မရှင်းလင်းသည့် အလုပ်ပိတ်ရန် ကြေညာချက်အလွန် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စက်ရုံများ ပြန်ဖွင့်ခွင့်ရ

COVID-19 ကြိုတင်ကာကွယ်ရေးစစ်ဆေးမှုများအတွက် စက်ရုံများ ပိတ်ထားရန် အစိုးရက ထုတ်ပြန်သည့် ညွှန်ကြားချက်သည် ရေးသားပုံဆိုးရွားလွန်းသဖြင့် အလုပ်ရှင်များက နားလည်မှုလွဲသွားခဲ့သည်။

ကျော်ရဲလင်း

COVID-19 မကူးစက်စေရေး ကျန်းမာရေးနှင့် လုံခြုံရေးစစ်ဆေးမှုများအတွက် ပိတ်ထားရန် ညွှန်ကြားမှုရှိခဲ့ပြီးနောက် စက်ရုံများနှင့် အခြားအလုပ်ခွင်နေရာများသည် တဖြည်းဖြည်းဖြင့် လုပ်ငန်းလည်ပတ်မှုကို ပြန်လည်စတင်နေပြီဖြစ်သည်။ ရက်ရှည်ပိတ်ထားခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းများပြန်လည်စတင်ရတော့မည်ဖြစ်သဖြင့် အလုပ်ရှင်များစွာ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရသော်လည်း ဧပြီ ၁၉ ရက် ထုတ်ပြန်ချက်ကြောင့် အကြီးအကျယ်နားလည်မှုလွဲခဲ့ရသည်။
သင်္ကြန် ၁၀ ရက် အားလပ်ရက်နောက်ဆုံးနေ့တွင် အချိန်ကပ်ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ရှင်းလင်းစွာရေးသားထားခြင်းမရှိသောကြောင့် အလုပ်ရှင်အများစု နားလည်မှုလွဲခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းစက်မှုဇုန်ကို စီမံနေသည့် ကော်မတီအဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။
“အစိုးရရဲ့ထုတ်ပြန်ချက်အရ လုပ်ငန်းလည်ပတ်လို့ရတယ်လို့ မှတ်ယူပြီး ဧပြီ ၂၀ ရက်မှာ စက်ရုံလေးရုံ၊ ငါးရုံလောက် ပြန်ဖွင့်ခဲ့တယ်” ဟု အမည်မဖော်လိုသည့် ကော်မတီဝင်ကပြောဆိုခဲ့သည်။
“ကျွန်တော်တို့ကော်မတီလည်း ကြေညာချက်နဲ့ပတ်သက်ပြီး ညွှန်ကြားချက်ရှင်းရှင်းလင်းလင်းမရခဲ့ပါဘူး၊ ဧပြီ ၂၀ ရက်မှာ စက်ရုံတွေကို ဆက်ပိတ်ထားမလား၊ ဖွင့်မလားဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပေးရမယ်မသိခဲ့ပါဘူး” ဟု သူကပြောဆိုခဲ့သည်။
နားလည်မှုလွဲခြင်း၊ ရှုပ်ထွေးမှုများရှိခဲ့ခြင်းတို့အတွက် တောင်းပန်ပါကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာရှိတစ်ဦး၊ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ အလုပ်သမားလှုပ်ရှားမှုအဖွဲ့မှ ကိုယ်စားလှယ်တစ်ဦးတို့နှင့် ဧပြီ ၂၂ ရက်တွင် ပြုလုပ်ခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်သော ဗီဒီယိုကွန်ဖရင့်တွင် ပြောဆိုခဲ့သည်။
အစိုးရသည် သင်္ကြန်ရုံးပိတ်ရက်များအတွင်း စဉ်းစားပြင်ဆင်ရန် အချိန်များစွာရခဲ့ရာ အားလပ်ရက်နောက်ဆုံးနေ့မှသာ ကြေညာချက်ကိုထုတ်ပြန်ရသည်နှင့်ပတ်သက်၍ ရွှေလင်ဗန်းစက်မှုဇုန်စီမံရေးကော်မတီဝင်က မေးခွန်းထုတ်ခဲ့သည်။
COVID-19 ကူးစက်မှုတားဆီးရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စက်ရုံများ၊ အလုပ်ရုံများနှင့် ဌာနများကို စစ်ဆေးပြီး လုပ်ငန်းပြန်လည်စတင်သင့်မသင့်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ဧပြီ ၁၉ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။
အလုပ်သမားဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျွမ်းကျင်သူများပါဝင်သည့် အဖွဲ့များသည် ဧပြီ ၂၀ မှ ၃၀ အတွင်း စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။ ဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊ အစားအစာထုတ်လုပ်ရေးစက်ရုံများ၊ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းပြန်လည်စတင်ရန် အဆင်သင့်ရှိနေသည့် စက်ရုံများ၊ အလုပ်ရုံများနှင့် ဌာနများ၊ အလုပ်သမား ၁၀၀၀ ကျော်ရှိသော စက်ရုံများနှင့် အလုပ်ရုံများနှင့် အခြားစက်ရုံများ၊ အလုပ်ရုံများနှင့် ဌာနများကို ဦးစားပေးစစ်ဆေးမည်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။ အခြားစက်ရုံများ၊ အလုပ်ရုံများနှင့် ဌာနများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခြင်းမရှိခဲ့သလို လုပ်ငန်းခွင်များလိုက်နာရမည့် ကျန်းမာရေးလမ်းညွှန်ချက်များကိုလည်း ရှင်းလင်းပြောဆိုခြင်းမရှိခဲ့ချေ။

စိတ်ပျက်စရာဖြစ်သော်လည်း ကူးသန်းသွားလာမှုပိတ်ပင်ချက်ထက်စာရင် လက်ခံချင်စရာရှိ

အစိုးရ၏ကြေညာချက်ကြောင့် ဖောက်သည်များ အံ့သြခဲ့ရကြောင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား အကြံပေးသည့် ကုမ္ပဏီမှ ရန်ကုန်အခြေစိုက် စီးပွားရေးအကြံပေးတစ်ဦးကပြောဆိုခဲ့သည်။ တနင်္ဂနွေနေ့တွင် ထုတ်ပြန်ပြီး နောက်တစ်နေ့တွင် သက်ရောက်မည့် ဆုံးဖြတ်ချက်သည် ပြင်ဆင်ချိန်များစွာမပေးခဲ့ရာ အကြီးအကျယ်နားလည်မှုလွဲစေခဲ့ကြောင်း စီးပွားရေးအကြံပေးကပြောဆိုခဲ့သည်။
ထို့ပြင် အလုပ်ရှင်များသည် စုံစမ်းစစ်ဆေးမှုများအတွက် မည်ကဲ့သို့ ပြင်ဆင်ထားရမည်နှင့်ပတ်သက်၍ ကြေညာချက်တွင် ရှင်းလင်းစွာဖော်ပြထားခြင်းမရှိချေ။ မည်သည့်စီးပွားရေးုလုပ်ငန်းများကို ဦးစားပေးမည်ကိုလည်း ရှင်းလင်းစွာရေးသားထားခြင်းမရှိချေ။
အစကတည်းက ရှင်းလင်းစွာထုတ်ပြန်ခဲ့ရန်သင့်ကြောင်း စီးပွားရေးအကြံပေးကပြောဆိုခဲ့သည်။ ဦးစားပေးစက်ရုံများကို စစ်ဆေးပြီး ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့သော်လည်း ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး မြန်မာနိုင်ငံရှိ စက်ရုံအားလုံးကို စစ်ဆေးရန် လျာထားချက်သည် ပြည့်မီရန်လုံးဝမဖြစ်နိုင်သောကြောင့် လာမည့်အပတ်တွင်းမှာလည်း စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နေရဦးမည်ဖြစ်ကြောင်း သူကပြောသည်။
သို့သော် ဖိလစ်ပိုင်နှင့် မလေးရှားတို့တွင် စက်ရုံအားလုံးကို ပိတ်ထားရသဖြင့် အစိုးရက စစ်ဆေးရန် ဆုံးဖြတ်ချက်သည် ကူးသန်းသွားလာမှုပိတ်ပင်ချက်ထက် ကျေနပ်စရာရှိနေကြောင်း စီးပွားရေးအကြံပေးကပြောဆိုခဲ့သည်။
အခြားနိုင်ငံများကဲ့သို့ ကူးသန်းသွားလာမှုလုံးဝပိတ်ပင်လိုက်ပါက မြန်မာတွင် ထိခိုက်နစ်နာမှုအကြီးအကျယ်ရှိလာမည်ဖြစ်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စစ်ဆေးမှုများသည် စိတ်ဆိုးစရာရှိပြီးထိခိုက်စရာရှိသော်လည်း အကျိုးယုတ်စရာတော့မရှိကြောင်း သူကပြောသည်။
Frontier က ဧပြီ ၂၃ ရက်တွင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးသို့ ဖုန်းဆက်မေးမြန်းသည့်အခါ ဝန်ထမ်းတစ်ဦးက အရှိန်မြှင့်စစ်ဆေးနိုင်ရန်အတွက် ပူးတွဲအဖွဲ့များကို ဖွဲ့စည်းထားကြောင်း ပြန်လည်ဖြေဆိုခဲ့သည်။ ဧပြီ ၂၃ ရက် မွန်းတည့်ချိန်အထိ ရန်ကုန်ရှိ စက်ရုံအများစုအပါအဝင် စက်ရုံ ၃၀၀ ခန့်ကို စစ်ဆေးခဲ့ပြီးဖြစ်ကာ လုပ်ငန်းလည်ပတ်ခွင့်ပြန်လည်စတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သူကပြောဆိုခဲ့သည်။
လွယ်ဟိန်းကုမ္ပဏီလိမီတက်က အယ်လ်ပိုင်းရေသန့် ထုတ်လုပ်နေသည့် မှော်ဘီရှိ စက်ရုံလည်းပါဝင်သည်။ ရေသန့်စက်ရုံသည် အစိုးရ၏ညွှန်ကြားချက်အရ ပိတ်ထားခဲ့ရပြီး နောက်ပိုင်းတွင် ဝန်ကြီးဌာနအဖွဲ့က ဧပြီ ၂၂ ရက်တွင် သွားရောက်စစ်ဆေးခဲ့သည်။
ဝန်ကြီးဌာနကြေညာချက်ကြောင့် နားလည်မှုလွဲပြီး ဧပြီ ၂၀ ရက်တွင် လှိုင်သာယာမြို့နယ်ရှိ စက်ရုံ ၈၀ ခန့် လုပ်ငန်းပြန်လည်စတင်ခဲ့ကြောင်း အထည်ချုပ်အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် ယာယီတာဝန်ခံ ဒေါ်မိုးစန္ဒာမြင့်ကပြောဆိုခဲ့သည်။
“အဲ့ဒီနေ့မှာ အလုပ်မဆင်းတဲ့ အလုပ်သမားတွေကို အလုပ်ကထုတ်မယ်လို့တောင် စက်ရုံတချို့က ခြိမ်းခြောက်ခဲ့သေးတယ်” ဟု သူက Frontier ကို ဧပြီ ၂၃ ရက်တွင် ပြောဆိုခဲ့သည်။
စစ်ဆေးမှုမလုပ်မီတွင် လုပ်ငန်းပြန်စသည့် စက်ရုံစာရင်းကို အဖွဲ့ချုပ်က ကောက်ယူနေပြီး ပိုင်ရှင်များအား အရေးယူနိုင်ရန် အစိုးရထံသို့ စာရင်းကိုပေးပို့မည်ဖြစ်ကြောင်း သူက ဆက်လက်ပြောဆိုခဲ့သည်။

အစိုးရက လူမှုဖူလုံရေးထောက်ပံ့ကြေးကိုသုံးရပြန်ပြီ

လုပ်ငန်းခွင်များပိတ်ထားမှုကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အလုပ်သမားများအား ထောက်ပံ့ပေးမည့် အစီအစဉ်တစ်ခုကို သမ္မတရုံးက အတည်ပြုလိုက်ပြီဖြစ်ကြောင်း လူမှုဖူလုံရေးဘုတ်အဖွဲ့(SSB)က ဧပြီ ၂၈ ရက်တွင် ပြောဆိုခဲ့သည်။ ဘုတ်အဖွဲ့တွင် မှတ်ပုံတင်ထားသည့် အလုပ်သမား ၁သန်းခွဲကျော်သည် ထောက်ပံ့ကြေးရရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သတင်းထောက်များအား ဧပြီ ၂၀ ရက်တွင်ပြောဆိုခဲ့သည်။
လူမှုဖူလုံရေးထောက်ပံ့ကြေးရသင့်သည့် အလုပ်သမားများ မည်မျှရရှိမည်ကိုမူ သူက ပြောဆိုခြင်းမပြုခဲ့ချေ။ သမ္မတရုံးသည် အစီအစဉ်မူကြမ်းကိုအတည်ပြုပေးခဲ့ပြီးဖြစ်ကာ အစိုးရသည် ကြေညာချက်တစ်ခုကို ထုတ်ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း SSB ညွှန်ကြားရေးမှူး ဦးမောင်မောင်အေးကပြောဆိုခဲ့သည်။
အစီအစဉ်မူကြမ်းသည် လူမှုဖူလုံရေးဥပဒေအပေါ် အခြေခံထားခြင်းမဟုတ်ဘဲ သမ္မတရုံးက ဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်သည့် ညွှန်ကြားချက်သာဖြစ်ကြောင်း ဦးမောင်မောင်အေးက တွေ့ဆုံမေးမြန်းမှုတွင်ပြောဆိုခဲ့သည်။
လူမှုဖူလုံရေးဥပဒေပါ ပုဒ်မ ၁၀၀ အရ ဝန်ကြီးအဖွဲ့၏ အတည်ပြုချက်ဖြင့် အလုပ်သမားများ၏ခံစားခွင့်ကို ပြောင်းလဲခွင့်ရှိကြောင်း သူကပြောဆိုခဲ့သည်။ အလုပ်သမားများအား အလုပ်ပြန်စရန် စောင့်ဆိုင်းရသည့် တစ်ရက်ချင်းစီအတွက် တစ်ရက်လျှင် အခြေခံလုပ်ခစာဖြစ်သည့် ကျပ် ၄၈၀၀ ကို ထောက်ပံ့ပေးရမည်ဖြစ်ကြောင်း အစီအစဉ်မူကြမ်းတွင်ဖော်ပြထားသည်။
ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းနည်းနည်းဖြင့် ချေးငွေထုတ်ပေးရန် တည်ထောင်ထားသည့် ကနဦး ကျပ် ၁၀၀ ဘီလီယံသို့ ကျပ် ၅၀ ဘီလီယံကိုထည့်သွင်းရန် အစိုးရက SSB အား မတ်တွင် ညွှန်ကြားခဲ့ပြီးဖြစ်သောကြောင့် ယင်းသည် လူမှုဖူလုံရေးရန်ပုံငွေထဲမှ ဒုတိယမြောက်ငွေအများအပြားထုတ်သုံးမှုလည်းဖြစ်သည်။
ကျပ် ဘီလီယံ ၅၀ သည် ချေးငွေဖြစ်ပြီး SSB သို့ ပြန်ပေးရမည်ဖြစ်ကြောင်း ဦးမောင်မောင်အေးကပြောသည်။ SSB သည် ကျပ် ၂၄၀ ဘီလီယံကျော်ကို စုဆောင်းထားပြီးဖြစ်ကြောင်း Frontier က ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ငွေပမာဏသည် ယင်းအချိန်ကတည်းက ပိုမိုများပြားလာရန်သာရှိနေသည်။
နောက်ထပ်များပြားလာသည့် ငွေပမာဏကို ဦးမောင်မောင်အေးက မပြောပြခဲ့ချေ။ သို့သော် အလုပ်သမားများအား ထောက်ပံ့ရန် ငွေလုံလောက်စွာရှိကြောင်းသာ သူကပြောဆိုခဲ့သည်။
“ဒီလိုခက်ခဲတဲ့အချိန်မှာ အလုပ်သမားတွေကိုကူညီဖို့ SSB မှာရန်ပုံငွေအလုံအလောက်ရှိပါတယ်” ဟု သူကပြောသည်။

သက်အေး ဘာသာပြန်သည်။

More stories

Related stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.