မူးယစ်ဆေးဝါး သုံးစွဲသူများ၏ မိသားစုဝင်များကို အန္တရာယ်မှ ကာကွယ်ပေးခြင်း

မူးယစ်ဆေးအား အကြောတွင်း ထိုးသွင်းသူများတွင် HIV ရောဂါပိုး ကူးစက်ခံရနိုင်ခြေ များပြားနေသည်။ သို့သော် ခွဲခြားဆက်ဆံမှုများနှင့် မှားယွင်းသော အယူအဆများကြောင့် HIV ရောဂါသည်များနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ ကာကွယ်စောင့်ရှောက်မှုများ မရရှိကြပေ။

Nina Margareta Hoie နှင့် Taniele Gofers တို့ ရေးသားသည်။

သူမ၏ ခင်ပွန်းဖြစ်သူမှာ မူးယစ်ဆေးသုံးစွဲနေပြီး အကြောတွင်းသို့ ထိုးသွင်းနေသည်ကိုပင် မဒွိုင်ဂျာတစ်ယောက် သိရှိထားသည်။ သို့သော် ခင်ပွန်းဖြစ်သူတွေ HIV ပိုး ကူးဆက်နေကြောင်းကိုမူ ခင်ပွန်းဖြစ်သူ၏ တီဘီရောဂါကို မြစ်ကြီးနားဆေးရုံ၌ သွားရောက်ကုသချိန်မှသာ သိရှိခဲ့သည်။ ထိုအချိန်က သူမကိုပါ စစ်ဆေးမှုများ ပြုလုပ်သောအခါ သူမထံတွင် ရောဂါမကူးစက်သေးပေ။

သူတို့ ဇနီးမောင်နှံအား HIV မကူးစက်စေရန်နှင့် တခြားလိင်မှတဆင့် ရောဂါကူးစက်မခံရစေရန်အတွက် ဆေးရုံဝန်ထမ်းများက ကွန်ဒုံးများ ပေးလိုက်သည်။ သို့သော်  “အဲဒီ ကွန်ဒုံးကို မသုံးချင်ဘူး။ သူ့ကို သုံးခိုင်းရင် သူ စိတ်ထိခိုက်သွားလိမ့်မယ်” ဟု ဒွိုင်ဂျာက ပြောကြားခဲ့သည်။

ထို့နောက် သူမ ကိုယ်ဝန်ရလာသောအခါ ဆေးစစ်ကြည့်ချိန်တွင်မူ သူမတွင်ပါ ရောဂါကူးစက်ခံနေရပြီ ဖြစ်သည်။

ဒွိုင်ဂျာ၏ ဇာတ်လမ်းမှာ ထူးခြားသည်တော့ မဟုတ်ပေ။ မူးယစ်ဆေး အကြောတွင်း ထိုးသွင်းခြင်းသည် မြန်မာနိုင်ငံတွင် အဓိက ပြဿနာတစ်ခု ဖြစ်နေသည်။ အထူးသဖြင့် ဘိန်းစိုက်ပျိုးသော မူးယစ်ဆေး ထုတ်လုပ်သည့် ဒေသများတွင် ဖြစ်သည်။ ထိုဒေသများတွင် မူးယစ်ဆေးဝါးသည် ဈေးပေါပြီး အလွယ်တကူ ရရှိနိုင်သည်။

မူးယစ်ဆေး ထိုးသွင်းသူများသည် သာမန်လူများထက် HIV ရောဂါ ကူးစက်ခံရနှုန်း ပိုမိုများပြားသည်။ မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်အထက်ရှိ သာမန်လူများ အားလုံးတွင် HIV ကူးစက်ခံရနှုန်းသည် တစ်ရာခိုင်နှုန်း၏ ထက်ဝက်သာ ရှိနေသည်။ သို့သော် မူးယစ်ဆေး ထိုးသွင်းသူများတွင် HIV ကူးစက်ခံရနှုန်းမှာ ၂၈ ရာခိုင်နှုန်းရှိပြီး အဆ ၅၀ ခန့် ပိုမိုများပြားနေခြင်း ဖြစ်သည်။ HIV ပိုး ကူးစက်ခံရသော လူပေါင်း ၁၀၀ တွင် ၃၉ ယောက်သည် မူးယစ်ဆေးဝါး ထိုးသွင်းမှုကြောင့် ဖြစ်သည်ဟု အမျိုုးသား ကိုယ်ခံအားကျရောဂါ အစီအစဉ် အစီရင်ခံစာက ဆိုသည်။

မူးယစ်ဆေး သုံးစွဲသူများ၏ ဇနီးများမှာလည်း HIV ရောဂါနှင့် အသည်းရောင်ရောဂါ ဘီနှင့် စီတို့ ကူးစက်ခံရနှုန်း များပြားလျှက် ရှိသည်။ ထို့ပြင် အမျိုးသမီးများက ကလေးမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနှင့် နို့တိုက်ကျွေးသော အချိန်များတွင် ကလေးထံ HIV ရောဂါ ကူးစက်ခံရနှုန်း များပြားသည်။

လိင်ဆက်ဆံသောအခါတွင် ကွန်ဒုံးများ အသုံးပြုခြင်းသည် HIV နှင့် တခြားကူးစက်ရောဂါများ ပျံ့နှံ့ခြင်းမှ ထိရောက်စွာ အကာအကွယ် ပေးနိုင်သည်။ ကွန်ဒုံးများကို အသုံးပြုခြင်းဖြင့် မိခင်မှ ကလေးထံ HIV ရောဂါပိုး ကူးစက်ခြင်းကိုလည်း အကာအကွယ် ပေးနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ကျွေးချိန်များတွင် မိခင်ကို ကာကွယ်ပေးထားသောကြောင့် ဖြစ်သည်။ သို့သော် မူးယစ်ဆေး သုံးစွဲသူများ၏ လေးပုံတစ်ပုံခန့်ကသာ ဘေးကင်းသော လိင်ဆက်ဆံမှုကို လုပ်ဆောင်ကြသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ထံမှ သိရသည်။

ကွန်ဒုံးများကို ဒေသတွင်းရှိ ရပ်ကွက်ဆေးရုံများတွင် အခမဲ့ ရရှိနိုင်သည်။ သို့သော် ကွန်ဒုံး အသုံးပြုရန် အရေးကြီးကြောင်း သိရှိကြသော်လည်း မူးယစ်ဆေး သုံးစွဲသူများနှင့် ၎င်းတို့၏ဇနီးများသည် ခွဲခြား ဆက်ဆံခံရမည်ကို စိုးရိမ်သောကြောင့် မသုံးရဲကြပေ။

“ကချင်ပြည်နယ်ရဲ့ ကျေးလက်မှာက တစ်ယောက်နဲ့ တစ်ယောက် မသိတဲ့သူ မရှိဘူး။ ဒီတော့ လူအများတကာက ဘယ်လိုထင်မှာကို စိုးရိမ်ကြတယ်။ ကွန်ဒုံးကို အသုံးပြုဖို့ လူမှုရေးဆိုင်ရာ အတားအဆီးတွေ ရှိနေတယ်” ဟု Maryland University မှ ဒေါက်တာ ပိုးပိုးအောင်က ပြောကြားသည်။ ဒေါ်ပိုးပိုးအောင်သည် ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူ အမျိုးသားများက ၎င်းတို့၏ ဇနီးများအပေါ် အကျိုးသက်ရောက်မှုကို သုတေသန ပြုလုပ်နေသူ ဖြစ်သည်။ ယင်းလေ့လာချက်မှာ မူးယစ်ဆေးဝါး အကြောတွင်း ထိုးသွင်းသူများ၏ ဇနီးများအတွက် HIV နှင့် ပတ်သက်သော ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်မှုကို လေ့လာခြင်း ဖြစ်သည်။ တွေ့ရှိရသော လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အတားအဆီးများမှာ လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခံရမည်ကို စိုးရိမ်သောစိတ်ဖြစ်သည်ဟု ဆိုသည်။ မူးယစ်ဆေး ထိုးသွင်းသူများ၏ ဇနီးသည်များကို လေ့လာရာတွင်လည်း ထိုအဖြေသာ ထွက်ရှိခဲ့သည်။

ကချင်ပြည်နယ် ကျေးလက်ဒေသအပါအဝင် နေရာဒေသ အတော်များများတွင် ကွန်ဒုံးကို ပြည့်တန်ဆာများကသာ အသုံးပြုကြသည်။ ထို့ကြောင့် အမျိုးသမီးများကလည်း ပြည့်တန်ဆာဟု အထင်ခံရမည်ကို စိုးရိမ်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူ၏ ဇနီးဖြစ်သည်ဟု အထင်ခံရမည်ကို စိုးရိမ်ခြင်းတို့ကြောင့် ကွန်ဒုံးများကို မဝယ်ယူရဲကြပေ။

ကျော်က်တွင်း၌ အလုပ်လုပ်ကိုင်ရမှုမှာ ပင်ပန်းပြီး အလုပ်ချိန်ကလည်း ရှည်လျားလှသည်။ ထို့ကြောင့် အများစုက ပင်ပန်းမှုဒဏ်ခံနိုင်စေရေးအတွက် အလုပ်မစမီ မူးယစ်ဆေးသုံးစွဲကြလေ့ရှိသည်။ ဓာတ်ပုံ- Supply

ကျော်က်တွင်း၌ အလုပ်လုပ်ကိုင်ရမှုမှာ ပင်ပန်းပြီး အလုပ်ချိန်ကလည်း ရှည်လျားလှသည်။ ထို့ကြောင့် အများစုက ပင်ပန်းမှုဒဏ်ခံနိုင်စေရေးအတွက် အလုပ်မစမီ မူးယစ်ဆေးသုံးစွဲကြလေ့ရှိသည်။ ဓာတ်ပုံ- Supply

“လူတွေက ကျွန်မတို့ကို နှိမ့်ကြတယ်။ သူတို့က ကျွန်မကို ဆေးသမားမယားလို့ ခေါ်ကြတယ်။ ကျွန်မကို HIV ကူးစက်ခံနေရပြီလို့ သံယသ ဝင်ကြတယ်။ ခွဲခြားဆက်ဆံကြတယ်” ဟု မူးယစ်ဆေးသုံးသူတစ်ဦး၏ ဇနီးသည်က ပြောသည်။ “ကျွန်မမှာ HIV ရောဂါ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်မ သူတို့ကို မပြောဘူး။ ကျွန်မ တခြားအိမ်တွေကိုလည်း သွားမလည်ရဲဘူး” ဟု သူမက ဆိုသည်။

ကွန်ဒုံးအသုံးပြုမှုကို အတားအဆီး ဖြစ်စေသည့် တခြားအကြောင်းချက်များလည်း ရှိနေသေးသည်။ ကွန်ဒုံးအသုံးပြုလိုသော အမျိုးသမီးများသည် မြို့နယ် ကျန်းမာရေးဆေးခန်းနှင့် ဝေးကွာသော နေရာများတွင် နေထိုင်နေကြခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကွန်ဒုံးကို မည်သည့်နေရာတွင် သွားယူရမည်ကို မသိသည်လည်း ဖြစ်နိုင်သည်။ ထိုအမျိုးသမီးများ ကွန်ဒုံး အသုံးပြုမှု၊မပြုမှုတို့မှာ သူတို့၏ မိတ်ဖက်များအပေါ်တွင်သာ မူတည်နေသည်။ ထို့ကြောင့် မိမိတို့၏ ကျန်းမာရေးကို တခြားလူတစ်ဦး၏ လက်တွင်းသို့ အပ်ထားသလို ဖြစ်နေသည်။ ထို့ပြင် ကျန်းမာရေး ဆေးခန်းမှ ဝန်ထမ်းများကလည်း  မူးယစ်ဆေးသုံးစွဲသူများနှင့် မိသားစုဝင်များကို ချိုးနှိမ် ခွဲခြားဆက်ဆံခြင်းများ ရှိနေသည်ဟု UNDP၊ UNAIDS နှင့် ပျိုးပင် အဖွဲ့အစည်းတို့က ၂၀၁၄ ခုနှစ်တွင် ထုတ်ပြန်သော National HIV Legal Review Report တွင် ဖော်ပြထားသည်။

ထို့ပြင် မူးယစ်ဆေး သုံးစွဲသူများက ၎င်းတို့၏ ကျန်းမာရေးအကြောင်းကို မိသားစုဝင်များကို မပြောကြားသောအခါ ပြဿနာများ ပိုမိုကြီးထွားလာရသည်။ ကချင်ပြည်နယ်မှ မဆွေတင်က သူမ၏ ခင်ပွန်းဖြစ်သူ မူးယစ်ဆေး သုံးစွဲတတ်သည်ကို သိရှိထားသည်။ အန္တရာယ်ကို သိရှိသဖြင့် သူမက HIV ရောဂါရှိမရှိ ခင်ပွန်းဖြစ်သူကို စစ်ကြည့်ခိုင်းခဲ့သည်။

“ကျွန်မက သူ့ကို ဆေးစစ်ဖို့ ပြောတိုင်း သူက စစ်ပြီးသွားပြီ ဘာရောဂါမှ မရှိဘူးဆိုပြီး အမြဲလိမ်တယ်။ သူမစစ်ရသေးမှန်း ကျွန်မသိပါတယ်။ သူကို ကျွန်မက စွန့်ပစ်သွားမှာစိုးလို့ သူရောဂါအကြောင်း လိမ်နေတာလည်း ဖြစ်နိုင်ပါတယ်” ဟု သူမက ပြောကြားသည်။

ခင်ပွန်းဖြစ်သူက ရောဂါဖြစ်နေကြောင်း သူမကို မပြောပြသဖြင့် မဆွေတင်၌ပါ ရောဂါကူးသွားခဲ့ခြင်း ဖြစ်သည်။ မူးယစ်ဆေးဝါး သုံးစွဲသော ဇနီးမောင်နှံများတွင် ထိုသို့ ကူးစက်ခံရသည်မှာ ဖြစ်နေကျဖြစ်သည်။ သူတို့က HIV ရောဂါ ကူးစက်မခံရအောင် ဘယ်လိုနေထိုင်ကြရမည်ဆိုသည်ကို မသိရှိကြဘဲ ရောဂါဖြစ်လာပါကလည်း မည်သို့ ကုသမှု ခံရမည်ကို မသိရှိကြပေ။

အမျိုးသမီးများထဲတွင်လည်း မူးယစ်ဆေးကို ကိုယ်တိုင်သုံးစွဲသူများ ရှိနေသည်။ အရေအတွက် နည်းပါးသော်လည်း မူးယစ်ဆေးကို အကြောတွင်းသို့ ပုန်းလျှိုးကွယ်လျှိုး ထိုးသွင်းနေသော အမျိုးသမီး အနည်းငယ် ရှိနေသည်။ မူးယစ်ဆေး သုံးစွဲသော အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုက အမျိုးသားများထက် ပိုမိုပြင်းထန်သည်။

အမျိုးသမိးများအနေဖြင့် ထိုအရာကို မပြုလုပ်သင့်သည့်ဟု လူအများက ရှုမြင်ကြသည့်အတွက် လူမှုရေး စံနှုန်းကို ချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ရှုမြင်ကြသည်။

မဆိုင်းသည် ကချင်ပြည်နယ်ရှိ ကျေးရွာလေးတစ်ခုမှ ကလေးနှစ်ယောက်၏ မိခင်ဖြစ်သည်။ သူမက အသက် ၁၉ နှစ်အရွယ်ကစတင်ကာ မူးယစ်ဆေးကို စတင်သုံးစွဲခဲ့သည်။

“ကျွန်မ ဆေးစွဲနေတုန်းက ဘဝက လုံးဝ အဓိပ္ဗါယ်မရှိခဲ့ဘူး။ မူးယစ်ဆေးသုံးတဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာက အရမ်းပြင်းထန်တယ်။ ဒါကြောင့် ကျွန်မလိုအပ်တဲ့ ကုသမှုကို ရယူဖို့ အခက်အခဲတွေ အများကြီး ကြုံခဲ့ရပါတယ်” ဟု သူမက ပြောကြားသည်။

ဓာတ်ပုံ-Supply

ဓာတ်ပုံ-Supply

ကျန်းမာရေး ဝန်ဆောင်မှုပေးသော အဖွဲ့အစည်းတစ်ခုက အမျိုးသမီးများနှင့် လိုက်လျောညီထွေမှုရှိသော ကျန်းမာရေးစင်တာတစ်ခုကို ကချင်ပြည်နယ်တွင် ဖွင့်လှစ်ပေးခဲ့သည်။ ထိုစင်တာသည် အမျိုးသမီးများ ဘေးကင်းလုံခြုံစွာ သွားရောက်နိုင်သည့် ကျန်းမာရေးစင်တာဖြစ်သည်။ လိင်မှတဆင့် ကူးစက်သော ရောဂါများကို ကုသပေးခြင်း၊ စစ်ဆေးပေးခြင်း၊ ကွန်ဒုံးများ ဖြန့်ဝေပေးခြင်းနှင့် တခြားသော မျိုးပွားခြင်းဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နေသည်။ လေ့ကျင့်ပေးထားသော ဝန်ထမ်းများနှင့် လုပ်အားပေး ပညာပေးသူများက နွေးထွေးပြီး အရှက်အကြောက် ထားရှိရန် မလိုသော ပတ်ဝန်းကျင်ကို ဖန်တီးပေးထားသည်။

ထိုကျန်းမာရေး စင်တာကို ထိရောက်သော လုပ်ငန်းတစ်ခု ဖြစ်စေရန်အတွက် သိမ့်မွေ့စွာ လုပ်ဆောင်ရသည်။ အဘယ့်ကြောင့်ဆိုသော် လာရောက်ပြသသော လူနာများသည် ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားသော လူ့အဖွဲ့အစည်းဝင်များက ၎င်းတို့အား ခွဲခြားဆက်ဆံကြမည်ကို စိုးရိမ်ကြသောကြောင့် ဖြစ်သည်။

“ကျွန်မကတော့ ဒီမှာ ပုံမှန် ဆေးစစ်တယ်။ အကြံပေးချက်တွေ ရယူတယ်။ တခြား လိုအပ်တဲ့ ဝန်ဆောင်မှုတွေလည်း ရယူပါတယ်။ ဒီဆေးခန်းက ကျွန်မရဲ့အိမ်လို ဖြစ်နေပါပြီ” ဟု မဆိုင်းက ပြောသည်။

မူးယစ်ဆေး သုံးစွဲသူများနှင့် HIV ရောဂါသည်များအတွက် လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးပေးရန်အတွက်လည်း စီစဉ်ပေးပြီး ထပ်မံလာရောက် ဆေးကုသချင်စိတ်များ ပေါ်ပေါက်လာအောင် လုပ်ဆောင်ထားသည်။ ထိုသို့ဖြင့် အမျိုးသမီးသီးသန့် ထိုကျန်းမာရေးစင်တာသို့ ပုံမှန် လာရောက်ကြပြီး အချို့ဆိုလျှင် လုပ်အားပေးများအဖြစ်ပင် ဝင်ရောက်လုပ်ကိုင်နေကြသည်။

မဆိုင်းက သူမကဲ့သို့ ရောဂါသည်များကို ကူညီပေးနေသော လုပ်အားပေးအဖြစ် ဝင်ရောက် လုပ်ကိုင်နေသည်။ သူမက ကျန်းမာရေး ပညာပေးခြင်းနှင့် အထောက်အပံ့ပေးခြင်းများကို လုပ်ဆောင်ပေးနေခြင်ဖြစ်သည်။

“ကျွန်မဘဝက ပြန်လည် အဓိပ္ဗါယ် ရှိလာခဲ့ပါပြီ။ ကျွန်မ မိသားစုကို ထောက်ပံ့ဖို့ ဝင်ငွေအနည်းငယ်လည်း ရရှိပါတယ်” ဟု သူမက ဆိုသည်။

မက်သဒုံးထိန်းသိမ်းသည် methadone maintenance ကုသနည်းကို ခံယူထားသောကြောင့် သူမလည်း ပြန်လည် အလုပ်လုပ်ကိုင်လာနိုင်သည်ဟု ဆိုသည်။ 

မူးယစ်ဆေး ကိုယ်တိုင် သုံးစွဲနေသော အမျိုးသမီးများနှင့် မူးယစ်ဆေး သုံးစွဲသူများ၏ ဇနီးသည်များကို ပိုမိုထောက်ပံ့ပေးနိုင်ရန်အတွက် မှားယွင်းနေသော အယူအဆအလွဲများကိုလည်း ပြုပြင်ပေးရမည်ဖြစ်သည်။  ထိုသို့ ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်မှုများကို လူ့အဖွဲ့အစည်းအတွင်းမှပင် စတင်ရမည်ဖြစ်သည်။

ဒေါ်ပိုးပိုးအောင်၏ အဆိုအရ လူ့အဖွဲ့အစည်းများအကြားတွင် ထိုသို့သော အယူအဆ အစွဲအလမ်းများကို ဖျောက်ဖျက်ရန် တိုက်တွန်းရခြင်းက လွယ်ကူမည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ယခင်က ထိုသို့ လုပ်ဆောင်ခဲ့ဖူးခြင်း မရှိသောကြောင့် ဖြစ်သည်ဟု ဆိုသည်။ 

(ဤဆောင်းပါးတွင် ပါဝင်သော အမည်များအနက် ဒေါ်ပိုးပိုးအောင်မှအပ ကျန်အမည်များအားလုံးကို ၎င်းတို့၏ ပုဂ္ဂိုလ်ရေးအတွက် ကာကွယ်ပေးရန် ပြောင်းလဲထားသည်။)

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.