တမံ စီမံကိန်းအတွက် စတုတ္ထမြောက် ရွေးချယ်စရာ နည်းလမ်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများကို မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် စိတ်ဝင်စားမှုများ တိုးမြင့်လာခဲ့သည်။ ဇွန် ၃၀ ရက်နေ့ထုတ် Frontier မဂ္ဂဇင်းတွင် Mr Joern Kristensen က ယင်းစတုတ္ထမြောက် ရွေးချယ်စရာ နည်းလမ်းအကြောင်း ရေးသားခဲ့သည်။ အငြင်းပွားနေသော ထိုစီမံကိန်းကို ဖျက်သိမ်းရန် ၎င်းက အကြံပေးထားပြီး မြန်မာနှင့် တရုတ်နိုင်ငံတို့အနေဖြင့် နှစ်ဦးသဘောတူသော အခြား ရေအားလျှပ်စစ် စီမံကိန်းများကိုသာ ဆက်လက် လုပ်ဆောင်သင့်သည်ဟု ပြောကြားထားသည်။

ထိုစတုတ္ထမြောက် ရွေးချယ်စရာ နည်းလမ်းကို ထောက်ခံသော အယ်ဒီတာအာဘော် ဆောင်းပါးကို နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဇူလိုင် ၂၄ ရက်နေ့တွင် ဖေါ်ပြခဲ့သည်။ ၎င်းမှာ ထိုအဆိုပြုချက်ကို အစိုးရက ထောက်ခံကြောင်း ညွှန်ပြခြင်းဖြစ်သည်ဟု အများက ရှုမြင်လျှက်ရှိကြသည်။ ထို့ပြင် ထိုအယ်ဒီတာ အာဘော်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr Wang Yi နှင့် ဗီယန်ကျန်းမြို့တွင် ကျင်းပသော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲတွင် တွေ့ဆုံသည့် တစ်နေ့တည်းမှာပင် ဖော်ပြခဲ့ခြင်းသည် မြန်မာအာဏာပိုင်များက မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကို ညင်သာစွာ သတင်းစကား ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ရှုမြင်ကြသည်။

Myanmar Institute for Integrated Development ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ Kristensen က ဇွန်လ ၁၆ ရက်နေ့ထုတ်Frontier မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော စည်သူအောင်မြင့်၏ ဆောင်းပါးကို ကိုးကားပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ ထိုဆောင်းပါးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ဇွန်လအတွင်းတွင် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သော ခရီးစဉ်အကြောင်း ဖြစ်သည်။ ထိုခရီးစဉ်တွင် သံအမတ်ကြီးက ပြောကြားရာတွင် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရွေးချယ်စရာ နည်းလမ်းသုံးခုရှိကြောင်း၊ တစ်ခုမှာ စီမံကိန်းကို ဖျက်သိမ်းပြီး လျော်ကြေးအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးလျော်ရန်၊ ဒုတိယတစ်ခုမှာ စီမံကိန်းကို ဆက်လက်လုပ်ဆောင်ပြီး လည်ပတ်သည့်အခါတွင် တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀၀ ဝင်ငွေအဖြစ် ရယူရန်နှင့် တတိယတစ်ခုမှာ ဘာမျှမလုပ်ဆောင်ဘဲ စီမံကိန်းကို ရပ်ဆိုင်းထားသည့် ကာလတစ်လျှောက်လုံး အတိုးအဖြစ် တစ်နှစ်လျှင် ဒေါ်လာ သန်း ၅၀ ပေးဆောင်ရန် ဖြစ်သည်။ ဤရွေးချယ်စရာ နည်းလမ်းအားလုံးသည် မြန်မာနှင့် တရုတ်နိုင်ငံတို့အတွက် ဆွဲဆောင်မှုမရှိသဖြင့် Kristensen က စတုတ္ထမြောက် ရွေးချယ်စရာ နည်းလမ်းကို အကြံပြုခဲ့ခြင်း ဖြစ်သည်။ ထိုအကြံပြုချက်မှာ စီမံကိန်းကို လုံးဝဖျက်သိမ်းပြီး နှစ်ဖက်သဘောတူညီသော တခြားစီမံကိန်းများသာ ဆက်လက် လုပ်ဆောင်ရန်ဖြစ်သည်။

ထိုစတုတ္ထ ရွေးချယ်စရာနည်းလမ်းကို တရုတ်နိုင်ငံမှ ရင်းနှီးမြုပ်နှံသူများနှင့် မူဝါဒချမှတ်သူများကြား တုန့်ပြန်မှုများမှာ မတူညီကြပေ။ အပြုသဘောဆောင်သောအချက်မှာ တရုတ်နိုင်ငံသည် မြစ်ဆုံစီမံကိန်းတွင် လှုပ်ရှားမှုတစ်ခုကို လိုချင်ကြသည်။ မည်သည့်လှုပ်ရှားမှုမျိုးမဆို ဖြစ်သည်။ သမ္မတ ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းအတွင်း ထိုစီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်မှာ လာမည့်လတွင် ငါးနှစ်ပြည့်ပြီ ဖြစ်သည်။ ထိုစီမံကိန်း၏ အလားအလာနှင့် ပတ်သက်၍လည်း မြန်မာအစိုးရက ရှင်းရှင်းလင်းလင်း ဖေါ်ပြ ပြောဆိုထားခြင်း မရှိပေ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တက်လာပြီးသည်အထိ စီမံကိန်း၏ အနာဂတ်အတွက် ဖြေရှင်းချက် မရသဖြင့် တရုတ်အစိုးရက ရှင်းလင်းသော အဖြေတစ်ခုကို ရရှိရေးအတွက် မဖြစ်မနေ လုပ်ဆောင်ရန် ဖြစ်လာခဲ့သည်။

စီမံကိန်းတွင် အဓိက ရင်းနှီးမြုပ်နှံသူဖြစ်သော China’s State Power Investment Corporation အတွက်  ဘဏ္ဍာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကြောင့်သာမက မြစ်ဆုံစီမံကိန်းသည် နှစ်နိုင်ငံဆက်ဆံရေးတွင် ဆူးညောင့်ခလုတ်များကို ဖြစ်ပွားစေနိုင်သောကြောင့် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ရှုထောင့်အရမူ စတုတ္ထ ရွေးချယ်စရာ နည်းလမ်းကို ပိုမိုသဘာဝကျသော သုံးသပ်ချက်ဖြစ်သည့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်ကိုသာ ရှုမြင်သည်။ ယင်းသုံးသပ်ချက်သည် တရုတ်နိုင်ငံက မြန်မာအစိုးရနှင့် ပြည်သူများကို တွန်းအားပေးနေသော အချက်နှင့်လည်း ကိုက်ညီနေသည်။ ၎င်းမှာ မြစ်ကြီးများ များစွာရှိနေပြီး လျှပ်စစ်ဓာတ်အား ချို့တဲ့နေသော နိုင်ငံတွင် ရေအားလျှပ်စစ် စီမံကိန်းများကို လိုအပ်နေမှုပင် ဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ရေအားလျှပ်စစ် ကုမ္ပဏီများသည် စီမံကိန်းအသစ်များကို ရှာဖွေနေသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားများ ပိုလျှံနေလျှက်ရှိပြီး မြန်မာနိုင်ငံနှင် စွမ်းအင် လိုအပ်နေသော တခြားအရှေ့တောင်အာရှ နိုင်ငံများသို့ ရောင်းချနေရသည်။ ၎င်းမှာ တရုတ်နိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများ မေးခွန်းထုတ်လိုသော အချက်ဖြစ်သည်။

စတုတ္ထမြောက် နည်းလမ်းနှင့် အခြေခံပြဿနာနှစ်ခု

တရုတ်တို့ဖက်ကကြည့်လျှင် စတုတ္ထ ရွေးချယ်စရာ နည်းလမ်းတွင် အခြေခံပြဿန ာနှစ်ခု ရှိနေသည်။ တစ်ခုမှာ လုပ်ထုံးလုပ်နည်းဆိုင်ရာဖြစ်ပြီး နောက်တစ်ခုမှာ ငွေရေးကြေးရေး ပြဿနာဖြစ်သည်။ လုပ်ထုံးလုပ်နည်းအရ ကြည့်လျှင် မြန်မာအစိုးရသည် မြစ်ဆုံစီမံကိန်းကို ထာဝရဖျက်သိမ်းရေး ဆုံးဖြတ်လိုက်ရန် မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုသည့်အချက်မှာ အရေးပါလာသည်။ မြန်မာအစိုးရက ထိုက်သင့်သလို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် ဖွင့်ထုတ်ပြောကြားခြင်း မပြုပဲ တစ်ဖက်သတ် ဆုံးဖြတ်ခဲ့သည်ဆိုလျှင် ဦးသိန်းစိန် အစိုးရက ၂၀၁၁ ခုနှစ်တွင် ရုတ်တရက် မမျှော်လင့်ပဲ ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သကဲ့သို့ပင် လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာများ ရှိနေမည်ဖြစ်သည်။ ယခင် အစိုးရလက်ထက်က လက်ပံတောင်း ကြေးနီစီမံကိန်းကို စုံစမ်းစစ်ဆေးရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းရေးအဖွဲ့ကို တာဝန်ပေးအပ်ခဲ့သည့်နည်းတူ ယခုမြစ်ဆုံ စီမံကိန်းကြီး၏ အကျိုးနှင့် အပြစ်များကို စဉ်းစားဆုံးဖြတ်ရန် NLD အစိုးရက ကော်မရှင်တစ်ခု ဖွဲ့စည်းတာဝန်ပေးသင့်သည်ဟု တရုတ်နိုင်ငံတွင် တစ်ချို့က အကြံပြုခဲ့ကြသည်။ ဤစုံစမ်းရေးကော်မရှင်၏ လုပ်ဆောင်ချက်နှင့် တွေ့ရှိချက်များသည် ပွင့်ပွင့်လင်းလင်း ထင်သာမြင်သာရှိပြီး လူထု၊ အရပ်ဖက် အဖွဲ့အစည်းများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်သည်ဟု ထောက်ပြခဲ့ကြသည်။

မြစ်ဆုံ စီမံကိန်း အပါအဝင် ဧရာဝတီမြစ်ရိုးတစ်လျှောက် တည်ဆောက်ရန် အဆိုပြုထားသော ရေအားလျှပ်စစ် စီမံကိန်းများကို စစ်ဆေးသုံးသပ်ပြီး အစီရင်ခံတင်ပြရန် ကော်မရှင်တစ်ခုကို သမ္မတ ဦးထင်ကျော်က သြဂုတ် ၁၂ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ အဆိုပါ ကော်မရှင်က ဤလုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမည်ဟု ယူဆရသည်။ လက်ပံတောင်း ဥပမာအတိုင်း လုပ်ဆောင်ခဲ့မည်ဆိုလျှင် ရေကာတာစီမံကိန်းများ၏ ကောင်းကျိုးဆိုးပြစ်များကို ပို၍  ပီပီပြင်ပြင် တင်ပြလိမ့်မည်ဖြစ်ရာ အနာဂတ်၌ လုပ်ဆောင်မှုများတွင် လမ်းညွှန်သဖွယ်လည်း ဖြစ်လာပေလိမ့်မည်။

လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းတော့မည်ဆိုလျှင် ပိုမိုကြီးမားသော ပြဿနာများဖြစ်သည့် စီမံကိန်း၏ လက်ရှိအခြေအနေနှင့် သုံးစွဲပြီး ကုန်ကျငွေများကိစ္စကို ဖြေရှင်းရန် လိုအပ်မည်ဖြစ်သည်။ စတုတ္ထ ရွေးချယ်စရာ နည်းလမ်းနှင့် ပတ်သက်၍ တရုတ်တို့ အစိုးရိမ်ဆုံးကိစ္စမှာ တရုတ်ကုမ္ပဏီများအား နစ်နာကြေး ပြန်လည်ပေးဆပ်ရန်ကိစ္စကို ချန်လှပ်ထားခဲ့ခြင်းပင် ဖြစ်သည်။ တရုတ်တို့ သိချင်နေသည့်ကိစ္စမှာ ဤစီမံကိန်း စတင်ခဲ့သည့် အချိန်မှ ယခုအချိန်ထိ ကုန်ကျခဲ့ပြီး ငွေများ၊ ထိုငွေအပေါ် အချိန်နှင့်အမျှ တိုးပွားစုပုံလာနေသည့် ဘဏ်တိုးများကို မည်သို့ ဆောင်ရွက်ဖြေရှင်းမည်နည်း ဟူသည့်အချက်ပင် ဖြစ်သည်။

တရုတ်အစိုးရနှင့် ရင်းနှီးမြုပ်နှံသူတို့အတွက်မှာမူ ကုန်ကျပြီးသောငွေများကိစ္စမှာ စီမံကိန်း ဖျက်သိမ်းလိုက်မည့် အရေးထက် ပိုအရေးကြီးနေသည်။ ယခင် ဦးသိန်းစိန်အစိုးရနှင့် တရုတ်ကုမ္ပဏီ SPIC  တို့သည် လွန်ခဲ့သောနှစ်နှစ်အတွင်း မြစ်ဆုံဆည်ကို စုံစမ်းစစ်ဆေးပြီး အတည်ပြုခဲ့ကြပြီးဖြစ်ရာ နှစ်ဖက်စလုံးက သဘောတူခဲ့ကြပြီးသော ကိန်းဂဏန်းတစ်ခု ရှိခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ရာ တရုတ်တို့ဘက်ကကြည့်လျှင် နောက်တဆင့် ဆောင်ရွက်စရာကိစ္စမှာ ထိုနစ်နာကြေး မည်သို့မည်ပုံ ပြန်ပေးမည်ဆိုသည့်ကိစ္စသာ ဖြစ်သည်။ စီမံကိန်းကို ဖျက်သိမ်းလိုက်ရုံနှင့် ကိစ္စပြီးမည် မဟုတ်ချေ။

စုစုပေါင်း ဒေါ်လာ သန်း ၈၀၀ ခန့်ရှိသော ကုန်ကျငွေများ ပြန်လည်ရရှိရေးကိစ္စကို တရုတ်အစိုးရ၊ မြန်မာအစိုးရနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ဆွေးနွေးပြောဆိုနေခဲ့ကြသည်။ ဖြစ်နိုင်ဖွယ်ရှိသော နည်းလမ်းတစ်ခုမှာ ရေအားလျှပ်စစ် စီမံကိန်းသစ်တစ်ခုအတွက် ပိုင်ဆိုင်မှု၊ ပိုင်ဆိုင်ပစ္စည်း အစီအစဉ်တစ်ခု၊ ထုတ်လုပ်ရရှိလာမည့် ဝင်ငွေပေါ် အခြေခံ၍ အရစ်ကျ ငွေပေးချေရေး အစီအစဉ်မျိုး ဖြစ်ဖွယ်ရှိသည်။ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးလျှင် ဘာမဆို ဖြစ်နိုင်ပါသည်။ ရှိနေသည့် ပြဿနာကို မရှိဟန်ဆောင်၍ ယခုအတိုင်း ငုတ်တုတ်ကြည့်နေ၍တော့ ဖြစ်မည်မဟုတ်ချေ။

NLD အစိုးရက ကော်မရှင်သစ် ဖွဲ့စည်းလိုက်ရာ မြစ်ဆုံ၏ အနာဂတ်နှင့် ပတ်သက်ပြီး တရုတ်တို့အတွက် မျှော်လင့်ချက်များ ပြန်လည်နိုးထလာသည်။ တစ်ခုတော့ သေချာပါသည်။ ဤစီမံကိန်းကြောင့် ပြဿနာတက်လာနိုင်သည်ဆိုလျှင် NLD အစိုးရသည် သူ့နာမည်ကောင်းကိုတော့ အစွန်းအထင်း ခံချင်မည် မဟုတ်ပေ။ တရုတ်အစိုးရအနေနှင့်လည်း ဤပြဿနာကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ဆူးညောင့်ခလုတ်သဖွယ် ဆက်လက်ဖြစ်နေမည်ကို မလိုလားချေ။ နှစ်နိုင်ငံလုံး ကျေကျေနပ်နပ် လက်ခံနိုင်သည့် စည်းကမ်းသတ်မှတ် ပြဌာန်းချက်များဖြင့် ရေအားလျှပ်စစ် စီမံကိန်းအသစ်များ လုပ်ကိုင်ရန် ဆွေးနွေးကြဖွယ်ရာ ရှိနေသည်။ စတုတ္ထ ရွေးချယ်စရာ နည်းလမ်းက ထိုအလားအလာကို မှန်မှန်ကန်ကန် ထောက်ပြလိုက်ခြင်း ဖြစ်သည်။ သို့သော် ကုန်ကျခဲ့ပြီးသော ငွေကြေးများ ပြန်ရရေးကိစ္စကို ဖြေရှင်း မပေးသရွေ့ ရှေ့ဆက်သွားရေးဆိုသည်မှာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်သကဲ့သို့ပင် မည်သို့မျှ လက်တွေ့ကျလိမ့်မည် မဟုတ်ချေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.