A household in Mawlawmyine's Lamuttan quarter uses bowls and buckets to store water. (Naw Betty Han | Frontier)
မော်လမြိုင်မြို့ရှိ အစိုးရ၏ ရေဖြန့်ဝေရေးဝန်ဆောင်မှုမရရှိသော လမုတန်းရပ်ကွက်ရှိ နေအိမ်တစ်ခုက ရေပုံးများကို အသုံးပြုကာ သောက်သုံးရေများကို သိုလှောင်သိမ်းဆည်းသည်ကို ဤသို့တွေ့ရှိရသည်။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

မော်လမြိုင်မြို့၏ ရေပြဿနာကို အဖြေရှာခြင်း

မြန်မာနိုင်ငံ၏ ပဥ္စမမြောက်အကြီးဆုံးမြို့ဖြစ်သော မော်လမြိုင်တွင် နေထိုင်သူအများစုသည် အစိုးရ၏ ရေဖြန့်ဖြူးရေးစနစ်ကောင်းမွန်မှုမရှိခြင်းကြောင့် အရည်အသွေးညံ့ဖျင်းသော ရေများကိုသာ မှီဝဲသုံးစွဲနေရသည်။

နော်ဘတ်တီဟန် ရေးသားသည်။

မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင်နေထိုင်သူ အသက် ၆၅နှစ်ရှိပြီဖြစ်သည့် ဦးသိန်းလှသည် ၂၀၀၉က ငွေကျပ်သုံးသိန်း အကုန်ကျခံ၍ အစိုးရ၏ ရေပေးဝေရေးဝန်ဆောင်မှုကို ရယူခဲ့သည်။

အစိုးရ၏ ရေပေးဝေရေးစီမံကိန်းသည် ၂၀၁၃လောက်အထိ အလုပ်ဖြစ်ခဲ့သည်။ သို့သော် ယင်းနောက်ပိုင်းတွင် ရေက လာလိုက်၊ ပြတ်လိုက်ဖြစ်လာသည်။ တစ်ခါတစ်ရံတွင်မူ လုံးဝမလာတော့သည်အထိ အခြေအနေဆိုးဝါးလာသည်။

“ကျွန်တော်တို့ ရပ်ကွက်ထဲက အိမ်တော်တော်များများ ဒီလိုမျိုးပဲဖြစ်ကြတယ်။ တချို့အိမ်တွေမှာဆို ရေလုံးဝမလာဘူး။ တချို့အိမ်တွေမှာကျ လာတယ်။ ဒါပေမဲ့ ပြတ်တောင်းပြတ်တောင်းနဲ့ လုံလောက်အောင်မလာဘူး။ ကျွန်တော်ထင်တယ် အိမ်အားလုံးကိုထောက်ပံ့ပေးဖို့ ရေက လုံလုံလောက်လောက်မရှိဘူးနဲ့တူတယ်”ဟု ဦးသိန်းလှက ပြောသည်။

ပုံမှန်ရေမလာသည့်တိုင် ရေမီတာ ထိန်းသိမ်းစောင့်ရှောက်ခအဖြစ် တစ်လလျှင် ငွေကျပ် ၁,၀၀၀ကိုတော့ သက်ဆိုင်ရာအာဏာပိုင်များသို့ ပုံမှန်ပေးဆောင်နေရသည်။

“ရေက လုံးဝနီးပါးမလာတော့ ကျွန်တော်က ရေမီတာခလာကောက်တဲ့သူကို မီတာကိုဖယ်ပေးဖို့၊ ကျွန်တော်တို့ ဒါကိုဆက်မသုံးတော့ဘူးလို့ ပြောတော့ သူကမဖယ်ပေးဘူး။ ဒီတော့ ကျွန်တော်တို့ ဒီကရတဲ့ ရေကို မသုံးပေမဲ့ မီတာထိန်းသိမ်းခတော့ပေးနေရတာပေါ့”ဟု ၎င်းကပြောသည်။

ရွှေမြိုင်သီရိရပ်ကွက်အတွင်းက မိသားစုအတော်များများသည်လည်း ဦးသိန်းလှတို့မိသားစုကဲ့သို့ပင် ရေပြတ်လတ်သည့်ဒုက္ခ အမြဲလိုလို ကြုံတွေ့နေရသည်။ အစိုးရရေပိုက်လိုင်းမှ သွယ်တန်းအသုံးပြုသည်ဟုဆိုသော်လည်း တစ်ရက်လျှင် နာရီအနည်းငယ်သာ ရေလာသဖြင့် ရေကို လုံလုံလောက်လောက် မသုံးစွဲနိုင်ဖြစ်ရသည်။

နေ့စဉ်သောက်သုံးရေ ပုံမှန်မရရှိသည့်ပြဿနာကို ဖြေရှင်းရန် ရပ်ကွက်အတွင်းရှိ အများသုံးရေကန်မှ နေအိမ်သို့ ပိုက်များသွယ်တန်းကာ ရေအသုံးပြုရသည်ဟု ဦးသိန်းလှကဆိုသည်။ 

အဆိုပါအများသုံးရေကန်များကို မော်လမြိုင်မြို့ရှိ ရွှေမြိုင်သီရိ၊ ဇေယျာသီရိ၊ သာယာအေးနှင့် လှိုင် အစရှိသည့် ရပ်ကွက်များတွင် တွေ့ရှိရသည်။ အဆိုပါရပ်ကွက်များသည် ၁၉၈၀ပြည့်နှစ်၊​ စစ်အာဏာရှင်ဦးနေဝင်းလက်ထက်က မော်လမြိုင်မြို့ကို တိုးချဲ့ရာတွင် ပေါ်ပေါက်လာသော လူနေဧရိယာများဖြစ်သည်။ လူနေရပ်ကွက်များအတွက် ရေသုံးစွဲမှုဖူလုံစေရန် ထိုစဉ်ကတည်းက ကိုယ်ထူကိုယ်ထ တူးဖော်ခဲ့သည့် အများသုံးရေကန်များဖြစ်သည်။

“အရင်ကတော့ ဒီဘက်ရပ်ကွက်တွေက တိုးချဲ့ရပ်ကွက်တွေဖြစ်တော့ ရပ်ကွက်တစ်ခုစီရဲ့ လမ်းထောင့်တွေတိုင်းမှာ မိုးရေခံသုံးတဲ့ ရေကန်တွေ တူးထားကြလေ့ရှိတယ်။ အဲဒီအများသုံးကန် တွေကနေပဲ သောက်ရေ၊ သုံးရေ သုံးရတယ်။ ရွေးချယ်စရာမရှိဘူးလေ”ဟု ဦးသိန်းလှက ပြောသည်။

ယခုအချိန်တွင် အဆိုပါရပ်ကွက်များသည် စည်ပင်သာယာရေးကော်မတီက ထောက်ပံ့သည့် သောက်သုံးရေကို အခကြေးငွေဖြင့် ဝယ်ယူအသုံးပြုသော်လည်း မလုံလောက်သဖြင့် အဆိုပါ အများသုံးရေကန်ကြီးများကိုသာ ဆက်လက်အားကိုးနေရသည်။ အချို့လူနေအိမ်များတွင် အဝိစိတွင်းတူး၍ ရေကို ထုတ်ယူသုံးစွဲသော်လည်း မြေအနေအထားအရ နေရာတိုင်းတွင် အဝီစိတွင်းတူးရန် မလွယ်ကူပေ။

၂၀၁၄သန်းခေါင်စာရင်းအရ လူဦးရေ ၂၅၀,၀၀၀ ဝန်းကျင်နေထိုင်သော မော်လမြိုင်မြို့ တစ်မြို့လုံးကို အပြည့်အဝရေပေးဝေနိုင်သည့် စနစ်မရှိခြင်း၏ အကျိုးဆက်အဖြစ် နွေရာသီတွင် ရေပြတ်လပ်မှုပြဿနာကို ဦးသိန်းလှတို့လို ဒေသခံများက နှစ်စဉ်အလူးအလဲခံစားရလေ့ရှိသည်။

၂၀၂၀၊ နွေဦးကာလ အစဖြစ်သော မတ်လဆန်းပိုင်းတွင် မြို့ကိုရေထောက်ပံ့သည့် ဆည်ကြီးများတွင် ရေသည် နှစ်ပတ်စာခန့်သာ ကျန်ရှိတော့သဖြင့် ရေပြတ်လပ်နိုင်ကြောင်း မြို့ခံများကို မော်လမြိုင်မြို့ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ကြိုတင်သတိပေးခဲ့သည်။

ထိုအခါ လူမှုကူညီရေးအဖွဲ့အစည်းများက ရေပြတ်လပ်မှုမရှိစေရန် ရရှိနိုင်သည့် ရေအရင်းအမြစ်များကို ကိုယ်ထူကိုယ်ထ ရှာဖွေရတော့သည်။ ယခင်ကတည်းက ကြုံတွေ့ရလေ့ရှိသော်လည်း ယခုနှစ်များတွင် နွေရာသီရေရှားပါးမှုသည် ပိုမိုဆိုးရွားလာသည်ဟု ဘိုဘိုဝင်းလူမှုကူညီရေးအသင်းတည်ထောင်သူ ကိုဘိုဘိုဝင်းက ဆိုသည်။

“ပြီးခဲ့တဲ့နွေရာသီတုန်းက ရေကန်တွေကလည်းခန်းတာမြန်တော့ တချို့ရပ်ကွက်တွေဆိုအစောကြီး ရေပြတ်ကုန်တယ်”ဟု ၎င်းကပြောသည်။

၎င်းတို့လို လူမှုကူညီရေးအသင်းများက ရေပြတ်လပ်သည့် ရပ်ကွက်များကို ကူညီရန်အသင့်ရှိသည်ဟု ကိုဘိုဘိုဝင်းကပြောသည်။ သို့သော် ရေပြတ်လပ်မှုသည် အစဉ်အမြဲ ဖြစ်ပေါ်နေသည့် ပြဿနာတစ်ရပ်ဖြစ်လာမည်ကိုမူ စိုးရိမ်သည်ဟု ၎င်းကဆိုသည်။

“ရေပြတ်လပ်လို့ ရေလှူရတာ၊ ကူညီတာက ယာယီဖြေရှင်းနည်းပဲဖြစ်တယ်။ ဒီအခြေအနေ ထပ်မဖြစ်ဖို့ အစိုးရရဲ့ ရေရှည်ရေထောက်ပံ့မှုစနစ်လိုတယ်လို့ ကျွန်တော်မြင်တယ်”ဟု ၎င်းကပြောသည်။

သို့တိုင် အဆိုပါပြဿနာများကို ဖြေရှင်းမည့် အပြောင်းအလဲများမှာ ထိုလွန်ခဲ့သည့် ၂၀၁၄ကတည်းက စတင်နေပြီဟု ဆိုရမည်ဖြစ်သည်။ ၂၀၁၄တွင် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ် ဘားအံနှင့် မြဝတီမြို့များတွင် မြို့ပြဝန်ဆောင်မှုများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတစ်ခု ဖော်ဆောင်ရန် အစိုးရထံသို့ အဆိုတင်သွင်းခဲ့သည်။

အစိုးရရေပေးဝေမှုစနစ်ကို လက်လှမ်းမမီသည့် ရပ်ကွက်များရှိ ဒေသခံများသည် ပုံပါအတိုင်း အများသုံးရေကန်မှ ရေခပ်၍ သုံးစွဲကြရသည်။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

တန်ကြေး ငွေကျပ် ၁၀၅ဒသမ၅ဘီလျံ (အမေရိကန်ဒေါ်လာသန်း၈ဝ)တန်ဖိုးရှိ အဆိုပါစီမံကိန်းကြီးကို ၂၀၁၈တွင် အေဒီဘီနှင့် အစိုးရတို့ အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၅တွင် အပြီးသတ်ဆောင်ရွက်မည့် အဆိုပါစီမံကိန်းသည် မြို့ကြီးသုံးမြို့ကို ရေပေးဝေမှုနှင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှု တိုးတက်အောင် လုပ်ဆောင်မည်ဖြစ်သည်။

အဆိုပါစီမံကိန်းမှ ငွေကျပ် ၃၁ဒသမ၃ဘီလျံကို (အမေရိကန်ဒေါ်လာ ၂၃ဒသမ၈သန်း)ကို မော်လမြိုင် ရေဖြန့်ဖြူးရေးနှင့် ရေသိုလှောင်ရေးစနစ် အဆင့်မြှင့်တင်ရန် အသုံးပြုမည်ဖြစ်ကြောင်း အေဒီဘီ၏ စီမံကိန်းအဆိုပြုလွှာတွင် ဖော်ပြထားသည်။ ထို့ပြင် ငွေကျပ်၂၃ဘီလျံခန့် (ဒေါ်လာ ၁၇ဒသမ၆သန်း)ကိုလည်း စွန့်ပစ်အမှိုက်စီမံခန့်ခွဲရေးနှင့် အမှိုက်ပစ်ယာဉ်များဝယ်ယူရန်လည်းကောင်း၊ ငွေကျပ်၂ဒသမ၆ဘီလျံ (ဒေါ်လာနှစ်သန်း)ကို ဒေသတွင်း ရှေးဟောင်းအဆောက်အဦးများပြုပြင်ထိန်းသိမ်းရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် အကောင်အထည်ဖော်မည့် အေဒီဘီစီမံကိန်းသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA – ဂျိုက်ကာ)က ဆောင်ရွက်မည့် ရေဖြန့်ဝေမှုအဆင့်မြှင့်တင်ရေးနှင့် ပိုက်လိုင်းများပြန်လည်ပြုပြင်မွမ်းမံရေး စီမံကိန်းနှင့်လည်း ချိတ်ဆက်ထားသည်။

အဆိုပါစီမံကိန်းပြီးစီးပါက မော်လမြိုင်မြို့တွင် အိမ်တိုင်းနီးပါး အစိုးရရေပိုက်လိုင်းကတစ်ဆင့် သောက်သုံးရေ လုံလောက်စွာ ရရှိမည်ဖြစ်သည်။

အေဒီဘီပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏အဆိုအရ လက်ရှိအချိန်တွင် စီမံကိန်းအတွက် နည်းပညာဒီဇိုင်းရေးဆွဲသည့်အဆင့်တွင်သာ ရှိနေသေးပြီး အဆိုပါအဆင့်သည် ၂၀၂၁၊ ဇူလိုင်တွင် ပြီးစီးမည်ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများပြီးစီးရန်မှာ ယင်းအချိန်မှ နောက်ထပ် ၁၈လမှ ၂နှစ်အထိကြာမြင့်နိုင်ကြောင်း အဆိုပါပြောခွင့်ရသူကဆိုသည်။

အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ၊ ဂျိုက်ကာအဖွဲ့၏ ရန်ပုံငွေနှင့်တည်ဆောက်သည့် အဆိုပါစီမံကိန်းအတွက် မွန်ပြည်နယ်အစိုးရကလည်း ပြည်နယ်ဘတ်ဂျက်မှ ငွေကျပ်ခုနှစ်ဘီလျံ သုံးစွဲသွားမည်ဟု မွန်ပြည်နယ်လွှတ်တော်​ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

 ယခုအချိန်တွင် ရေပေးဝေရေးစီမံကိန်းအတွက် လုပ်ငန်းများစတင်နေပြီဖြစ်ပြီး ရေသိုလှောင် သိမ်းဆည်းသည့်စနစ်ကို အဆင့်မြှင့်တင်ခြင်းနှင့် ရေပိုက်လိုင်းများအသစ်တပ်ဆင်ခြင်း စသည်တို့ကို ဆောင်ရွက်နေပြီဖြစ်သည်ဟု ၎င်းကဆိုသည်။

ဖရွန်းတီးယားမြန်မာက မော်လမြိုင်သို့ လွန်ခဲ့သည့်သြဂုတ်တွင် သွားရောက်ခဲ့စဉ် ကြီးမားသော ရေပိုက်ကြီးများကို မြို့အနှံ့ရှိ လမ်းမကြီးများနံဘေးတွင် နေရာချထားပြီး ရေပိုက်လိုင်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကိုတွေ့ရှိခဲ့ရသည်။ အဆိုပါပိုက်လိုင်းကြီးများကို တပ်ဆင်ပြီးပါက ပို၍အရွယ်အစားသေးသောပိုက်လိုင်းများဖြင့် လူနေဧရိယာများသို့ ရေသွယ်တန်းမည်ဟု ဒေါက်တာအောင်နိုင်ဦးကဆိုသည်။


မော်လမြိုင်မြို့တွင်းတစ်နေရာတွင် ပိုက်လိုင်းကြီးများကို ခေတ္တနေရာချထားသည်ကို မြင်တွေ့ရစဉ်။ မြို့ရေပေးဝေမှုစနစ်ကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့၏ ထောက်ပံ့မှုဖြင့် အဆင့်မြှင့်တင်လျက်ရှိသည်။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အချက်အလက်များအရ လက်ရှိတွင် ရွှေနတ်တောင်ဆည်နှင့် ကင်မွန်းခြုံဆည်တို့အပြင် အတ္ထရံရေသိုလှောင်ကန်နှစ်ကန်မှ မော်လမြိုင်မြို့ရှိ လူနေရပ်ကွက်၂၈ခုအနက် ၂၄ရပ်ကွက်ကို တစ်ရက်လျှင် ရေဂါလန်လေးသန်းသာ ဖြန့်ဖြူးပေးနိုင်သေးသည်။ အဆိုပါပမာဏမှာ မြို့နေလူဦးရေစုစုပေါင်း၏ ၃၂ရာခိုင်နှုန်းကိုသာ လွှမ်းခြုံနိုင်သေးသည်။

“ပိုက်လိုင်းကလာတဲ့ရေတွေကို သောက်လို့မရဘူး။ ဒီစီမံကိန်းက ရေကို သန့်စင်ပေးပြီး ရေပိုက်လိုင်းတွေကနေတစ်ဆင့် ဖြန့်ဖြူးမှာဆိုတော့ သောက်ရေသုံးရေအတွက် အဆင်ပြေလာမယ်”ဟု အဆိုပါကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ကိုကိုကပြောသည်။

စီမံကိန်းပြီးစီးသွားပါက တစ်ရက်လျှင် ရေ ၂၇,၅၀၀ကုဗမီတာမှ ၂၀၄၀ပြည့်နှစ်တွင် ၆၆,၀၀၀ကုဗမီတာအထိ တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

စီမံကိန်းကို အပိုင်းနှစ်ပိုင်းဖြင့် အကောင်ထည်ဖော်နေပြီး ရေပိုက်များပြုပြင်ခြင်း၊ ရေဖြန့်ဖြူးသည့်နေရာများကို အဆင့်မြှင့်တင်ခြင်းတို့ပါဝင်သော စီမံကိန်းပထမပိုင်းသည် သုံးနှစ်ခန့်ကြာမြင့်မည်ဖြစ်သည်။ စီမံကိန်းဒုတိယအပိုင်းတွင်မူ ရေမီတာကောက်ခံသည့်လုပ်ငန်းကို စိတ်ဝင်စားသော ကုမ္ပဏီများအား အစိုးရကတင်ဒါခေါ်မည်ဖြစ်ပြီး တစ်ယူနစ်လျှင် ခန့်မှန်းခြေ ၂၅၀ကျပ်ခန့် ကျသင့်ဖွယ်ရှိနေသည်။

ပြည်နယ်အစိုးရသည် မော်လမြိုင်မြို့ ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ပြီးပါက အခြားမြို့နယ်များရှိ သောက်သုံးရေစီမံခန့်ခွဲမှုကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်နိုင်ဦးကဆိုသည်။

“မွန်ပြည်နယ်မှာရှိတဲ့ လူတွေတော်တေ်ာများများက နွေရာသီရောက်တိုင်း ရေပြတ်တာကို ကြုံနေရတာ။ မော်လမြိုင်က ရေဖြန့်ဝေရေးစနစ် အဆင်ပြေသွားပြီဆိုရင် ကျွန်တော်တို့ နောက်ပိုင်းမှာ ရေရှားတာ၊ ရေပြတ်တာကို စိတ်ပူဖို့မလိုတော့ဘူးလေ။ ပြီးတာနဲ့ ကျွန်တော်တို့ ရေကောင်းကောင်းမရတဲ့ တခြားမြို့နယ်တွေကို အာရုံစိုက်လုပ်ပေးနိုင်မှာပေါ့”ဟု ၎င်းက ပြောသည်။

ရွှေမြိုင်သီရိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိန်မင်းကမူ ရေဖြန့်ဖြူးရေးစနစ် အဆင့်မြှင့်တင်သည့် စီမံကိန်းကို ကြိုဆိုသည်။ ယင်းမှာ “သတင်းကောင်းပဲလေ”ဟုလည်း သူကပြောသည်။

ရွှေမြိုင်သီရိရပ်ကွက်နေ အများပြည်သူတို့ လက်ရှိအားထားနေရသည့် ရေဖြန့်ဖြူးရေးစနစ်သည် ၁၉၈၆ကတည်းက အသုံးပြုခဲ့သည့် အများသုံးရေကန်များမှ ထုတ်ယူသုံးစွဲခြင်းဖြစ်သဖြင့် အချိန်ကြာမြင့်လာသည်နှင့်အမျှ ရေအရည်အသွေးလည်း ကောင်းမွန်ခြင်းမရှိတော့ဟု ၎င်းကဆိုသည်။

သို့သော် အဆင့်မြှင့်တင်နေသည့် အစိုးရ၏ ရေပေးဝေရေးဝန်ဆောင်မှုများကို အချို့ကျူးကျော်ရပ်ကွက်များ လက်လှမ်းမမီမှာကို ဦးစိန်မင်းက စိုးရိမ်နေသည်။

ဥပမာအားဖြင့် လမုတန်းရပ်ကွက်၏ ကမ်းနားပိုင်းတွင်နေထိုင်သော အိမ်ထောင်စု၃၀၀ခန့်သည် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုခန့်ကတည်းက အိမ်ထောင်စုစာရင်းမရှိဘဲ နေထိုင်ခဲ့ကြသူများဖြစ်ပြီး မြစ်ရေကိုသာ အဓိကထားသုံးစွဲကြရသည်။

“အစိုးရရဲ့ ရေထောက်ပံ့ရေးစနစ်တွေက ဒီလိုရပ်ကွက်တွေအထိပါရောက်ဖို့တော့ မသေချာဘူးထင်တယ်”ဟု ဦးစိန်မင်းကပြောသည်။


အသက် ၇၈နှစ်ရှိပြီဖြစ်သည့် လမုတန်းရပ်ကွက်တွင်နေထိုင်သူ အမယ်အိုဒေါ်သန်းဌေးကို ၎င်း၏အိမ်ရှေ့တွင် မြင်တွေ့ရစဉ်။ အဆိုပါရပ်ကွက်တွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ဒေသခံများကို အစိုးရက တရားဝင်နေထိုင်ကြောင်း အသိအမှတ်မပြုသေးသဖြင့် ၎င်းတို့သည် အဆင့်မြှင့်တင်နေသည့် အစိုးရရေပေးဝေမှုစနစ်၏ အကျိုးကျေးဇူးများကို ခံစားရဖွယ်မရှိပေ။ (နော်ဘတ်တီဟန် | ဖရွန်းတီးယားမြန်မာ)

ဖရွန်းတီးယားမြန်မာက လမုတန်းရပ်ကွက်ရှိ ကမ်းနားအပိုင်းကို သြဂုတ်၂ဝရက်က သွားရောက်ခဲ့ပြီး ဒေသခံများ ရေအသုံးပြုပုံကို သွားရောက်လေ့လာခဲ့သည်။ မြစ်ရေအတက်အကျရှိသဖြင့် နေအိမ်အများစုကို ခြေတံရှည်အိမ်များအဖြစ် တည်ဆောက်ထားကြသည်။ အချို့နေရာများတွင်မူ အများသုံးရေကန်များကို တွေ့ရှိခဲ့ရသည်။

သို့သော် ထိုရေကန်များသည်လည်း ဒီရေတက်လျှင် မြစ်ရေဝင်သဖြင့် သောက်သုံးမရဖြစ်လေ့ရှိသည်ဟု ရပ်ကွက်နေဒေသခံများက ဆိုသည်။

မြစ်ရေဝင်သည့် အကျိုးဆက်အဖြစ် မိုးရာသီတွင် သောက်သုံးရေကန်ညစ်ညမ်းလေ့ရှိပြီး ရေအရည်အသွေး မသန့်ရှင်းကာ ဝမ်းရောဂါခံစားရလေ့ရှိကြောင်း လမုတန်းကမ်းနားလမ်းတွင် နေထိုင်သူ၊ အသက် ၆၀ရှိပြီဖြစ်သည့် ဦးစိန်သန်းက ဆိုသည်။

အဆိုပါရပ်ကွက်တွင် နှစ်၂၀ခန့် နေထိုင်လာခဲ့သူ ဒေါ်မြသန်းကမူ ၎င်း၏ ခြေတံရှည်အိမ်ရှေ့တွင် ရေစည်ငါးခုဖြင့် မိုးရေခံကာ ရေချိုရရှိအာင် စုဆောင်းအသုံးပြုလျက်ရှိသည်။ ရံဖန်ရံခါ အိမ်အနီးရှိ ရေကန်များမှ ရေသယ်ကာ ဝယ်ယူဖြည့်တင်း သုံးစွဲနေရသည်ဟု ၎င်းကဆိုသည်။

အစိုးရက လက်ရှိအကောင်အထည်ဖော်နေသည့် ရေပေးဝေရေးစီမံကိန်းနှင့်ပတ်သက်၍ “ဘာမှမသိကြောင်း”နှင့် ၎င်းနေထိုင်လာသည့် သက်တမ်းတစ်လျှောက် ရေချိုရရှိရန် မိုးရေကိုသာ စုဆောင်းသိုလှောင်ခဲ့ရကြောင်း ဒေါ်မြသန်းကဆိုသည်။

အစိုးရ၏ ရေပေးဝေရေးအဆင့်မြှင့်တင်မှုစီမံကိန်းသည် လမုတန်းရပ်ကွက်၊ ကမ်းနားအပိုင်းရှိ လူနေရပ်ကွက်များကို လွှမ်းခြုံခြင်းမရှိကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

သို့သော် အဆိုပါရပ်ကွက်များသို့ သန့်ရှင်းသည့် သောက်သုံးရေ ဖြန့်ဖြူးနိုင်ရန် ပြည်နယ်အစိုးရက စီစဉ်နေကြောင်း မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ဦးကဆိုသည်။

“ဥပမာ ရေကန်တွေကို အပြင်ကရေမဝင်အောင် ပြုပြင်တည်ဆောက်တာမျိုးတွေကို သီးခြားလိုက်လုပ် ပေးနေတာမျိုးလည်းရှိပါတယ်။ ဒါကတော့ အေဒီဘီစီမံကိန်းနဲ့မဆိုင်ပေမဲ့ ပြည်နယ်အစိုးရက လုပ်ဆောင်နေတဲ့ ရေအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ်တစ်ခုပါပဲ”ဟု ၎င်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.