မြစ်ကြီးနားမှ ဆစ်ခ်လူမျိုးများနှင့်တွေ့ဆုံခြင်း

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားသည် ဆစ်ခ်လူမျိုးများ နေထိုင်ရာမြို့တော်ဖြစ်ပြီး မြို့၏စီးပွားရေးလုပ်ငန်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့သူများဖြစ်သည်။

Frontier သတင်းအဖွဲ့ ရေးသားသည်။

တနင်္ဂနွေနံနက်ခင်းများသည် မြစ်ကြီးနားမြို့ခံအများစုအတွက် ဘုရားကျောင်းတက်ချိန်ဖြစ်သည်။ သို့သော် ပင်မဈေးကြီးမှ ဧရာဝတီမြစ်ရိုးအတိုင်း မြောက်ဘက်သို့လျှောက်သွားသောအခါ ဖြတ်သွားဖြတ်လာတို့ ကြားရသောအသံများမှာ ဘုရားကျောင်းမှ ဓမ္မတေးသံများမဟုတ်ပါ။ သံပြိုင်ရွတ်ဆိုသံများ၊ ဗုံသံများနှင့် တမူထူးခြားသော လက်ဆွဲဘာဂျာသံများဖြစ်သည်။

ဘုရားကျောင်း ရွှေရောင်အမိုးခုံးများ၏ ပြတင်းပေါက်မှ ပျံ့လွင့်လာသောအသံများနှင့်အတူ ဝတ်ပြုတေးသံများက ကချင်ပြည်နယ်အတွင်း အရေအတွက်အားဖြင့် နည်းပါးသော်လည်း လှုပ်ရှားတက်ကြွသော ဆစ်ခ်အဖွဲ့အစည်း၏ အပတ်စဉ်စုစည်းမှု တစိတ်တပိုင်းအဖြစ် ဖော်ဆောင်ပေးလျက်ရှိသည်။

မိသားစု ၄၃ စု၊ လူဦးရေအားဖြင့် ၂၈၀ ရှိသည်ဆိုသော ဆစ်ခ်အသိုက်အဝန်းသည် မြစ်ကြီးနားမြို့ ကချင်ပြည်နယ်၏ စီးပွားရေးနှင့် အုပ်ချုပ်ရေးမြို့တော်အဖြစ် ရောက်ရှိချိန်မှစ၍နေထိုင်ကာ ဒေသတွင်းစီးပွားရေးတွင် တက်ကြွစွာ ပါဝင်လာခဲ့ကြသူများဖြစ်သည်။

အသက် ၉၂ နှစ်ရှိပြီဟုဆိုသော ဒေါ်ဘက်ဂဝမ့် ကောရ် Daw Bhagwant Kaur သည် မြစ်ကြီးနားရှိ ဆစ်ခ်အသိုင်းအဝိုင်းတွင် အသက်အကြီးဆုံးဖြစ်သည်။ ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ ဝိုင်းမော်တွင်ဖွားမြင်ခဲ့ပြီး ၎င်း၏ဘိုးဘေးများထဲမှတစ်ဦးမှာ ဒုတိယကမ္ဘာစစ်မတိုင်မီ ကိုလိုနီခေတ် မြန်မာနိုင်ငံ ဗြိတိသျှစစ်တပ်တွင် အမှုထမ်းခဲ့သော စစ်သားဖြစ်သည်။ သူသည် တရုတ်နိုင်ငံနယ်စပ်ရှိ ဆားတောင်ဟုခေါ်သောမြို့သို့ ပြောင်းရွှေ့ရန် တာဝန်ပေးခံခဲ့ရသည်။ နောက်ဆယ်နှစ်အကြာတွင် ထိုအချိန်က ပြည်နယ်မြို့တော်ဖြစ်သော ဝိုင်းမော်မြို့သို့ ပြောင်းရွှေ့ကာ အခြေချနေထိုင်ခဲ့သည်။ သူနှင့်အတူ သားချင်း ငါးဦးလာရောက်နေထိုင်ကာ ဆား၊ သစ်သီးနှင့် အခြားကုန်ပစ္စည်းများ ရောင်းဝယ်ခဲ့သည်။

ကချင်ပြည်နယ်သို့ သူတို့၏ဘိုးဘွားများ ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ မြစ်ကြီးနားရှိ ဆစ်ခ်အများစုတွင် တူညီသော ဇာတ်လမ်းများ ရှိခဲ့ကြသည်။ ကချင်ပြည်နယ်သို့ ဆစ်လူမျိုးများသည် ၁၈၉၈ ခုနှစ်မှစ၍ ဗြိတိသျှစစ်တပ်နှင့်အတူ ပထမဆုံး ရောက်ရှိလာခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အချို့က အခြေချနေထိုင်ကာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း ဆစ်ခ်ဘုရားကျောင်းရှိ လက်ရေးမှတ်တမ်းများအရ သိရသည်။

ဆစ်ခ်အသိုက်အဝန်းကလေးသည် ဂျပန်များ ဝင်ရောက်သိမ်းပိုက်ခြင်းအပါအဝင် ဒုတိယကမ္ဘာစစ်၏ အနိဋ္ဌာရုံများကို အခြားသူများနှင့်အတူ မျှဝေခံစားခဲ့ရသည်။ ခက်ခဲလှသော ထိုခြောက်နှစ်တာကာလအတွင်း အကြမ်းဖက်ခြိမ်းခြောက်မှုများမှ လွတ်ကင်းစေရန် တောထဲသို့ ကြိမ်ဖန်များစွာ  ထွက်ပြေးခဲ့ရကြောင်း ဒေါ်ဘက်ဂဝမ့် ကောရ်က ပြောသည်။အသက် ၉၂ နှစ်ရှိ ဒေါ်ဘက်ဂဝမ့် ကောရ်မှာ ဆစ်ခ်လူမျိုးအသိုင်းအဝိုင်း၌ အသက်အကြီးဆုံးဖြစ်သည်။ ဓာတ်ပုံ - အမ်မီလီဖစ်ရှ်ဘိန်း

အသက် ၉၂ နှစ်ရှိ ဒေါ်ဘက်ဂဝမ့် ကောရ်မှာ ဆစ်ခ်လူမျိုးအသိုင်းအဝိုင်း၌ အသက်အကြီးဆုံးဖြစ်သည်။ ဓာတ်ပုံ – အမ်မီလီဖစ်ရှ်ဘိန်း

ဒုတိယကမ္ဘာစစ်ပြီးဆုံးပြီးသည်နှင့် ဒေါ်ဘက်ဂဝမ့် ကောရ်သည် ဆစ်ခ်လူမျိုးအများအပြားနေထိုင်ရာ အိန္ဒိယနိုင်ငံအနောက်ပိုင်း ရဝါပင်ဒီပြည်နယ်ရှိ ဆွေမျိုးများကိုတွေ့ဆုံရန် ဗြိတိသျှအိန္ဒိယသို့ သွားရောက်ခဲ့သည်။ ထိုအချိန်မှာပင် နိုင်ငံရေးထကြွမှုများနှင့် ဘာသာရေးသွေးချောင်းစီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုနောက်ပိုင်း ၁၉၄၇ ခုတွင် ဗြိတိသျှအိန္ဒိယကို အိန္ဒိယနှင့် ပါကစ္စတန်ဟူ၍ ခွဲထုတ်လိုက်သည်။

ရဝါပင်ဒီနှင့် ပါကစ္စတန်နိုင်ငံအနှံ့အပြားတွင် နေထိုင်ကြသော ဆစ်ခ်လူမျိုးများသည် သတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုတို့နှင့် ရင်ဆိုင်ခဲ့ကြရပြီး သိန်းပေါင်းများစွာမှာ အိန္ဒိယနိုင်ငံသို့ ထွက်ပြေးကြရသည်။ ဒေါ်ဘက်ဂဝမ့် ကောရ်သည် ကချင်ပြည်နယ်သို့ပြန်လာပြီး အိမ်ထောင်ပြုခဲ့ရာ သားသမီးခြောက်ယောက် ထွန်းကားခဲ့သည်။ မြစ်ကြီးနားရှိ ဆစ်ခ်အသိုက်အဝန်းဝင် အများစုမှာ အိန္ဒိယနှင့်ပါကစ္စတန်ကွဲပြီးနောက် ရဝါပင်ဒီမှ ပြန်လာသူများ၏ မိသားစုဝင်များ၊ သို့မဟုတ် ဆွေမျိုးသားချင်းများ ဖြစ်ကြသည်။

၁၉၄၈ ခုနှစ် ဗြိတိသျှထံမှ မြန်မာနိုင်ငံ လွတ်လပ်ရေးရသောအခါ ကချင်ပြည်နယ်၏မြို့တော်ကို ဝိုင်းမော်မှ မြစ်ကြီးနားသို့ ပြောင်းရွှေ့ခဲ့သည်။ နေရာသစ်တွင် စီးပွားရေးနှင့် လူမှုရေးအုတ်မြစ်များ ပြန်ချသူတို့ထဲ၌ ဆစ်ခ်အသိုက်အဝန်းလည်း ပါဝင်ခဲ့သည်။

၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီးနောက် ဆစ်ခ်ကဲ့သို့ တိုင်းရင်းသားမဟုတ်သော လူ့အဖွဲ့အစည်းများမှာ နေထိုင်ရ ပိုမိုကျပ်တည်းလာခဲ့သည်။ အိန္ဒိယအနွယ်များမှာ အဆင်မြင့်ပညာ သင်ယူခွင့် ပိတ်ပင်ခံခဲ့ရပြီး နိုင်ငံအတွင်းမှ ထွက်ခွာသွားရန် ဖိအားပေးမှုများအောက်၌ ခွဲခြားဆက်ဆံမှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။

ယင်းအခြေအနေမျိုး အထွတ်အထိပ်ရောက်လာချိန်၌ မြန်မာနိုင်ငံတွင် ဆစ်ခ်လူဦးရေ ၁၀,၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း ၂,၀၀၀ မှ ၃,၀၀၀ အထိသာ ရှိတော့သည်။ ရန်ကုန်နှင့် မန္တလေးတို့မှလွဲလျှင် မြစ်ကြီးနားရှိ အသိုက်အဝန်းသည် အကြီးမားဆုံးဖြစ်သည်။ သို့ရာတွင် လားရှိုး၊ တောင်ကြီး၊ မိုးကုတ်နှင့် ပျော်ဘွယ်တို့တွင်လည်း အရေအတွက် အများအပြား ရှိနေသေးသည်။

ဒေါ်ဘက်ဂဝမ့် ကောရ်၏မြေးဖြစ်သူ ကိုမောင်ထူးကို မိသားစုလုပ်ငန်းခွင်၌ တွေ့ရစဉ်။ ဓာတ်ပုံ - အမ်မီလီဖစ်ရှ်ဘိန်း

ဒေါ်ဘက်ဂဝမ့် ကောရ်၏မြေးဖြစ်သူ ကိုမောင်ထူးကို မိသားစုလုပ်ငန်းခွင်၌ တွေ့ရစဉ်။ ဓာတ်ပုံ – အမ်မီလီဖစ်ရှ်ဘိန်း

မြန်မာနိုင်ငံတွင် ဆစ်ခ်ဘုရားကျောင်း ၅၀ ခန့်ရှိပြီး အခြားဒေသအသီးသီး၌ နေထိုင်ကြသော ဆစ်ခ်များနည်းတူ မိရိုးဖလာယုံကြည်မှုနှင့် ရိုးရာအစဉ်အလာများကို လိုက်နာကြသည်။ ၁၄၆၉ ခုနှစ်မှ ၁၇၀၈ ခုနှစ်အထိ အဆက်ဆက် ရှိခဲ့ကြသော ဂုရု၊ သို့မဟုတ် ဆရာ ၁၀ ပါးတို့၏ ဘာသာရေးဆိုင်ရာ သင်ကြားချက်များကို ဆစ်ခ်တို့က လိုက်နာခဲ့ကြသည်။ သူတို့၏ကျမ်းစာအုပ် ဂုရုဂရန့်ဆာဟစ်ဘ် Guru Granth Sahib ကို သူတို့၏ နောက်ဆုံးနှင့်ထာဝရဆရာအဖြစ် သဘောထားကြသည်။

ဆစ်ခ်ဝါဒသည် ဖန်တီးရှင်အား ယုံကြည်မှုနှင့် လူသားအားလုံး စည်းလုံးမှု၊ တန်းတူညီမျှမှုတို့အပေါ်တွင် ဗဟိုပြုထားသည်။ ဆစ်ခ်တို့သည် အများပြည်သူအား အလုပ်အကျွေးပြုမှု၊ လူမှုတရားမျှတရေးတို့အတွက် ကြိုးပမ်းမှုနှင့် ရိုးသားသော ဘဝနေထိုင်မှုတို့ဖြင့် တရားရှုမှတ်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ ဆောင်ရွက်ကာ သူတို့၏ ကိုးကွယ်ယုံကြည်မှုကို ကျင့်သုံးကြသည်။

ဓလေ့ထုံးစံအရ ဘုရားသခင်၏ ဖန်တီးမှုကို အလေးအမြတ်ထားသောအားဖြင့် ဆံပင်မညှပ်ကြပေ။  မုတ်ဆိတ်ထူများနှင့် ဆံပင်ကိုကာကွယ်ပေးထားသော ခေါင်းပေါင်းများကို ကြည့်ခြင်းဖြင့် ဆစ်ခ်ယောက်ျားများဖြစ်ကြောင်း သိနိုင်သည်။

မြစ်ကြီးနားရှိ ဆစ်ခ်အသိုက်အဝန်းသည် နိုးကြားတက်ကြွပြီး စည်းလုံးမှုရှိသည်။ လူကြီးပိုင်းဆစ်ခ်များက နံနက်ပိုင်းနှင့် ညနေပိုင်းဝတ်ပြုပွဲများကို နေ့စဉ်တက်ရောက်သော်လည်း တနင်္ဂနွေနေ့ နံနက်ပိုင်း ဝတ်ပြုပွဲများတွင်မူ လူငယ်များနှင့် မိသားစုများဖြင့် စည်ကားနေသည်။ ဆစ်ခ်တို့တွင် ဘုန်းတော်ကြီးမရှိဘဲ သီချင်းဆိုခြင်း၊ တူရိယာများ တီးခတ်ခြင်း၊ တရားပြခြင်းနှင့် ကျမ်းစာဖတ်ခြင်းတို့ အပါအဝင် ဝတ်ပြုသောကိစ္စများကို အဖွဲ့ဝင်တို့က အလှည့်ကျဆောင်ရွက်သည်။

၎င်းတို့ထဲမှ အသက် ၂၂ နှစ်အရွယ်ရှိ ကိုဟာမက်ဆင်း Ko Harmed Singh သည် ငယ်စဉ်ကတည်းက လက်ဆွဲဘာဂျာကို စိတ်ဝင်စားခဲ့သည်။ ယင်းမှာ လက်ဖြင့်ဆွဲကာဖိကာ လေသွင်းရသော လေအိတ်ပါသည့် ဆစ်ခ်ဂီတ၏ ပင်မအစိတ်အပိုင်းတစ်ခုဖြစ်သော တူရိယာတစ်မျိုးဖြစ်သည်။ သူ ၁၄ နှစ်သားအရွယ် ရှစ်တန်းကျောင်းသားဘဝကတည်းက ဆစ်ခ်ဘုရားကျောင်းသို့ ညနေတိုင်းသွားကာ ဘာသာရေးပညာရှင်ထံမှ သင်ခန်းစာတို့ကို သင်ယူခဲ့သည်။

ဘာသာရေးပညာရှင်သည် ဘုရားကျောင်းမှာပင် နေထိုင်ပြီး ပညာသင်လိုသူ မည်သူကိုမဆို သင်ကြားလမ်းညွှန်ပေးနေသူဖြစ်သည်။ သီချင်းတေးသွား ၁,၀၀၀ ကျော်ကို အလွတ်ရနေသည်ဟုဆိုသော ဟာမက်ဆင်းသည် မြန်မာနိုင်ငံရှိ ဆစ်ခ်အသိုင်းအဝိုင်းများကြားတွင် ဂီတပါရမီရှင်တစ်ဦးအဖြစ် ထင်ရှားသည်။

ဘုရားဝတ်ပြုပြီးနောက် အမျိုးသား အမျိုးသမီး ကြီးကြီးငယ်ငယ် အရွယ်မရွေးက ချက်ပြုတ်ခြင်း၊ လူမှုရေး ကိစ္စများဆောင်ရွက်ခြင်း၊ အိန္ဒိယအစားအစာများ ကျွေးမွေးဧည့်ခံခြင်း၊ ဟင်းများ၊ မုန့်ချိုများနှင့်  နို့နှင့်ဖျော်ထားသော လက်ဖက်ရည်ဖြင့်ဧည့်ခံခြင်းစသည်တို့ကို ဆောင်ရွက်လေ့ရှိသည်။ ယခုကဲ့သို့ အများစုပေါင်းစားသောက်ခြင်းသည် ဆစ်ခ်ရိုးရာအစဉ်အလာ၏ အဓိကအချက်ဖြစ်သည်။

ဆစ်ခ်ဘုရားကျောင်းများသည် ယုံကြည်ကိုးကွယ်မှု မခွဲခြားဘဲ အားလုံးအတွက် ဖွင့်ထားသည်။ ဆစ်ခ်မဟုတ်သော မိတ်ဆွေများအား ဝတ်ပြုပွဲတက်ရောက်ရန်၊ သို့မဟုတ် ကျွေးမွေးဧည့်ခံပွဲများကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။

မျိုးရိုးစဉ်ဆက် ရိုးရာအစဉ်အလာများ ထိန်းသိမ်းနိုင်စေရန် နွေရာသီအားလပ်ရက်များ၌ ဆစ်ခ်ဘုရားကျောင်း၌ သင်တန်းများပေးပြီး မိဘများကလည်း အိမ်၌ကလေးများကို သင်ကြားပေးသည်။

သို့သော်လည်း မျိုးဆက်တိုင်းတွင် လူမှုရေးအရ ပေါင်းစည်းမှုများရှိလာပြီး အိမ်တွင် မြန်မာစကားကို ပိုမိုပြောလာကြသဖြင့် ဆစ်ခ်မိခင်ဘာသာစကားနှင့် ဝတ်ပြုရာတွင် အသုံးပြုသော ပန်ချာပီဘာသာစကား ပြောဆိုတတ်သော စွမ်းရည်မှာမူ ကျဆင်းလာခဲ့သည်။

ဆစ်ခ်မျိုးရိုးစဉ်ဆက်သည် မြစ်ကြီးနားရှိ လူမျိုးဘာသာကွဲပြားသော အုပ်စုများနှင့် စီးပွားရေးနှင့် လူမှုရေးအရ ဆက်ဆံမှုများကို အပြုသဘောဖြင့် ထိန်းသိမ်းလာခဲ့ကြသည်။ ဆစ်ခ်များနှင့် ဆစ်ခ်မဟုတ်သူများသည် အတူတကွ စားကြသည်။ လက်ဖက်ရည် အတူသောက်ကြသည်။ တင်းနစ် တွဲ၍ကစားကြသည်။ ဘောလုံး အတူကန်ကြသည်။ အီလက်ထရွန်းနစ်ပစ္စည်း၊ မော်တော်ကားအစိတ်အပိုင်းနှင့် အိမ်ဆိုင်အများစုကို ဆစ်ခ်တို့က ဖွင့်လှစ်လုပ်ကိုင်ကြပြီး သူတို့ဝန်ထမ်းများနှင့် ဖောက်သည်များမှာ အခြားလူ့အဖွဲ့အစည်းဝင်များ ဖြစ်ကြသည်။

မြစ်ကြီးနားရှိ ဆစ်ခ်များသည် အုပ်စုတစ်ခုအဖြစ် မိမိတို့၏ယဉ်ကျေးမှု ကိုယ်ပိုင်စရိုက်လက္ခဏာကို ထိန်းသိမ်းသကဲ့သို့ ပိုမိုကျယ်ပြန့်သော လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်အောင်နေခြင်း၊ ညှိနှိုင်းနေထိုင်ခြင်းနှင့် အခါအားလျော်စွာ လိုက်လျောညီထွေ လက်ခံကျင့်သုံးခြင်းဖြင့် ကချင်လူ့အဖွဲ့အစည်းကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ဂုဒ်ဝါရ Gurdwara ဟုခေါ်သော မြစ်ကြီးနား ဆစ်ခ်ဘုရားကျောင်း။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.