A girl cycles past a USDP campaign billboard in Bawlakhe Township, Kayah State, on August 21. (Nyein Su Wai Kyaw Soe)
ဘောလခဲမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်ဆိုင်းဘုတ်အနီး ဖြတ်သန်းသွားသော စက်ဘီးစီးနေသည့် ကလေးငယ်တစ်ဦးကို ဩဂုတ်၂၁ရက်က မြင်တွေ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ဆင်းရဲမွဲတေမှု၊ ရွေးကောက်ပွဲတစ်ခုနှင့် ဘောလခဲက မဲဆန္ဒရှင်များ၏ မျှော်လင့်ချက်

ကယားပြည်နယ်အလယ်ပိုင်း၊ တောင်ကုန်းတောင်တန်းများဝန်းရံနေသည့်ချိုင့်ဝှမ်းဒေသလေး၌ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် ငွေးကြေးပုံအောသုံးစွဲ၍ အနိုင်မဲများရရှိရန်ကြိုးပမ်းနေသည်။

ဖရွန်းတီးယားမြန်မာက လာမဲ့ရွေးကောက်ပွဲအတွက် မြို့နယ်ငါးခုကိုရွေးချယ်ထားပြီး အဲဒီမဲဆန္ဒနယ်တွေမှာ ဖြစ်ပေါ်နေတဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေအနေတွေ၊ ဒေသခံတွေရဲ့ မျှော်လင့်ချက်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှု၊ မဲပေးမှုနဲ့ ရွေးကောက်ပွဲအနိုင်အရှုံးကြေညာမှု စတဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အဲဒီမြို့နယ်ငါးခုကတော့ ဘောလခဲ၊ မြစ်ကြီးနား၊ ပျော်ဘွယ်၊​ မြောက်ဦးနဲ့ မရမ်းကုန်းမြို့နယ်တွေဖြစ်ပါတယ်။
အိအိတိုးလွင် ရေးသားသည်။

ကယားပြည်နယ်၏ ပူပြင်းပြီး နိမ့်ကျသောချိုင့်ဝှမ်းဒေသတွင် တည်ရှိသည့် ဘောလခဲမြို့ကို အလည်အပတ်လာရောက်သူ အင်မတန်နည်းသည်။ ပြည်နယ်အလယ်ပိုင်းတွင်တည်ရှိနေသည့် ယင်းမြို့လေးတွင် လူဦးရေ ၁၀,၀၀၀ဝန်းကျင် နေထိုင်ပြီး ၎င်းတို့အနက်က ထက်ဝက်ကျော်မှာ ကယားလူမျိုးများဖြစ်ကြသည်။ ဒုတိယလူဦးရေအများဆုံးမှာ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး ကရင်၊ ချင်း၊ ဗမာနှင့် ရခိုင်အနည်းငယ်နေထိုင်လျက်ရှိသည်။

သို့သော် ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ မျက်နှာစိမ်းဧည့်သည်အချို့ကို မြို့လေးတွင် ခပ်စိတ်စိတ်မြင်တွေ့လာရသည်။ သာမန်ဧည့်သည်များမဟုတ်ကြဘဲ နိုင်ငံရေးရည်ရွယ်ချက်တစ်ခုစီဖြင့် ရောက်ရှိလာသူများဖြစ်သည်။

ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံတွင် မဲဆန္ဒနယ်များကို တူညီစွာသတ်မှတ်နိုင်ခြင်းမရှိပေ။ ရန်ကုန်ကဲ့သို့ လူဦးရေထူထပ်သည့်နေရာတွင် မဲတစ်မဲ၏တန်ဖိုးသည် ပြောပလောက်အောင် မထူးခြားသည့်တိုင် လူဦးရေအလွန်နည်းပါးသည့် ဘောလခဲကဲ့သို့ ဒေသမျိုးတွင် မဲတစ်မဲသည် ရွေးကောက်ပွဲအနိုင်၊ အရှုံးကို အဆုံးအဖြတ်ပေးနိုင်သည်အထိ အဖိုးတန်သည်။

Thibi အဖွဲ့၏ ဖန်တီးမှုဖြစ်သည်။

မြန်မာ့ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်များသည်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ သတ်မှတ်မှုအပေါ်တွင် အခြေခံထားသည်။ အရွယ်အစားအကြီးအသေးအပေါ် မမူတည်ဘဲ မြို့နယ်တစ်ခုကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တစ်နယ်အဖြစ် သတ်မှတ်သည်။ သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်များအတွက် မဲဆန္ဒနယ်များသတ်မှတ်ရာတွင် မြို့နယ်အရွယ်အစားသည်အရေးပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်မြို့နယ်ကို လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးရွေးချယ်ရမည့်အတွက် မြို့နယ်တစ်ခုကို မဲဆန္ဒနယ်နှစ်ခုအဖြစ် ပိုင်းခြားရခြင်းကြောင့်ဖြစ်သည်။

ဤအချက်သည် ကွဲပြားခြားနားသောမဲဆန္ဒနယ်များသို့ ခွဲဝေပေးသောမဲဆန္ဒရှင်အရေအတွက်အပေါ် များစွာသက်ရောက်မှုရှိစေပြီး ကွဲလွဲမှုများလည်းဖြစ်ပေါ်စေသည်။ ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူများကမူ မမျှတသည့် ပိုင်းခြားမှုဟု အမည်ပေးသည်။  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကိုရွေးကောက်တင်မြှောက်ရန် ဘောလခဲ၏ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ လူဦးရေ ၈,၁၀၇ဦးသည် ၂၀၁၅တွင် မဲဆန္ဒရှင်၂၆၂,၃၀၈ဦး ရှိခဲ့သည့်ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၏ မဲဆန္ဒရှင်ဦးရေပမာဏထက် အဆ၃၀ခန့် လျော့နည်းသည်။ တစ်နည်းပြောရလျှင် ဘောလခဲက မဲတစ်ပြားသည် မင်္ဂလာဒုံမဲဆန္ဒနယ်က မဲတစ်ပြားထက် အဆ၃၀ခန့် အဖိုးတန်သည်ဟူ၍ဖြစ်၏။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကို ပိုင်းခြားသတ်မှတ်ခြင်းသည် ဘောလခဲမဲဆန္ဒရှင်များ၏ အရေးပါမှုကို ပိုမိုမြှင့်တင်ပေးသည်။ မြို့နယ်အရေအတွက် မည်မျှပင်ရှိစေကာမူ အခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းဒေသကြီး တစ်ခုချင်းစီအတွက်‌ အမျိုးသားလွှတ်တော်တွင် ၁၂နေရာစီသာအချိုးကျ ရရှိမည်ဖြစ်သည်။ ထို့ကြောင့်မြို့နယ် ၅၅ခုရှိသည့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကို မြို့နယ်များစုပေါင်းကာ ပိုင်းခြားသတ်မှတ်ရသော်လည်း မြို့နယ်ပေါင်းခုနစ်ခုသာရှိသည့် ကယားပြည်နယ်တွင်မူ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၂နေရာပြည့်မီရန် ဘောလခဲအပါအဝင် မြို့နယ်များကို နှစ်ပိုင်းခွဲကာ မဲဆန္ဒနယ်သတ်မှတ်ရလေ့ရှိသည်။ ထိုအချက်သည် ကယားပြည်နယ်၏ ထူးခြားချက်ဖြစ်သည်။ 

ဘောလခဲတွင် မဲဆန္ဒရှင်အရေအတွက်နည်းပါးသည့်တိုင် နိုဝင်ဘာရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများသည်။ နိုင်ငံရေးပါတီရှစ်ခုမှ ကိုယ်စားလှယ်လောင်း ၄၁ဦးနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတစ်ဦးတို့သည် ဘောလခဲမြို့နယ်၏ မဲဆန္ဒနယ်ငါးနေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်။ ၂၀၁၅ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီခြောက်ခုနှင့် ကိုယ်စားလောင်း ၃၀ယှဉ်ပြိုင်ခဲ့ရာ ၂၀၂၀ရွေးကောက်ပွဲသည် ယှဉ်ပြိုင်မှုပိုမိုပြင်းထန်မည့် အနေအထားတွင်ရှိနေသည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲ၏ မဲဆန္ဒနယ် လေးနေရာကို အနိုင်ရထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတို့သည် မဲဆန္ဒနယ် ငါးနေရာအပြည့်ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲမဲဆန္ဒနယ်များတွင် ယှဉ်ပြိုင်ခဲ့သည့်ပါတီများ၏ အနိုင်အရှုံးရလဒ်များ။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ် ဖန်တီးထားခြင်းဖြစ်သည်။)

ဘောလခဲခရိုင်၏ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးကျော်လင်းက ဘောလခဲ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များသည် မဲအနည်းငယ်နှင့် အနိုင်ရနိုင်သည့် နေရာများဖြစ်ရာ နိုင်ငံရေးပါတီများ၏ စိတ်ဝင်စားမှုမှာ လျော့နည်းသွားခြင်းမရှိဟုပြောသည်။

“ဘောလခဲရဲ့ နယ်မြေအနေအထားက တစ်ခြားနေရာတွေထက်ပိုပြီးတည်ငြိမ်တယ်”ဟု ဦးကျော်လင်းကပြောသည်။ ဘောလခဲသည် တပ်မဟာဗျူဟာတစ်ခု၊ တပ်ရင်းသုံးရင်းနှင့် နယ်ခြားစောင့်တပ်ရင်းတစ်ခု အခြေစိုက်ရာ ဒေသတစ်ခုဖြစ်ပြီး အခြားဒေသများထက် တည်ငြိမ်မှုရှိသည်က အမှန်ပင်ဖြစ်သည်။ 

ဘောလခဲ၏ လူသိများသည့် လွှတ်တော်အမတ်မှာ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းဖြစ်သည်။ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးစိုးသိန်းသည် ၂၀၁၅တွင် ကယားပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉)တွင် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းခဲ့သည်။ သို့သော် ထိုအချိန်က ပြည်ခိုင်ဖြိုးပါတီကိုဦးဆောင်သူ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းက ၎င်းဘောလခဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်ကို ပိတ်ပင်တားဆီးခဲ့သည်။

သို့ဖြစ်ရာ ဦးစိုးသိန်းသည် ပါတီမှထွက်ကာ တစ်သီးပုဂ္ဂလအဖြစ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉)တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်အင်န်အယ်လ်ဒီပါတီကို အနိုင်ရခဲ့သည်။ နိုဝင်ဘာ၈ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင်မူ ဦးစိုးသိန်းသည် ပြည်ခိုင်ဖြိုးပါတီကိုကိုယ်စားပြုကာ ဘောလခဲမြို့နယ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဘောလခဲမြို့တွင် ၎င်း၏ရက်ရောသည့် ပေးကမ်းလှူဒါန်းမှုများကြောင့် ဦးစိုးသိန်းကို ဒေသခံများက ကြွယ်ဝချမ်းသာသူတစ်ဦးအဖြစ် သတ်မှတ်ထားသည်။ လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် ၎င်းမည်ကဲ့သို့ ငွေကြေးသုံးစွဲမည်ကို လူတိုင်းကသိချင်နေကြသည်။၂၀၁၅ရွေးကောက်ပွဲ မဲဆွယ်ကာလမတိုင်မီကပင် ဦးစိုးသိန်းသည် သူ၏မဲဆန္ဒနယ်အတွင်းမှ ဒေသခံများအား မိုဘိုင်းဖုန်းနှင့် လက်ဆောင်ပစ္စည်းများပေးခဲ့သည်ဟု ဘောလခဲဒေသခံများနှင့်နိုင်ငံရေးပါတီများက ဆိုသည်။

၂၀၁၀ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယှဉ်ပြိုင်အနိုင်ရပြီးနောက် သမ္မတရုံးဝန်ကြီးဖြစ်လာသည့် စစ်ဗိုလ်ချုပ်ဟောင်းဦးစိုးသိန်းသည် ၂၀၁၅အတွက် ဘောလခဲမြို့နယ်ကို မျက်စိကျခဲ့သည်။ ထို့ကြောင့် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ၎င်းသည် ဘောလခဲမြို့တွင် အစိုးရရန်ပုံငွေဖြင့် တံတားများနှင့် စာသင်ကျောင်းများဆောက်လုပ်ရန် လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ခရစ်ယာန်ဘုရားကျောင်းနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများကိုလည်း ပြန်လည်ပြုပြင်မွမ်းမံခြင်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင်ပါ ပါဝင်ခဲ့သည်။ ယခုသူသည် သူ့အတွက်လုံခြုံစိတ်ချရသည့်မဲဆန္ဒနယ်တွင် နောက်တစ်ကြိမ်ထပ်မံယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

ဦးစိုးသိန်းသည် မေလတွင် ဘောလခဲအခြေစိုက် ထာဝရတွဲလက်များလူမှုဖူလုံရေးအသင်းအား သိန်းတစ်ရာကျော်တန်ဖိုးရှိသည့် လူနာတင်ယာဉ်တစ်စီးလှူဒါန်းခဲ့သည်ဟု အသင်းဥက္ကဋ္ဌဦးဇော်ဇော်ဦးက ဖရွန်းတီးယားမြန်မာကို ပြောသည်။

လူနာတင်ယာဉ်လှူဒါန်းမှုကြောင့် ထာဝရတွဲလက်များလူမှုဖူလုံရေးအသင်းက ဦးစိုးသိန်းအား ပေးအပ်ခဲ့သည့် မှတ်တဂုဏ်ပြုမှတ်တမ်းလွှာကို မြင်တွေ့ခဲ့ရစဉ်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

အသက်၂၇နှစ်အရွယ် လူငယ်ကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦးသည် အင်န်အယ်လ်ဒီပါတီ ကိုယ်စားပြုကာဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်ပြီး ဦးစိုးသိန်း၏ပြိုင်ဘက်လည်းဖြစ်သည်။ စိုင်းလင်းလင်းဦး၏ ရွေးကောက်ပွဲအတွက် အဓိကစိန်ခေါ်မှုက ဦးစိုးသိန်း၏ချမ်းသာမှုနှင့် ငွေကြေးသုံးစွဲနိုင်မှုဖြစ်သည်။

“မဲဆန္ဒရှင်တွေက ဦးစိုးသိန်းရဲ့နာမည်ကိုကြားလိုက်တာနဲ့ သူတို့တစ်ခုခုရတော့မယ်လို့ ထင်နေကြတာ။ ဒါက အလေ့အကျင့်တစ်ခုဖြစ်လာတယ်”ဟုကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးကော်မတီအဖွဲ့ဝင်နှင့် အင်န်အယ်လ်ဒီပါတီ၏ ဘောလခဲမြို့နယ်သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စိုင်းလင်းလင်းဦးကပြောသည်။

ကန္တာရဝတီတိုင်းမ်သတင်းဌာနတွင် သတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ စိုင်းလင်းလင်းဦးသည် ၂၀၁၅ရွေးကောက်ပွဲတွင် ဘောလခဲမြို့နယ်အတွင်း ဦးစိုးသိန်း၏ လှုပ်ရှားမှုများကို သတင်းရေးသားခဲ့သူရာ ၎င်း၏ပြိုင်ဘက်အကြောင်းကို ကောင်းစွာသိထားသူလည်းဖြစ်သည်။ 

“သေချာတာက ကျွန်တော်သူ့လို ပိုက်ဆံမသုံးနိုင်ဘူး။ ကျွန်တော်အနိုင်ရဖို့ဆိုရင် ရွာတွေအထိသွားပြီးလူထုနဲ့ များများတွေ့ရမယ်။ နောက်ကျွန်တော်က ဒေသခံဖြစ်တာကြောင့် ဒေသအကျိုးအတွက် ကျွန်တော်ကပိုပြီး လုပ်ဆောင်ပေးနိုင်မဲ့သူ ဖြစ်တယ်ဆိုတာကို နားလည်အောင်ပြောရမှာပဲ။၂၀၁၅မှာသူတို့ ဦးစိုးသိန်းကို မဲပေးလိုက်ပေမဲ့ ငါးနှစ်အတွင်း တစ်ခါမှရွာကို ပြန်ရောက်မလာခဲ့ဘူးဆိုတာ သူတို့ကိုပြောရမယ်”ဟု စိုင်းလင်းလင်းဦးက ပြောသည်။

သို့သော် လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒရှင်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးတည်ဆောက်ရာတွင် ကြီးစွာသောအဟန့်အတား ကြုံတွေ့နေရသည်။ ဘောလခဲမြို့နယ် အင်န်အယ်လ်ဒီပါတီဥက္ကဋ္ဌဖြစ်သော ၎င်း၏ဖခင်နှင့် ပါတီဝင်များ၏ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဟု စိုင်းလင်းလင်းဦးက ဆိုသည်။

ဘောလခဲပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်း ဦးစိုးသိန်းနှင့် ယှဉ်ပြိုင်မည့် အင်န်အယ်လ်ဒီပါတီကိုယ်စားလှယ်လောင်း စိုင်းလင်းလင်းဦး။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပူပြင်းသည့်ရာသီဥတုကို ပိုင်ဆိုင်ထားသည့် ဘောလခဲဒေသခံများ၏ အဓိကအားထားရသည့် ဝင်ငွေရလမ်းမှာ နှမ်းစိုက်ပျိုးခြင်းဖြစ်သည်။ ဇွန်တွင် စတင်စိုက်ပျိုးပြီး စက်တင်ဘာတွင်ရိတ်သိမ်းရသည့်အတွက် စိုက်ပျိုးနိုင်သည့်ကာလမှာ အလွန်တိုတောင်းသည်။ ထို့ပြင် ရာသီဥတုဖောက်ပြန်ခြင်း၊ အရည်အသွေးမြင့်နှမ်း အထွက်နှုန်းကျဆင်းခြင်းနှင့် ဈေးနှုန်းမတည်ငြိမ်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့ရသည့်နှစ်များတွင် နှမ်းစိုက်ပျိုးသည့်ဒေသခံများသည် စီးပွားရေးအရ ရုန်းကန်ကြရသည်။​

တောင်သူများသည် နှမ်းစိုက်ရာသီကုန်ဆုံးသည်နှင့် နေ့စားလုပ်သားများဖြစ်လာကြသည်။ ဝင်ငွေစုဆောင်းမိသူအချို့က ကုန်စုံဆိုင်ငယ်လေးများဖွင့်ကာ တစ်နေ့တာဝမ်းရေးပြေလည်အောင် ဖြေရှင်းကြသည်။ အများစုသည် ဆင်းရဲကျပ်တည်းသည့်အခြေအနေက ရုန်းမထွက်နိုင်ကြပေ။ စီးပွားရေးကျပ်တည်းသဖြင့် အချိန်အတော်များများကို စားဝတ်နေရေးအတွက် လုံးပန်းရန်အချိန်ပေးထားရာ ၎င်းတို့တွင် နိုင်ငံရေးဗဟုသုတကလည်း မြို့ကြီးများထက်စာလျင် နည်းပါးလျက်ရှိသည်။ ထိုအခြေအနေတွင် ငွေကြေးထောက်ပံ့နိုင်သည့် ကိုယ်စားလှယ်များကိုထောက်ခံခြင်းအတွက် ဒေသခံများကို စိုင်းလင်းလင်းဦးက အပြစ်မတင်ပေ။

စိုင်းလင်းလင်းဦးတွင် မဲဆန္ဒရှင်များအတွက် စဉ်းစားထားသည့် အဓိကအချက်မှာ ဒေသတွင်းဖွံ့ဖြိုးရေးစီမံကိန်းများတစ်ဆင့် ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးပေးနိုင်ရေးပင်ဖြစ်သည်။

လွိုင်ကော်တက္ကသိုလ်တွင် ဒုတိယနှစ်တက်နေသည့် နန်းမေသင်းကြူအတွက် ပထမဦးစားပေးလိုအပ်ချက်မှာ ကျောင်းပြီးသည့်အချိန်တွင် ပုံမှန်ဝင်ငွေရရှိသည့် အလုပ်တစ်ခုရရန်ဖြစ်သည်။ သူ့ရည်မှန်းချက်ကို ဖြည့်ဆည်းနိုင်မည့်ပါတီမှာ ပြည်ခိုင်ဖြိုးပါတီဖြစ်ပြီး နိုဝင်ဘာ၈ရက်တွင် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်အဆင်သင့်ဖြစ်နေပြီဟု ၎င်းက ပြောသည်။ ယခုနှစ်ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ်မဲပေးမည့် နန်းမေသင်းကြူသည် အသက်၂၀နှစ်အရွယ် တက္ကသိုလ်ကျောင်းသူဖြစ်သည်။ သူတင်မက သူ၏မိသားစုဝင်အားလုံးသည် ပြည်ခိုင်ဖြိုးပါတီကိုသာ ထောက်ခံမဲပေးကြမည်ဟု သူကအတိအလင်းပြောသည်။

“ကျွန်မရဲ့ အကြီးမားဆုံးဆန္ဒကတော့ ဘွဲ့ရပြီးတဲ့နောက် အလုပ်တစ်ခုရဖို့ပါပဲ။ ကျွန်မမဲထည့်မဲ့ အမတ်က လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ၎င်းက ပြောသည်။

ဘောလခဲမှ ၂၄မိုင်ကွာဝေးသည့် ရွာသစ်(တောင်ပိုင်း)ရွာမှ ဦးဝင်းမောင်ကမူ ဒေသခံများအကြား နိုင်ငံရေးအသိအမြင် နိမ့်ပါးနေသေးသည်ဟု ဆိုသည်။ (ငြိမ်းဆုဝေကျော်စိုး | ဖရွန်းတီးယားမြန်မာ)

ပရိဘောဂလုပ်ငန်းရှင်တစ်ဦးဖြစ်သူ အသက်၆၆နှစ်အရွယ်ရှိပြီဖြစ်သည့် ဦးဝင်းမောင်ကမူ သူအပါအဝင် ဒေသခံအများစုသည် ရွေးကောက်ပွဲ၏ ရေတိုအကျိုးကျေးဇူးများကိုသာ ခံစားလေ့ရှိသည်ဟု ဆိုသည်။ သူသည် ဘောလခဲမြို့မှ၂၄မိုင်ဝေးကွာသည့် ရွာသစ်(တောင်ပိုင်း)ရွာတွင် နေထိုင်သူဖြစ်သည်။

ကာလတိုအကျိုးကျေးဇူးများအနက် တစ်ခုမှာ ပါတီဆိုင်းဘုတ်များဖြစ်သည်။ နိုင်ငံရေးပါတီများသည် ဒေသခံများ၏ နေအိမ်ဝင်းအတွင်း ပါတီဆိုင်းဘုတ်စိုက်ထူရန် တစ်ကြိမ်လျှင် ငွေကျပ် ၅၀,၀၀၀အထိ ပေးရန် ဝန်မလေးကြပေ။

နိုင်ငံရေးပါတီများက ဘောလခဲမြို့နယ်တစ်ဝန်း ကျေးလက်ဒေသများတွင် လူအများ ရွေးကောက်ပွဲအပေါ် စိတ်အားထက်သန်မှုရှိစွာပါဝင်ရန်နှင့် ထောက်ခံမဲပေးရန်  ဆိုင်းဘုတ်များအပြိုင်အဆိုင် စိုက်ထူနေကြသည်။

“ရွာသားတွေအများစုဟာ ဆင်းရဲပြီးပညာမတတ်ကြဘူး”ဟု ဦးဝင်းမောင်ကပြောသည်။

အစိုးရအရာရှိများသည် ကျေးရွာအရေးကိစ္စများနှင့် ပတ်သက်၍ အစည်းအဝေးများတက်ရောက်ရန် လူစုသည့်အခါ ဒေသခံများ ပထမဆုံးတုံ့ပြန်သည်က ‘ဘာရမှာလဲ’ ဆိုသည့်မေးခွန်းပင်ဖြစ်သည်။

“လူအများစုကသူတို့ကို တစ်ခုခုပေးနိုင်မဲ့ ကိုယ်စားလှယ်လောင်းကိုပဲ မဲပေးကြမှာ”ဟု ဦးဝင်းမောင်ကပြောသည်။

၂၀၁၅ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးမှုအခြေအနေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော အချက်အလက်များကို ကိုးကား၍ Thibi အဖွဲ့က ရုပ်ပုံကားချပ်ဖန်တီးရေးဆွဲထားသည်။

More stories

Latest Issue

January 27, 2021

Stories in this issue

The early delivery of vaccines is one of the many boons of the country’s geopolitics, but to really take advantage, Myanmar must bury the legacy of its isolationist past.

The Kayin State Border Guard Force has come under intense pressure from the Tatmadaw over its extensive, controversial business interests and there’s concern the ultimatum could trigger fresh hostilities in one of the country’s most war-torn areas.

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.