ယခုနှစ်တွင် ဇွန်၁၉ရက်တွင်ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၅နှစ်မြောက်မွေးနေ့ကို ကြိုဆိုသည့်အမှတ်အသားပါသော မျက်နှာစွပ်မာ့စ်ခ် တပ်ဆင်ထားသော ပျော်ဘွယ်မြို့သားတစ်ဦးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

မမျှော်လင့်တဲ့အရှုံးကြောင့် ရှော့ခ်ရတဲ့ ပျော်ဘွယ်က ပြည်ခိုင်ဖြိုးပါတီဝင်များ

အမျိုးသားရေးဝါဒီများကြီးစိုးခဲ့ရာနေရာဖြစ်သော ပျော်ဘွယ်မြို့နယ်တွင် ပါတီကြီးနှစ်ခုကြား ပြင်းထန်သောရွေးကောက်ပွဲယှဉ်ပြိုင်မှုအပြီး ရှုံးနိမ့်ခဲ့သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်ကို လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
ဆွေလဲ့မွန် ရေးသားသည်။

“မဲရလဒ်တွေရေနေတဲ့အချိန်တုန်းက ကျွန်တော့်မှာ ထိုင်လိုက်ထလိုက်နဲ့ ဂနာကို မငြိမ်ဘူး။ အခုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်သွားပြီဆိုတော့ ကျွန်တော့်စီးပွားရေးကို ပြန်အာရုံစိုက်တော့မယ်” ဟုဆိုသူက အင်န်အယ်ဒီပါတီ အောင်နိုင်ရေးအတွက်ဝန်းရံခဲ့သူ ပျော်ဘွယ်မြို့သားကိုထွန်းမင်း ဖြစ်သည်။

အသက် ၃၆နှစ်ရှိပြီဖြစ်သည့် ကိုထွန်းမင်းသည် ပျော်ဘွယ်မြို့တွင် ဈေးဆိုင်ဖွင့်လှစ်ထားသော ကုန်သည်တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲမဲဆွယ်ကာလတည်းက အင်န်အယ်ဒီပါတီ အောင်နိုင်ရေး အတွက် ကျေးရွာအနှံ့ လိုက်ပါစည်းရုံးခဲ့သည်။ ကိုဗစ်-၁၉ကာလ စီးပွားရေးကျပ်တည်းသည့် အချိန်ဖြစ်သည့်တိုင် မိသားစုစီးပွားရေးလုပ်ငန်းကို ဇနီးဖြစ်သူကို ဝကွက်အပ်၍ ပါတီအောင်နိုင်ရေးတွင် စိတ်ရောလူပါ နှစ်မြုပ်ကာ အချိန်ပေးခဲ့သည်။

ကိုထွန်းမင်းတို့ကဲ့သို့ ပါတီဝန်းရံသူများ၏ အချိန်ကုန်လူပင်ပန်းရကျိုးနပ်သည်ဟု ဆိုရမည်ဖြစ်သည်။ နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက ပျော်ဘွယ်မြို့ရှိ လွှတ်တော်မဲဆန္ဒနယ်အရပ်ရပ်တွင် ပြည်ခိုင်ဖြိုးပါတီကို အနိုင်ရရှိခဲ့သည်။

အင်န်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်းများက မဲအရေအတွက် ၅၅နှင့် ၅၈ရာခိုင်နှုန်းအကြား အသီးသီးရရှိခဲ့ကြပြီး ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများက ၄၀နှင့်၄၄ ရာခိုင်နှုန်းအကြားသာ ရရှိခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်မြေပုံ။ (Thibi အဖွဲ့ ဖန်တီးသည်။)

ရွေးကောက်ပွဲမတိုင်ခင်ကာလက ပျော်ဘွယ်မြို့ရှိ နိုင်ငံရေးပါတီများနှင့် တက်ကြွလှုပ်ရှားသူများက ဒေသခံများသည် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုလျော့နည်းနေသည်ဟု ဆိုခဲ့ကြသည့်တိုင် ကျင်းပခဲ့ပြီးသော ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း၏ ၈၀ရာခိုင်နှုန်းကျော် မဲပေးခဲ့သည်ဟု ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းဇယားများက ဆိုသည်။

“ပိုက်ဆံက အချိန်မရွေးပြန်ရှာလို့ရတယ်။ ဒါပေမဲ့ အကယ်၍ ပျော်ဘွယ်မှာ အင်န်အယ်ဒီထပ်ရှုံးရင် နောက်ငါးနှစ်တောင် စောင့်ရမှာ။ အလဲအလှယ်က ထိုက်တန်တာထက်တောင် ပိုပါသေးတယ်”ဟု ကိုထွန်းမင်းက အခိုင်အမာဆိုသည်။

လွှတ်တော်မဲဆန္ဒနယ်အားလုံး အနိုင်ရသည့်အထိမ်းအမှတ်အဖြစ် ရွေးကောက်ပွဲနေ့အပြီး နိုဝင်ဘာ၁၀ရက်တွင် ပါတီဝန်းရံထောက်ခံသူ ထောင်ပေါင်းများစွာက မြို့အတွင်းသို့ ယာဉ်တန်းများဖြင့် လှည့်လည်ကာ အောင်ပွဲခံခဲ့သည်။ ထို့ပြင် စတုဒီသာများကျွေးမွေးခြင်း အစီအစဉ်တစ်ရပ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

အင်န်အယ်လ်ဒီပါတီက ပျော်ဘွယ်တွင်သာမက ပြည်ခိုင်ဖြိုးပါတီ၏ အမာခံနယ်မြေများဖြစ်သော မိတ္ထီလာ၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များတွင်ပါ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည်။ ၂၀၁၅တွင် အဆိုပါမြို့နယ်များရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုးကို ရှုံးနိမ့်ခဲ့သဖြင့် ယင်းကိုအစွဲပြု၍ ၎င်းတို့ကို “ပြည်ခိုင်ဖြိုးမြို့လေးမြို့”ဟု နိုင်ငံရေးစကားဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့ကြသည်။

ထို့ပြင် ထိုမြို့နယ်များတွင် ၂၀၁၅ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသားရေးလှုပ်ရှားမှုများ အားကောင်းခဲ့ပြီး အင်န်အယ်လ်ဒီပါတီကို ပစ်မှတ်ထား၍ ဘာသာရေးသွေးထိုးလှုံ့ဆော်မှုများ ရှိခဲ့သည်။ ယင်းသွေးထိုးလှုံ့ဆော်မှုများကြောင့်ပင် ပြည်ခိုင်ဖြိုးက ၂၀၁၅ရွေးကောက်ပွဲတွင် အဆိုပါမြို့နယ်လေးခုလုံးတွင် အောင်ပွဲဆင်ခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီဝင်များက တစ်ထစ်ချယုံကြည်နေသည်။

ကိုဗစ်-၁၉ကာကွယ်ရန် မျက်နှာအကာဝတ်ဆင်ထားသော ဈေးသည်အမျိုးသမီးတစ်ဦးကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

နိုဝင်ဘာ၈ရက်တွင် အင်န်အယ်လ်ဒီပါတီက ပြည်ခိုင်ဖြိုး၏အမာခံလေးမြို့စလုံးရှိ မဲဆန္ဒနယ် အားလုံးတွင် အနိုင်ရရှိခဲ့ခြင်းသည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများအဖို့ လုံးဝမမျှော်လင့် ထားသည့်ရလဒ်ဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများသည် ရွေးကောက်ပွဲ အရှုံးရလဒ်ကို လက်ခံရန်ငြင်းဆန်ခဲ့သည်။ ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်မှုများရှိသည်ဟုဆိုကာ ရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်လွှာများ တင်သွင်းခဲ့ကြသည်။

ပျော်ဘွယ်ပြည်သူ့လွတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အင်န်အယ်ဒီပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမောင်ကို မဲကွာဟချက် ၂၄,၀၀၀ကျော်ဖြင့် ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင်နှင့် လက်ရှိပျော်ဘွယ်ပြည်သူ့လွှတ်တော်အမတ် ဦးသောင်းအေးက မမျှော်လင့်ထားသော မဲရလဒ်ကြောင့် မယုံကြည်နိုင်အောင် ဖြစ်ရသည်ဟု ဆိုသည်။

“မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကနေ ပုံစံ-၁၆ (မဲရုံများမှ ပေးပို့ထားသော မဲအရေအတွက်ဖောင်) တွေကို ကူးယူခွင့်တောင်းထားတယ်။ ကျွန်တော်တို့ဆီမှာရှိတဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးဖို့ပေါ့။ ဒါက ပြည်သူရဲ့တကယ့်ရွေးချယ်မှုဟုတ်၊ မဟုတ်အပေါ်ကို ကျွန်တော်တို့ သံသယရှိပါတယ်”ဟု ၎င်းက ပြောသည်။

မဲရလဒ်ကို လက်မခံနိုင်သည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲအနိုင်အရှုံး ကြေညာလွှာ ပုံစံ-၁၉ကို လက်မှတ်ထိုးရန် ငြင်းဆန်ပျက်ကွက်ခဲ့သော်လည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာ၁၀ရက်တွင် ပုံစံ ၁၉ များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့ခဲ့ပြီးဖြစ်သည်။

နိုဝင်ဘာ၈ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအသီးသီးက ရရှိခဲ့သည့် မဲရလဒ်များဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။)

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးမြင့်က ကိုယ်စားလောင်းများက ပုံစံ-၁၉တွင် လက်မှတ်မရေးထိုးသည့်တိုင် ဥပဒေအရ အတည်ပြုပြီး အနိုင်အရှုံးရလဒ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

“ပုံစံ-၁၆ ကူးယူခွင့် ပြု၊ မပြုက ယူအီးစီ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်) က ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ခရိုင်ကော်မရှင်ကနေတစ်ဆင့် တင်ပြပေးထားတယ်။ ယူအီးစီက ခွင့်ပြုရင်တော့ ကူးပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိပျော်ဘွယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက နိုဝင်ဘာ၁၈ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး မဲလိမ်မဲခိုးမှုအပြင် အခြားတရားမဲ့ပြုကျင့်မှုများရှိခဲ့သဖြင့် ရွေးကောက်ပွဲဖြစ်စဉ်ကို ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားသော တောင်းဆိုချက်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲကို တပ်မတော် အကူအညီဖြင့် ပြန်လည်ကျင်းပရန်လည်း ဦးသောင်းအေးက တောင်းဆိုခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၂)တွင် ဝင်ရောက်ယှဉ်ပြိုင်၍ ရှုံးနိမ့်ခဲ့သော ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးမြင့်စိုးကလည်း အင်န်အယ်လ်ဒီပါတီသည် အစိုးရလုပ်ပိုင်ခွင့်ကို အသုံးချ၍ ရွေးကောက်ပွဲကျင်းပရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် ကျေးရွာများ၌ လမ်းပြုပြင်ခြင်းကဲ့သို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ရွာသူရွာသားများကို မဲထည့်ရန် စည်းရုံးခဲ့သည်ဟုဆိုသည်။

“ရွေးကောက်ပွဲလုပ်ဖို့ ရက်၂၀လောက်လိုမှ လမ်းပြင်တာတွေ၊ တံတားဆောက်တာတွေကို ကပ်လုပ်သွားတယ်။ ပြီးတော့ အင်န်အယ်ဒီပါတီဝင်တွေက ရွာတွေမှာ ဘုန်းကြီးကျောင်းတွေကို လှူတာ၊ တန်းတာတွေလုပ်သွားတယ်လို့ ကြားရတယ်။ ဒါတွေကို မရိုးမသားလုပ်တာတွေပဲလေ။ မဲမသမာမှုပဲပေါ့”ဟု ဦးမြင့်စိုးကပြောသည်။

ယင်းသို့စွပ်စွဲချက်များအတွက် ၎င်းတို့တွင် ခိုင်လုံသော သက်သေမရှိသည့်တိုင် လက်ဝယ်ရှိသော သက်သေများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တရားမဲ့ပြုကျင့်မှု ကန့်ကွက်လွှာတင်သွင်းသွားမည်ဟု ၎င်းကဆိုသည်။

ရွေးကောက်ပွဲဥပဒေများအရ ရလဒ်များနှင့်ပတ်သက်၍ ကန့်ကွက်လိုပါက ရွေးကောက်ပွဲအနိုင်အရှုံး ကြေညာသည့်ရက်မှစ၍ ၄၅ရက်အတွင်း ငွေကျပ်ငါးသိန်းပေးသွင်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းသည့်ခုံရုံးတွင် အမှုကို စစ်ဆေးနိုင်သည်။

အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းကို ဦးတည်သည့် ကန့်ကွက်မှုဖြစ်ပါကကန့်ကွက်ချက်ပါ တရားမဲ့ပြုကျင့်မှုများ မှန်ကန်ကြောင်း စစ်ဆေးပေါ်ပေါက်လျှင် လက်ရှိအနိုင်ရသူအဖြစ် ကြေညာခံထားရသူသည် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခံရမည်ဖြစ်ပြီး ဒုတိယမဲအများဆုံးရရှိသူက အလိုအလျောက် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ဖြစ်လာမည်ဖြစ်သည်။

ပျော်ဘွယ်မြို့နယ်အတွင်း ကျေးလက်တစ်နေရာရှိ ဒေသခံမိသားစုတစ်စု၏ နေအိမ်ကို မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပျော်ဘွယ်မြို့နယ် အင်န်အယ်ဒီပါတီဥက္ကဋ္ဌဦးအေးချိုက ပြည်ခိုင်ဖြိုးပါတီ၏ စွပ်စွဲချက်များကို ပယ်ချလိုက်ပြီး ကန့်ကွက်ခံရပါက ဖြေရှင်းရန်အသင့်ရှိသည်ဟု ဆိုသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက စွပ်စွဲသည့် ရွေးကောက်ပွဲနီးမှလုပ်သည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများမှာ အစိုးရ၏ စီမံကိန်းများ မဟုတ်ဘဲ လုပ်ပိုင်ခွင့်တင်ဒါအောင်သည့် ကုမ္ပဏီများက ခွင့်ပြုထားသည့် အချိန်ကာလတွင် အကောင်အထည်ဖော်ခြင်းသာဖြစ်ကြောင်း ဦးအေးချိုကဆိုသည်။

“ဒီစွပ်စွဲချက်တွေက ကလေးကလားဆန်ပါတယ်။ ဒါမျိုးတွေ ပြောနေတာတွေကိုရပ်ပြီး သူတိုအနေနဲ့ ကော်မရှင်ခုံရုံးမှာ အမှုတည်ဆောက်သင့်တယ်။ ကန်ထရိုက်တာတွေက သူတို့အလုပ် သူတို့လုပ်နေတာ ဒါလူတိုင်းသိကြတယ်။ သူတို့ပြောနေ ဆိုနေတာတွေက အဓိပ္ပါယ်မရှိဘူး”ဟု ၎င်းကပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်သူ ဦးမြင့်စိုးက ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံအားပေးခဲ့သူအများအပြား မဲစာရင်းတွင် ပါမလာခြင်းကလည်း ပါတီအတွက် အဓိကထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့လည်း သူတို့ကို မဲစာရင်းသွားကြည့်ဖို့ ခဏခဏပြောတယ်။ ဒါပေမဲ့ အများစုက ပညာမတတ်ကြတော့ ကြည့်ရကောင်းမှန်းမသိဘဲ မဲစာရင်းတွေမှာ အမည်ကျန်တာတွေ အများကြီး တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသည် ရွေးကောက်ပွဲမတိုင်ခင်က မဲစာရင်းများကို သုံးကြိမ်တိုင်တိုင် ကြေညာ၍ မဲစာရင်းစစ်ဆေးရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက မိမိ၏တာဝန်သာဖြစ်ကြောင်း ထိုစဉ်က အသိပေးပြောကြားခဲ့သည်။ ပထမအကြိမ် မဲစာရင်းကြေညာစဉ်က မဲဆန္ဒရှင်စုစုပေါင်း၏ ၂၀ရာခိုင်နှုန်းကသာ မဲစာရင်း လာရောက်စစ်ဆေးခဲ့ကြောင်း ပျော်ဘွယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစိုးမြင့်ကဆိုသည်။

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသည့် ပျော်ဘွယ်မြို့က မဲဆန္ဒရှင်အရေအတွက် ရာခိုင်နှုန်းဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် တရားဝင်အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲခြင်းဖြစ်သည်။)

ယခုအကြိမ်တွင် ကျေးရွာအချို့၌ အင်န်အယ်ဒီပါတီက မဲအားဖြင့်ရှုံးနိမ့်ခဲ့သော်လည်း မြို့နယ်တစ်ခုလုံးတွင် မဲရေအတွက်သာလွန်သဖြင့် အနိုင်ရရှိခဲ့ကြောင်းနှင့် ပါတီအောင်နိုင်ရေးအတွက် ထောက်ခံမဲပေးသည့် မဲဆန္ဒရှင်များကို ကျေးဇူးတင်ကြောင်း ဦးအေးချိုကဆိုသည်။ ၎င်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင် ဦးမြင့်စိုးကို ရှုံးနိမ့်ခဲ့ပြီး ယခုနှစ်တွင် အနိုင်ရရှိခဲ့သည်။

“ကျေးရွာတချို့မှာ အင်န်အယ်ဒီပါတီရှုံးတယ်ဆိုပေမဲ့ မဲကွာဟချက်က နည်းနည်းလေးတွေနဲ့ ရှုံးတာပါ။ ၂၀၁၅နဲ့နှိုင်းယှဉ်ရင် တိုးတက်ပြောင်းလဲမှုက အရမ်းသိသာပါတယ်”ဟု ၎င်းကပြောသည်။

ထို့ပြင် ၂၀၁၅ရွေးကောက်ပွဲတွင် အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) အပါအဝင် အမျိုးသားရေးတက်ကြွလှုပ်ရှားသူများက အင်န်အယ်လ်ဒီပါတီအပေါ် ပစ်မှတ်ထား၍ ဘာသာရေးမှိုင်းတိုက်ခဲ့သဖြင့် ပြည်ခိုင်ဖြိုးပါတီအနိုင်ရခဲ့သည်ဆိုသည့် ယူဆချက်မှာ ပိုမိုခိုင်မာ လာသည်ဟု ဦးအေးချိုကဆိုသည်။

“ရွာသူရွာသားတွေက မအတော့ဘူး။ အသိပညာတွေ ပွင့်လင်းလာကြပြီ။ ပြီးခဲ့တဲ့ ငါးနှစ်တုန်းက မရိုးသားတဲ့လူတွေရဲ့ မှိုင်းတိုက်မှုတွေကို ခံခဲ့ရတာပေါ့။ အခုကျတော့ အင်န်အယ်ဒီအစိုးရက အရင်အစိုးရတွေလို လက်နက်နဲ့ အာဏာနဲ့အုပ်ချုပ်တာမဟုတ်ဘဲ မေတ္တာနဲ့အုပ်ချုပ်တာဆိုတာ ပြည်သူတွေက သိနားလည်သွားကြပြီ”ဟု ဦးအေးချိုက ပြောသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.