ပြည်သူ့ရှေ့ဆောင်ပါတီက အောက်တိုဘာ၂၇ရက်တွင် ပြုလုပ်ခဲ့သည့် လှူဒါန်းမှုတစ်ခုတွင် လာရောက်စုဝေးနေသည့် မရမ်းကုန်းမြို့နယ်ရှိ ဒေသခံများကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မရမ်းကုန်းတွင် ကိုဗစ်ကာလမဲဆွယ်ရေးအတွက် အလှူအတန်းကို ပါတီတွေအားပြုကြ

ကိုဗစ်ကာလအတွင်း မဲဆွယ်စည်းရုံးမှုများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများသည် မရမ်းကုန်းမြို့နယ်အတွင်း ပရဟိတခေါင်းစဉ်အောက်က လှူဒါန်းမှုများဖြင့် မဲဆန္ဒရှင်များကို စည်းရုံးလျက်ရှိသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ကောင်းဆက်နိုင် ရေးသားသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းသည်  ယခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးမှုများအပေါ် အကန့်အသတ်ဖြစ်ခဲ့သည်။ နေအိမ်တွင်သာနေထိုင်စေရေး စည်းမျဉ်းများကြောင့် နိုင်ငံရေးပါတီများသည် လူစု၊ လူဝေးဖြင့် ဟောပြောခြင်းများ၊ အိ်မ်တိုက်ရာရောက် မဲဆွယ်မှုများ မပြုလုပ်နိုင်ပေ။ 

ကိုဗစ်ရောဂါပျံ့နှံ့လာချိန် စက်တင်ဘာ၂၁ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှ အပ ကျန်မြို့နယ်များအားလုံးတွင် နေအိမ်တွင်သာနေထိုင်စေရေး အမိန့်များထုတ်ပြန်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ထားသည့် မြို့နယ်များတွင် နိုင်ငံရေးပါတီများသည် လူစုလူဝေးဖြင့် စည်းရုံးဟောပြောခြင်းနှင့် အိမ်တိုက်ရာရောက်မဲ ဆွယ်ခြင်းများ ပြုလုပ်ခွင့်မရရာ ပါတီသစ်အများအပြား ရုန်းကန်ခဲ့ရသည်။ မရမ်းကုန်းမြို့နယ်မှာမူ ပိုးတွေ့လူနာများ များပြားခဲ့သော စက်တင်ဘာ၉ရက်မှပင် Stay At Home အမိန့်များအောက် ကျရောက်ခဲ့သည်။ 

လာမည့်ရွေးကောက်ပွဲတွင်  မရမ်းကုန်းမြို့နယ်၌ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာနှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)တို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ အပါအဝင် ပါတီပေါင်း ခုနှစ်ခုမှ ကိုယ်စာလှယ်လောင်း ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

စည်းရုံးဟောပြောခွင့်မရသောအခါ မဲဆွယ်ကာလအတွင်း ပါတီများသည် ကိုဗစ်ကာကွယ်ရေးနှင့် အခြေခံလူတန်းစားများကို လှူဒါန်းထောက်ပံ့ခြင်းများကို ဆက်တိုက်ပြုလုပ်လာကြသည်။ 

ကျောက်မျက်ရတနာလုပ်ငန်းရှင် ဒေါက်တာသက်သက်ခိုင်၏  ပြည်သူ့ရှေ့ဆောင်ပါတီသည် ရွေးကောက်ပွဲ မဲဆွယ်ကာလ စက်တင်ဘာ၈ရက်မတိုင်ခင်ကပင် မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်ကာလ ကျပ်တည်း နေသူများကို ဆန်၊ ဆီများ ထောက်ပံ့ခဲ့သည်။

လိုအပ်နေသူများကို ထောက်ပံ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေများနှင့် ငြိစွန်းခြင်းမရှိကြောင်း မရမ်းကုန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာသက်သက်ခိုင်က ဖရွန်းတီးယားမြန်မာသို့ ပြောသည်။

မဲဆွယ်ကာလကြာရှည်လာသည်နှင့်အမျှ ပြည်သူ့ရှေ့ဆောင်ပါတီ (ပီသုံးလုံး)၏ လှူဒါန်းထောက်ပံ့မှုများက ခပ်စိတ်စိတ်ဖြစ်လာသည်။ ပီသုံးလုံးပါတီသည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းပိုမိုများပြားလာသည့်  စက်တင်ဘာလကုန်ပိုင်းမှစ၍ ရပ်ကွက်အများအပြားတွင် ပိုးသတ်ဆေးများ ဖြန်းခြင်း၊ ဆန်များ စျေးလျှော့ရောင်းခြင်း၊ အလှူရှင်များနှင့် ပူးပေါင်း၍ သက်ကြီးရွယ်အိုများနှင့် လက်လုပ်လက်စား မိသားစုများကို ဆန်၊ ဆီ စသဖြင့် စားသောက်ကုန်များ ထောက်ပံ့ခဲ့သည်။

“ဒါတွေက မဲဆွယ်တာမဟုတ်ပါဘူး။ လိုအပ်နေတဲ့လူတွေကို ကူညီတာပါ”ဟု ဒေါ်သက်သက်ခိုင်ကပြောသည်။

သို့သော်  ၎င်းနှင့် ပီသုံးလုံးပါတီဝင်များသည် အဆိုပါထောက်ပံ့ပေးအပ်ပွဲများတွင် ပါတီ ယူနီဖောင်းများကို ဝတ်ဆင်ထားကြသည်။

ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ကိုယ် ဦးဆောင်၍ ပြည်သူ့ရှေ့ဆောင်ပါတီက အောက်တိုဘာလ စတုတ္ထပတ်အတွင်း မရမ်းကုန်းမြို့နယ်အတွင်း သက်ကြီးရွယ်အိုများကို စားသောက်ဖွယ်များ လှူဒါန်းခဲ့သည်။၊ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ထောက်ပံ့မှုများကမူ အတိုင်းအတာတစ်ခုအထိ အရာထင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပါတီသက်တမ်း တစ်နှစ်သာ ရှိသေးသော ပီသုံးလုံးပါတီသည် လက်ရှိအချိန်တွင် မရမ်းကုန်းမြို့နယ်၏ ရပ်ကွက်များတွင် လူသိများလာခဲ့သည်။ 

သို့သော်လည်း ယင်းအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အင်န်အယ်လ်ဒီပါတီ၏ ဩဇာလွှမ်းမိုးမှုကို ခြိမ်းခြောက်နိုင်ရန်မှာမူ အလှမ်းဝေးနေသေးကြောင်း ဒေသခံများက ဆိုသည်။

အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် လက်ရှိ မရမ်းကုန်းမြို့နယ်၏  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော်နှစ်နေရာလုံးကို အနိုင်ရထားသည်။ ယခုနှစ်တွင်လည်း အနိုင်ရ ကိုယ်စားလှယ်လေးဦးဖြစ်သည့် ဒေါက်တာမေဝင်းမြင့်(ပြည်သူ့လွှတ်တော်)၊ ဦးဘမျိုးသိန်း(အမျိူးသား)၊ ဦးရန်ရှင်း(တိုင်းဒေသကြီး-၁)၊ ဒေါ်မိုးမိုးစုကြည်(တိုင်းဒေသကြီး-၂) တို့က အသီးသီးပြန်အရွေးခံမည်ဖြစ်သည်။ အထူးသဖြင့်  ဒေါက်တာမေဝင်းမြင့်သည် မရမ်းကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကို ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှစ၍ အနိုင်ရထားခဲ့သူဖြစ်သည်။

အာဏာရအင်န်အယ်လ်ဒီပါတီ၏ မရမ်းကုန်းကိုယ်စားလှယ်လောင်းများသည် လူစု၊ လူဝေးဟောပြောမှုများ၊ စီတန်းလှည့်လည်ခြင်းများ မလုပ်ကြပါ။  ယခုလဆန်းပိုင်းတွင် ပါတီ အမှတ်တံဆိပ်ပါထီးများကို ဆိုက်ကားသမားများကို လိုက်လံဝေငှခဲ့သည်။ 

လွှတ်တော်ကိုယ်စားလှယ်များသည် ကိုဗစ်ရောဂါ ဒုတိယလှိုင်းရန်ကုန်တွင် စတင်ပျံ့နှံ့ချိန်မှစ၍ မရမ်းကုန်းမြို့နယ်အတွင်း  ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများနှင့် ထောက်ပံ့မှုများတွင် ဦးဆောင်ပါဝင်ခဲ့ကြသည်။ သို့သော် ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ကိုဗစ်-၁၉ကာကွယ်ရေးနှင့် အခြေခံလူတန်းစားများကို ထောက်ပံ့လှူဒါန်းခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။ 

လက်ရှိ ကိုယ်စားလှယ်တစ်ဦးအနေဖြင့် ကိုဗစ်ကာလ ထောက်ပံ့ကူညီမှုများဖြစ်သည့် အခြေခံလူတန်းစား များကို ဆန်နှင့် စားနပ်ရိက္ခာများ ဝေခြင်း၊ အသွားအလာလုံးဝကန့်သတ်ထားသည့် Lockdown ချထားသောနေအိမ်များနှင့် ကွာရန်တင်းစင်တာ များသို့ သွားရောက် ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးရန်ရှင်းက ဖရွန်းတီးယားမြန်မာသို့ အောက်တိုဘာလအတွင်းက ပြောဆိုခဲ့သည်။

“နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ် စည်းကမ်းတွေနဲ့ အညီပဲဆောင်ရွက်နေတယ်”ဟု မဲဆွယ်စည်းရုံးရေးနှင့်ပတ်သက်၍ ဦးရန်ရှင်းကပြောသည်။

အနိုင်ရခဲ့ပါက ဆောင်ရွက်ပေးမည့် ကတိကဝတ်များနှင့် ပတ်သက်၍ အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်းများကို မေးမြန်းရာတွင်  ပါတီကဖြေဆိုခွင့်မပြုထားသောကြောင့် နိုဝင်ဘာ၈ရက် နောက်ပိုင်းမှသာ ပြန်လည်ဆက်သွယ်ရန် ၎င်းတို့ကဆိုသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း နှာခေါင်းစည်းနှင့် စည်းရုံးရေးလက်ကမ်းစာစောင်များ မရမ်းကုန်းမြို့နယ်အတွင်း လိုက်လံဝေငှခဲ့သည်။ 

“အောက်တိုဘာ ဒုတိယအပတ်တုန်းကတော့ ပြည်ခိုင်ဖြိုးကလည်း လာဝေသွားတယ်”ဟု အမှတ်(၄)ရပ်ကွက်နေ အသက်၅၀ရှိပြီဖြစ်သည့် ဒေါ်ခင်အေးက ပြောသည်။ 

သို့သော် ၎င်းတို့ရပ်ကွက်အတွင်း လာရောက်ထောက်ပံ့မှုအများဆုံးမှာမူ  ပီသုံးလုံးနှင့် အင်န်အယ်လ်ဒီစသည့် ပါတီနှစ်ခုသာ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပါတီများနှင့် ကိုယ်စားလှယ်လောင်းများက ထောက်ပံ့မှုများမှာ မဲဆွယ်စည်းရုံးဆင်းခြင်းနှင့် မသက်ဆိုင်ဟု ပြောဆိုသည့်တိုင် မရမ်းကုန်းမဲဆန္ဒရှင်မျာအများစုကမူ မဲဆွယ်သည့်သဘောဖြင့် ပေးကမ်းခြင်းဖြစ်သည်ဟု နားလည်ထားကြသည်။

ပြည်သူ့ရှေ့ဆောင်ပါတီက ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို လက်ခံယူနေသည့် မရမ်းကုန်းမြို့ခံ သက်ကြီးရွယ်အိုနှစ်ဦးကို အောက်တိုဘာ၂၇ရက်တွင် မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် ကိုကံသာဟိန်းသည် ပါတီများက အခြေခံလူတန်းစားများအား ပစ္စည်းများထာက်ပံ့ပေးခြင်းမှာ  မဲဆွယ်ခြင်းမဟုတ်ဆိုသော  နိုင်ငံရေးပါတီများ၏ ပြောဆိုချက်ကိုမူ လက်ခံပေ။

“ကမ်ပိန်းမဟုတ်ဘဲ လှူတာဆိုရင် ပါတီအင်္ကျီ၊ အလံတွေမဝတ်ဘဲ ရိုရိုးတန်းတန်းလှူလေ။ ဘယ်ပါတီကတော့ဖြင့် ဆန်တွေဝေတယ်။ ဆီတွေဝေတယ်ဆိုတာ ပရဟိတနဲ့ရောပြီး နာမည်ယူတာ။ မဲဆွယ်တာပါ”ဟု ၎င်းကပြောသည်။ 

သို့တိုင် ပါတီများက မဲဆွယ်မှုကို အကြောင်းပြ၍ ယင်းသို့လှူဒါန်းသည့်အပေါ် ၎င်းကအကောင်းမြင်သည်။

“ဘာပဲပြောပြော ကိုဗစ်ကာလ ကျပ်တည်းတဲ့အချိန်မှာ အခုလိုမျိုးတွေဝေတာက လက်လုပ်လက်စားတွေ၊ အဆင်မပြေတဲ့သူတွေအတွက် ကောင်းပါတယ်”ဟု ၎င်းကပြောသည်။

မရမ်းကုန်းမြို့နယ်အတွက်  အွန်လိုင်းမှ မဲဆွယ်စည်းရုံးရာတွင်လည်း အင်န်အယ်လ်ဒီနှင့် ပီသုံးလုံး ပါတီတို့ကသာ  လူမှုကွန်ရက်စာမျက်နှာများတွင် လှုပ်ရှားမှုအများဆုံးဖြစ်သည်။

ဒေါ်သက်သက်ခိုင်သည် အောက်တိုဘာ၁၄ရက်တွင် အွန်လိုင်းရုပ်သံဆွေးနွေးပွဲတစ်ခုကတစ်ဆင့် မရမ်းကုန်းမြို့နေ လူထုနှင့် တွေ့ဆုံခဲ့သည်ကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာက ပြန်လည်ထုတ်လွှင့်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုတွင်  ၎င်းက ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းကို ကိုးကား၍ ဒီမိုကရေစီ၊ ဖက်ဒရယ်ရေးရာနှင့် အလုပ်အကိုင်မူဝါဒများနှင့် ရွေးကောက်ပွဲကတိကဝတ်များအကြောင်း ဆွေးနွေးခဲ့သည်။

“ပါတီတွေအနေနဲ့ အလုပ်လုပ်ပိုင်ခွင့်ရရင် ပြောတဲ့အတိုင်းလုပ်လား စောင့်ကြည့်ရမယ်။ လုပ်တယ်ဆို မဲဆက်ပေးဖို့ လိုတယ်။ မလုပ်ရင်တော့ နောက်တစ်ခါပေးဖို့ စဉ်းစားရမယ်”ဟု ၎င်းက ပြောဆိုခဲ့သည်။ 

ရွေးကောက်ပွဲနေ့မတိုင်ခင်အထိ မဲဆွယ်ကာလအတွင်း မဲဆန္ဒရှင်များနှင့် အွန်လိုင်းမှတွေ့ဆုံမှုများကို ပုံမှန်ပြုလုပ်သွား မည်ဟုလည်း ၎င်းကဆိုသည်။

Daw Thet Thet Khine, Chairperson of People’s Pioneer Party talk to Frontier on 26 August 2020
ဒေါ်သက်သက်ခိုင်သည် ဩဂုတ်လအတွင်းက ဖရွန်းတီးယားမြန်မာကို တွေ့ဆုံ၍ ရွေးကောက်ပွဲနှင့်သက်ဆိုသည့် ကိစ္စရပ်များကို ပြောဆိုဆွေးနွေးခဲ့သည်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ယခုနှစ်ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရန် ရေပန်းစားနေသည့်  အင်န်အယ်လ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမေဝင်းမြင့်ကလည်း မဲဆန္ဒရှင်များအပေါ် ပေးသည့် ကတိစကားကို ၎င်း၏ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားအရေး၊  ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းစေ မည့် အခြေခံဥပဒေပေါ်ပေါက်ရေးစသည်တို့ကို လုပ်ဆောင်သွားမည်ဟု အင်န်အယ်လ်ဒီပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲကြေညာစာတမ်းကို ကိုးကား၍ ၎င်းကဆိုသည်။

ပါတီနှစ်ခုစလုံးမှ ကိုယ်စားလှယ်လောင်းများ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် ထီးနှင့် နှာခေါင်းစည်များ ဝေပေးခြင်း၊ စားနပ်ရိက္ခာများထောက်ပံ့ခြင်း၊ ကိုဗစ်ကာလတွင် Lockdown ပိတ်မိနေသည့် အိမ်များ၊ ကွာရန်တင်းစင်တာများသို့ သွားရောက်လှူဒါန်းသည့် ပုံရိပ်များကသာ အဓိကနေရာယူထားသည်။ 

မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ၏ အခြားတစ်ဘက်တွင်မူ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည်  ကိုဗစ်-၁၉ကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် လုံးပမ်းနေကြရသည်။ 

မရမ်းကုန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် မဲရုံများကို စာသင်ကျောင်းများတွင် ပြုလုပ်ရန် သတ်မှတ်ထား ခဲ့သည်။ ထိုသို့သတ်မှတ်ထားရာတွင် အမှတ်(၂)ရပ်ကွက်အတွက် မဲရုံခြောက်ရုံ ထားရှိမည့်  အ.ထ.က(၁)မရမ်းကုန်း (အထက်တန်းကျောင်း)မှာ ယခုအခါ ကွာရန်တင်းစင်တာဖြစ်နေသည်။ ထို့ကြောင့် ယင်းမဲရုံများကို မူလသတ်မှတ်ထားရာ နေရာနှင့်သိပ်မဝေးသည့်  ပေါ်တော်မူဘုရားဝင်းအတွင်းနှင့် အနီးနားသို့ပြောင်း ရွှေ့ခဲ့ရသည်။ 

အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်၏ အဆိုအရ မရမ်းကုန်းတွင် မဲရုံ၁၂၁ခုရှိရာ ၁၈ခုကို နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ရသည်။ ယင်းတို့အနက် ကိုးခုမှာ ကွာရန်တင်းစင်တာများအဖြစ် အသုံးပြုထားသော ကျောင်းဆောင်များဖြစ်သောကြောင့် ပြောင်းရွှေ့ရခြင်းဖြစ်သည်။

ထို့ပြင် ကော်မရှင်ဝန်ထမ်းများအဖို့ ရက်ပိုင်းအတွင်းရောက်လာတော့မည့် သက်ကြီးရွယ်အိုများနှင့် Lockdown မိနေသူများ ကြိုတင်မဲပေးနိုင်ရေးအတွက် စာရင်းများမှာလည်း အရေးပေါ်ဆောင်ရွက်နေရရာ လူအင်အားမလောက်ငှသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အရ အသက်၆၀နှစ်နှင့်အထက် မဲဆန္ဒရှင်များသည် အောက်တိုဘာ၂၉ရက်မှ စတင်၍ ကြိုတင်မဲပေးနေကြပြီဖြစ်ပြီး နိုဝင်ဘာ၅ရက်တွင် အဆုံးသတ်မည်ဖြစ်သည်။

“အဲဒါတွေကို  ကွန်ပြူတာနဲ့ စာရင်းသွင်းဖို့ အပြင်ကနေ လူငှားထားရတယ်”ဟု မရမ်းကုန်းမြို့နယ် ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းကပြောသည်။

နိုင်ငံရေးပါတီများက ဆိုက်ထူထားသည့် မရမ်းကုန်းမြို့နယ်အတွင်းက ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်များကို မြင်တွေ့ရစဉ်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ယခုနှစ် မဲသွားထည့်ရာတွင် ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရန် လူဦးရေများပြားသည့်မဲရုံများတွင် အုပ်စုနှစ်စုခွဲ၍ မဲပေးစေကာ၊ မဲရုံများတွင် ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်းနှင့် နှာခေါင်းစည်းများကို ဖြန့်ဝေခြင်းစသည့် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်မည်ဖြစ်သည်။

“ညွှန်ကြားချက်တွေအတိုင်းအားလုံးလုပ်ထားတယ်။ အားလုံးအဆင်ပြေပြေပြီးသွားမှာပါ”ဟု ဦးကျော်ကျော်ဝင်းက ပြောဆိုသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မရမ်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတွေ့ရှိခဲ့မှုမှာ အောက်တိုဘာ၂၅ရက်တွင် ၁,၄၆၀ဦးခန့်ရှိပြီး ရောဂါတွေ့ရှိသူဦးရေမှာ ဆက်လက်တိုးမြင့်နေသည်။

ဖရွန်းတီးယားမြန်မာက တွေ့ဆုံမေးမြန်းခဲ့သော မရမ်းကုန်းရှိ မဲဆန္ဒရှင်များသည် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမည်ကို ကြောက်ရွံ့ကြသော်လည်း ရွေးကောက်ပွဲတွင် မပျက်မကွက် မဲထည့်လိုကြောင်း ဖွင့်ဟဖော်ထုတ်ကြသည်။

အမှတ်(၃)ရပ်ကွက်၊ ရွှေညောင်ပင်လမ်းတွင်နေထိုင်သည့် အသက်၄၀ရှိပြီဖြစ်သည့် မအေးအေးစန်းသည် ၎င်း၏နေအိမ်မှ မလှမ်းမကမ်းရှိ မိသားစုတစ်ခုတွင် တစ်အိမ်လုံး ကိုဗစ်-၁၉ကူးစက်ခံရပြီး သက်ကြီးရွယ်အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။ သို့တိုင် ရွေးကောက်ပွဲတွင် မဲပေးဖြစ်အောင် ပေးမည်ဟု ၎င်းကဆိုသည်။

“ကူးတာက မဲထည့်မှမဟုတ်ဘူး။ တခြားအကြောင်းကိစ္စတွေနဲ့လည်း ကူးနိုင်တာပဲ။ လမ်းညွှန်ချက်တွေအတိုင်း လုပ်ရင် ကူးစက်နိုင်မှုကိုလျှော့ချနိုင်တယ်”ဟု ၎င်းကပြောသည်။

ယခုနှစ်တွင်လည်း ၂၀၁၅တုန်းက ကဲ့သို့ပင် အင်န်အယ်လ်ဒီပါတီကိုသာ မဲထည့်မည်ဟု ၎င်းက ဝမ်းသာအားရပြောဆိုသည်။

“မဲသွားမထည့်လို့ အရင်လိုစနစ်ကြီးဖြစ်သွားရင် ဒုက္ခရောက်လိမ့်မယ်။  အဲဒါကို ပိုကြောက်တာ”ဟု မအေးအေးစန်းကပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.