မုံရွာကနေ ပျောက်သွားတဲ့ကလေးနှစ်ယောက်

လွန်ခဲ့တဲ့ တစ်နှစ်နီးပါးက စစ်ကိုင်းတိုင်းဒေသကြီးရဲ့မြို့တော်ကနေ ပျောက်သွားတဲ့၊ ယနေ့တိုင်လည်း ရှာမတွေ့သေးတဲ့ ကျောင်းသားလေး နှစ်ယောက်ဟာ ငါးဖမ်းလုပ်ငန်းအတွက် လူကုန်ကူးခံနေရပြီလားဆိုပြီး စိုးရိမ်ပူပန်နေကြရပါတယ်။

ဝင်းဇာနည်အောင် နှင့် အိအိမွန်တို့ ရေးသားသည်။

“သူနဲ့ဆင်တဲ့သူရှိရင် ဆိုင်ကယ်နောက်က လိုက်ကြည့်တယ်။ သူ မဟုတ်ဘူး။ ကိုယ်အပြင်ကိုသွားတိုင်း လှည့်ရှာမိတယ်”

ဒေါ်ရီရီမြင့်တစ်ယောက် မျက်ရည်လည်ရွဲနဲ့ Frontier ကို ပြောခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဒေါ်ရီရီမြင့်ရဲ့သားဖြစ်သူ စွမ်းဇော်ဇော်နဲ့ သူ့သူငယ်ချင်းမြင့်မြတ်မိုးတို့ ပျောက်ဆုံးနေတာ တစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ စစ်ကိုင်းတိုင်းဒေသကြီး မြို့တော်မုံရွာမှာ ကျောင်းသွားရင်း ကျောင်းပြင်ပမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်အောက်တိုဘာလ ၈ ရက်က အသက် ၁၂ နှစ်အရွယ်ရှိတဲ့ သူတို့နှစ်ဦးနဲ့အတူ စွမ်းဇော်ဇော်ရဲ့အမွှာညီ အသက် ၁၂ နှစ်အရွယ် စွမ်းညီဇော်နဲ့ သူ့အစ်ကိုဖြစ်သူ အသက် ၁၄ နှစ်အရွယ် ဘုန်းသစ်နေတို့ဟာ အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းတက်ဖို့ ကျောင်းကား မမီတော့တဲ့အတွက် သုံးဘီးဆိုက်တွဲနဲ့ ကျောင်းသွားခဲ့ပါတယ်။

ကျောင်းတက်ချိန်လွန်မှရောက်တဲ့အတွက် ကျောင်းထဲမဝင်ရဲလို့ လမ်းဘေးမှာ တံခါးဖွင့်ရပ်ထားတဲ့၊ ဘယ်သူမရှိတဲ့ ကျောင်းကားပေါ်မှာ နေ့လယ်ပိုင်းကျောင်းတက်ချိန်မတိုင်ခင်ထိ ခဏတက်အိပ်ကြမယ်လို့ သူတို့လေးယောက် ဆုံးဖြတ်ခဲ့ပါတယ်။

နာရီအတော်ကြာပြီးနောက်မှာတော့ စွမ်းညီဇော်နဲ့ ဘုန်းသစ်နေတို့ နိုးလာပြီး တခြားနှစ်ဦးကို မတွေ့တော့လို့ လိုက်ရှာကြပါတယ်။ ကျောင်းဝန်းကျင်မှာ ရှာဖွေတာမတွေ့တော့တဲ့အဆုံး ညီအစ်ကို နှစ်ယောက်ဟာ နေ့လယ် တစ်နာရီလောက်မှာ အိမ်ကို ပြန်ခဲ့ပါတယ်။

ကျောင်းက ၃ နာရီခွဲဆင်းပါတယ်။ ကျောင်းဆင်းချိန်ထိစောင့်ကြည့်တယ်၊ ပြန်မလာဘူး။ မြင့်မြတ်မိုးအိမ်ကို သွားမေးတော့လည်း ကျူရှင်ပြီးရင် ပြန်လာတယ်ဆိုလို့ ကျူရှင်ပြီးချိန်ထိစောင့်တယ်။ ကျူရှင်ပြီးချိန် ပြန်မလာတော့မှ ကလေးမိဘတွေဟာ သွားတတ်တဲ့နေရာတွေကို လှည့်ရှာပြီး ၆ နာရီခွဲ ၇ နာရီလောက်မှာ ရဲစခန်းကိုတိုင်ပါတယ်။ မနက်ကျမှ အမှုဖွင့်မယ်၊ အခြေအနေစောင့်ကြည့်ပါဦးဆိုလို့ မနက်ကျမှ ကလေးတွေပျောက်တဲ့နေရာနဲ့ ၂ မိုင်လောက်ဝေးတဲ့ မြို့တွင်းက မြို့မရဲစခန်းမှာ အမှုဖွင့်ရတယ်။ တိုင်တာကတော့ ညနေကတည်းက တိုင်တာပါ။

အမှုဖွင့်စဉ်ကတည်းက ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာရဲစခန်းတွေ၊ နယ်စပ်ရဲစခန်းတွေ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ မူဆယ်၊ လားရှိုးနေရာတွေကို အကြောင်းကြားစာတွေ ပို့ထားတယ်လို့ ဒုတိယရဲအုပ် နေဇော်က ပြောပါတယ်။

“ကော့သောင်းကိုလည်း ပို့ထားတယ်။ ဒါနဲ့ပတ်သက်တဲ့ သတင်းအစနရရင် အဆုံးထိလိုက်တယ်” လို့ သူကပြောပါတယ်။

ဒါပေမဲ့ နယ်စပ်ဒေသက ရဲစခန်းတွေကို ဖုန်းဆက်ကြည့်တဲ့အခါ ကလေးငယ်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မရရှိသေးကြောင်းပြောကြတယ်လို့ ဒေါ်ရီရီမြင့်ယောကျ်ား အသက် ၅၀ အရွယ် ဦးတင်မောင်ထွေးက Frontier ဆိုပါတယ်။

“လူကုန်ကူးမှုလက်ကမ်းစာစောင်မှာပါတဲ့ ဖုန်းနံပါတ်အားလုံးကို ဖုန်းဆက်ပြီး အချက်အလက်တွေကို ဗိုင်ဘာ Viber ကတဆင့်ပို့ထားပါတယ်။ မုံရွာရဲစခန်းက ဒီအမှုနဲ့ပတ်သက်တဲ့ အခြေအနေတွေကို စခန်းအားလုံးကို ပေးပို့ထားပြီးလို့ပြောပေမဲ့ မုံရွာမြို့နဲ့နီးတဲ့ ချောင်းဦးရဲစခန်းကိုတောင်မရောက်ဘူး”

ဦးတင်မောင်ထွေးကတော့ မြို့တွင်းမှာရှိတဲ့လူစည်ကားတဲ့နေရာတွေမှာ ကလေးငယ်များပျောက်ဆုံးနေတဲ့ လူပျောက်ကြော်ငြာစာရွက်ကို လပေါင်းများစွာ လိုက်လံကပ်နေဆဲဖြစ်ပါတယ်။  အဲဒီကြော်ငြာစာရွက်မှာတော့ သူတို့ပျောက်ဆုံးတဲ့နေ့က ဝတ်ထားတဲ့အဖြူနဲ့အစိမ်း ကျောင်းဝတ်စုံနဲ့ပုံကို ဖော်ပြထားပါတယ်။

တက်စီဒရိုင်ဘာတစ်ဦးက ကလေးငယ်တွေပျောက်တဲ့နေ့ ညနေပိုင်းလောက်မှာ ကျောင်းရှေ့မှာ တွေ့ခဲ့ တယ်လို့ပြောပါတယ်။ နောက်ကလေးငယ်တစ်ဦးကတော့ ပျောက်တဲ့နေ့ပြီးနောက်တစ်နေ့မှာ ဘုရားအနီးမှာ လူတစ်ဦးနဲ့စကားပြောနေတာကို မြင်တွေ့ခဲ့တယ်လို့ဆိုပါတယ်။ မြို့တွင်းမှာရှိတဲ့ စီစီတီဗီ CCTV တပ်ဆင်ထားတဲ့နေရာတွေက အဲဒီနေ့မှာ အလုပ်မလုပ်ကြတဲ့အတွက်  စုံစမ်းစစ်ဆေးမှုအတွက် အသုံးပြုလို့ မရနိုင်ခဲ့ပါဘူးလို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ကျောင်းလွယ်အိတ်တွေနဲ့ သူ့ရဲ့ ပစ္စည်းတွေကို အိမ်နောက်မှာ ပြန်လာထားခဲ့တဲ့အတွက် ကလေးငယ်တွေ အိမ်ကထွက်ပြေးတာဖြစ်နိုင်တယ်လို့ ထင်မြင်ယူဆသူတချို့ရှိနေပေမဲ့ သူ့သားလေး စွမ်းဇော်ဇော်နဲ့ပတ်သက်လို့ ဦးတင်မောင်ထွေးကတော့ အဲဒီယူဆချက်တွေကို ပြင်းပြင်းထန်ထန် ငြင်းဆန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်က လွယ်အိတ်နဲ့ပစ္စည်းတွေ အိမ်နောက်ဘက်မှာ တွေ့ရှိခဲ့ပါတယ်။ ကလေးတွေ အန္တရာယ်ကင်းအောင် ပရိတ်ရွတ်ပြီး အိမ်ပတ်ပတ်လည်မှာ ပရိတ်ရေလိုက်ဖျန်းတဲ့အချိန်မှာ အိမ်သာနောက်ဘက်ရောက်တော့ အဲဒီလွယ်အိတ်တွေ့ရတာပါ။ ဘယ်တုန်းက လာပစ်သွားမှန်းမသိပါဘူး။ လွယ်အိတ်တွေ့တဲ့အကြောင်းကို တွေ့တွေ့ချင်းနေ့လယ်ဘက်မှာ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေမဲ့ ညဘက်ရောက်မှသာ ရောက်ရှိလာကြပါတယ်။

ဦးတင်မောင်ထွေးက “ကြယ်စင်ခန့်ဆိုတဲ့ကလေးက သူတွေ့ခဲ့တာ စွမ်းဇော်ဇော်မှ စွမ်းဇော်ဇော်ပဲ။ လူကြီးတစ်ယောက်ပါတယ် ပြောတယ်။ သူ့ဟာသူဆို ပြန်လာရမှာ။ ဒါပေမဲ့ လူကြီးပါတယ်ဆိုတော့ ကြောက်အောင်ခြောက်ထားလို့လား၊ ပျော်အောင်မွေးထားလို့လား၊ ဆေးကျွေးထားတာလား၊ အဲဒါတွေကြောင့် ပြန်မလာတာလားပေါ့။ နောက်လကျတော့ လွယ်အိတ်လေး ရောက်လာတယ်။ နောက်တခါ ကလေးတွေက အိမ်နဲ့ဘာပြဿနာမှမရှိပါဘူး” လို့ပြောပါတယ်။

ကလေးငယ်တွေဟာ အိမ်နဲ့ပြဿနာတက်တာ မရှိသလို ကလေးငယ်တွေကို နှိပ်စက်တာတွေလည်း မရှိဘူးလို့ ဦးတင်မောင်ထွေးက ဆိုပါတယ်။

“ကျန်တဲ့ကလေးတွေနဲ့လည်း ဆော့ကစားနေတာဆိုတော့ စိတ်ညစ်လို့ထွက်ပြေးသွားတာ မဖြစ်နိုင်ဘူး။ လူတချို့က ထွက်ပြေးသွားတယ်၊ မိဘတွေက ကျောင်းပုန်း(ကျောင်းပြေး)တယ်ထင်ပြီး ရိုက်မှာစိုးလို့ ထွက်ပြေးသွားတယ်လို့ထင်ကြတယ်။ ကျွန်တော်က အဲဒီလို မထင်ဘူး” လို့သူကပြောပါတယ်။

ကလေးငယ်တွေကိစ္စဟာ ဘာမှမထူးခြားဘဲ ငြိမ်သက်နေတယ်လို့ယူဆချိန်မှာ သဲလွန်စတစ်ခု ပေါ်လာခဲ့ပါတယ်။ မုံရွာမြို့မှာနေတဲ့ အသက် ၁၅ နှစ်အရွယ် သက်ထွန်းဇော်ဆိုတဲ့ကလေးဟာ ကလေးတွေပျောက်ဆုံးပြီး တစ်လအကြာမှာ ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါးဖမ်းလှေပေါ်မှာ လူကုန်ကူးခံရပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ သူက အိမ်ပြန်ရောက်နေပါပြီ။

အလုပ်အကိုင်ရှာဖွေဖို့ ရန်ကုန်ကိုသွားတာ အဝေးပြေး ယာဉ်ရပ်နားစခန်းမှာ သူ့ကို တစ်လတစ်သိန်းခွဲနဲ့  ရေလုပ်သား အလုပ်ရမယ်လို့ပြောတဲ့ အမျိုးသမီး တစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်လို့ သက်ထွန်းဇော်က Frontier ကိုပြောပါတယ်။ အဲဒီအလုပ်ကို သူ စိတ်ဝင်စားတဲ့အတွက် သူ့ကို ဧရာဝတီတိုင်း ဖျာပုံမြို့ကို ခေါ်ဆောင်သွားခဲ့ပါတယ်တဲ့။

“သူတို့က ကျွန်တော့်အသက်ကိုမေးတယ်။ ကျွန်တော်က ၁၈ နှစ်လို့ ပြောလိုက်တယ်။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီလိုပြောဖို့ သင်ပေးထားလို့။ တကယ်က ၁၅ နှစ်ပါ” လို့ သက်ထွန်းဇော်ကပြောပါတယ်။

“ပိုက်ဆံတွေကိုင်ခိုင်းပြီး ဓာတ်ပုံရိုက်တယ်။ ပိုက်ဆံလည်း တစ်ပြားမှ မရဘူး။ ကျွန်တော့်ကိုခေါ်သွားတဲ့ မအေးသင်းက မုန့် ရှစ်ထောင်ဖိုးဝယ်ပေးတယ်။ စက်လှေထွက်မှ သူတို့က ပြန်သွားတယ်”

သက်ထွန်းဇော်ဟာ အိမ်ကနေထွက်လာချိန်မှာ မှတ်ပုံတင်ကတ်ပြား ပါမလာခဲ့ပါဘူး။ လှေပေါ်မှာလည်း လှေမောင်းနှင်သူက သူ့အမေရဲ့ဖုန်းနံပါတ်အပါအဝင် သူရဲ့ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ သူဟာ လှေပေါ်မှာ အလုပ်ကောင်းကောင်းမလုပ်ရင် သူ့ခါးကိုကြိုးချည်ကာ ရေထဲပစ်ချပြီး စက်လှေနဲ့ ပတ်မောင်းပါတယ်။ ဒီလိုမျိုးကို သူလှေပေါ်မှာ လုပ်ကိုင်နေစဉ်အတွင်း ဆယ်ကြိမ်ကျော်လောက် ကြုံတေ့ွခဲ့ရတယ်လို့ သက်ထွန်းဇော်ကဆိုပါတယ်။

လှေကမ်းကပ်ချိန်မှာ ပထမတကြိမ် လှေပေါ်ကနေထွက်ပြေးတော့ ပြန်ဖမ်းမိခဲ့ပြီး ရိုက်နှက်ခံခဲ့ရပါတယ်။ ဒုတိယအကြိမ်မှာတော့ လွတ်မြောက်ခဲ့ပါတယ်။ လမ်းမှာတွေ့ဆုံသူတွေရဲ့ အကူအညီနဲ့ မတ်လမှာ မုံရွာမြို့ကို ဘေးကင်းစွာ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ သူကြုံခဲ့ရတဲ့၊ ခါးသည်းလှတဲ့ အတွေ့အကြုံတွေကြောင့် စိတ်ဒဏ်ရာရရှိနေဆဲဖြစ်ပါတယ်။ သူ့ဖခင်ကတော့ တရားရုံးမှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအရ တရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။

သူ လှေပေါ်မှာရှိနေချိန်မှာ ပျောက်ဆုံးနေတဲ့ကလေးနှစ်ဦးဖြစ်တဲ့ စွမ်းဇော်ဇော်နဲ့မြင့်မြတ်မိုးလို့ ယုံကြည်ရတဲ့ ကလေးငယ်နှစ်ဦးကို တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။

“ကျွန်တော် တခြားသင်္ဘောတစ်စင်းဆီကို မီးသွေးနဲ့ဒီဇယ်တောင်းဖို့သွားခဲ့တယ်။ ကလေး နှစ်ယောက်က ငါးခုတ်နေတယ်။ ညီလေးတို့ကဘယ်ကလဲလို့မေးတော့ မုံရွာမြို့သစ်ကလို့ သူတို့ကပြောတယ်။ ပွဲစားက လာပို့တယ်ပြောတယ်။ ဘယ်ပွဲစားလဲဆိုတော့ မသိဘူးပြောတယ်။ အဲဒီကလေးနှစ်ယောက်ရဲ့ မျက်နှာက ခုပျောက်နေတယ်ဆိုတဲ့ကလေးတွေနဲ့ ရုပ်ချင်းတူတယ်”

သူ့လှေပေါ်မှာပါတဲ့ စက်လှေမောင်းသူရဲ့ပြောစကားအရ ကလေးငယ်တွေကို တွေ့ခဲ့တဲ့သင်္ဘောဟာ ခြင်္သေ့မင်းလို့ ခေါ်တယ်လို့သိရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ ပထမဆုံး ဖျာပုံမြို့ကို သွားရောက်ခဲ့ပြီး ခြင်္သေ့မင်းသင်္ဘောက မြိတ်ကျွန်းစု၊ ရေးမြို့နယ်ကဖြစ်တာမို့ စက်လှေပိုင်ရှင်ရှိရာ မြိတ်မြို့ကိုလည်းသွားခဲ့ကြောင်း၊ ဒါပေမဲ့ ကလေးငယ်တွေကို တော့ ရှာမတွေ့သေးဘူးလို့ မုံရွာမြို့မရဲစခန်း ဒုတိယရဲအုပ်နေဇော်က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့အတောအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ကျေနပ်မှုမရှိဘူးလို့ ဦးတင်မောင်ထွေးကပြောပါတယ်။ ရဲတပ်ဖွဲ့တွေက မေးခွန်းတွေကို စေ့စေ့စပ်စပ် သေသေချာချာ စစ်ဆေးမေးမြန်းတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

လူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ ၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးခံရမှု ၂၀၆ မှုရှိပြီး ၃၁၇ ဦး လူကုန်ကူးခံရပါတယ်။ အဲဒီအထဲမှ ၂၈ ရာခိုင်နှုန်းဖြစ်တဲ့ အယောက် ၉၀ ဟာ အသက် ၁၈ နှစ်အောက်ဖြစ်ပြီး မိန်းကလေး ၈၀ ဦးနဲ့ ယောကျ်ားလေး ၁၀ ဦးဖြစ်ပါတယ်။ ၂၀၁၉ ဇန်နဝါရီမှ မေလအထိ ၁၀၄ မှုဖြစ်ပွားခဲ့ပြီး ၁၄၂ ယောက် လူကုန်ကူးခံခဲ့ရပါတယ်။ အဲဒီအထဲက ၃၅ ယောက်ကတော့ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေဖြစ်ပါတယ်။

မုံရွာမြို့မှာ ၂၀၁၈ ခုနှစ်အတွင်း ကလေးငယ်ပျောက်ဆုံးမှု ၁၈ မှုရှိပြီး ၂ ဦးကတော့ ခိုးရာလိုက်ပြေးတာ ဖြစ်တယ်လို့ မုံရွာမြို့မရဲစခန်းထံမှသိရပါတယ်။

ဒေါ်ရီရီမြင့်ကတော့ မတ်လစောပိုင်းက မုံရွာမြို့နယ်ခန်းမမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေသခံတို့တွေ့ဆုံစဉ်မှာ ကလေးငယ်များပျောက်ဆုံးမှုကို ငိုယိုပြီးတိုင်ကြားခဲ့ပါတယ်။ အဲဒီအချိန်မှစပြီး နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးက ဒီအမှုကို ဂရုစိုက်လာတယ်လို့ ဦးတင်မောင်ထွေး ပြောပါတယ်။

“နယ်လုံဝန်ကြီးက ရဲတွေ ကောင်းကောင်းအလုပ်လုပ်မပေးချင်တာမျိုးရှိရင် သူ့ကိုလာပြောလို့ရတယ်လို့ ပြောတယ်။ ဒါပေမဲ့ သူနဲ့တွေ့ဖို့ကလည်း သိပ်မလွယ်ဘူး” လို့ ဦးတင်မောင်ထွေးကဆိုပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဒေါ်ရီရီမြင့်ရဲ့ မျှော်လင့်ချက်တွေကတော့ မြင့်နေဆဲပါ။

“ ကလေးကိုရှာဖွေနေတဲ့ကိစ္စမှာ ကလေးအပေါ်ပဲ ယုံကြည်မှုထားလိုက်တော့တယ်။  ကျွန်မသားလေး တချိန်ချိန်မှာ ပြန်ရောက်လာမယ်လို့ ယုံကြည်တယ်။ တခါတလေ ကိုယ်ထမင်းစားတဲ့အချိန်မှာ သူစားရပါ့မလားလို့တွေးမိတယ်။ မေတ္တာပို့ပေးတယ်။ မေတ္တာခြုံရင်လုံတယ်ပေါ့”

ခေါင်းစီးဓာတ်ပုံ – အောက်တိုဘာ ၈ ရက်က မုံရွာမှာ နောက်ဆုံးတွေ့လိုက်ရတဲ့ မောင်မြင့်မြတ်မိုး(ဝဲ)၊ မောင်စွမ်းဇော်ဇော်တို့ပုံများနှင့် လူပျောက်ကြော်ငြာ။ ဓာတ်ပုံ – ဝင်းဇာနည်အောင်

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.