မြစ်ဆုံပြဿနာနှင့် တိုင်းရင်းသားတို့၏ စကားသံများ

မြစ်ဆုံဆည် အငြင်းပွားမှုကို ဖြေရှင်းရာတွင် အလုံးစုံပါဝင်ပြီး တည်ငြိမ်စွာ ချဉ်းကပ်ဖြေရှင်းမှုဖြင့် စစ်မှန်သော ပြောင်းလဲမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ထားရှိသော အစိုးရ၏ကတိကဝတ်ကို ပြသနိုင်ပေမည်။

ယန်ဟီလီ နှင့် ဒက်ဘီ ဇီဝမ်ချန် ရေးသားသည်။

မြန်မာနိုင်ငံရှိ အခြားအကြီးစားစီမံကိန်းများနည်းတူ မြစ်ဆုံဆည်သည် ထိခိုက်မှု အများဆုံး ခံစားရမည့် လူ့အဖွဲ့အစည်းများကို ပြောစမှတ်ပြုလောက်အောင် ဘေးဖယ်ထားခဲ့သည်။

အတိတ်သင်ခန်းစာများကို လေ့လာသင်ယူရမည်သာဖြစ်သည်။ နိုင်ငံတဝန်းရှိ အခြားစီမံကိန်းများကဲ့သို့ပင် မြစ်ဆုံဆည်၏ အနာဂတ်နှင့်ပတ်သက်၍ ဆိုင်းငံ့ထားရန်ဆုံးဖြတ်ချက်က အစိုးရသည် ပြည်သူလူထုအား တာဝန်ယူမှု တာဝန်ခံမှုရှိသည်ဟူသော အချက်ကိုပြသရန်  အခွင့်အလမ်းကို ရရှိစေသည်။

ဆည်စီမံကိန်းကို ပြန်လည်လေ့လာသုံးသပ်ရန် တာဝန်ပေးထားသော ကော်မရှင်သည် ယင်း၏ အစီရင်ခံစာကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က သမ္မတဦးထင်ကျော်ထံ တင်သွင်းခဲ့သည်။ ပြည်သူအများ၏ ကန့်ကွက်မှုကြောင့် ယခင်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် စီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာတွင် ရပ်ဆိုင်းခဲ့သော်လည်း ၎င်း၏အစိုးရသက်တမ်းကုန်ဆုံးသော ၂၀၁၆ ခု မတ်လတွင် ယင်းရပ်ဆိုင်းမှုသည်လည်း သက်တမ်းကုန်ဆုံးခဲ့သည်။

ကော်မရှင်ဖွဲ့စည်းမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်မတိုင်မီ တရုတ်အစိုးရ၏ ဖိအားပေးမှု လျော့ကျစေရန် ဆောင်ရွက်သည့် မဟာဗျူဟာအဖြစ် အများစုက မှတ်ယူထားကြသည်။

သို့ရာတွင် မြစ်ဆုံဆည် အငြင်းပွားမှုသည် နိုင်ငံခြားဆက်ဆံရေး ပြဿနာသက်သက်မျှသာ မဟုတ်ပေ။ ပွင့်လင်းမြင်သာမှု၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆိုင်ရာ နိုင်ငံခေါင်းဆောင်ပိုင်းအသစ်၏ ကတိကဝတ်များနှင့်လည်း သက်ဆိုင်နေသည်။ ယင်းနောက်ခံအကြောင်းကြောင့် ဒီမိုကရေစီအစိုးရသည် ပြည်သူ၏သဘောထားကို လိုက်နာပြီး အငြင်းပွားမှုကို ဖြေရှင်းလိမ့်မည်ဟု ပြည်သူတို့က အမျှော်လင့်ကြီး မျှော်လင့်ထားကြသည်။

အစီရင်ခံစာကို လွန်ခဲ့သော တစ်နှစ်ခန့်ကတည်းက တင်ပြထားပြီးဖြစ်သော်လည်း အများပြည်သူထံ ထုတ်ပြန်မပေးသေးပေ။ သို့ဖြစ်ရာ နိုင်ငံသားအများစုကြီးသည် အငြင်းပွားမှု ဖြေရှင်းရာတွင် ပါဝင်ခွင့် မရရှိသကဲ့သို့ ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍လည်း အစိုးရ၏အသိပေးမှုကို မရရှိခဲ့ပေ။

မြစ်ဆုံဆည်စီမံကိန်းသည် ကချင်လူမျိုး ၁၈,၀၀၀ ၏နေရပ်ဒေသကို ရေနစ်မြုပ်စေနိုင်ပြီး ဧရာဝတီမြစ်၏ သဘာဝ ပတ်ဝန်းကျင်ကို ခြိမ်းခြောက်လျက်ရှိသဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခု မတ် ၃၀ ရက်၌ မိမိတာဝန်ကို မယူမီက ဆန့်ကျင်ခဲ့သည်။ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလကလည်း စီမံကိန်းနှင့်ပတ်သက်၍  ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

မည်သို့ပင်ဆိုစေ နှစ်ဘက်လက်မှတ်ရေးထိုးထားသော သဘောတူစာချုပ်ကို အမွေဆက်ခံထားရသည့်အတွက်  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရမှာ ဘေးကျပ်နံကျပ်ဖြစ်လျက်ရှိသည်။ စီမံကိန်းကို  ဆက်လက်ဆောင်ရွက်ရန်ဖြစ်စေ၊ ရပ်ဆိုင်းရန်ဖြစ်စေ မည်သို့ပင်ဆုံးဖြတ်စေကာမူ အစိုးရသည် ဥပဒေရေးနှင့် နိုင်ငံရေးဆိုင်ရာအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ သဘောတူစာချုပ်ကို ဖျက်သိမ်းပါက လျော်ကြေး အမြောက်အမြား ပေးရမည်။ ဆက်လက်ဆောင်ရွက်ပါက ပြည်တွင်းမှ မဲဆန္ဒရှင်များ၏ ငြိုငြင်မှုကို ခံရမည်။

အင်န်အယ်လ်ဒီ ဦးဆောင်သော အစိုးရသည် မြစ်ဆုံဆည်စီမံကိန်းကြောင့် ဘေးကျပ်နံကျပ် ဖြစ်နေသော်လည်း အများပြည်သူတို့အား သတင်းအချက်အလက်များ ထုတ်ပြန်ရန် ဝန်လေးနေဆဲဖြစ်သည်။ ဤသည်မှာလည်း အခြားပါဝင်ဆောင်ရွက်နေသူများနှင့် မဖြေရှင်းနိုင်သေးမီ ပြည်တွင်းမှ နောက်ထပ်အဟန့်အတားများ ဖြစ်ပေါ်မလာအောင် ဆောင်ရွက်လိုသောကြောင့်လည်း ဖြစ်နိုင်သည်။

သို့ရာတွင် မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ(လမ်းညွှန်အခြေခံမူများဟု ဆက်လက်ဖော်ပြသွားမည်။)ကို လိုက်နာမည်ဆိုပါက မြစ်ဆုံဆည် အကျပ်အတည်းကို ဖြေရှင်းနိုင်ပေမည်။

လမ်းညွှန်အခြေခံမူများအရ အစိုးရ၏တာဝန်မှာ နှစ်ခုရှိသည်။ ပထမတာဝန်မှာ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုနှင့်စပ်လျဉ်းပြီး ဖြစ်ပေါ်သည့် လူ့အခွင့်အရေး ဖောက်ဖျက်မှုများကို တားဆီးကာကွယ်ရန်နှင့် ဒုက္ခနှင့်ကြုံတွေ့ရသူများအတွက် ကုစားမှုများပေးရန်ဖြစ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများမှ ပေါ်ပေါက်ရသော လူ့အခွင့်အရေး ဖောက်ဖျက်မှုများ၏ အန္တရာယ်ကို ထိန်းချုပ်ရန် အစိုးရက ဥပဒေနှင့် မူဝါဒများကို ပြဋ္ဌာန်းအကောင်အထည်ဖော်ရမည်ဖြစ်သည်။

မေ ၁၆ ရက်က ဘေဂျင်း ပြည်သူ့မဟာခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - ဆုမြတ်မွန်

မေ ၁၆ ရက်က ဘေဂျင်း ပြည်သူ့မဟာခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ – ဆုမြတ်မွန်

သို့ရာတွင် ပဋိညာဉ်စာချုပ် လက်မှတ်ရေးထိုးစဉ်က အစိုးရသည် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်ချက် (Environmental Impact Assessment ) ကိစ္စကို ထည့်သွင်းဖော်ပြခြင်း မရှိခဲ့ပေ။ စီမံကိန်းကို ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာသားများမှာ ၎င်းတို့၏ ဘိုးဘွားပိုင်မြေနေရာများမှ အဓမ္မဖယ်ရှားခံခဲ့ရသည်။ ၂၀၁၁ ခုနှစ် ဇွန်လတွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့တို့၏ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ပျက်ပြားရခြင်းမှာ မြစ်ဆုံဆည်သည် အကြောင်းရင်းတစ်ခုအဖြစ် ပါဝင်နေကြောင်း ပြစ်တင်ပြောကြားကြသည်။

ဒုတိယအချက်မှာ မြစ်ဆုံဆည်စီမံကိန်းသည် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံတော်ပိုင်ကုမ္ပဏီ China Power Investment တို့ဆောင်ရွက်သော ဖက်စပ်လုပ်ငန်းဖြစ်သည်ဟူသောအချက်ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူ အစိုးရသည် အခြားစီးပွားရေးမိတ်ဖက်များနှင့်အတူ ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်ရန်နှင့် လမ်းညွှန်အခြေခံမူပါ လမ်းညွှန်ချက်အမှတ် ၂၀ နှင့် ၂၁ တို့နှင့်အညီ အကြီးစားစီမံကိန်းကြောင့် ထိခိုက်မှု ခံစားရသည့်သူများအား ဆက်သွယ်ဆောင်ရွက်ရန်လိုသည်။ မြစ်ဆုံဆည်စီမံကိန်းကြောင့် နေရပ်စွန့်ခွာရသူ ကချင်ကျေးရွာသား ၁,၀၀၀ ကျော်သည် ၂၀၁၄ ခုနှစ်က ပြည်သူ့ဆန္ဒခံယူပွဲကို ကျင်းပခဲ့ကြပြီး စီမံကိန်းကို အတည်မပြုကြောင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြသည်။

စီမံကိန်းကြောင့် ဒေသခံတို့အား အကျိုးဖြစ်ထွန်းစေနိုင်သည်ဟူသောအချက်ကို ဒေသခံတို့ နားလည်လက်ခံလာအောင် အစိုးရနှင့် တရုတ်ကုမ္ပဏီတို့ နှစ်ဦးစလုံးက စွမ်းဆောင်နိုင်ခြင်းမရှိ ဟူသောအချက်ကို ပြည်သူ့ဆန္ဒခံယူပွဲရလဒ်က ပြသလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အများပြည်သူ သဘောကျနှစ်ခြိုက်မှုမရှိသော စီမံကိန်းကြီးများ အများအပြားရှိသည့်အနက် မြစ်ဆုံဆည် စီမံကိန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသခံ လူ့အဖွဲ့အစည်းများ၏ အခွင့်အရေးများ ထိခိုက်နစ်နာမှုကြောင့် သံလွင်မြစ်ဝှမ်းရှိဆည်များ၊ သီလဝါအထူးစီးပွားရေးဇုန်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ်ရေနံချက်စက်ရုံ စီမံကိန်းစသည့် စီမံကိန်းအားလုံးတို့မှာ အတိုင်းအတာအမျိုးမျိုးဖြင့် လူမှုအဖွဲ့အစည်းများ၏ ဆန့်ကျင်တွန်းလှန်မှုကို ရင်ဆိုင်ခဲ့ကြရသည်။ ယခင်အချိန်က နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့နှင့် သဘောတူစာချုပ် မချုပ်ဆိုမီ ဒေသခံပြည်သူတို့၏ သဘောထားကို အလေးအနက်ထား၍ ရယူခြင်း မရှိခဲ့သည်မှာ စိတ်မချမ်းမြေ့စရာ ကောင်းလှသည်။

ပို၍ဆိုးသည်မှာ အရေးအခင်း အတော်များများ၌ သဘောမတူသည့်အချက်များကို ဆန္ဒထုတ်ဖော်သူတို့အား အာဏာပိုင်တို့က ဖိနှိပ်ခြင်း ဖြစ်သည်။ လက်ပံတောင်းတောင် အရေးအခင်းတွင် ဆန္ဒထုတ်ဖော်သူများအား မီးလောင်ဗုံးဖြင့် ဖြိုခွင်းမှုနှင့် ကျေးရွာသူတစ်ဦးအား သတ်ဖြတ်မှုတို့မှာ စီးပွားရေးဖွံ့ဖြိုးမှုကို အကြောင်းပြု၍ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်မှုများတွင် ပါဝင်နေသည်။ ယခုထိ ထိခိုက်နစ်နာသူများမှာ တရားမျှတစွာ ခံစားခွင့် မရှိသေးပေ။

ယင်းမှားယွင်းမှုများမှ သင်ခန်းစာယူကြရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ၏ အခြေခံအကြောင်းရင်းများသည် သာမန်ပြည်သူတို့၏ လူနေမှုအဆင့်အတန်းကို တိုးတက်မှုရှိစေရမည်။ အရှင်းလင်းဆုံး ဆိုရလျှင် ဒေသခံပြည်သူတို့၏ ထောက်ခံမှုကို ရယူခြင်းသည် စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် လက်နက်ကိရိယာသဖွယ် ဖြစ်ရုံသာမက အစိုးရ၏ တာဝန်ယူမှု၊ တာဝန်ခံမှုကို တိုင်းသူပြည်သားတို့အား ပြသသော စစ်မှန်သည့်ခြေလှမ်း တစ်ရပ်လည်းဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်ကို သူတို့နားလည်ကြောင်း၊ သို့ရာတွင် သူတို့၏ အနစ်နာခံမှုသည် သူတို့လူ့အဖွဲအစည်း၊ သို့မဟုတ် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်ပါမည်လား ဟူသောအချက်ကို သံသယရှိကြောင်း မြန်မာနိုင်ငံ ဒေသအသီးသီးသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ဒေသခံတို့က ပြောကြားကြသည်။ အထူးသဖြင့် ထုတ်လုပ်ရရှိမည့် လျှပ်စစ်ဓာတ်အား၏ ရာခိုင်နှုန်း ၉၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ရမည့် မြစ်ဆုံဆည် စီမံကိန်းကို ရည်ညွှန်းကာ စီမံကိန်း၏ အကျိုးခံစားခွင့်ကို ခွဲဝေရာ၌ အချိုးအစား မညီမျှသည့်နမူနာအဖြစ် အချို့က ရည်ညွှန်းပြောဆိုကြသည်။

အချို့က ယခင်စစ်အစိုးရ လက်မှတ်ရေးထိုးခဲ့သော အကျိုးစီးပွား ခွဲဝေရေးသဘောတူစာချုပ်သည် မြန်မာနိုင်ငံ၏ အကျိုးစီးပွား ဆုတ်ယုတ်စေခဲ့ကြောင်း အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောဆိုလျက်ရှိသည့် စီမံကိန်းဖြစ်သော တရုတ်-မြန်မာ ရေနံပိုက်လိုင်းကို ရည်ညွှန်းပြောကြားကြသည်။ အလားတူအကြောင်းများကြောင့်ပင်လျှင် ဦးသိန်းစိန်အစိုးရနှင့် ဦးထင်ကျော်အစိုးရတို့က သဘောတူစာချုပ်ပါ စည်းကမ်းချက်များကို တရုတ်နိုင်ငံနှင့် ပြန်လည်စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့ကြသည်။

စစ်အစိုးရခေတ်လွန်ကာလတွင် အကြီးစားစီမံကိန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးရွားသော အကျိုးဆက်များကို ထိန်းချုပ်နိုင်ရန် နေပြည်တော်က ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သည်။ ယင်းတို့တွင် ၂၀၁၂ ခု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ Environmental Conservation Law (2012)၊ ၂၀၁၃ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစည်းမျဉ်းဥပဒေ Environmental Conservation Rules (2013) နှင့်  ၂၀၁၆ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်သုံးသပ်ရေး နည်းဥပဒေ  Environmental Impact Assessment Procedures (2016) တို့ပါဝင်သည်။

သို့ရာတွင် ယင်းတို့ကို အကောင်အထည်ဖော်ရာ၌ မင်းတိုင်းကျေ ဆောင်ရွက်မှုမျိုး မဟုတ်ဘဲ ဥပဒေပါ အနှစ်သာရကို အကောင်အထည်ဖော်ရန် လိုပေသည်။ မည်သည့် ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော်သည်ဖြစ်စေ စီမံကိန်းအကောင်အထည်မဖော်မီ EIA ၏ အစိတ်အပိုင်း တစ်ခုဖြစ်သော လူမှုထိခိုက်မှု အကဲဖြတ်ချက်ကို ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံတို့နှင့် ထိထိရောက်ရောက် ညှိနှိုင်းတိုင်ပင်ကာ လုပ်ငန်းစဉ်အတွင်း၌ ပါဝင်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအကဲဖြတ်ချက် နည်းဥပဒေအရ ထိခိုက်ခံရသော ဒေသခံများနှင့် ညှိနှိုင်းမှုများကို မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သော်လည်း ဥပဒေအရ သတ်မှတ်ချက်များနှင့် စီးပွားရေးလုပ်ငန်းတို့၏ လက်တွေ့ဆောင်ရွက်မှုတို့၏ ကွာဟချက်မှာ မြေပြင်အခြေအနေ၌ ကြီးမားလျက်ရှိသည်ကို အများအပြား တွေ့မြင်နေရသည်။ ဥပမာအားဖြင့် ကျောက်ဖြူစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရာတွင် EIA ကို အပြီးသတ် မဆောင်ရွက်မီကပင် ဒေသခံများ၏မြေများမှာ ကြိုတင်သိမ်းယူခံခဲ့ရကြောင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများက အစီရင်ခံကြသည်။

ပြဿနာ ပိုမိုကြီးထွားစေသည်မှာ မြစ်ဆုံဆည်၊ သံလွင်ဆည်များ၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့ အပါအဝင် အကြီးစားစီမံကိန်း အများစုသည် လူမျိုးစုများစွာ နေထိုင်ရာပြည်နယ်များတွင် တည်ရှိနေခြင်းဖြစ်သည်။ နိုင်ငံတကာ သဘောတူစာချုပ်များမှာ နေပြည်တော်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ ချုပ်ဆိုကြခြင်းဖြစ်သည့်အတွက် ပြည်နယ်အစိုးရများသည်ပင်လျှင် စီမံကိန်းများကို မထိန်းချုပ်နိုင်သည့်အချက်ကို စီမံကိန်းနှင့် နှီးနွှယ်နေသည့် ဒေသခံတို့က စိုးရိမ်မှုရှိကြသည်။

ထိခိုက်ခံစားနေရသော ဒေသခံတို့၏ နစ်နာမှုများကို ဥပေက္ခာပြုထား၍ မရချေ။ သဘာဝသယံဇာတများကို ထုတ်ယူ၊ တိုင်းရင်းသားပြည်နယ်များရှိ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးပြီး လူမျိုးစုများ၏ မြေများကို သိမ်းယူနေသော အကြီးစားစီမံကိန်းများက အမျိုးသား စည်းလုံးညီညွတ်ရေးကို မြှင့်တင်ရန် ကြိုးပမ်းနေသည့် အစိုးရ၏ပုံရိပ်ကို ကျဆင်းစေသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရှေ့သို့တက်လှမ်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်ရာတွင် ယုံကြည်မှုက အရေးပါသဖြင့် တိုင်းရင်းသားများ၏ဒေသရှိ အများပြည်သူ သဘောမကျသော အကြီးစားစီမံကိန်းများကို အကောင်အထည်ဖော်နေမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေနိုင်ပေသည်။

အင်န်အယ်လ်ဒီဦးဆောင်သော အစိုးရသည် ပြောင်းလဲရေးကတိကဝတ်ကို ပြည်သူလူထုအား ပေးအပ်ခဲ့သည်။ အာဏာရှင်လက်အောက် ဆယ်စုနှစ်ပေါင်းများစွာ ကျရောက်ပြီးနောက် ခေါင်းဆောင်ပိုင်းအသစ်သည် ယခင်အစိုးရများက ထားရစ်ခဲ့သည့် စိန်ခေါ်မှုပေါင်းများစွာကို အမွေဆက်ခံခဲ့ရသည်။ အဟန့်အတားများစွာ တည်ရှိနေသည်ဖြစ်ရာ နေပြည်တော်သည် သင်ခန်းစာယူပြီး ထိခိုက်ခံရသော ဒေသခံများဘက်မှ ရပ်တည်နိုင်ခြင်းရှိ မရှိဆိုသောအချက်မှာ ပြောင်းလဲမှုကို လက်တွေ့ဖော်ဆောင်မှုအတွက် မှတ်ကျောက်ပင် ဖြစ်သည်။

အင်န်အယ်လ်ဒီသည် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူ့အခွင့်အရေးကိုလေးစားမှု နှစ်ခုစလုံးအတွက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံ ဗဟိုချက်ချာဒေသခံ အများစုက မျှော်လင့်ထားနိုင်သေးသည်။ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် အားလုံးပါဝင်ပြီး ပြည်သူအခြေပြု ချဉ်းကပ်ဖြေရှင်းမှုကသာ တိုင်းရင်းသားများ အပါအဝင် မြန်မာပြည်သူတို့အား ဒီမိုကရေစီအစိုးရက ကတိပြုထားသော ပြောင်းလဲမှုကို လက်တွေ့ဖော်ဆောင် သက်သေပြနိုင်ပေလိမ့်မည်။

မြစ်ဆုံဆည် အငြင်းပွားမှုအတွက်လည်းကောင်း၊ အခြားရပ်ဆိုင်းထားသော စီမံကိန်းများနှင့် စီမံကိန်းသစ်များ ဆောင်ရွက်ရာတွင်လည်းကောင်း ပွင့်လင်းမြင်သာရှိမှုနှင့် အားလုံးပါဝင်နိုင်မှုက ယုံကြည်မှုကို တည်ဆောက်ရာ၌ အင်န်အယ်လ်ဒီဦးဆောင်သော အစိုးရကို တန်ဖိုးမဖြတ်နိုင်သော အခွင့်အလမ်းများ ပေးပေလိမ့်မည်။ တချိန်တည်းမှာပင် အစိုးရက တဖက်သတ်ချမှတ်သော ဆုံးဖြတ်ချက်များကြောင့် တိုင်းရင်းသားများအား အခြားတဖက်သို့ တွန်းပို့သည့်အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.