ပြည်သူ့ရှေ့ဆောင်ပါတီတံဆိပ်ပါ တီရှပ်နှင့်ဦးထုပ်ကို ဝတ်ဆင်ထားသော မရမ်းကုန်းမြို့နယ်အတွင်းက အနှေးယာဉ်လုပ်သားတစ်ဦးကို ဩဂုတ်လအတွင်းက မြင်တွေ့ရစဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

မရမ်းကုန်းမှာ အင်န်အယ်လ်ဒီကို ကျန်ပါတီတွေ အနိုင်ယူနိုင်မလား

လာမည့်ရွေးကောက်ပွဲတွင် မရမ်းကုန်းမဲဆန္ဒနယ်တွင် အင်န်အယ်လ်ဒီပါတီကို အနိုင်ယူရေးမှာ ၎င်းကိုယှဉ်ပြိုင်မည့်ပါတီများအဖို့ ကြီးမားသောစိန်ခေါ်မှုဖြစ်သည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ရဲမွန် ရေးသားသည်။

ကိုဗစ်-၁၉ဒုတိယလှိုင်း ပြင်းထန်စွာခံစားရသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ၁၉၀,၀၀၀ခန့်ရှိသည့် မရမ်းကုန်းမြို့နယ်က မဲဆန္ဒရှင်များအဖို့ ရွေးကောက်ပွဲနီးကပ်လာပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ဆက်လက်မြင့်တက်နေသည့် လက်ရှိအချိန်တွင် ဒွိဟဖြစ်ဖွယ်ခံစားချက်တစ်ခုရှိနေသည်။

အထူးသဖြင့် ကူးစက်မှုနှုန်းမြင့်မားပြီး ကိုဗစ်-၁၉ ဒုတိယလှိုင်းပုတ်သည့်ဒဏ်ကို အလူးအလဲခံစားနေရသည့် ရန်ကုန်အတွင်းက မဲဆန္ဒရှင်အများစုသည် ရွေးကောက်ပွဲနေ့တွင် မဲလည်းပေးချင်သည်။ သို့သော် ကိုဗစ်-၁၉ ကူးစက်ခံရမည်ကိုလည်း စိုးရိမ်လျက်ရှိကြသည်။ “ကိုဗစ်-၁၉ကပ်ရောဂါကြောင့် မဲပေးရာတွင် ဘေးကင်းပါ့မလား” ဟူသည်က ၎င်းတို့၏ အဓိက စိုးရိမ်စိတ်ဖြစ်သည်။

ငါးနှစ်တွင်သာ တစ်ကြိမ်ကျင်းပသည့် ရွေးကောက်ပွဲတွင် မိမိ၏မြို့နယ်ကို ပို၍တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို လာမည့်နိုဝင်ဘာ၈ရက်တွင် မဲပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ မဲမပေးလို့ကလည်း မဖြစ်သည့် အခြေအနေဖြစ်သည်။

Thibi အဖွဲ့က ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။

အထွေထွေရွေးကောက်ပွဲပြုလုပ်ရန် ရက်ပေါင်း၃၀ကျော်သာ လိုတော့သည့်အချိန်တွင် မရမ်းကုန်းမြို့နယ်အတွင်း အောက်တိုဘာ၂ရက်အထိ ကိုဗစ်-၁၉အတည်ပြုလူနာဦးရေ ၃၄၂ဦးအထိ ရှိနေသည်။ နေ့စဉ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လူနာသစ်ဦးရေသည် လျော့နည်းသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်လျက်ရှိသည်။

ဖရွန်းတီးယားမြန်မာသည် မရမ်းကုန်းမြို့နယ်က မဲဆန္ဒရှင်အချို့ကို သြဂုတ်လအတွင်းက တစ်ကြိမ်နှင့် အောက်တိုဘာ၂ရက်တွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင်တိုင်ဆက်သွယ်၍ ကိုဗစ်-၁၉ကာလအတွင်း မဲပေးရမည့်အခြေအနေအပေါ် ၎င်းတို့၏ အမြင်များကို မေးမြန်းခဲ့သည်။ လူအနည်းငယ်ကလွဲ၍ လူများစုက လာမည့်နိုဝင်ဘာ၈ရက်တွင် မဲပေးမည်ဟု ဖြေဆိုကြသည်။

ရွေးကောက်ပွဲတွင် မဲပေးမည်ဟုဆုံးဖြတ်ထားသော ဒေသခံများအနက် မော်တော်ယာဥ်အငှားလုပ်ငန်းရှင် ကိုကြည်ဝေလင်းလည်း ပါဝင်သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မဲသွားပေးမည်ဆိုပါက ရောဂါကူးစက်ခံရမည်ကို စိုးရိမ်စရာမရှိဟု ၎င်းကဆိုသည်။

“၂၀၁၅ရွေးကောက်ပွဲကတည်းက မဲပေးပြီဆိုရင် လူတွေအုံပြီး မဲပေးခဲ့ကြတာမှ မဟုတ်တာ။ အခုလည်း လူမအုံလာအောင် စနစ်တကျသတ်မှတ်လိုက်ရင် အဆင်ပြေမယ်ထင်ပါတယ်။ မဲပေးမဲ့ လူတစ်ဦးချင်းစီက ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လုပ်ဖို့ပဲလိုပါတယ်”ဟု မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သူ ကိုကြည်ဝေလင်းက ပြောသည်။

အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သော အသက်၂၂နှစ်အရွယ်ရှိ မနွယ်နွယ်သည် မဲသွားပေးသည့်အချိန်တွင် ရောဂါကူးစက်ခံရမည်ကို စိုးရိမ်သည်။ သို့သော် ၎င်း၏ ဘဝတွင် ပထမဦးဆုံးအကြိမ် ဆန္ဒမဲပေးရမည်ဖြစ်သဖြင့် မဖြစ်မနေသွားရောက်မဲပေးမည်ဟု ဆိုသည်။

“အရင်ရွေးကောက်ပွဲတွေတုန်းကလည်း အသက်မပြည့်သေးလို့ မဲမပေးခဲ့ရဘူး။ အခုပေးရတော့မယ်ဆိုတဲ့အချိန်ရောက်တော့ ကိုဗစ်က ထဖြစ်တယ်။ တာဝန်ရှိသူတွေကတော့ အန္တရာယ်မဖြစ်အောင် စီစဥ်ပေးမယ်လို့တော့ထင်ပါတယ်။ မဲသွားပေးဖို့တော့ ဆုံးဖြတ်ထားတယ်”ဟု ၎င်းကပြောသည်။

မရမ်းကုန်းမြို့နယ်တွင်နေထိုင်ပြီး ပရဟိတလှုပ်ရှားမှုများတွင်ပါဝင်သူ ကိုမိုးဇော်အောင်ကို မြင်တွေ့ရစဉ်။
(သူရဇော် | ဖရွန်းတီးယားမြန်မာ)

အမှတ်(၃)ရပ်ကွက်တွင်နေထိုင်ပြီး ပရဟိတလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူ ကိုမိုးဇော်အောင်ကမူ ရွေးကောက်ပွဲတွင် မဲပေးရမည့်ပါတီကို ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း ကျန်းမာရေးထက်မည်သည့်အရာမှ အရေးကြီးသည်ဟု မထင်သောကြောင့် မဲရုံသို့ သွားရောက်၍ မဲပေးရမည်ကို လက်တွန့်နေသည်။

ပထမအကြိမ်ဆက်သွယ်မေးမြန်းစဉ်က ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်သမျှ ကာလပတ်လုံး အင်န်အယ်လ်ဒီပါတီကို မဲပေးမည်ဟု ဖြေကြားခဲ့သော်လည်း ကိုဗစ်-၁၉ရောဂါဒုတိယလှိုင်း ပြင်းထန်ချိန် လွန်ခဲ့သည့် ရက်သတ္တပတ်တွင်မူ ၎င်း၏အဖြေက တစ်မျိုးပြောင်းသွားသည်။

“အခုရောဂါက ကိုယ်ဖြစ်ကိုယ်ခံမဟုတ်ဘူး။ ကိုယ့်ကိုကူးစက်ရင် တစ်မိသားစုလုံး ကူးကုန်မှာ။  မဲသွားပေးဖို့ ရင်းရမယ့်အရာက တအားတန်ဖိုးကြီးပါတယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ မတူညီသော အမြင်များရှိသည့် မရမ်းကုန်းမဲဆန္ဒရှင်များထံကက မဲရယူမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းဦးရေသည် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ခုနှစ်ဦးရှိသည်။ မရမ်းကုန်းပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)တွင်မူ ကိုယ်စားလှယ်လောင်း ငါးဦးဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ထို့အတူ မရမ်းကုန်းတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁)တွင် ခြောက်ဦးနှင့် မဲဆန္ဒနယ် (၂)တွင် ငါးဦး အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၉ဒသမ၇စတုရန်းမိုင် ကျယ်ဝန်းသည့် မရမ်းကုန်းမြို့နယ်သည် လူဦးရေထူထပ်သော လှိုင်သာယာ၊ အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်စသည်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး စီးပွားရေးအရ အချက်အချာကျသည့် မြို့နယ်လည်းဖြစ်သည်။ ထို့ပြင် မရမ်းကုန်းမြို့နယ်အတွင်း ဂေါက်ကွင်းနှစ်ခုရှိပြီး အငြိမ်းစားတပ်မတော်အကြီးတန်းအရာရှိများနေထိုင်ရာ ကမ္ဘာအေးဗီလာအိမ်ရာလည်း တည်ရှိသည်။

မရမ်းကုန်းမြို့နယ်တွင် လာမည့်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယခင် ရွေးကောက်ပွဲများကဲ့သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ တစ်ခုတည်းကိုသာ အဓိကထားယှဥ်ပြိုင်ရမည့် အနေအထား မဟုတ်တော့ပေ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်သည့် ၂၀၁၅ရွေးကောက်ပွဲရလဒ်များကိုအခြေခံ၍ Thibi အဖွဲ့က ရုပ်ပုံကားချပ် ဖန်တီးထားခြင်းဖြစ်သည်။

လက်ရှိမရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အင်န်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဒေါ်မေဝင်းမြင့်အဖို့ လာမည့်ရွေးကောက်ပွဲတွင် အဓိကထား ယှဉ်ပြိုင်ရဖွယ်ရှိသည့် ပြိုင်ဘက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်ဖြစ်သည်။ အင်န်အယ်လ်ဒီပါတီဝင်ဟောင်း ဒေါ်သက်သက်ခိုင်သည် လက်ရှိဒဂုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

မရမ်းကုန်းမြို့နယ်ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)တွင်လည်း အန်အယ်လ်ဒီ အမတ်ဟောင်းနှင့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုတိယဥက္ကဋ္ဌဦးကျော်ဇေယျက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆိုပါမဲဆန္ဒနယ်၏ လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မရမ်းကုန်းမြို့နယ်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြားနိုင်ငံရေးပါတီများထက် အားကောင်းသော်လည်း ပြည်သူ့ရှေ့ဆောင်ပါတီသည် ကိုဗစ်-၁၉ဒုတိယလှိုင်းမဖြစ်ပေါ်မီကတည်းက အဆိုပါမြို့နယ်အတွင်း ပါတီစည်းရုံးရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ယင်းစည်းရုံးရေးလုပ်ငန်းများတွင် ဒေသခံများကို မျက်စိအခမဲ့စမ်းသပ်ပေးခြင်းနှင့်လိုအပ်ပါက မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်း၊ အနှေးယာဥ်ဆိုက်ကားသမားများကို ပါတီတံဆိပ်ပါသည့် ထီး၊ အလံ၊ ဦးထုပ်နှင့် တီရှပ်များဝေငှခြင်း၊ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စုများကို ဆန်နှင့်ဆီများ လှူဒါန်းခြင်း စသည်တို့ပါဝင်သည်။

“ပါတီစည်းရုံးရေးအတွက် ကုန်ကျစရိတ်တွေအကုန်လုံးက ပါတီရန်ပုံငွေထဲကပဲ သွားတာပါ။ ရွေးကောက်ပွဲစည်းရုံးရေးကာလမဟုတ်တဲ့အတွက် ရွေးကောက်ပွဲကုန်ကျစရိတ်နဲ့တော့ မသက်ဆိုင်ပါဘူး”ဟုပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ပြောသည်။ ယင်းလှုပ်ရှားမှုများသည် ကိုဗစ်-၁၉ ဒုတိယလှိုင်းစတင်သည့် ဩဂုတ်၁၆ရက်မတိုင်မီက ဖြစ်သည်ကို ၎င်းက ရည်ညွှန်းခြင်းဖြစ်သည်။

Thet Thet Khine, chairperson for the People's Pioneer Party, speaks with F on 26 August 2020
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်က ဖရွန်းတီးယားမြန်မာကို ဩဂုတ်လအတွင်းက လက်ခံတွေ့ဆုံစကားပြောခဲ့စဉ်။ (သူရဇော် | ဖရွန်းတီးယားမြန်မာ)

ပါတီစည်းရုံးရေးကာလတွင် နိုင်ငံရေးပါတီများက ပေးအပ်သည့် လက်ဆောင်ပစ္စည်းများကို လက်ခံရယူကြသော်လည်း ဒေသခံများသည် ယင်းပါတီများကို မဲပေးမည်ဟု မယူဆသင့်ကြောင်း ကိုမိုးဇော်အောင်က ဆိုသည်။

“လူတွေကတော့ပေးရင်ယူမှာပဲ။ ဒါပေမဲ့ အဲဒီပါတီကို မဲထည့်မယ်ဆိုတဲ့သဘောမျိုးတော့ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိလွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်များကို အားရကျေနပ်မှုမရှိဟု ၎င်းကဆိုသည်။ “တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းဆိုလည်း ဒေသခံတွေနဲ့ တွေ့တာမရှိဘူး။ သူ့ပါတီဝင်တွေရယ်၊ အုပ်ချုပ်ရေးမှူးတွေနဲ့ပဲတွေ့နေတာ”ဟု ကိုမိုးဇော်အောင်က ပြောသည်။

အင်န်အယ်လ်ဒီပါတီ မရမ်းကုန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကမူ ယင်းစွပ်စွဲချက်ကို ငြင်းဆန်ထားပြီး ၎င်းသည် ဒေသခံများနှင့်ပုံမှန်တွေ့ဆုံခဲ့ကြောင်း ဆိုသည်။

အခြားမရမ်းကုန်းမြို့နယ်က မဲဆန္ဒရှင်တစ်ဦးဖြစ်သူ မနွယ်နွယ်ကလည်း အလားတူဆိုသည်။ ၎င်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့်ပါတီကိုသာ မဲပေးရန်ဆုံးဖြတ်ထားသော်လည်း လက်ရှိလွှတ်တော်ကိုယ်စားလှယ်များကို တကြိမ်တခါမျှ ရပ်ကွက်အတွင်း မတွေ့ဆုံဖူးကြောင်းနှင့် ၎င်းတို့၏အမည်ကိုပင် မသိကြောင်းပြောသည်။

“ဘယ်သူပဲနိုင်နိုင် လူငယ်တွေအတွက်လည်း အခွင့်အလမ်းတွေများအောင် လုပ်ပေးစေချင်တယ်”ဟု ၎င်းက ဆိုသည်။

မရမ်းကုန်းမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ၍ ယင်းပြဿနာကို လာမည့်ရွေးကောက်ပွဲကတစ်ဆင့် တက်လာသည့် လွှတ်တော်ကိုယ်စားလှယ်က ဖြေရှင်းပေးနိုင်ရန် မြို့နယ်အတွင်း နေထိုင်သူအချို့က မျှော်လင့်နေကြသည်။

အခြားလွှတ်တော်ကိုယ်စားလှယ်များအပေါ် နယ်ခံမဲဆန္ဒရှင်များ၏ စိတ်ဝင်စားမှုလျော့နည်းသော်လည်း လူအများ၏ အာရုံစိုက်ခံရသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ဒေါ်မိုးမိုးစုကြည်ဖြစ်သည်။ ၎င်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီ လွှတ်တော်ကိုယ်စားလှယ်ဘဝတွင် မရမ်းကုန်းဗီလာအိမ်ရာစီမံကိန်းကို ဦးဆောင်၍ ကန့်ကွက်ခဲ့သူဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ ရာခိုင်နှုန်းဖော်ပြချက်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ၉၃သန်း တန်ဖိုးရှိသည့် မရမ်းကုန်းဗီလာအိမ်ရာစီမံကိန်းကို ၂၀၁၈-၂၁ဘဏ္ဍာနှစ်အတွက် မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အစိတ်အပိုင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ၂၀၁၈၊ မေလအတွင်းက တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြ၍လျာထားခဲ့သည်။

စီမံကိန်းအရ မရမ်းကုန်းမြို့နယ်အတွင်းတည်ရှိသည့် ရေစုကန်သုံးခုကို မြေဖို့ပြီး အိမ်ရာဖော်ဆောင်မည်ဖြစ်သည်။ ယင်းသည် မရမ်းကုန်းမြို့နယ်အတွင်း မိုးရာသီရေကြီးရေလျှံပြဿနာကို ပိုမိုဆိုးရွားစေနိုင်၍ ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။​

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ အဆိုအရ ယင်းစီမံကိန်းသည် မစတင်ရသေးသော်လည်း အပြီးတိုင်ပယ်ဖျက်ထားသည်လည်းမဟုတ်ပေ။

ယင်းစီမံကိန်းနှင့်ပတ်သက်၍ ဒေါ်သက်သက်ခိုင်ကို မေးမြန်းကြည့်ရာ ၎င်းအနေဖြင့် မရမ်းကုန်းမြို့နယ်အတွင်း မည်သည့်အရေးကိစ္စများဖြစ်ပေါ်နေပြီး မည်သို့ဖြေရှင်းရမည်ကို လေ့လာရဦးမည်ဟု ဆိုသည်။

“ရွေးကောက်ပွဲနိုင်ဖို့ကိုပဲ အဓိကထားလုပ်နေရတာပါ။ မရမ်းကုန်းမှာ ဘာကိစ္စဖြစ်နေသလဲဆိုတာ မလေ့လာထားရသေးပါဘူး။ ကျွန်မလေ့လာရဦးမှာပါ”ဟု ၎င်းက ပြောသည်။

အင်န်အယ်လ်ဒီပါတီအပေါ် ထောက်ခံသူအများအပြားရှိနေသည့် မရမ်းကုန်းမဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး လက်ရှိအမတ်များကို အနိုင်ယူရေးမှာ ပြည်သူ့ရှေ့ဆောင်ပါတီအပါအဝင် အခြားနိုင်ငံရေးပါတီများအဖို့ စိန်ခေါ်မှုကြီးတစ်ခုဖြစ်တော့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.