The Rakhine Yoma foothills in Ngape Township are home to thousands of Asho Chin people. (Nay Aung | Frontier)
ရခိုင်ရိုးမတောင်ခြေရှိ ငဖဲမြို့နယ်အတွင်းက အရှိုချင်းတို့နေထိုင်ရာ ရွာငယ်တစ်ခုက မြင်ကွင်းတစ်ခုကို မြင်တွေ့ရစဉ်။ (နေအောင် | ဖရွန်းတီးယားမြန်မာ)

မဲဆန္ဒနယ်သတ်မှတ်မှုကြောင့် ချင်းပါတီတွေ ငဖဲမြို့မှာအထိနာခဲ့

ရခိုင်ရိုးမတောင်ခြေက မြို့ငယ်လေးတစ်ခုမှာတော့ ပါတီကြီးတစ်ခု အလွယ်တကူအနိုင်ရအောင် ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်ပြင်ဆင်သတ်မှတ်တာမျိုးရှိခဲ့ကြောင်း စွပ်စွဲချက်တွေ ပေါ်ထွက်ခဲ့ပါတယ်။

နေအောင် ရေးသားသည်။

မဲဆန္ဒနယ်မြေသတ်မှတ်ပြင်ဆင်ခြင်းက နိုင်ငံတော်တော်များများမှာ အငြင်းပွားဖွယ်ရာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးပါတီတွေနဲ့ အစိုးရတွေက ရွေးကောက်ပွဲတစ်ရပ်မှာ မဲဆန္ဒနယ်မြေတွေကို သူတို့အနိုင်ရအောင် ပြင်ဆင်သတ်မှတ်ကြလေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးစနစ်ကူးပြောင်းပြီး ရွေးကောက်ပွဲတွေ စတင်ကျင်းပခဲ့ရာ ၂၀၁၀ကစပြီး ဒီလိုဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့တာက ရှားရှားပါးပါးပါပဲ။ ဒါကလည်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို သတ်မှတ်တဲ့ ပုံစံကြောင့်ဖြစ်နိုင်ပါတယ်။​

ပြည်သူ့လွှတ်တော်အတွက် မြို့နယ်တစ်ခုအတွက် မဲဆန္ဒနယ်တစ်နယ်အဖြစ် ပုံသေသတ်မှတ်ထားတာကြောင့် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွေကို နိုင်ငံရေးအကျိုးအမြတ်အတွက် လိုသလိုခြယ်လှယ်နိုင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းလှပါတယ်။

ဒါပေမဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်တွေအတွက် မဲဆန္ဒနယ်တွေကို ပြင်ဆင်သတ်မှတ်တဲ့နေရာမှာတော့ နိုင်ငံရေးပါတီတစ်ခုခု အလွယ်တကူ အနိုင်ရအောင် ပြင်ဆင်နိုင်တဲ့ အနေအထားတွေရှိနေပါတယ်။

ရခိုင်ရိုးမတောင်ခြေမှာ တည်ရှိတဲ့ မြို့ငယ်လေးတစ်ခုမှာတော့ ပါတီကြီးတစ်ခု အလွယ်တကူအနိုင်ရအောင် မဲဆန္ဒနယ်ပြင်ဆင်သတ်မှတ်တာမျိုးရှိခဲ့တယ်လို့ ဒေသခံနိုင်ငံရေးသမားတွေရဲ့ စွပ်စွဲမှုတွေထွက်ပေါ်ခဲ့ပါတယ်။

ငဖဲမြို့နယ်ဟာ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးတို့ နယ်နိမိတ်ချင်းထိစပ်ရာ နယ်စပ်စည်းမျဉ်းမှာ တည်ရှိနေပါတယ်။ မြို့နယ်ရဲ့ တောင်ပေါ်ဒေသတွေမှာ ချင်းလူမျိုးတွေ နေထိုင်ပြီး လူဦးရေထူထပ်သိပ်သည်းတဲ့ မြေပြန့်ဒေသတွေမှာတော့ ဗမာလူမျိုးတွေ အများစုနေထိုင်ပါတယ်။

၂၀၁၅ရွေးကောက်ပွဲကျင်းပစဉ်က ငဖဲမြို့နယ်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၅,၀၀၀ကျော်သာ ရှိခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မဲအားလုံးရဲ့ ၇၀ရာခိုင်နှုန်းဝန်းကျင် ရရှိခဲ့ပြီး ငဖဲရဲ့ မဲဆန္ဒနယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအပါအဝင် ပြိုင်ဘက်တွေကို အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒီနှစ်၊​ နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲမှာတော့ ငဖဲမြို့နယ်မှာ ချင်းပါတီတွေဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အရှိုချင်းအမျိုးသားပါတီအပါအဝင် နိုင်ငံရေးပါတီခုနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ကျန်ပါတီတွေကတော့ အင်န်အယ်လ်ဒီနဲ့ပြည်ခိုင်ဖြိုး စတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်တဲ့ ဗမာလူမျိုးအများစုပါဝင်တဲ့ နိုင်ငံရေးပါတီတွေဖြစ်ပါတယ်။

ချင်းနိုင်ငံရေးပါတီတွေဟာ ငဖဲမြို့နယ်အတွင်းက တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ငဖဲ-၂)မှာ အနိုင်ရရှိဖို့ အားခဲထားခဲ့ကြပါတယ်။ (ငဖဲ-၂)မဲဆန္ဒနယ်မှာ ကျေးရွာအုပ်စု ၁၀ခုပါဝင်ပြီး အရှိုချင်းလူမျိုး အများစုနေထိုင်တာကြောင့် အလွယ်တကူအနိုင်ရနိုင်တဲ့ မဲဆန္ဒနယ်အဖြစ် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ်တွေ သတ်မှတ်ထုတ်ပြန်တဲ့အခါမှာတော့ ငဖဲမြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ပြင်ဆင်သတ်မှတ်မှုအပေါ် တိုင်းရင်းသားပါတီတွေရဲ့ မကျေနပ်မှုစတင်ပါတော့တယ်။

ပထဝီအနေအထားအရ ငဖဲမြို့နယ်ရဲ့ တစ်ဝက်က တောင်ပေါ်ဒေသဖြစ်ပြီးကျန်တဲ့ထက်ဝက်က တော့ မြေပြန့်လွင်ပြင်ပါ။ ငဖဲမြို့နယ်တောင်ပေါ်ဒေသမှာရှိတဲ့ ကျေးရွာအုပ်စု(၁၀)ခုက ချင်းတိုင်းရင်းသားတွေသာ နေထိုင်တဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ တောင်ပေါ်ဒေသရဲ့ ကျေးရွာအုပ်စု(၁၀)ခုဟာ မဲဆန္ဒနယ်(ငဖဲ-၂)မှာ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ၂၀၂၀ရွေးကောက်ပွဲမှာတော့ အဲဒီတောင်ပေါ် ကျေးရွာအုပ်စု၁၀ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှစ်ခြမ်းခွဲလိုက်ပါတယ်။ ဒါကြောင့် တချို့ကျေးရွာအုပ်စုတွေက မဲဆန္ဒနယ်(ငဖဲ-၁)ကို ရောက်သွားပြီး ကျန်တဲ့ကျေးရွာအုပ်စုတွေပဲ မဲဆန္ဒနယ်(ငဖဲ-၂)မှာ ကျန်ခဲ့ပါတယ်။

ဒီလိုခွဲခြားလိုက်ခြင်းကြောင့် ယခင်က မဲဆန္ဒနယ်(ငဖဲ-၂)ဟာ အရှိုချင်းတိုင်းရင်းသားတွေပဲ​ နေထိုင်တဲ့ နယ်မြေဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာတော့ တခြားလူမျိုးစုတွေပါ နေထိုင်တဲ့ နယ်မြေအဖြစ် သတ်မှတ်လိုက်တာကြောင့် မဲကွဲတဲ့သဘောဖြစ်သွားပါတယ်။

“ကိုယ်စားလှယ်လောင်းမှတ်ပုံတင် အမည်စာရင်းတွေတင်သွင်းပြီးကာမှ မဲဆန္ဒနယ်တွေ ပြောင်းသွားတယ် ဆိုတာကိုသိရတာပေါ့”လို့ မကွေးတိုင်းဒေသကြီးအတွင်း အခြေစိုက်တဲ့ အရှိုချင်းအမျိုးသားပါတီအတွင်းရေးမှူး ဦးဟန်ကျော်က ပြောပါတယ်။

အရှိုချင်းတိုင်းရင်းသားတွေ အများဆုံးနေထိုင်လို့ ၂၀၁၅တုန်းက မဲဆန္ဒနယ်(ငဖဲ-၂)ဟာ သူတို့အတွက် အားသာတဲ့ နယ်မြေတစ်ခုဖြစ်ခဲ့ပေမဲ့ ဒီ၂၀၂၀ရွေးကောက်ပွဲမှာတော့ ဒီလိုမဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။

“ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲကျတော့ မဲဆန္ဒနယ်မြေတွေပြန်ခွဲလိုက်တော့ ချင်းရွာတွေ ရွာကြီးတွေက တခြားဘက်ကိုရောက်သွားတာပေါ့၊ ကျွန်တော်တို့က တိုင်းရင်းသားပါတီတွေ ဖြစ်တဲ့အတွက် တိုင်းရင်းသားမဲကိုပဲ အဓိကထားတာပေါ့၊ အခုလိုဖြစ်ခဲ့တာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုပဲ”လို့ ဦးဟန်ကျော်က ရွေးကောက်ပွဲမတိုင်ခင်က ပြောပါတယ်။

အရှိုချင်းအမျိုးသားပါတီနဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်တို့က မဲဆန္ဒနယ်သတ်မှတ်မှုကို ကန့်ကွက်ကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို စာရေးသားပေးပို့ခဲ့ပေမဲ့ မဲဆန္ဒနယ်သတ်မှတ်မှုဟာ အပြောင်းအလဲမရှိခဲ့ပါဘူး။ 

အရှိုချင်းအမျိုးသားပါတီဟာ ငဖဲမြို့နယ်မှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နဲ့  တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်နှစ်နေရာနဲ့ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေမှာ ယှဉ်ပြိုင်ခဲ့ပါတယ်။

ဒီလိုအခြေအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရလဒ်အဖြစ် နိုဝင်ဘာ၈ရက်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ တစ်ခုမှအနိုင်မရဘဲ အင်န်အယ်လ်ဒီပါတီကပဲ ငဖဲမြို့နယ်ရဲ့ မဲဆန္ဒနယ်အားလုံးမှာ အနိုင်ရရှိခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေကတော့ ဒီလိုမဲဆန္ဒနယ်ပြင်ဆင်သတ်မှတ်တာဟာ ၂၀၁၅ရွေးကောက်ပွဲတုန်းက အသုံးပြုခဲ့တဲ့ မဲဆန္ဒနယ်တွေကို ထပ်ပြီးပြင်ဆင် သတ်မှတ်တာသာဖြစ်ပြီး ဘာမှမရိုးမဖြောင့်လုပ်တာမရှိဘူးလို့ ဆိုကြပါတယ်။

ကော်မရှင်က မဲဆန္ဒနယ်မြေတွေကို သတ်မှတ်တဲ့အခါမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်တဲ့ မြို့အင်္ဂါစဉ်စာရင်းတွေအပေါ် အခြေခံပြီး မဲဆန္ဒတစ်နယ်မှာ ရှိသင့်တဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု၊​ မြို့၊ မြို့နယ်ခွဲနဲ့ မြို့နယ်တွေကို ပါဝင်ဖွဲ့စည်းသတ်မှတ်တာဖြစ်ပါတယ်။​

ဒီလိုပြောင်းလဲပြင်ဆင်သတ်မှတ်ရတာကလည်း ငါးနှစ်အတွင်း ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတချို့ နာမည်ပြောင်းလဲမှုရှိခဲ့တာကြောင့် ၂၀၁၅က အသုံးပြုခဲ့တဲ့ မဲဆန္ဒနယ်မြေစာရင်းမှာ အမည်ပြင်ဆင်ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ရွေးကောက်ပွဲဥပဒေမှာတော့ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုကို မဲဆန္ဒနယ်နှစ်ခုထဲ ခွဲပြီးမသတ်မှတ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။ အမည်မဖော်လိုတဲ့ ကော်မရှင်တာဝန်ရှိသူကတော့ သူတို့ဟာ ဘယ်ရပ်ကွက်၊ ကျေးရွာအုပ်စုတစ်ခုတည်းကိုမှ မဲဆန္ဒနယ်နှစ်ခုထဲ ခွဲပြီးမသတ်မှတ်ခဲ့တာကြောင့် ဥပဒေနဲ့အညီ ဆောင်ရွက်မှုသာဖြစ်ကြောင်းပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာတော့ မဲဆန္ဒနယ်တွေကို သတ်မှတ်ရာမှာ ပွင့်ဖြူ၊ ဂန့်ဂေါနဲ့ ငဖဲမြို့နယ်တွေမှာ မဲဆန္ဒနယ်အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။​ ပွင့်ဖြူမြို့နယ်ဟာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နေရာဖြစ်ပြီး၊ ဂန့်ဂေါကတော့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး (တိုင်းဒေသကြီးအစိုးရအဖွဲ့) ဦးမြင့်ဇော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြို့နယ်ဖြစ်ပါတယ်။

ငဖဲမြို့နယ်မှာ မဲဆန္ဒနယ်မြေကို ပြင်ဆင်သတ်မှတ်ခြင်းဟာ ရွေးကောက်ပွဲဥပေဒေနဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးက ဆိုပါတယ်။

“ဘာလို့လုပ်လဲဆိုတော့လူဦးရေကွာခြားချက်ကြောင့်ပါ။ မဲဆန္ဒနယ်တစ်ခု လုပ်မယ်ဆိုလို့ရှိရင် တစ်ဆက်တည်းဖြစ်ရမယ်။ နောက်လူဦးရေကွာခြားချက်မရှိရပေါ့နော်။ အဲဒီလိုမျိုးရှိတယ်။ အဲဒီကျတော့ တစ်ဆက်တည်းဖြစ်အောင်ရယ်၊ လူဦးရေကွာဟနေတာကို ထိန်းညှိပေးတာပေါ့”လို့ သူကပြောပါတယ်။

“ဆိုလိုတာက ဥပမာ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၁) မဲဆန္ဒနယ်မြေက လူဦးရေ ၂၀,၀၀၀ ရှိတယ်ဆိုပါစို့။ မဲဆန္ဒနယ်(၂)ကကျတော့ ၁၀,၀၀၀ ပဲရှိတယ်။ အဲဒီလိုမျိုး လူဦးရေကွာဟချက်ဖြစ်တဲ့အချိန်မှာ ဒါတွေကိုထိန်းညှိပေးတာပေါ့။ အဲဒီတော့ ဒါ ၃၀,၀၀၀ ဖြစ်သွားတယ်။ ၃၀,၀၀၀ဆိုတော့ (မဲဆန္ဒနယ်တစ်ခုကို) ၁၅,၀၀၀စီဖြစ်အောင် နီးစပ်ရာကျေးရွာတွေကို မဲဆန္ဒနယ်(၂)ထဲကို ထည့်ပေးရတယ်။ ဒါမဲဆန္ဒနယ်ကလည်း ရွေးကောက်ပွဲဥပဒေပါအတိုင်း ဆောင်ရွက်တာပေါ့နော်”လို့ ဦးစိုးထွဋ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၅ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ စာရင်းအချက်အလက်တွေကို ပြန်ကြည့်တဲ့အခါမှာ ငဖဲမြို့နယ်က အဲဒီမဲဆန္ဒနယ်နှစ်ခုရဲ့ လူဦးရေဟာ မတိမ်းမယိမ်းရှိခဲ့ပါတယ်။ တိုင်းဒေသကြီးမဲဆန္ဒနယ်(ငဖဲ-၁)မှာ လူဦးရေ ၁၇,၅၅၂ဦးရှိခဲ့ပြီး မဲဆန္ဒနယ်(ငဖဲ-၂)မှာ ၁၈,၅၆၀ဦးရှိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးစိုးထွဋ်ဦးကို မေးမြန်းကြည့်တဲ့အခါမှာတော့ ဒီမဲဆန္ဒနယ်သတ်မှတ်တာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

တောတောင်ထူထပ်သည့် ငဖဲမြို့နယ်အတွင်းက ကျေးရွာတစ်ခုကို မြင်တွေ့ရစဉ်။ (နေအောင် | ဖရွန်းတီးယားမြန်မာ)

အသစ်ပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် မူရင်းမဲဆန္ဒနယ်မြေတွေမှာပါဝင်တဲ့ ကျေးရွာအုပ်စုတွေရဲ့ နေရာဒေသကိုလိုက်ပြီး ပြင်ဆင်ထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးရေးလုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်သွားတယ်လို့ မကွေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်လင်းက မှတ်ချက်ပြုပါတယ်။

ဒီနှစ်ရွေးကောက်ပွဲဟာ ကိုဗစ်၁၉ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု အရှိန်အဟုန်ကောင်းနေစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်တာကြောင့် ရောဂါထိန်းချုပ်ရေးအတွက် မဲဆွယ်စည်းရုံးမှုတွေကို ကန့်သတ်ထားတဲ့အချက်တွေလည်း ရှိနေပါတယ်။

ဒါ့ပြင် ပိုဆိုးတာက တောင်ပေါ်ဒေသက ချင်းတိုင်းရင်းသားကျေးရွာတွေက ရောဂါကူးစက်မှာ စိုးရိမ်တဲ့အတွက် တခြားဒေသက လာရောက်သူတွေ၊ အထူးသဖြင့် မဲဆွယ်စည်းရုံးလိုတဲ့ နိုင်ငံရေးပါတီတွေကို သူတို့ရဲ့ကျေးရွာတွေထဲ ဝင်ရောက်ခွင့်မပြုတာဖြစ်ပါတယ်။

မဲဆန္ဒနယ်မြေသတ်မှတ်မှုအပြင် ဒီလိုစိန်ခေါ်မှုတွေရှိခြင်းဟာ တိုင်းရင်းသားပါတီတွေအတွက်တော့ ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ 

“တိုင်းရင်းသားပါတီငယ်လေးတွေကို ပွဲမဝင်ခင်ကတည်းက ကန်ခွင့်မရတော့အောင် လုပ်တယ်လို့ မြင်တယ်”လို့ ဦးအောင်နိုင်လင်းကဆိုပါတယ်။

ကော်မရှင်အနေနဲ့ ငဖဲက မဲဆန္ဒနယ်တွေကို အပြောင်းအလဲမလုပ်ခင် နိုင်ငံရေးပါတီတွေနဲ့ ကြိုတင်ညှိနှိုင်း တိုင်ပင်ခဲ့သင့်တယ်လို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဖိုးက ပြောပါတယ်။

“ဒါကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်တယ်လို့ ကျွန်တော်တို့သုံးသပ်တယ်။ တကယ်လို့ ရည်ရွယ်ချက် မရှိဘူးဆိုရင်၊ လူဦးရေကိုမျှခြေလုပ်ချင်တယ်ဆိုရင် ကျွန်တော်တို့ငဖဲမြို့မှာ ဝင်ပြိုင်မဲ့ပါတီတွေကို အနည်းဆုံးညှိုနှိုင်းတိုင်ပင်သင့်တယ်”လို့ သူက ပြောပါတယ်။

ဒါ့ပြင် ကော်မရှင်ရဲ့ ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှ မဲဆန္ဒနယ်ပြောင်းလဲမှုအပေါ် သူက မေးခွန်းထုတ်လိုက်ပါတယ်။ ကော်မရှင်က ဇူလိုင်မှာ မဲဆန္ဒနယ်စာရင်း ထုတ်ပြန်ခဲ့စဉ်က ငဖဲရဲ့ မဲဆန္ဒနယ်သတ်မှတ်မှုဟာ ၂၀၁၅ကအတိုင်းဖြစ်ခဲ့ပြီး ရွေးကောက်ပွဲနီးကပ်ချိန် ထပ်မံထုတ်ပြန်တဲ့ အချိန်မှာတော့ ပြောင်းလဲသွားခဲ့တာဖြစ်တယ်လို့ ဦးဖိုးကဆိုပါတယ်။

ဖရွန်းတီးယားမြန်မာအနေနဲ့ ဒီလိုမဲဆန္ဒနယ် အပြောင်းအလဲတွေကို ဘယ်အချိန်မှာပြုလုပ်ခဲ့တယ်ဆိုတာ အတည်မပြုနိုင်ပေမဲ့ တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုးထွဋ်ဦးကတော့ ကော်မရှင်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း အခိုင်အမာဆိုပါတယ်။

“ပြီးခဲ့တဲ့ကာလတွေက ကျွန်တော်တို့ဒေသမှာ နိုင်ငံရေးအမြင်သိပ်မရှိသေးတော့ အခွင့်အရေးနစ်နာတယ်၊ မနစ်နာဘူးဆိုတာ သိပ်မသိခဲ့ကြဘူး။ အခု၂၀၂၀မှာ ကျွန်တော်တို့ပါတီကလည်းဝင်ပြိုင်တယ်။ ကျွန်တော်တို့နိုင်ငံရေးပါတီတွေကို ကော်မရှင်က ဆွေးနွေးတာမျိုးမရှိဘဲ မဲဆန္ဒနယ်တွေကို သတ်မှတ်ခဲ့တာ ကျွန်တော်တို့ တိုင်းရင်းသားတွေအနေနဲ့ အရမ်းနစ်နာတယ်”လို့ ဦးဖိုးက ပြောပါတယ်။ သူဟာ ငဖဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီလိုမဲဆန္ဒနယ်တွေ ပြောင်းလဲခြင်းက ဒေသတွင်းတိုင်းရင်းသားတွေရဲ့ ကိုယ်စားပြုမှုကိုလျော့ နည်းစေတယ်လို့ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာက ဆလိုင်းအေးမင်းက ဆိုပါတယ်။

တကယ်တော့ လွန်ခဲ့တဲ့ငါးနှစ်က ၂၀၁၅ရွေးကောက်ပွဲမဲရလဒ်တွေကိုကြည့်မယ်ဆိုရင် ငဖဲလိုနေရာမျိုးမှာ ချင်းနိုင်ငံရေးပါတီတွေ အနိုင်ရနိုင်ခြေရှိ၊ မရှိက သိသာထင်ရှားပါတယ်။ ဥပမာအားဖြင့် ၂၀၁၅တုန်းက အရှိုချင်းအမျိုးသားပါတီက တိုင်းဒေကြီးလွှတ်တော် မဲဆန္ဒနယ် (ငဖဲ-၂)မှာ ဆန္ဒမဲ၇ဒသမ၄၁ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ဒီမဲပမာဏဟာ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းရရှိခဲ့တဲ့ မဲရလဒ်ရဲ့ ဆယ်ပုံတစ်ပုံသာသာပဲ ရှိခဲ့တာဖြစ်ပါတယ်။

ဒီနှစ် အင်န်အယ်လ်ဒီပါတီအနိုင်ရခြင်းဟာလည်း လူဦးရေပျံ့နှံ့နေထိုင်မှု အချိုးအစားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၂၀၁၉မှာ ထုတ်ပြန်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ ငဖဲမြို့နယ်မှာ ချင်းလူမျိုးအရေအတွက်ဟာ ၂၈ဒသမ၇၆ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ကျန်တဲ့ ပမာဏ လူများစုဟာ ဗမာလူမျိုးတွေပဲဖြစ်ပါတယ်။

တကယ်တော့ ငဖဲမြို့နယ်အတွင်းက တောင်ပေါ်ကျေးလက်ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုရှိတဲ့အပြင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျတဲ့အတွက် အစိုးရရဲ့ ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုတွေ အားနည်းတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးတဲ့ ဒဏ်တွေကိုပါ ခံစားနေကြရတာဖြစ်ပါတယ်။

“ကျွန်တော်တို့နယ်မှာ တချို့ရွာတွေကို အခုအမတ်တွေတစ်ခေါက်မှမရောက်ဖူးကြပါဘူး။ တစ်ရွာနဲ့တစ်ရွာ တစ်တောင်ဆင်း၊ တစ်တောင်တက်ဖို့ နာရီနဲ့ချီပြီးလမ်းလျှောက်နိုင်ဖို့က ကျွန်တော်တို့ ချင်းတိုင်းရင်းသားအမတ်တွေကိုပဲ အားကိုးရဖို့မျှော်နေတာ”လို့ ဆလိုင်းအေးမင်းက ရွေးကောက်ပွဲမတိုင်ခင်က ပြောဆိုခဲ့တာပါ။ အခုတော့ သူမျှော်လင့်သလို ချင်းအမတ်တွေ အနိုင်ရရေးဟာ ဖြစ်မလာတော့ပါဘူး။

ငဖဲမြို့နယ်အတွင်းက ချင်းတိုင်းရင်းသားတွေဟာ သူတို့ရဲ့ဘဝတွေကို အစိုးရက အရေးတယူမလုပ်ဘူးဆိုတဲ့ ခံစားချက်တွေရှိနေကြောင်း ဒေသခံချင်းအမျိုးသမီး မိုင်ပန်းအေးကဆိုပါတယ်။

လာမဲ့ငါးနှစ်အတွင်းမှာ အာဏာရအင်န်အယ်လ်ဒီပါတီက ငဖဲမြို့နယ်အတွင်းက ချင်းတိုင်းရင်းသားတွေရဲ့ ဘဝတိုးတက်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.