မိုင်းခွဲငါးဖမ်းခြင်းနှင့် မူးယစ်ဆေးဝါးက မော်ကင်းတို့ကို အန္တရာယ်ပေးနေ

အေသင်စ် ဇော်ဇော် ရေးသားသည်။

မြိတ်- အသက်ကို ခပ်မြန်မြန် တစ်ချက်ရှူလိုက်ပြီး ဆယ်ကျော်သက်ရွယ် လူငယ်သည် လက်ထဲတွင် မြားတစ်ချောင်းကိုင်လျက် မြန်မာနိုင်ငံတောင်ပိုင်းရှိ စိမ်းပြာရောင် ပင်လယ်ရေအောက်သို့ ငုပ်လျှိုးသွားသည်။ သို့သော်လည်း သူ့အောက်တွင် ပျက်စီးနေသော အညိုရောင် သန္တာကျောက်တန်း သင်္ချိုင်းတစ်ခု ရှိနေသည်။

သူသည် ခြေသလုံးအိမ်တိုင် သွားလာနေသော ပင်လယ်ပျော် မော်ကင်းလူမျိုး တစ်ဦးဖြစ်သည်။ မော်ကင်းတို့သည် မြိတ်ကျွန်းစုနှင့် အိမ်နီးချင်းထိုင်းနိုင်ငံ တောင်ပိုင်းဒေသတို့တွင် ပျံ့နှံ့လျက်ရှိသော ကျွန်းစုပေါင်း ၈၀၀ ၌ကျင်လည်ကာ နှစ်ပေါင်းရာချီ၍ ကိရိယာမပါ အလွတ်ရေငုပ် ငါးဖမ်းနည်းကို တစ်ဖက်ကမ်းခတ် တတ်မြောက်ကြသူများဖြစ်သည်။

သူတို့မှီတင်းနေထိုင်ရာ လှေများအတွက် အခြေစိုက်စခန်း၊ စားရေးသောက်ရေးအတွက် ငါးနှင့် ပင်လယ်စာများ၊ လောင်စာဆီနှင့် ဆန်ရရှိရေးအတွက် ကျွန်းသားများနှင့် အလဲအလှယ်ပြုရန် ပုလဲကဲ့သို့သော အဖိုးတန်ပစ္စည်းများ စသည့် သူတို့လိုအပ်သမျှကို မကြာသေးမီကာလအထိ ပင်လယ်ပြင်ကြီးက ဖြည့်ဆည်းပေးခဲ့သည်။

သို့သော် တစ်ချိန်က ယင်းဒေသတွင် ပေါကြွယ်ဝခဲ့သော သဘာဝ ပင်လယ်ပြင်ဝန်းကျင်ကို ဝါးမြိုခဲ့သည့် စီးပွားဖြစ် ပင်လယ်ငါးဖမ်းလုပ်ငန်းကြောင့် ပင်လယ်ရေပြင်မှာ ပျက်စီးသွားခဲ့ရသည်။

ထိုသို့ပျက်စီးဆုံးရှုံးရခြင်းမှာ ငါးဖမ်းလှေများကြောင့်ဖြစ်သည်။ ပင်လယ်ပြင်ကို ပြောင်သလင်းခါအောင် ဒိုင်းနမိုက်များ၊ ပင်လယ်ကြမ်းပြင်ကို ဒရွတ်ဆွဲငါးဖမ်းတတ်သည့် သင်္ဘောများ အသုံးပြုသော အိမ်နီးချင်း ထိုင်းလူမျိုးများကြောင့် ဖြစ်ရသည်ဟု အများက ယုံကြည်ထားကြသည်။

ယင်းသို့ဆိုးရွားသည့် အကျိုးဆက်ကြောင့် တန်ပြန်သက်ရောက်မှုမှာ မော်ကင်းတို့အား မျိုးဆက်ပေါင်းများစွာ ကူပံ့ပေးလာသော ဂေဟစနစ် ပျက်စီးကာ မော်ကင်းလူငယ်များက ငါးဖမ်းသင်္ဘောအုပ်တို့၌ အလုပ်လုပ်ကြခြင်းဖြင့် အဆုံးသတ်သွားခဲ့တော့သည်။

မော်ကင်း ငါးရှာသမား ကိုသီဟသွေးတစ်ယောက် ညောင်ဝီးရွာမှ ဖမ်းမိလာသည့် ပင်လယ်ငါးပူတင်း ဆွဲကာ အိမ်ပြန်လာစဉ်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

မော်ကင်း ငါးရှာသမား ကိုသီဟသွေးတစ်ယောက် ညောင်ဝီးရွာမှ ဖမ်းမိလာသည့် ပင်လယ်ငါးပူတင်း ဆွဲကာ အိမ်ပြန်လာစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

“ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လင်ယောကျ်ားတစ်ယောက်တည်း အလုပ်လုပ်ရင် သူ့မိသားစုကို အလွယ်တကူ ထောက်ပံ့နိုင်ပါတယ်” ဟု မကြုံဂလက်ကျေးရွာမှ မော်ကင်းခေါင်းဆောင် ဦးကာရှာက သူ၏ခြေတံရှည် သွပ်မိုးအိမ်၏အပြင်ဘက်တွင် ဆေးတံဖွာရင်း ပြန်ပြောင်းပြောပြသည်။

“အခုတော့ ဘဝရပ်တည်နိုင်ဖို့ တစ်မိသားစုလုံး လုပ်နေရတယ်။ ဒါတောင်မှ တခါတလေ မလောက်ငှချင်ဘူး” ဟုဆိုသည်။

ဒေသခံကရင်နှင့် ဗမာတို့နည်းတူ မော်ကင်း ( မြန်မာတို့က ဆလုံဟု အသိများ) တို့အပါအဝင် ကျွန်းသားများသည်လည်း ထိုနည်းအတိုင်း ခံစားခဲ့ကြရသည်။

ဆင်းရဲခြင်း၊ နိုင်ငံမဲ့ဖြစ်ခြင်းနှင့် အလုပ်လုပ်ပိုင်ခွင့်များ ကန့်သတ်ခံရခြင်းတို့ကြောင့် မော်ကင်းအချို့သည် ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းက ငါးဖမ်းသင်္ဘောများအတွက် စတင်ရေငုပ်ပေးခဲ့ရပြီး စစ်အစိုးရလက်ထက်က မော်ကင်းအများအပြားကို ကျွန်းစုများတွင် နေထိုင်ရန် ဖိအားပေးခံခဲ့ရပြီးနောက်၌လည်း ယင်းလုပ်ငန်းကိုပင် ဆက်လက်ဆောင်ရွက်ခဲ့ရသည်။

“ဒိုင်းနမိုက်နဲ့ ငါးဖမ်းတာတွေက အလွန်အကျွံပဲ” ဟု မော်ကင်းတို့နှင့် ဆယ်စုနှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူ ပြင်သစ်နိုင်ငံ CNRS နှင့် Musee de l’Homme မှ ကျွမ်းကျင်ပညာရှင် ဂျက် အိုင်ဗန်နော့က ပြောသည်။

“ဘာတတ်နိုင်မှာလဲ အသက်မွေးဝမ်းကျောင်းအတွက် (သူတို့မှာလည်း) တခြားရွေးချယ်စရာမှ မရှိတာ”

ထပ်တိုးအန္တရာယ် မူးယစ်ဆေးဝါး

မူးယစ်ဆေးဝါးက အန္တရာယ်များပြီး တရားဥပဒေနှင့်မညီသော အလုပ်ဖြစ်သည်။ ငါးဖမ်းသူများသည် လူသူ အရောက်အပေါက်နည်းသော အပြင်ဘက်ကျွန်းစုများသို့ သွားရောက်လျက်ရှိကြရာ ယင်းဒေသများမှာ ၎င်းတို့အား ဖမ်းဆီးရန်မလွယ်သော နေရာများဖြစ်သည်။

ယင်းဒေသများတွင် ရေငုပ်သမားတို့က အကောင်းဆုံးနေရာများကို ရှာဖွေပြီး ဒိုင်းနမိုက်များကို ပစ်ထည့်ကာ ဝေးရာသို့ လျင်မြန်စွာ ပြေးရှောင်ရသည်။

အချို့က လေမှုတ်စက်နှင့် ဆက်ထားသော ပလပ်စတစ်ပိုက်မှတဆင့် အသက်ရှူကြပြီး အချို့က ပစ္စည်းကိရိယာကို လုံးဝအသုံးမပြုကြပေ။ အချို့မှာ လေဖိအား လျော့ကျသောဝေဒနာကို ခံစားရပြီး သွက်ချာပါဒလိုက်ကာ လမ်းမလျှောက်နိုင်သည်ထိ ဖြစ်ကြသည်။

အချို့က ရေပြင်ပေါ်ပြန်တက်စဉ် သေဆုံးတတ်သကဲ့သို့ ရေပြင်ပေါ်သို့ လုံးဝပြန်ရောက်မလာသူများလည်း ရှိသည်။ ပြည်ပသို့ အကျိုးအမြတ်များ စီးထွက်သွားမည့် စီးပွားရေးလုပ်ငန်းတစ်ခုအတွက် ပေးဆပ်ရသည့် တန်ဖိုးကမူ ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

“လှေတွေက ထိုင်းကဟာတွေလို့ လူတွေက ပြောကြတယ်” ဟု အသက် ၄၅ နှစ်ရှိ မော်ကင်းလူမျိုး ကိုမတ်က ပြောသည်။

အများစုအတွက်မှာမူ ရရှိမည့် အကျိုးအမြတ်မက်လုံးက အန္တရာယ်ကို ရင်ဆိုင်ရကျိုးနပ်ပေသည်။ ကျွန်းစုများပေါ်၌ နေ့ဘက်ရသော နေ့စဉ်ပျမ်းမျှလုပ်ခမှာ အမေရိကန်ဒေါ်လာ ၃ ဒေါ်လာဖြစ်နေချိန်တွင် ရေငုပ်သမားများ တစ်ညတာ အလုပ်အတွက်ရငွေမှာ အမေရိကန်ဒေါ်လာ ၁၀၀ ကျော်ရှိသည်။

လုပ်ငန်း၏ စိတ်ဖိစီးမှုကို ခံနိုင်ရည်ရှိစေရန် မော်ကင်းအချို့က မူးယစ်ဆေးဝါးဘက် လှည့်လာကြသည်။

သူ့ဦးလေးဆုံးပါးစဉ်က ကိုဝင်းမြတ်မှာ ဆယ်ကျော်သက်အရွယ်သာ ရှိသေးပြီး ယင်းနယ်မြေထဲသို့ လှိမ့်ဝင်လာသော ‘ရာဘ’ ခေါ် ကဖိန်းဓာတ်ပါသည့် မက်သာဖက်တမင်း ဆေးစွဲခဲ့သည်။

“သူရှာရသမျှကို မူးယစ်ဆေးဝါးအတွက် သုံးပစ်တာပဲ” ဟု အသက် ၂၀ နှစ် အရွယ်ရှိသူတစ်ဦးက  ညောင်ဝီကျွန်းပေါ်တွင် အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။

“နောက်ဆုံးတော့ သူ အရမ်းအားနည်းလာပြီး ဆေးမသုံးရရင် အမြဲစိတ်တိုတတ်တယ်”  ဟု သူ့အမည်ကို အမည်လွှဲဖြင့် ဖော်ပြပေးရန် တောင်းပန်သူတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ မိသားစုကို သူ တော်တော်ဒုက္ခပေးခဲ့တယ်။ နောက်တော့ သူလည်း သေတာပါပဲ”

ကျွန်းစုများပေါ်ရှိ မော်ကင်းအမျိုးသား ရာခိုင်နှုန်း ၄၀ ခန့်မှာ ရာဘ၊ သို့မဟုတ် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသများမှလာသော ဘိန်းဖြူကို အသုံးပြုကြသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ  ဦးခင်မောင်ထွေးက ခန့်မှန်းသည်။

အများစုမှာ လူငယ်လူရွယ်များ ဖြစ်ကြသည့်အတွက် မော်ကင်းအမျိုးသမီးအများစုသည် ဒေသခံကရင်၊ ဗမာတို့နှင့် အိမ်ထောင်ပြုကုန်ကြကာ ကုန်းမြေပေါ်မှ ယဉ်ကျေးမှုများကို ပိုမိုလက်ခံကျင့်သုံးလာကြသည်။

“အခုအချိန်မှာတော့ ကျန်နေတဲ့ မော်ကင်းယောကျ်ားတွေက မိန်းမဦးရေလောက် မများတော့ဘူး” ဟု မော်ကင်းမိခင်နှင့် ဗမာဖခင်တု့ိမှ မွေးဖွားသူ အသက် ၂၀ နှစ်အရွယ် ကိုထွန်းအောင်စိုးက ပြောသည်။

မြန်မာနိုင်ငံရှိ မော်ကင်းလူဦးရေမှာ ၅,၀၀၀ (အခြားပင်လယ်တွင်း လှည့်လည်သွားလာနေထိုင်သူ မော်ကလင်း Moklen နှင့် အူရက်လာဝိုအီ UrakLawoi တို့ကို ထည့်သွင်းတွက်ချက်ပါက ဦးရေ ၁၀,၀၀၀ ) ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ ၂,၀၀၀-၃,၀၀၀ခန့်သာ ရှိတော့မည်ဟု ကျွမ်းကျင်သူတို့က ပြောသည်။

“လှေများပေါ်မှာသာ ပိုကောင်းသောဘဝ”

ငါးအုပ်များ ပြိုကွဲသွားခြင်းသည် မော်ကင်းတို့အတွက် ဘေးဆိုးတစ်ခု ကျရောက်ခြင်းဖြစ်သည်။

စည်းလွတ်ဝါးလွတ် အလွန်အကျွံ ငါးဖမ်းခြင်းက လွတ်လပ်သော ပင်လယ်ပြင်ရှိ ငါးမျိုးစိတ်၏ ဇီဝအစုအဝေးကို ရာခိုင်နှုန်း ၉၀ အထိ ကျဆင်းစေခဲ့ကြောင်း ၁၉၈၀ ပြည့်နှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်၌ တစ်ကြိမ် မြိတ်ကျွန်းစုတွင် ကွင်းဆင်းလေ့လာခဲ့သည့် နော်ဝေ ငါးဖမ်းသုတေသနသင်္ဘောက လေ့လာသိရှိခဲ့သည်။

ပင်လယ်ပြင်၌ လုပ်ငန်းဆောင်ရွက်နေသော လှေငယ်နှင့် ငါးဖမ်းသင်္ဘောကြီးပေါင်း ၈,၀၀၀ ရှိကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အင်န်ဂျီအိုအဖွဲ့ Flora & Fauna International မှ ပင်လယ်ပြင်ဆိုင်ရာ အစီအစဉ် အကြံပေး ရောဘတ် ဟောင်းဝပ်က ပြောသည်။

ကိုသီဟသွေးသည် မြားပစ်သေနတ်မှ မြားတစ်စင်းကိုင်ကာ မြိတ်ကျွန်းစုရေအောက်၌ ငါးဖမ်းနေစဉ်။ ဓာတ်ပုံ - ရဲအောင်သူ/ အေအက်ဖ်ပီ

ကိုသီဟသွေးသည် မြားပစ်သေနတ်မှ မြားတစ်စင်းကိုင်ကာ မြိတ်ကျွန်းစုရေအောက်၌ ငါးဖမ်းနေစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

“ဒီပုံအတိုင်း ဆက်သွားမယ်ဆိုရင် နောက်ဆုံးတစ်နေ့ ငါးဖမ်းလုပ်ငန်း ပြိုကွဲသွားလိမ့်မယ်” ဟု ၎င်းက သတိပေးသည်။

ငါးဖမ်းလုပ်ငန်းဖြင့် သူတို့လည်း ရေရှည်ရပ်တည်နိုင်တော့မည်မဟုတ်ကြောင်း မော်ကင်းအများစုက ပြောသည်။

ယနေ့အချိန်တွင် သူတို့ဘိုးဘေးဘီဘင်တို့၏ ပင်လယ်ပျော်ဘဝမျိုးဖြင့် နေထိုင်သူဦးရေမှာ မြိတ်ကျွန်းစု၌ နေထိုင်လျက်ရှိသော လူဦးရေ၏ တစ်ဝက်ပင် မရှိတော့ဘဲ ယင်းအရေအတွက်မှာလည်း တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။

မိမိတို့ဘဝအချိန် အများစုကို နေထိုင်အသုံးပြုလေ့ရှိသော ခဘန်းခေါ် ရိုးရာသစ်သားလှေများကို ဆောက်လုပ်သူ မရှိတော့သည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီဖြစ်သည်။

မကြုံဂလက်ကျေးရွာမှ မော်ကင်းအကြီးအကဲ ဦးကာရှာက ထိုနေ့ရက်များကို ပြန်လည် လွမ်းမောတသလျက်ရှိသည်။

“ကျွန်တော်တို့ လှေပေါ်မှာ နေရတဲ့ဘဝတုန်းက လက်ရှိနေရာမကောင်းရင် တခြားနေရာတွေကို ကျွန်တော်တို့ ရွှေ့လို့ရတယ်။ ခုနေမှာ မရတော့ဘူး” ဟု သူက ပြောသည်။

“လှေတွေပေါ်မှာ နေရတဲ့ဘဝက ပိုကောင်းတယ်”

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – မြိတ်ကျွန်းစု ပင်လယ်ပြင်တွင် ငါးရှာရန် ရေမငုပ်မီ မော်ကင်း ငါးရှာသမား ကိုသီဟသွေးက မြားသေနတ်မှ မြားကိုကိုင်ထားစဉ်။ ဓာတ်ပုံ – ရဲအောင်သူ/ အေအက်ဖ်ပီ

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.