မိသားစုကစင့်ကလျား(ဝါ) အဓမ္မစစ်သားစုဆောင်းမှုဆိုးကျိုးဒဏ်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က သူတို့ဆန္ဒအလျောက် တပ်ဖွဲ့ထဲဝင်လာခြင်းပါဟု အကျောက်အကန်ပြောနေသည့်တိုင် တိုက်ပွဲဖြစ်ပွားရာဒေသများ၌ အဓမ္မစစ်သားစုဆောင်းခြင်းကြောင့် မိတကွဲ ဖတကွဲဖြင့် မိသားစုဘဝ အလဲလဲအကွဲကွဲဖြစ်ကြရသည်။
ခွန်ယံ ရေးသားသည်။
စစ်ရှောင်စခန်းမှ တန်းလျားရှည်ရှည်မြောမြော သုံးလုံးသည် တောင်မြောက်အနေအထားဖြင့် ဘေးချင်းကပ် တည်ရှိနေသည်။ တန်းလျားများ တစ်ခုနှင့်တစ်ခုကြားမှာတော့ မိုးရွာထား၍  ဗွက်ထနေသည်။ ဤကား ၂၀၁၇ ခုနှစ် မေလက ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်ရှိ နားဟီးရွာမှ ဒုက္ခသည်စခန်း မြင်ကွင်းဖြစ်သည်။
နန်းကူတို့မိသားစုသည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့မှ ကားလမ်းအတိုင်း လွိုင်လင်မြို့ကို ဖြတ်သွားပါက ကီလိုမီတာ ၂၀၀ ခန့်တွင်ရှိသောမောက်မယ်မြို့နယ် မိုင်းတစေးကျေးရွာတွင် နေထိုင်သည်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ၌ လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA လက်နက်ကိုင်အဖွဲ့မှ လူသစ်စုဆောင်းမှုကြောင့် ပြီးခဲ့သည့် ၂၀၁၇ မေလတွင် ရွာလုံးကျွတ် ထွက်ပြေးလာခဲ့သည့် မိသားစုများထဲမှ မိသားစုတစ်စုဖြစ်သည်။
ဒုက္ခသည်စခန်းပတ်ပတ်လည်ရှိ တောအုပ်များမှ မြူနှင်း မြူမှုန်များသည် စခန်းဆီသို့ တိုးဝင်လာနေသည်။ မိုးမှုန် မိုးမွှားများလည်း တဖွားဖွားကျနေသည့် မိုးရာသီအတွင်းမှာပင် နန်းကူတို့မိသားစုသည် နားဟီးရွာက စစ်ရှောင်ဒုက္ခသည်စခန်းတွင် လေးလကျော်နေထိုင်ခဲ့ရသည်။
ထိုသို့လေးလကြာပြီးနောက်တွင်တော့ စစ်ရှောင်ဒုက္ခသည်များ အိမ်ပြန်ခွင့်ရသဖြင့် အိမ်ပြန်ခဲ့သည်မှာ ခုဆို နှစ်နှစ်ပင်ကျော်လာသည့်တိုင် နန်းကူမှာမပျော်နိုင်ရှာသေးပေ။ နန်းကူတစ်ယောက် ယခုအချိန် တွေးနေမိသည်က သူ့သမီးကို ဘယ်အချိန်ထိ သူဖုံးဖိထားနိုင်မည်နည်းဆိုသည်ကိုပင်။
“အမေ တစ်ရွာလုံး ဒီလိုထွက်ပြေးလာရတာတောင် အဖေက ဘာလို့ ပြန်မလာတာလဲအမေ” ဆိုသည့် စကားကို သူ့သမီးမေးမြန်းလာတိုင်း နန်းကူတစ်ယောက် ရင်ထဲဆို့တက်လာကာ မျက်ရည်တွေတွေကျရသည်။ သမီးက ထိုသို့မေးတိုင်း သားအကြီးကောင်က အမေ့ကို စာနာကြည့်ဖြင့် ကြည့်နေတတ်စမြဲ။
လင်မရှိသော မယားသည် မတင့်တယ်ဟု မြန်မာ စကားပုံတစ်ခုရှိသည်။ တကယ်တော့ နန်းကူ၏သားနှင့် သမီးတို့၏ဖခင် ရှိပါသည်။ နန်းကူတွင် အိမ်ထောင်ဦးစီးဖြစ်သည့် ကာမပိုင်ယောကျ်ားရှိခဲ့ပါသည်။
အသက် ၁၄ နှစ်အရွယ်ရောက်နေသည့်သားနှင့် ကိုးနှစ်အရွယ်ပင်ရောက်နေသည့်သမီးတို့ကို ကြည့်ကာ နန်းကူတစ်ယောက် သူ့ယောကျ်ားနှင့် ဝေးသွားခဲ့ရသည့်နေ့ကို ပြန်အမှတ်ရနေမိသည်။
လွန်ခဲ့သည့် ၉ နှစ်က နန်းကူတို့ရွာကို RCSS တပ်ဖွဲ့လာပြီး သူတို့တပ်ဖွဲ့တွင် ငါးနှစ်တာဝန်ထမ်းဆောင်ရမည်ဟု တပ်သားစုဆောင်းလာကြရာ နန်းကူယောကျ်ား ခွန်မောင်လောပါသွားခဲ့သည်။
ပုံစုတ်ရွာဇာတိဖြစ်ပြီး ယခု တောင်ကြီးတွင်ပြောင်းရွေ့နေထိုင်သူ ဦးစန်းလွင်က “တချို့က စစ်သားစုဆောင်းခံရပြီး ပြန်လာရင် ရွာမှာမနေရဲတော့ဘူး၊ ရွာကနေ ပြောင်းသွားကြတယ်။ အထူးသဖြင့် ဆီဆိုင်မြို့နယ် နောင်ထောဝ်ဘက်ကို ပြောင်းသွားကြတယ်။ စစ်သားစုဆောင်းခံရပြီး စစ်ပွဲထဲမှာပဲ သေဆုံးသွားတဲ့လူလည်းရှိတယ်” ဟု ပြောသည်။
၎င်း၏ပြောပြချက်အရ ခွန်မောင်မတ်အမည်ရှိ မိုင်းတစေးရွာမှ ရွာသားတစ်ဦးသည် စစ်သားစုဆောင်းခံရပြီး တိုက်ပွဲတွင် အသက်ပေးသွားရရှာသည်။
နန်းကူယောကျ်ား စစ်သားစုဆောင်းခံရချိန်တွင် နန်းကူသည် သမီးကို ကိုယ်ဝန်ဆောင်ထားနေရပြီဖြစ်သည်။ ထိုခေတ်၌ အင်တာနက်လည်း ဘာမှန်းမသိ၊ လမ်းပန်းဆက်သွယ်ရေးလည်းမရှိ၊ ပြန်လှန်ပြောဆိုခွင့်လည်းမရှိ၊ အာဏာသည် သေနတ်ကိုင်ထားသူများထံ၌သာ ရှိသည့်အချိန်မို့ နန်းကူခမျာ အံကြိတ်မြိုသိပ်ခဲ့ရသည်။
ယောကျ်ားဖြစ်သူ ခွန်မောင်လော စစ်သားစုဆောင်းခံရသည့်နှစ်တွင်ပင် သမီးကို မွေးဖွားခဲ့သည်။ အဖေ့မျက်နှာကိုပင် မမြင်ဖူးသေးသည့် သမီးလေးအဖြစ် ကြီးပျင်းလာခဲ့ရသည်။

နန်းကူနှင့် ခင်ပွန်းဖြစ်သူ ခွန်မောင်လောတို့မှာ ကိုးနှစ်ကြာကွဲကွာခဲ့ရပြီးနောက် ယခုနှစ်၌ပြန်လည်ပေါင်းစည်းမိကြသည်။ ဓာတ်ပုံ - ခွန်ယံ

နန်းကူနှင့် ခင်ပွန်းဖြစ်သူ ခွန်မောင်လောတို့မှာ ကိုးနှစ်ကြာကွဲကွာခဲ့ရပြီးနောက် ယခုနှစ်၌ပြန်လည်ပေါင်းစည်းမိကြသည်။ ဓာတ်ပုံ – ခွန်ယံ

ရွာလုံးကျွတ် ပြောင်းရွှေ့ရမှုများပြား
မိုင်းတစေးနှင့် ပုံစုတ်ရွာသည် မောက်မယ်မြို့နယ်ထဲတွင် ပါဝင်သော်လည်း ဆီဆိုင်မြို့နယ်နှင့် ပိုနီးသည်။ ထိုနှစ်မြို့၏ နယ်နိမိတ်ကြားတွင် ပွန်ချောင်းသည် စီးဆင်းလျက်ရှိသည်။ ထိုနယ်မြေဒေသသည် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် ထိစပ်နေလျက်ရှိသည့် နေရာဖြစ်ပြီး တပ်မတော်၊ ရှမ်းပြည် ပြန်လည်ထူထာင်ရေးကောင်စီနှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်တို့ လှုပ်ရှားရာ နယ်မြေဖြစ်သည်။
မိုင်းတစေးရွာသည် အိမ်ခြေ ၂၅ အိမ်၊ လူဦးရေ ၉၅ ယောက်ရှိပြီး ပုံစုတ်ရွာသည် အိမ်ခြေ ၂၃ အိမ်၊ လူဦးရေ ၁၂၇ ဦးရှိသည်။ RCSS လက်နက်ကိုင်တပ်ဖွဲ့မှ စစ်သားစုဆောင်းခြင်းကြောင့် ၂၀၁၇ ခုနှစ် မေလတွင် မိုင်းတစေးနှင့် ပုံစုတ်ရွာ နှစ်ရွာသည် ရွာလုံးကျွတ် နားဟီးကျေးရွာသို့ ထွက်ပြေးလာခဲ့သည်။
ထိုထွက်ပြေးလာသူများထဲမှာ နန်းကူတို့လည်း ပါဝင်သည်။ ယခုတော့ နန်းကူတို့မိသားစုသည် မူလနေရပ် မိုင်းတစေးရွာကို ပြန်ရောက်နေပြီဖြစ်သည်။ ထိုသို့ပြန်နိုင်ရန် တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များပါဝင်သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC – Joint Ceasefire Monitoring Committee က ဆွေးနွေးညှိနှိုင်းပေးပြီး နောက်ထပ် စစ်သားစုဆောင်းမှု၊ ဆက်ကြေးကောက်ခံမှုဒဏ်များ မခံရဟု အာမခံချက်ပေးသဖြင့် အခြားရွာသားများနှင့်အတူ နန်းကူတို့လည်း ရွာပြန်ခဲ့သည်။
ရွာပြန်ရောက်သော်လည်း မိုးရာသီကာလ လေးလလုံးလုံး ဘာမှမလုပ်ကိုင်ရသဖြင့် စားရေးသောက်ရေးအတွက် နန်းကူတို့မိသားစု အခက်အခဲများစွာကြုံခဲ့ရသည်။ ရွာပြန်ရောက်ခါစတွင် ဒုက္ခသည်စခန်း၌ရှိစဉ် စေတနာရှင်များ ထောက်ပံံ့ထားသည့် ဆန်၊ ဆီများကို စားသောက်နေရသည်။
ထိုစခန်းမှ အလှူရှင်များ၏ အစားအသောက်များသည်လည်း အနည်းငယ်သာပိုသည့်အတွက် ရွာပြန်ရောက်သည့်အခါ တောထဲသွား၍ ဆေးမြစ် ဆေးဥရှာဖွေရောင်းချခြင်းဖြင့် ဝမ်းစာရေး ဖြေရှင်းရသည်ဟု မိုင်းတစေးရွာမှ ရွာစာရေး ခွန်ထီးက ပြောပြသည်။
နန်းကူ၏သားမှာ အသက် ၁၄ နှစ်သာ ရှိသေးသော်လည်း အရွယ်နှင့်မမျှအောင် ရင့်ကျက်နေပြီး အမေ့ဒုက္ခကို စာနာနိုင်သူဖြစ်သည်။ အမေနှင့်အတူ တောင်ယာလိုက်၊ နေ့စားအငှားလိုက်၍ မိသားစုဝန်ကို တဖက်တလမ်းမှ ကူထမ်းပေးရှာသည်။ ကျောင်းကိုလည်း ပုံမှန်မတက်နိုင်ခဲ့တော့ပေ။
အဖေဖြစ်သူ စစ်သားစုဆောင်းရာတွင် ပါသွားမှန်း သမီးငယ်မသိသေး။ သူ့ကို နန်းကူက “နင်တို့ အဖေ အဝေးမှာ အလုပ်သွားလုပ်နေတယ်”ဟုသာ လိမ်ပြောထားရသည်။
ကလေးစစ်သားစုဆောင်းခြင်း
မြန်မာနိုင်ငံ၌ အရွယ်မရောက်သေးသူများ၊ အရပ်သားများကို စစ်သားအဖြစ် စုဆောင်းခြင်းနှင့်စစ်ပွဲတွင် အသုံးပြုခြင်းများကိုရပ်ဆိုင်းရန် ၂၀၁၂ ဇွန်လ၌ ကုလသမဂ္ဂနှင့် ပူးတွဲဆောင်ရွက်သည့်အစီအစဉ်ကို တပ်မတော်က လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အခြေအနေတိုးတက်လာခဲ့သော်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကျူးလွန်လျက်ရှိသည်။
ကုလသမဂ္ဂ၏စာရင်းတွင် အဓမ္မစစ်သားစုဆောင်းခြင်းကို ကရင်၊ ကချင်၊ ကရင်နီ၊ ရှမ်းနှင့် ၀ လက်နက်ကိုင်တပ်ဖွဲ့များကပါ ကျူးလွန်နေကြောင်းဖော်ပြပါရှိသည်။ ကုလသမဂ္ဂစာရင်းတွင်မပါသော အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များလည်း အရွယ်မရောက်သေးသူများအား စုဆောင်းခြင်း၊ အသုံးပြုခြင်းများ ရှိနေသည်။
NCA ထိုးပြီးတဲ့နောက် လူသစ်စုဆောင်းမှုများ၊ ကောက်ခံမှုများ ဆက်လုပ်ခြင်းရှိ မရှိ RCSS ဆက်ဆံရေးရုံးမှ ဒုဗိုလ်မှူးကြီး စိုင်းဦးကို ဆက်သွယ်မေးမြန်းရာတွင်
“ကိုယ့်သဘောနဲ့ကိုယ် ဝင်လာတဲ့ လူငယ်တွေပဲများပါတယ်။ သတင်းဌာနမေးခွန်းဆိုလို့ ခင်ဗျားမေးတာပဲ ကြားဖူးသေးတယ်၊ အဲ့ဒါက” ဟုပြောဆိုခဲ့သည်။အရည်အချင်း လူမျိုးခွဲခြားသတ်မှတ်ထားခြင်း မရှိကြောင်း ပြန်လည်ဖြေဆိုခဲ့သော်လည်း လူသစ်စုဆောင်းမှု ရှိမရှိနှင့် မူဝါဒကိစ္စကိုမူ မဖြေဆိုခဲ့ပေ။
ယခင်နှစ် TNLA ဆေးမှူးအမျိုးသမီးခြောက်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး frontier မှ ကွင်းဆင်းသတင်းလိုက်ခဲ့စဉ်တွင် အွယ်လော ရွာသားများပြောပြချက်အရ တအာင်းတပ်ဖွဲ့၌ အဓမ္မ လူသစ်စုဆောင်းသည့် ပေါ်လစီရှိပြီး မိသားစုတစ်ခုလျှင် အနည်းဆုံး တစ်ယောက်နှုန်းဖြင့် တပ်ဖွဲ့ဝင်သစ် စုဆောင်းခံရနိုင်သည်ဟု မျှော်လင့်ထားကြသည်။
အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း သားနှစ်ယောက်နှင့် အထက်ရှိသော တအာင်းမိသားစုတိုင်းက သားတစ်ဦးကို တအာင်းတပ်သို့ ပို့ရန် TNLA က လိုလားကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။ “တော်လှန်ရေးစကတည်းက ဝင်ရောက်ဖို့ အရည်အချင်းပြည့်မီတဲ့ အမျိုးသားအများစုက လိုလိုလားလားနဲ့ ကျွန်တော်တို့အဖွဲ့ထဲ ဝင်ခဲ့ကြတာပါ” ဟု ၎င်းကပြောသည်။
“တချို့ရွာတွေမှာတော့ စုဆောင်းနိုင်မယ့် အမျိုးသားတွေရှိတဲ့ မိသားစုတွေကို ကျွန်တော်တို့ရဲ့ လူသစ်စုဆောင်းရေး ပေါ်လစီအကြောင်း အသိပေးဖို့ လိုပါတယ်။ ကျွန်တော်တို့တပ်ဖွဲ့ထဲမဝင်လည်း ကျွန်တော်တို့က အပြစ်တော့မပေးပါဘူး” ဟု ၎င်းကပြောသည်။ TNLA သည် အမျိုးသားများကိုသာ လူသစ်စုဆောင်းပြီး အမျိုးသမီးများမှာမူ ၎င်းတို့ဆန္ဒအလျောက် ဝင်ရောက်ခြင်းသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အများအားဖြင့် လေ့ကျင့်ပြီးတာနဲ့ သူတို့(မိန်းကလေးတွေ)ကို ဆေးဝန်ထမ်းသာ ခန့်ပါတယ်။ မွေးချင်းတွေထဲမှာ အမျိုးသမီးတစ်ယောက်က TNLA မှာ တာဝန်ထမ်းဆောင်နေပြီဆိုရင် သူ့ရဲ့အစ်ကို၊ ဒါမှမဟုတ် မောင်ဖြစ်သူဟာ ကျွန်တော်တို့အဖွဲ့ထဲ ဝင်ဖို့မလိုပါဘူး” ဟု မိုင်းအိုက်ကျော်က ယခင်နှစ်တွင် frontier ကိုပြောဖူးသည်။
မြန်မာနိုင်ငံရှိ လက်နက်ကိုင်ပဋိပက္ခများအတွင်းတွင် ကလေး သူငယ်အခွင့်အရေးချိုးဖောက်ခံရ မှုအခြေအနေသည် စိုးရိမ်နေရဆဲဖြစ် ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအ ထူးကိုယ်စားလှယ် မစ္စဗာဂျီးနီးယား ဂမ်ဘာ Ms. Virginia Gamba ကလည်း ၂၀၁၈ မေလ၌ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရန်ကုန်မြို့တွင် ပြောကြားခဲ့သည်။
‘‘တပ်မတော်သာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကပါ  ကလေးစစ်သားအသုံးပြုမှုတွေကို အချက်အလက်တွေအရ သိရတဲ့အတွက် ဒီအရေးကိစ္စအပေါ် အထူးပင်စိုးရိမ်မိပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တိုက်တွန်းမှုတွေ၊ ပန်ကြားမှုတွေထက် လက်တွေ့လုပ်ဆောင်ဖို့က အရေးတကြီး လိုအပ်နေပါတယ်’’ ဟု မစ္စဂမ်ဘာက မြန်မာနိုင်ငံကို သုံးရက်ကြာလာရောက်စဉ် ရန်ကုန်မြို့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏အမေးကို ယင်းသို့ဖြေကြားခဲ့သည်။
ကလေးစစ်သားအသုံးပြုမှု မရှိစေရန် ၂၀၁၂ ကစတင်၍ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေး သဘောတူမှုတစ်စောင်ရှိနှင့်ပြီး ဖြစ်သည်။ ယင်းသဘောတူမှုအရ စီမံချက်စတင်သည့်အချိန်ကစ၍ ၂၀၁၉ ခုနှစ်အထိ စစ်မှုထမ်းကလေးငယ်များအား မိဘများထံလွှဲပြောင်းပေးအပ်မှု ၁၆ ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း ၉၈၄ ဦး လွှဲပြောင်းပေးအပ်ခဲ့သည်။ 
၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များ၌ အရာရှိ ၆၅ ဦး အပါအဝင် တပ်မတော်သား ၃၇၉ ဦးအား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သားအဖြစ်စုဆောင်းရာတွင် တာဝန်ရှိသူများအဖြစ် အရေးယူခဲ့ဖူးကြောင်း ဗိုလ်မှူးကြီးထွန်းထွန်းဝင်းက ပြောကြားဖူးသည်။ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ယခုနှစ် မတ်လအထိ တာဝန်ရှိသူအရာရှိ ၉၆ ဦးနှင့် စစ်သည် ၃၅၂ ဦးတို့အား စစ်စည်းကမ်းနှင့်အညီ အရေးယူခဲ့ကြောင်း တပ်မတော်က မတ် ၃၁ ရက်က သတင်းထုတ်ပြန်ထားသည်။
သို့သော် မြန်မာ့တပ်မတော်သည် ၂၀၁၂ က ပေးထားသည့် ကတိနှင့်အညီ ကလေးစစ်သား ရာပေါင်းများစွာကို ပြန်လွှတ်ပေးခဲ့သော်လည်း သဘောတူညီချက်ကို လုံလောက်စွာဆောင်ရွက်ခြင်း မရှိသေးကြောင်း မစ္စဂမ်ဘာက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နားဟီးရွာ၊ စစ်ရှောင်စခန်းမှ တန်းလျားရှည်ရှည်မြောမြောများ။ ဓာတ်ပုံ - ခွန်ယံ

ရှမ်းပြည်နယ်မြောက်ပိုင်း နားဟီးရွာ၊ စစ်ရှောင်စခန်းမှ တန်းလျားရှည်ရှည်မြောမြောများ။ ဓာတ်ပုံ – ခွန်ယံ

မိသားစု ပြန်လည်ပေါင်းစည်းမိကြလေပြီ
နန်းကူ၏ သမီးသည်လည်း အသက် ကိုးနှစ်ထဲကို ရောက်လာပြီ။ သမီးက အဖေအကြောင်းကို မေးတိုင်း နန်းကူတစ်ယောက် နာကျည်းမှု နာကျင်မှု အမြဲဖြစ်ရသည်။
ထိုနာကျည်းမှု၊ နာကျဉ်မှုများသည် ဘယ်သူ့အပေါ်မှ ဖြစ်သည်မဟုတ်ဘဲ သူ့ဘဝကို သူပြန်နာကျဉ်မိခြင်းမျှသာ ဖြစ်သည်ဟုဆိုသည်။ ထိုသို့ စိတ်မချမ်းမြေ့မှု၊ မငြိမ်းချမ်းမှု၏ အကျိုးဆက်များကြောင့် အသက် ၃၉ နှစ်သာ ရှိသေးသည့် နန်းကူသည် ၄၀ ကျော်တန်းထဲရောက်ပြီဟု ထင်ရလောက်အောင် အိုစာသွားခဲ့သည်။
နန်းကူသည် ပညာတတ်တစ်ယောက်မဟုတ်၊ စာလည်း မရေးတတ် မဖတ်တတ်။ တခါတလေ သား သမီးမလိမ္မာသည့်အခါမျိုးတွင် ဘဝကိုနာကျည်းမှု၊ နာကျင်မှုများကို အခြေခံသည့် သူ့ဒေါသသည် သား သမီးအပေါ်ကျရောက်ကာ ရိုက်နှက်ဆုံးမမိသည်။
ထိုအခါမျိုး၌ အရိုက်ခံရသည့်သမီးက  “အဖေနဲ့ပဲ နေချင်တယ်။ အဖေပြန်လာရင် အမေနဲ့ အတူမနေတော့ဘူး” ဟု ငိုကြွေးရင်းက ပြောနေတတ်သည်ဟု နန်းကူကပြောပြသည်။ ထိုအခါမျိုး၌ နန်းကူတစ်ယောက် မခံစားနိုင်၊ သားသမီးများကွယ်ရာတွင် သူလည်း ကျိတ်ငိုရသည်။ ယခုတော့ ကျိတ်ငိုစရာမလိုတော့။ အကြောင်းမှာ နန်းကူယောကျ်ား ခွန်မောင်လော  ပြန်ရောက်လာ၍ဖြစ်သည်။
အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးပြီးနောက် ကိုးနှစ်ထဲရောက်လာသည့်အခါတွင်တော့ အများစုက စစ်ပွဲတွင် သေဆုံးသွားပြီးဖြစ်လိမ့်မည်ဟု ယူဆထားသည့် နန်းကူယောကျ်ားသည် ပြန်ရောက်လာခဲ့သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောချင်တော့ပါဘူး။ အဲ့လိုအဖြစ်မျိုးကိုတော့ ဘယ်တော့မှ ထပ်မဖြစ်ချင်တော့ဘူး။ သွားလည်းမသွားချင်တော့ဘူး။ ကင်းလွတ်ခွင့် လက်မှတ်လည်း ရလာပြီ။ ကျွန်တော်လည်း အသက်ကြီးပါပြီ။ကျွန်တော်တို့ တစ်ရွာလုံး ထွက်ပြေးရတဲ့ ၂၀၁၇ ခုနှစ် ဖြစ်ရပ်ကိုတော့ ကျွန်တော် မသိလိုက်ဘူး။ အဲ့အချိန် ကျွန်တော်က RCSS တပ်ထဲမှာ၊ အဝေးရောက်နေတယ်” ဟု အသက် ၅၁ ရှိပြီဖြစ်သည့် ခွန်မောင်လောကပြောသည်။
ခွန်မောင်လောသည် ၂၀၁၀ ခုနှစ်တွင် RCSS မှ တပ်သားသစ်အဖြစ် စုဆောင်းခံရခြင်းဖြစ်ပြီး ထိုအချိန်တွင်  မိုင်းတစေးရွာကို တပ်သားသစ်အဖြစ် ၂ ယောက်တောင်းသော်လည်း ရွာဘက်က ခွန်မောင်လော တစ်ယောက်ကိုသာပေးနိုင်ခဲ့သည်။
“သူတို့လူတောင်းတုန်းကတော့ ၂ ယောက်ပေါ့။ ဒါပေမဲ့ ရွာက တစ်ယောက်ပဲ ပေးနိုင်လို့ ကျွန်တော်တစ်ယောက်တည်း ပါသွားတယ် ။ ကျွန်တေ်ာ သွားတယ်ဆိုတာက ရွာအတွက်သွားရတာ။ ရွာကို ၂ ယောက်တောင်းတာလေ။ ကိုယ့်စိတ်နဲ့ကိုယ် သွားချင်လို့ သွားခဲ့တာ မဟုတ်ပါဘူး” ဟု သူကပြောသည်။
ထိုသို့တပ်သားအဖြစ် ရှစ်နှစ်ကျော် ထမ်းဆောင်ရစဉ်အတွင်း တိုက်ပွဲပေါင်း ၁၀ ပွဲထက်မနည်း ဝင်တိုက်ခဲ့ရပြီး မိုးနဲအထိ ရောက်ခဲ့ရသည်။
“တိုက်ပွဲမှာက တခါတလေ ဘယ်အဖွဲ့နဲ့ ဖြစ်မှန်း မသိဘူး။ ညဘက် တွေ့ကြ ပစ်ကြတာလည်းပါတယ်။ ပစ်ဆို ပစ်လိုက်တာပဲ။ အစိုးရ စစ်တပ်လား။ ပအိုဝ်းတပ်နဲ့တွေ့တာလား။ တခါတလေ ရှင်းရှင်းလင်းလင်း မသိရတာလည်း ရှိတယ်” ဟု တိုက်ပွဲအတွေ့အကြုံများကို သူကပြန်ပြောပြသည်။
ထိုသို့ ရှစ်နှစ်ကျော် ကိုးနှစ်နီးပါး RCSS တပ်သားအဖြစ် တာဝန်ထမ်းဆောင်ရသော်လည်း လစာကတော့ တစ်လကို ဘတ် ၄၀၀၊ မြန်မာငွေ ၁၅,၀၀၀ လောက်သာ ရသည်။
ထိုသို့နှစ်ရှည်လများ လက်နက်ကိုင်တပ်ဖွဲ့၏ တပ်သားအဖြစ် စုဆောင်းခံရပြီး ရွာကိုပြန်ရောက်လာချိန်၌ အသက်အရွယ်အရ အလုပ်ကို လူငယ်လို ဖျတ်ဖျတ်လတ်လတ် မလုပ်ကိုင်နိုင်တော့သဖြင့် အခက်အခဲရှိသည်ကတော့ အမှန်ပင်ဖြစ်သည်။
“ကျွန်တော် အခု ဒုက္ခအရမ်းရောက်နေပါတယ် အိမ်လည်းမကောင်း၊ တောင်ယာလည်းမဖြစ်၊ နှမ်းစိုက်တာလည်း သေကုန်ပြီ။ ဘာလုပ်စားရမှန်းလည်း မသိတော့ဘူး။ ဖြစ်နိုင်ရင် အကူအညီ နည်းနည်းပါးပါးလောက် လိုချင်တာပေါ့ဗျာ ဘဝပြန်ထူထောင်ဖို့ ပေါ့ဗျာ”ဟု ခွန်မောင်လောကပြောသည်။
ယောကျ်ားပြန်ရောက်လာပြီးနောက်ပိုင်း ခွန်မောင်လော နန်းကူတို့၏ သားသည် ရွာဦးကျောင်းတွင် ကိုရင်ဝတ်ပြီး ကျောင်းပြန်တက်နေပြီဖြစ်သည်။ မိုင်းတစေးနှင့် ပုံစုတ်ရွာသည် နှစ်ရွာပေါင်းမှ အခြေခံပညာ မူလတန်းကျောင်း တစ်ကျောင်းသာရှိပြီး နယ်မြေလည်း မတည်ငြိမ်သေးသဖြင့် ဆရာတွေကလည်း မမြဲကြပေ။
ခွန်မောင်လောနှင့် နန်းကူသည် သူတို့သားသမီးကို ပညာတတ်ဖြစ်စေရန်၊ အင်ဂျင်နီယာကြီးဖြစ်စေရန် စသည့်မျှော်မှန်းချက်လည်း မရှိပေ။ သူတို့ဖြစ်ချင်သည့် ဆန္ဒကသည် စစ်ဘေးစစ်ဒဏ် မခံရဘဲ အေးအေးချမ်းချမ်း လုပ်ကိုင်စားသောက်ပြီး နေချင်သည့် ဆန္ဒသာရှိသည်ဟုဆိုသည်။
ပြောချင်သည့်စကားရှိရင် ပြောပါဟုဆိုလိုက်ရာတွင် နန်းကူက “ဘယ်သူ့ကိုမှ မမုန်းပါဘူး။ ဒီလိုအဖြစ်မျိုး ဘယ်သူမှ ထပ်ပြီးကြုံရ၊ ခံစားရတာတွေ မမြင်ချင်တော့ပါဘူး” ဟူ၏။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.