ဘောလခဲ သို့မဟုတ် အစိမ်းတို့မြေ

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကယားပြည်နယ်၊​ ဘောလခဲမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရခဲ့ခြင်းသည် တပ်မတော်ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းကြောင့်ဟု ဆိုနိုင်သည်။

ဖရွန်းတီးယားမြန်မာက ၂၀၂၀ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
အိအိတိုးလွင် ရေးသားသည်။

၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(အင်န်အယ်လ်ဒီ)က ပြိုက်ဘက်ပါတီများကို အပြတ်အသတ် ထပ်မံအနိုင်ပိုင်းခဲ့သည်။ သို့သော် အပြတ်အသတ် အနိုင်ရသည့်နေရာများတွင် ကယားပြည်နယ်အလယ်ပိုင်းက ဘောလခဲမြို့မပါဝင်ခဲ့ပေ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ အမာခံနယ်မြေဖြစ်သည့် ဘောလခဲတွင် လွှတ်တော်မဲဆန္ဒနယ်ငါးခုစလုံးတွင် အင်န်အယ်လ်ဒီပါတီက ထပ်မံရှုံးနိမ့်ခဲ့ပြန်သည်။

တပ်မဟာတစ်ခု၊ တပ်ရင်းသုံးရင်းနှင့် နယ်ခြားစောင့်တပ်တစ်ခု အခြေစိုက်သည့် မြို့လေးတွင် တပ်မတော်၏ မဲများသည် မျှော်လင့်ထားသည့်အတိုင်း ပြည်ခိုင်ဖြိုးပါတီအတွက်သာဖြစ်ခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီ၏ ကိုယ်စားလှယ်လောင်းများကပြောကြသည်။

သို့သော် အင်န်အယ်လ်ဒီပါတီရှုံးနိမ့်ရသည့် အဓိကအကြောင်းရင်းမှာ တပ်များမဲတစ်ခုတည်းကြောင့်မဟုတ်ခဲ့ပေ။ အတည်ပြုထားသည့် မဲရလဒ်များအရ ပြည်ခိုင်ဖြိုးပါတီသည် တပ်မဲများသာမက ဒေသခံပြည်သူများ၏မဲအများစုကိုလည်း ရရှိခဲ့သည်က အထင်အရှားဖြစ်သည်။

“ကျွန်တော်ကအရင်က တပ်မဲကြောက်တာအခုတော့ လူထုကပါ ဦးစိုးသိန်းနောက် ပါသွားတယ်။ သူတော်တော်လေး လုပ်နိုင်တယ်လို့ပြောရမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဘောလခဲမြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းကြီးကပြောသည်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းသည် ၂၀၁၅ရွေးကောက်ပွဲတွင် ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၉)တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာတွင်လည်း အနိုင်ရရှိခဲ့သည်။

ကယားပြည်နယ်၊​ ဘောလခဲမြို့နယ်ပြမြေပုံ။ (Thibi အဖွဲ့ ဖန်တီးသည်)

ယခု ၂၀၂၀ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသို့ ပြန်လာပြီး ဘောလခဲ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ထပ်မံအနိုင်ရခဲ့ပြန်သည်။ ဦးစိုးသိန်းသည် ၎င်း၏ပြိုင်ဘက် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း ဦးစိုင်းလင်းလင်းဦးကို အသာမဲ ၁၂,၀၀ဖြင့် အနိုင်ရရှိခဲ့သည်။ မဲပေးသူ ၇,၂၀၃ဦးအနက် ဦးစိုင်းလင်းလင်းဦးက ၂,၀၆၂မဲသာ ရရှိခဲ့ပြီး ဦးစိုးသိန်းက ၃,၂၉၆မဲရရှိခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ရှုံးနိမ့်ခဲ့သည့် အင်န်အယ်လ်ဒီပါတီသည် ယခုတစ်ကြိမ်ရွေးကောက်ပွဲတွင်လည်း ဒေသခံများကို ပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေ၍ ပြည်ခိုင်ဖြိုးကြီးစိုးသော အစိမ်းရောင်နယ်မြေ ဘောလခဲကို အနီရောင်လွှမ်းအောင် ကြိုးပမ်းခဲ့သည်။ သို့သော် အဆုံးသတ်ရလဒ်များအရ ဘောလခဲသည် ပြည်ခိုင်ဖြိုးပါတီ၏ အမာခံမဲဆန္ဒနယ်အဖြစ် ဆက်လက်တည်တံ့နေသည်။

ဘာကြောင့်ဦးစိုးသိန်း ထပ်ပြီးနိုင်ခဲ့သလဲ

ဘောလခဲဒေသခံများကို ပေးကမ်းလှူဒါန်းမှုများကြောင့် ဦးစိုးသိန်းကို ကြွယ်ဝချမ်းသာ၍ ရက်ရောသူအဖြစ် ဒေသခံများက သတ်မှတ်ထားကြသည်။ ၂၀၁၅ရွေးကောက်ပွဲ မဲဆွယ်ကာလ မတိုင်မီကပင် ဦးစိုးသိန်းသည် ၎င်း၏မဲဆန္ဒနယ်အတွင်းက ဒေသခံများအား မိုဘိုင်းဖုန်းနှင့် လက်ဆောင်ပစ္စည်းများပေးခဲ့သည်ဟု ဘောလခဲဒေသခံများနှင့် ယင်းမြို့တွင်လှုပ်ရှားသည့် နိုင်ငံရေးပါတီများ၏ အဖွဲ့ဝင်များကဆိုသည်။

ထိုမျှမက ရွေးကောက်ခံအမတ်ဖြစ်လာပြီးနောက်ပိုင်းတွင်လည်း ဦးစိုးသိန်းသည် ငါးနှစ်အတွင်း ဘောလခဲသို့ တစ်ကြိမ်မျှ လာရောက်ခဲ့ခြင်းမရှိသည့်တိုင် ၎င်းကို ဝန်းရံပံ့ပိုးသူများ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် ဆက်သွယ်ကာ ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။

ဥပမာအားဖြင့် ရွေးကောက်ပွဲမဲဆွယ်ကာလမတိုင်မီ ဘောလခဲအခြေစိုက် လူမှုကူညီရေးအသင်း တစ်ခုသို့ ငွေကျပ်သိန်းတစ်ရာကျော်တန် လူနာတင်ယာဉ်တစ်စီးကို ၎င်းက လှူဒါန်းခဲ့သည်။

ဦးစိုးသိန်းပြုခဲ့သော ကျေးဇူးတရားများကို ပြန်လည်တုံ့ပြန်သည့်အားဖြင့် ယခုရွေးကောက်ပွဲတွင် ၎င်းနှင့် ပြည်ခိုင်ဖြိုးအမတ်လောင်းများကို မဲထည့်ခဲ့သည်ဟု ဒေသခံတစ်ဦးကဆိုသည်။

“ဦးစိုးသိန်းလုပ်ပေးတာ တစ်ဦးတစ်ယောက်ထဲအတွက် မဟုတ်ဘူး။ ရေရှည်အကျိုးရှိအောင် အားလုံးအကျိုးရှိအောင် လုပ်ပေးတာ။ ကျွန်တော်တို့ဘက်က မဲထည့်တာနဲ့ပဲ ကျေးဇူးဆပ်နိုင်တယ်”ဟု ထာဝရတွဲလက်များလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဇော်ဇော်ဦးကပြောသည်။


စက်မှုဝန်ကြီးအဖြစ် ၂၀၁၂၊ မေ၂၅ရက် ဂျပန်နိုင်ငံ၊​ တိုကျိုမြို့တွင် ကျင်းပခဲ့သော နိုင်ငံတကာအစည်းအဝေးတစ်ခုတွင် ဦးစိုးသိန်းမိန့်ခွန်းပြောကြားခဲ့စဉ်။ (ဓာတ်ပုံ | အေအက်ဖ်ပီ)

ဦးစိုးသိန်း၏ ကြီးမားသည့် အရှိန်အဝါသည် ၎င်းသာမက ဘောလခဲတွင်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြားအမတ်လောင်းများအတွက်ပါ အားသာချက်ဖြစ်စေခဲ့သည်ဟု ပြိုင်ဘက်ပါတီဝင်များက ပြောဆိုသည်။ ထိုအချက်ကို ပြည်ခိုင်ဖြိုးအနိုင်ရအမတ်လောင်းများကိုယ်တိုင်လည်း ဝန်ခံထားသည်။

“ဦးစိုးသိန်းရဲ့ ပံ့ပိုးမှုကတော့ တစ်စိတ်တစ်ပိုင်းတော့ပါတယ်။ ကျွန်တော်တို့ရဲ့ မူလအင်အားနဲ့‌ ပေါင်းလိုက်တဲ့အခါ အခုလိုအောင်မြင်မှုထပ်ရသွားတာပေါ့”ဟု နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ အနိုင်ရရှိခဲ့သူ ဦးကျော်သန်းကပြောသည်။

ဦးကျော်သန်းသည် ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲတို့တွင်လည်း ဘောလခဲမြို့ပါဝင်သည့် ကယားပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင် အနိုင်ရအမတ်ဖြစ်ခဲ့သည်။ ယခုအကြိမ်ထပ်မံအနိုင်ရှိသဖြင့် ၎င်းသည် လွှတ်တော်သက်တမ်းသုံးကြိမ်ဆက် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်လာသည်။

“လွှတ်တော်ထဲပြန်ရောက်ရင် ပထမဆုံးလုပ်မှာက အရင်လွှတ်တော်တုန်းက မရခဲ့သေးတဲ့ မြစ်ကူးတံတားတည်ဆောက်ဖို့နဲ့ ဘော်လခဲမြို့ရှောင်လမ်းဖောက်ဖို့ ဆက်ပြီး ဆောင်ရွက်မယ်။ ကျန်တာကတော့ ဒေသလိုအပ်ချက်အရ ဆက်ပြီးလုပ်ဆောင်သွားမှာပါ”ဟု ဦးကျော်သန်းက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဘောလခဲမြို့တွင် ရွေးကောက်ပွဲသုံးကြိမ်ဆက်တိုက် အနိုင်ရသည့် နောက်ထပ် အကြောင်းရင်းတစ်ခုမှာ မြို့တွင်အခြေစိုက်သည့် တပ်ရင်းများမှ တပ်မတော်သားများ၏မဲများ အခိုင်အမာရရှိခြင်းဖြစ်သည်။ တပ်မဟာတစ်ခု၊ တပ်ရင်းသုံးခုနှင့် နယ်ခြားစောင့်တပ် တစ်ခုအခြေစိုက်သည့် ဘောလခဲမြို့လေးတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈,၀၀၀ကျော်အနက် ၉၈၀ခန့်သည် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များဖြစ်သည်။

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပါတီအလိုက် ဆန္ဒမဲရရှိခဲ့သည့် အခြေအနေများဖြစ်သည်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲရလဒ်အတည်ပြုချက်ကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံရေးဆွဲသည်။)

ထိုတပ်မဲအားလုံးနီးပါးကို ပြည်ခိုင်ဖြိုးပါတီဝင်ကိုယ်စားလှယ်လောင်းများက ရရှိခဲ့ကြောင်း မဲရလဒ်များက သက်သေပြနေသည်။ သို့ဖြစ်ရာ တပ်မဲများကြောင့် အင်န်အယ်လ်ဒီအမတ်လောင်းများ ဖြစ်သည့် ဒေါ်မိမိမော်နှင့် ဦးဝင်းမော်တို့ အဓိကအထိနာခဲ့ကြသည်ဟု ဆိုနိုင်သည်။

ရွေးကောက်ပွဲနေ့ အစောပိုင်းမဲရလဒ်များအရ ဒေါ်မိမိမော်သည် သူဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်(၁)တွင် ဆန္ဒမဲ ၁,၀၆၁ဖြင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးစိုးရယ်ကို ဦးဆောင်နေခဲ့သည်။ သို့သော် တပ်မဲ ၄၅၀နှင့် ဦးစိုးရယ် မူလရရှိထားသည့် ဆန္ဒမဲများကို ပေါင်းလိုက်ချိန်တွင် ၁,၄၁၄မဲ ရရှိသွားပြီး ၎င်း၏ပြိုင်ဘက် ဒေါ်မိမိမော်ကို အနိုင်ရရှိသွားသည်။

“ကျွန်မမဲဆန္ဒနယ်မှာ တပ်မဲ၅၅၆မဲရှိတယ်။ ကြံ့ခိုင်ရေးကိုပေးတဲ့ တပ်မဲက ၄၅၀ဖြစ်သွားတဲ့အချိန်မှာ ကျွန်မဘယ်လိုမှ မနိုင်တော့ဘူး။ ကျွန်မကို မဲထည့်ခဲ့တဲ့သူတွေအတွက်တော့ ကျွန်မစိတ်မကောင်း တော်တော်ဖြစ်ရတယ်။ ဒီရလဒ်နဲ့ အနိုင်ရတဲ့အမတ်က လူထုကို ကိုယ်စားပြုတာထက် တပ်ကိုကိုယ်စားပြုတယ်လို့ပဲ ကျွန်မယူဆတယ်”ဟု ဒေါ်မိမိမော်ကပြောသည်။

အလားတူပင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးကျော်သန်းသည်လည်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင် ၎င်း၏ပြိုင်ဘက် အင်န်အယ်လ်ဒီအမတ်လောင်းဦးဝင်းဇော်ကို တပ်မဲ ၄၀၀ကျော်ဖြင့် အနိုင်ပိုင်းနိုင်ခဲ့သည်။ ရလဒ်များအရ ဦးကျော်သန်းက ၁,၄၉၈မဲရရှိခဲ့ပြီး ဦးဝင်းဇော်က ၁၀,၉၉မဲသာ ရရှိခဲ့သည်။

“ကျွန်တော် တပ်မဲတစ်ခုတည်းနဲ့ အနိုင်ရခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ ၂၀၁၀နိုင်ကတည်းက ဘောလခဲမှာ တော်တော်လုပ်ပေးနိုင်ခဲ့တာ။ အခုထိလည်း တတ်နိုင်သလောက် ကျွန်တော်လူထုကို ပံ့ပိုးကူညီတယ်။ ဒါကြောင့်ပဲ လူထုကကျွန်တော်တို့ကို ရွေးချယ်ခဲ့တာ”ဟု ဦးကျော်သန်းကပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် အင်န်အယ်လ်ဒီပါတီဝင်များကမူ ၎င်းတို့ထပ်မံရှုံးနိမ့်ရခြင်း၏ နောက်ထပ်အကြောင်းရင်းတစ်ခုမှာ ရွေးကောက်ပွဲရက်နီးလာချိန်တွင် ပြည်ခိုင်ဖြိုးပါတီက ဒေသခံများကို ငွေကြေးထောက်ပံ့ စည်းရုံးခြင်း၊ အင်န်အယ်လ်ဒီပါတီကို မဲမထည့်ရန် စည်းရုံးပြောဆိုမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

ဒေသခံများ၏ နိုင်ငံရေးအသိအမြင်အားနည်းမှုနှင့် ငွေကြေးချို့တဲ့မှုကို အခွင့်ကောင်းယူကာ ပြည်ခိုင်ဖြိုးပါတီက ငွေကြေးတံစိုးလက်ဆောင်များ ပေးကမ်း၍ မဲဆွယ်စည်းရုံးခဲ့သဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်လောင်းများ အထိနာခဲ့သည်ဟု အင်န်အယ်လ်ဒီပါတီဝင်များက ဆိုသည်။


၎င်းတို့အပေါ် ပြုဖူးသည့်ကျေးဇူးကြောင့် ရွေးကောက်ပွဲတွင် ဦးစိုးသိန်းကို မဲပေးခြင်းဖြင့် ပြန်လည်ကျေးဇူးဆပ်ခဲ့ကြောင်း ဘောလခဲအခြေစိုက် ထာဝရတွဲလက်များလူမှုကူညီရေးအသင်းဥက္ကဋ္ဌဦးဇော်ဇော်ဦးက ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ယင်းအတွက်လည်း မဲဆန္ဒရှင်များကို တစ်စုံတစ်ဦးအား မဲမပေးရန် မလျော်ဩဇာသုံး၍ ခြိမ်းခြောက်မှုနှင့် ငွေကြေးပေးကမ်းစည်းရုံးမှုများအတွက် အနိုင်ရပြည်ခိုင်ဖြိုးအမတ်များကို ရွေးကောက်ပွဲကော်မရှင်ထံသို့ တရားမဲ့ပြုကျင့်မှုအဖြစ် တိုင်ကြားသွားမည်ဟု ဦးစိုင်းကြီးကဆိုသည်။

“ရွေးကောက်ပွဲမတိုင်ခင်တစ်ရက်အလိုမှာ ဝန်ပလက်ရွာမှာ ရွာသားတွေကို အင်န်အယ်လ်ဒီကို မဲပေးရင်သတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်။ ကျွန်တော်တို့မှာ ဗွီဒီယိုဖိုင်သက်သေတွေလည်းရှိတယ်”ဟု ၎င်းကပြောသည်။ သက်သေအချက်အလက်များကို စုစည်း၍ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသွားမည်ဟုလည်း ၎င်းကပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီအနိုင်ရအမတ်ကမူ ၎င်း၏ပြိုင်ဘက်များက ယင်းသို့တိုင်ကြားရန် စီစဉ်နေသည့်အပေါ် များစွာတုန်လှုပ်ဟန်မရှိပေ။

“သက်သေရှိရင်တော့ တိုင်ပေါ့ဗျာ။ သူတို့(အင်န်အယ်လ်ဒီ)က ကျွန်တော်တို့ကို တစ်ချိန်လုံး တိုက်ခိုက်နေတာ။ သူခိုးပါတီလို့ပြောတယ်။ ပြည်ခိုင်ဖြိုးကိုမဲထည့်ရင် စစ်တပ်အောက် ပြန်ရောက်မယ်ဆိုပြီး ပြောတာလည်း ကျွန်တော်တို့ သိတာပဲ။ ဒါပေမဲ့ သူတို့ကျွန်တော်တို့ကို နိုင်ဖို့မလွယ်ပါဘူး”ဟု အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင် အရွေးခံခဲ့ရသူ ပြည်ခိုင်ဖြိုးပါတီဝင် အမတ်ဦးကျော်သန်းက ပြန်လည်တုံ့ပြန်သည်။

ဘောလခဲခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏အတွင်းရေးမှူး ဦးကျော်လင်းကမူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ (ဆောင်းပါးရေးသားချိန် နိုဝင်ဘာလ တတိယပတ်အထိ) တိုင်ကြားထားသည့် အမှုမရှိသေးဟုဆိုသည်။

ရွေးကောက်ပွဲနေ့တွင် မဲပေးခဲ့သူအရေအတွက်ကို ပြသသည့် ရုပ်ပုံကားချပ်။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Thibi အဖွဲ့ ရေးဆွဲသည်။)

နိုဝင်ဘာ၈ရက်က ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီခုနှစ်ခုမှ ကိုယ်စားလှယ်လောင်း ၄၀ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဘောလခဲမြို့နယ်သည် ပြိုင်ဆိုင်မှုပြင်းထန်သော နယ်မြေတစ်ခုဖြစ်ခဲ့သည်။

ထို့ပြင် ဒေသခံပြည်သူအများ၏ ရွေးကောက်ပေါ် စိတ်ထားထက်သန်မှုကလည်း ၂၀၁၅ကထက် ပို၍မြင့်တက်ခဲ့ကြောင်း မဲရလဒ်များက သက်သေထူနေသည်။ ကော်မရှင်ကထုတ်ပြန်သည့် အချက်အလက်များအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၈,၂၀၇ဦးအနက် ရွေးကောက်ပွဲတွင် မဲပေးသူ ၇,၂၀၃ဦး ရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၈၈ရာခိုင်နှုန်းဖြစ်သည်။ ကြိုတင်မဲပေးသူမှာ ၂,၁၉၃ဦးရှိခဲ့သည်။

“မဲပေးတဲ့သူက သိသိသာသာများတယ်။ ဒါပေမဲ့ ကျွန်တော်သတိထားမိတာက ပယ်မဲဖြစ်သွားတဲ့ မဲတွေလည်းများတယ်။ ပယ်မဲ ၉၂၁မဲရှိတယ်။ မဲအားလုံးရဲ့ ၁၂ဒသမ၇ ရာခိုင်နှုန်းလောက်ရှိတယ်”ဟု ဦးကျော်လင်းကပြောသည်။

“၈၀ရာခိုင်နှုန်းက မဲဆန္ဒရှင်တွေရဲ့အမှားကြောင့်ဖြစ်ပြီး ၂၀ရာခိုင်နှုန်းကတော့ ကော်မရှင်နဲ့မဲရုံ တာဝန်ရှိသူတွေကြောင့် ဖြစ်သွားတဲ့သဘောပါပဲ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သဖြင့် ကျန်းမာရေးကန့်သတ်ချက်များကြောင့် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ လုံလုံလောက်လောက်မလုပ်နိုင်ခဲ့ခြင်းနှင့် လူထု၏ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတအားနည်းခြင်းကြောင့် ယခုကဲ့သို့ ပယ်မဲများပြားခဲ့ခြင်းဖြစ်သည်ဟု ဦးကျော်လင်းက သုံးသပ်သည်။


ဦးစိုးသိန်း၏ ဩဇာကြီးမားမှုက ၎င်းတို့နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲအနိုင်ရရေးအတွက် ကြီးစွာ အထောက်အကူပြုခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ကယားပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)တွင် အနိုင်ရခဲ့သူ ဦးကျော်သန်းက ပြောသည်။ (ငြိမ်းဆုဝေကျော်စိုး |​ ဖရွန်းတီးယားမြန်မာ)

အင်န်အယ်လ်ဒီပါတီအမတ်လောင်း ဦးစိုင်းလင်းလင်းဦးကမူ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်တိုင် နိုင်ငံရေးကိုစွန့်ခွာမည်မဟုတ်ဟု ဆိုသည်။ လူထုကို နိုင်ငံရေးအသိအမြင်ဖွင့်သည့် ပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်မည်ဖြစ်ပြီး ဒေသခံများ၏ မြေယာသိမ်းဆည်းခံရမှု ပြဿနာများကို ကူညီဖြေရှင်းသွားမည်ဟု ၎င်းကဆိုသည်။

“လူထုက နိုင်ငံရေးအသိပညာ အားနည်းတယ်။ ကျွန်တော်တို့နိုင်ဖို့ဆိုရင် သူတို့ရဲ့နိုင်ငံရေးရေချိန်ကို မြှင့်တင်နိုင်ဖို့လိုတယ်”ဟု ဦးစိုင်းလင်းလင်းဦးကပြောသည်။

၎င်းတို့ ရှုံးနိမ့်ရသည့်အကြောင်းရင်းများအနက် အထက်ပါအကြောင်းအရာများအပြင် ပါတီ၏ အားနည်းချက်လည်းပါဝင်ကြောင်း အင်န်အယ်လ်ဒီပါတီဝင် ဒေါ်မိမိမော်က ဝန်ခံသည်။

ရွေးကောက်ပွဲကာလတွင် ပါတီအတွင်းစည်းလုံးမှုအားနည်းခဲ့ပြီး ပါတီဝင်အသစ်များသည် ပါတီထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ၎င်းကဆိုသည်။​ မည်သည့်ကိစ္စရပ်များကို ရည်ညွှန်းပြောဆိုသည်ကိုမူ မသိရပေ။

ပြည်ခိုင်ဖြိုးပါတီ၏ တပ်မဲများအားသာမှု၊ ဘောလခဲ၏ ဖွံ့ဖြိုးမှုနိမ့်ကျခြင်းနှင့်အတူ ဒေသခံများ၏ ချို့တဲ့မှုစသည့် အခြေအနေများကို မပြောင်းလဲနိုင်သရွေ့ ၎င်းတို့အတွက် ရွေးကောက်ပွဲသည် ခက်ခဲသည့် ပုစ္ဆာတစ်ခုဖြစ်နေဦးမည်ဟု ဒေါ်မိမိမော်က ယုံကြည်နေသည်။

“ဒီအချက်တွေကို မပြောင်းလဲနိုင်သရွေ့ ဘောလခဲက အမြဲစိမ်းနေမှာပဲ။ ဒီအခြေအနေမှာ တစ်ခြားမြို့ကလူတွေက ဘောလခဲကလူတွေကို ဦးစိုးသိန်းကိုထည့်တယ် ဦးနှောက်မရှိဘူး၊ ငွေမက်တယ်၊ ဘာညာဆိုပြီး လိုင်းပေါ်မှာ နှိမ်ပြီး ဝေဖန်နေတယ်။ အင်န်အယ်လ်ဒီမနိုင်တဲ့အတွက် ကျွန်မတို့လည်း မျက်နှာငယ်ရတယ်။ ဒါပေမဲ့ ပါတီကို ထောက်ခံတဲ့ပြည်သူတွေရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါကြောင့် နယ်မြေအခြေအနေကို မသိဘဲ ဘောလခဲကလူတွေကို ဝေဖန်အပြစ်တင် တာမျိုးတွေမလုပ်ဖို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်”ဟု ဒေါ်မိမိမော်က ပြောကြားခဲ့သည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.