မိုးထိမိုးမိ ရွှေမိုင်း သင်ခန်းစာ

အစိုးရနဲ့ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘယ်လိုစာချုပ် ချုပ်ခဲ့ကြသလဲ၊ အခုလို စာချုပ်ဖျက်သိမ်း၊ တရားစွဲရမယ့် အခြေအနေထိ ဘယ်လိုရောက်ခဲ့ရသလဲ၊ ဒီဖြစ်ရပ်ကြောင့် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်နိုင်မလားဆိုတာ  လေ့လာကြည့်ကြရအောင်ပါ။

စည်သူအောင်မြင့် ရေးသားသည်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ အကြီးဆုံး ရွှေတူးဖော်ရေး ကုမ္ပဏီဖြစ်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကို ရွှေတူးဖော်ခွင့် ပိတ်ပင်လိုက်ပြီး အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဝန်ကြီးဌာနဘက်က ပယ်ဖျက်လိုက်ပါပြီ။

ဒါတင်မက အစိုးရကို ပေးသွင်းဖို့ ကျန်နေတဲ့ ရွှေတွေရဖို့ ဝန်ကြီးဌာနက တရားစွဲတော့မယ်လို့လည်း ဆိုပါတယ်။ အစိုးရဘက်က ရစရာရှိတာကလည်း နည်းနည်းနောနော မဟုတ်ပါဘူး။ ပိဿာ ၁,၂၀၀ ကျော်ရှိတယ်လို့ သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်က မေလ ၁၇ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေ မေးတာကို ဖြေကြားရာမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါဟာ ရွှေအောင်စ ၆၃,၀၀၀ ကျော် ပမာဏ ရှိပြီး လက်ရှိ နိုင်ငံတကာပေါက်ဈေး တစ်အောင်စ ဒေါ်လာ ၁,၃၀၀နဲ့တွက်ရင် စုစုပေါင်း ဒေါ်လာ သန်း ၈၀ ကျော် ဖိုးလောက် ရှိနေတာမို့ အတော့်ကို များပြားတဲ့ ပမာဏပါ။

အစိုးရနဲ့ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဘယ်လိုစာချုပ် ချုပ်ခဲ့ကြသလဲ၊ အခုလို စာချုပ်ဖျက်သိမ်း၊ တရားစွဲရမယ့် အခြေအနေထိ ဘယ်လိုရောက်ခဲ့ရသလဲ၊ ဒီဖြစ်ရပ်ကြောင့် အခြားသော ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်နိုင်မလားဆိုတာ  လေ့လာကြည့်ကြရအောင်ပါ။

အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ဒေသ၊ ဧရိယာ ဧက ၆,၁၀၀ ကျော်ရှိတဲ့ လုပ်ကွက်ကြီး (A) မှာ ရွှေတူးဖော်ခွင့် တင်ဒါခေါ်ယူခဲ့ပါတယ်။ အဲဒီ တင်ဒါမှာ ကုမ္ပဏီ ၁၈ ခု ဝင်ပြိုင်ခဲ့ပြီး၊ ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ ငါးနှစ်တာ လုပ်ကိုင်ခွင့်အတွက် ရွှေစင် ၅ ဒသမ ၅၇၇ တန် ၊ တနည်းအားဖြင့် ရွှေပိသာချိန် ၃,၄၀၀ ကျော်၊ ပေးမယ်ဆိုပြီး လေလံဆွဲခဲ့ရာမှာ လေလံအောင်မြင်ပြီး လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။

ဒီကုမ္ပဏီဟာ ရှေ့ပိုင်းမှာ ရေထွက်ကုန်တွေ မူဆယ်နယ်စပ်ကနေ တဆင့် တရုတ်နိုင်ငံဘက် တင်ပို့ရာမှာ အထူးအခွင့်အရေးတွေ ရခဲ့တဲ့ ကုမ္ပဏီ တစ်ခုလည်း ဖြစ်ပါတယ်။ စာချုပ်ပါ စည်းကမ်းသတ်မှတ်ချက်တွေအရ ကန်ထရိုက်တာ ကုမ္ပဏီအနေနဲ့ အနည်းဆုံး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ နှစ်သန်းနဲ့ မြန်မာကျပ်ငွေ ၁ ဒသမ ၅ ဘီလျံ ရင်းနှီးမြှုပ်နှံမှု လုပ်ရမယ်လို့ ဖော်ပြထားပါတယ်။ ကုမ္ပဏီအတွက် တင်ဒါအောင်တာကနေ ၂၀၁၂ ခုနှစ်၊ မတ်လအထိ ပြင်ဆင်ချိန်ကာလအဖြစ် သတ်မှတ်ထားပေးပြီး ၂၀၁၂ ခုနှစ်၊ ဧပြီလ ကနေ စာချုပ်သက်တန်းကုန်မယ့် ၂၀၁၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ မတိုင်မီအထိ တစ်လ ရွှေစင် ၇၃ ပိသာစီ ပေးသွင်းရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ကုမ္ပဏီဟာ သတ်မှတ်ထားတဲ့အတိုင်း ရွှေတွေ ပေးသွင်းနိုင်ခြင်း မရှိပါဘူး။ အကြောင်းပြချက်ကတော့ ထူထောင်မှုကာလ အချိန်နည်းတယ်၊ နောက် ပုဒ်ပြတ်စနစ်နဲ့ ရွှေ ငါးတန်ခွဲကျော်ကို ငါးနှစ်အတွင်း ပေးသွင်းရမှာ တိုတောင်းလွန်းတယ်ဆိုပြီး စာချုပ်ကို ပြန်ပြင်ချုပ်ပေးဖို့ သမ္မတဆီ တင်ပြပါတယ်။ အဲဒီအချိန် သမ္မတရုံးကလည်း ခွင့်ပြုတာမို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ စာချုပ်ကို ပြန် ပြင်ဆင်ချုပ်ဆိုကြပါတယ်။

အဲလို ပြင်ဆင်ထားတဲ့ စာချုပ်အရ ကုမ္ပဏီဟာ နဂို ပုတ်ပြတ် ငါးနှစ် လုပ်ကိုင်ခွင့် နေရာမှာ ရှစ်နှစ် လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ သဘောကတော့ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ လုပ်ကိုင်ခွင့်ရသွားတဲ့ သဘောပါ။ ဒါတင်မက နောက်ဆက်တွဲအနေနဲ့ နောက်ထပ် ၁၈ နှစ်ကို ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားတဲ့စနစ်နဲ့ လုပ်ကိုင်ခွင့် ရခဲ့ပါတယ်။ စာချုပ်အရ ရွှေပေးသွင်းမှုကို ပထမ ထူထောင်မှုကာလ၊ ပထမ ထုတ်လုပ်မှုကာလ၊ ဒုတိယ ထူထောင်မှုကာလ နဲ့ ဒုတိယ ထုတ်လုပ်မှုကာလ ဆိုပြီး လေးပိုင်း ပိုင်းလိုက်ပါတယ်။

ပထမ ထူထောင်မှု ကာလမှာတုန်းက နဂိုစာချုပ်အရ တစ်လ ရွှေ ၇၃ ပိသာနဲ့ ၆ လအတွက် ရွှေ ၄၃၈ ပိဿာ ပေးသွင်းရပါမယ်။ နောက်ပိုင်း ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီကနေ ၂၀၁၅ ခုနှစ်၊ မတ်လ အထိ တစ်လ ပျမ်းမျှ ရွှေ ၂၄ ပိသာစီ၊ ၂၀၁၅ ခုနှစ်၊ ဧပြီကနေ ဒီဇင်ဘာ အထိ တစ်လ ၃၆ ပိသာစီ၊ ၂၀၁၆ နှစ်ဆန်းကနေ ၂၀၁၉ ခုနှစ် စက်တင်ဘာ အထိ တစ်လ ပိသာ ၆၀ ပေးသွင်းရမယ်လို့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။ ဒီပြင်ဆင်ချက် စာချုပ်အရ ကုမ္ပဏီဟာ အရင်စာချုပ်ထက် နောက်ထပ် နှစ်တစ်ချို့ လုပ်ပိုင်ခွင့် ပိုရလာသလို၊ ရွှေပေးသွင်းမှုမှာလည်း အစပိုင်းမှာ နည်းနည်းသွင်း၊ နောက်ပိုင်းကျမှ အချိုးကျ များများသွင်းဆိုတဲ့ စနစ်နဲ့ အသက်ရှူချောင်စေခဲ့ပါတယ်။

ဖြစ်စဉ်အားလုံးကို ခြုံငုံကြည့်လိုက်ရင် အရင် အစိုးရအဆက်ဆက်က လုပ်ခဲ့ကြတဲ့ အစိုးရတင်ဒါရအောင် ကြေးများများ ပေးပြီး တင်ဒါဆွဲ၊ တင်ဒါရ၊ လုပ်ငန်းလုပ်ရင်း အဆင်မပြေရင် အစိုးရဆီ တင်ပြ၊ အဆင်ပြေရင်လည်း အဆင်မပြေဘူးလို့ လှည့်စားပြောဆိုပြီး တင်ပြ၊ အစိုးရဘက်ကလည်း လွယ်လွယ် ပြင်ပေး၊ ဖျက်ပေး၊ အလျော့ပေး၊ အဲလို လုပ်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုတွေ အများကြီးဖြစ် ဆိုတဲ့ အခြေအနေမျိုးတွေကို တွေ့မြင်နိုင်ပါတယ်။

ဒါပေမယ့်လည်း ဦးစိုးထွန်းရှိန် ဦးဆောင်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ ရွှေကို ဆက်ပြီး ထုတ်နေပေမယ့် အဲဒီ စာချုပ်ပါအတိုင်း အစိုးရကို ရွှေပေးသွင်းနိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ ဒီအတွက် ကုမ္ပဏီဟာ အစိုးရအဖွဲ့ဆီ ထပ်ပြီး တင်ပြတဲ့အတွက် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့မှာ စာချုပ်ကို ဒုတိယ အကြိမ် ပြင်ဆင် ချုပ်ဆိုခဲ့ပြန်ပါတယ်။ ဒီလို ပြင်ဆင်ရာမှာ နဂိုသတ်မှတ်ချက်ဖြစ်တဲ့ ရှစ်နှစ်အတွင်း ရွှေ ငါးတန်ခွဲကျော် ပေးသွင်းရမှာကို မပြင်ဆင်ပဲ လစဉ်ရွှေ ပေးသွင်းရမယ့် ပုံစံကို ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်။

စာချုပ်အရ ကုမ္ပဏီဟာ ၂၀၁၆ နှစ်ကုန်အထိ အစိုးရကို တစ်လ နှစ်ပိဿာ၊ သုံးပိဿာ၊ ခုနစ်ပိဿာ၊ ၁၅ ပိဿာ အစရှိသဖြင့် နည်းနည်းစီ ပေးသွင်းသွားဖို့ ဖြစ်ပြီး ၂၀၁၇ နှစ်ဆန်းကနေစ သက်တန်း ကုန်ဆုံးချိန်အထိ တစ်လ ပိဿာ ၉၀ ကျော်စီ ပေးသွင်းရမယ်လို့ ပြင်ဆင်သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ၂၀၁၆ နှစ်ကုန်အထိ ပိဿာ ၃၆၀ ကျော်လောက်ပဲ ပေးသွင်းဖို့ လိုပြီး နောက်ဆုံး သုံးနှစ်ဝန်းကျင်မှာမှ ပိဿာ ၃,၀၀၀ ကျော် ပေးသွင်းမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီစာချုပ်ကိုကြည့်ရင် အစိုးရတာဝန်ရှိသူတွေဟာ ကုမ္ပဏီဘက်က တောင်းဆိုသမျှ လိုက်လျောလိုက်တဲ့ပုံ ရပါတယ်။

နောက်ပိုင်း ၂၀၁၅ ခုနှစ်၊ မတ်လကုန်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် တက်လာပါတယ်။ ဒါပေမယ့်လည်း ကုမ္ပဏီဟာ ရွှေကို တောက်လျောက် တူးဖော်နေသေးတဲ့တိုင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အဲဒီ နောက်ဆုံးပြင်ဆင်ထားတဲ့ စာချုပ်အတိုင်းလည်း ရွှေတွေ မပေးသွင်းနိုင်ဘူးလို့ သယံဇာတ နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဆီကို တင်ပြလာပြန်ပါတယ်။ အကြောင်းပြချက်ကတော့ ဒီရွှေမိုင်းကို လေလံဆွဲခဲ့စဉ် အခါက အရင် အိုင်ဗင်ဟိုး ကုမ္ပဏီက စမ်းသပ်တွေ့ရှိထားတဲ့ ရွှေပါဗြုန်းတန်ချိန်၊ ရွှေသတ္တု ပါဝင်မှုနှုန်း အတိုင်း ရွှေမထွက်တဲ့အတွက် စာချုပ်ပါအတိုင်း ရွှေတွေ မပေးသွင်းနိုင်ဘူး၊ ဒါကြောင့် စာချုပ်ကို ပြန်ချုပ်ဆိုလိုတယ်လို့ ဆိုပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဝန်ကြီးဌာနဘက်က စာချုပ်ကို လွယ်လွယ် ပြန်ပြင်မပေးတော့ပါဘူး။ အငြိမ်းစား သတ္တုတွင်း အရာထမ်းတွေ၊ ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ Third Party (တတိယ အဖွဲ့ တစ်ဖွဲ့) ဖွဲ့ပေးပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးစေပါတယ်။နောက်ဆုံး အဲဒီ အစီရင်ခံစာ တင်ပြချက်အရ ကုမ္ပဏီဟာ သတ်မှတ်ထားတဲ့ နှစ်မှာ သတ်မှတ်ထားတဲ့ ရွှေတန်ချိန်ပမာဏ ပေးသွင်းနိုင်တယ်၊ ဒါကြောင့် စာချုပ်ကို ပြင်ဆင်စရာမလို ဆိုပြီး အကြံပြုတင်ပြခဲ့ပါတယ်။ နောက်ပိုင်း အဲဒီ အကြံပြုတင်ပြချက်အတိုင်း ဝန်ကြီးဌာနဘက်က စာချုပ်ကို ပြင်မပေးတော့ပဲ ကုမ္ပဏီအနေနဲ့ စာချုပ်ပါ အတိုင်းလုပ်ဖို့၊ စာချုပ်ပါအတိုင်း သတ်မှတ်ရွှေတွေကို ပေးသွင်းဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ တစ်ဖက်မှာ ရွှေကို ဆက်ပြီး ထုတ်နေပေမယ့် တစ်ဖက်မှာတော့ အစိုးရဆီကို ပုံမှန်အတိုင်း သတ်မှတ် ရွှေပမာဏ မပေးသွင်းပဲ နေတဲ့အတွက် ၂၀၁၈ ခုနှစ်၊ ဖေဖေါ်ဝါရီလမှာ ရွှေထုတ်လုပ်ခွင့် ပါမစ် လုံးဝ ရပ်စဲတာ ခံရတဲ့ အထိ ဖြစ်လာပါတယ်။ တဆက်တည်း စာချုပ်ပါ စည်းကမ်းချက်အရ ရက်ပေါင်း ၉၀ အကြာ၊ မေလ ၁၇ ရက်နေ့မှာ အစိုးရဘက်က စာချုပ်ကို အပြီး ရပ်စဲလိုက်ပြီ ဖြစ်ပါတယ်။ ဒီအတွက် ကုမ္ပဏီဘက်က ငွေကြေးအရင်းအနှီး အများကြီး စိုက်ထုတ် လုပ်ကိုင်ထားတဲ့ လုပ်ငန်းကြီး ရပ်ဆိုင်းရမှာ ဖြစ်သလို၊ အလုပ်သမား အတော်များများလည်း အလုပ်လက်မဲ့ ဖြစ်ကြရမှာပါ။ ဒါ့အပြင် ကျပ်ငွေ ဘီလျံ ၁၁၀ လောက်ပေးလျော်ရဖို့ ရှိတဲ့ အစိုးရရဲ့ တရားစွဲတာကိုလည်း ခံရဦးမှာပါ။

အမည်မဖော်လိုသူ ရွှေလုပ်ငန်းရှင်ကြီး တစ်ယောက်ကတော့ ရွှေတူးဖော်သူတွေဟာ ကာလတို တစ်ခု တူးကြည့်လိုက်တာနဲ့ ရွှေအထွက်နှုန်းကိုကြည့်ပြီး သူတို့ တွက်ခြေကိုက် မကိုက် သိကြတဲ့အကြောင်း၊ တွက်ခြေကိုက်ရင် ဆက်တူးပြီး တွက်ခြေမကိုက်ရင်တော့ မြန်မြန်ဆန်ဆန် ရပ်ပစ်ပြီး လုပ်ကွက်ကို ပြန်အပ်တဲ့ အလေ့အထ ရှိတဲ့အကြောင်း၊ အခု အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီကတော့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာကစပြီး ခြောက်နှစ်ကျော် တူးဖော်ခဲ့တာမို့ တွက်ခြေကိုက်လို့ တူးတာသာ ဖြစ်နိုင်ကြောင်း သူ့ရဲ့ ထင်မြင်ယူဆချက်ကို ပြောပြပါတယ်။ နောက်ပိုင်း ဦးစိုးထွန်းရှိန်ပိုင်တဲ့ ကုမ္ပဏီနဲ့ အခြား ကုမ္ပဏီတစ်ချို့ရဲ့ ရွှေတူးပြီး အစိုးရကို ပေးသွင်းရမယ့် ရွှေ မသွင်းပဲ နေတဲ့ကိစ္စ လွှတ်တော်တွင်း တစ်ကြိမ်မက မေးမြန်းခံရတဲ့ အခြေအနေထိ ဆိုက်ရောက်ခဲ့ရပါတယ်။

ဖြစ်စဉ်အားလုံးကို ခြုံငုံကြည့်လိုက်ရင် အရင် အစိုးရအဆက်ဆက်က လုပ်ခဲ့ကြတဲ့ အစိုးရတင်ဒါရအောင် ကြေးများများ ပေးပြီး တင်ဒါဆွဲ၊ တင်ဒါရ၊ လုပ်ငန်းလုပ်ရင်း အဆင်မပြေရင် အစိုးရဆီ တင်ပြ၊ အဆင်ပြေရင်လည်း အဆင်မပြေဘူးလို့ လှည့်စားပြောဆိုပြီး တင်ပြ၊ အစိုးရဘက်ကလည်း လွယ်လွယ် ပြင်ပေး၊ ဖျက်ပေး၊ အလျော့ပေး၊ အဲလို လုပ်နိုင်ရေးအတွက် လာဘ်ပေးလာဘ်ယူမှုတွေ အများကြီးဖြစ် ဆိုတဲ့ အခြေအနေမျိုးတွေကို တွေ့မြင်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NLD အစိုးရလက်ထက်မှာ အဲလို အမှားမျိုးကို ပြင်ဆင်ပြီး အဂတိတရားကင်းကင်း၊ ဘက်လိုက်မှု မရှိပဲ ပြဿနာတွေကို ကိုင်တွယ်ရင်း ခုလို အကြီးဆုံး ရွှေမိုင်းတစ်ခုကို တရားစွဲ ငွေတောင်းရမယ့် အခြေအနေမျိုး ရောက်လာတာလို့ ခန့်မှန်းရပါတယ်။ ဒီနေရာမှာ လက်ရှိ အစိုးရဘက်က မမှန်မကန် ဘာမှ လုပ်ကိုင်ဆောင်ရွက်ထားတာမျိုး မတွေ့ရလို့ ဒီဖြစ်ရပ်အပေါ် အကြောင်းပြုပြီး အခြားသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေမှာ ထိခိုက်မှု မရှိနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.